Thursday, December 24, 2009

ကိုယ် မင်းကိုမြင်တယ်

အားလုံးမင်္ဂလာပါ...။ စာမရေးတာလဲအတော်ကြာသွားပြီဆိုတော့ ဒီဘလော့ကိုတောင်မေ့နေလောက်ပါပြီ..။ ပျက်နေတဲ့ Laptop ကလဲမနေ့ကမှပြန်ရတာပါ..။ Service Center ကိုလဲရောက်တာဒီတစ်ခါနဲ့ဆို ၄ ခေါက်မြောက်ဖြစ်တာမို့ Warranty ယူထားတာ တော်တော်ကံကောင်းတယ်လို့ပြောရမယ်..(ဆရာမဂျူးရဲ့နောက်ဆုံးဝတ္ထုထဲကလိုဆိုရရင်တော့ ကိုယ့်ကိုကိုယ်အမြော်အမြင် ရှိတယ်ပေါ့.. :D)။ Warranty ဖိုးကျေပါတယ်.. ၀န်ဆောင်မှု နဲ့ ပစ္စည်းတန်ဖိုး အားလုံးတစ်ပြားမှမပေးရပါဘူး.. စိတ်ချမ်းသာပါတယ်..။

 မရေးတာကြာတော့ဘာရေးရမှန်းမသိပါဘူး.. :D ဘလော့လောကနဲ့အဆက်အသွယ်ပြတ်သွားမှာစိုးလို့ရယ် ဘလော့ကညီအစ်ကိုမောင်နှမအားလုံးကို သတိရတာရယ်ပေါင်းပြီးခုပို့စ်လေးတင်ဖြစ်တယ်ပေါ့.. (စိတ်ထဲကပါလို့ တကယ်ပြောတယ်မှတ်ပါ.. =D)။ ဒီရက်ပိုင်း Avatar ဆိုတဲ့ရုပ်ရှင်သွားကြည့်ဖြစ်တယ်..။ Titanic ၊ The Terminator စတဲ့ရုပ်ရှင်တွေရိုက်ခဲ့တဲ့ နာမည်ကြီးဒါရိုက်တာ James Cameron ရိုက်ထားတာပါ..။ 3D Fusion Camera System သုံးထားတယ်ပြောတာဘဲ ရုပ်ရှင်ကြည့်တော့ အစပိုင်းနည်းနည်းမူးသလိုဘဲ.. နောက်ပိုင်းကျမှအဆင်ပြေသွားတယ်..။ ရုပ်ရှင်တစ်ကားလုံးမျောပါသွားတာ.. နောက်ဆုံးအပြီးသီချင်းဆုံးတဲ့အထိဘဲ..။ Effect တွေလည်းကောင်းတယ်..၊ ဇာတ်ကောင်တွေကလည်း တစ်ကယ်အသက်ဝင်ပါတယ်..၊ ဇာတ်လမ်းကလည်း တစ်ကယ် Emotional ဖြစ်ပါတယ်..။ သွားကြည့်သင့်တဲ့ကားပါ.. 5 stars ပေးပါတယ်.. =D။ အပြီးသတ်သီချင်းလေး ရင်ထဲမှာစွဲကျန်ခဲ့ပါတယ်.. ခါတိုင်းဇာတ်လမ်းပြီးတာနဲ့ထပြန်တာပါ.. ဒီတစ်ခါတော့သီချင်းပြီးမှဘဲထပြန်ဖြစ်တယ်..။ နံမည်က I See You တဲ့ Leona Lewis ဆိုထားတာပါ.. (လိုရင်းက ခုမှရောက်တယ်) =D...။ ဆက်ပြီးအပျင်းထူလိုက် ပျောက်လိုက်ဖြစ်ပါအုန်းမယ်..။ နားထောင်ဖြစ်အောင်နားထောင်ကြည့်ကြပါ..။ 


Wednesday, December 9, 2009

တောင်ကြီး

အခုဒီဇင်ဘာလာရောက်လာပြီ... ဒီမှာ ရာသီဥတုကနည်းနည်းလေးအေးလာတော့ ... တောင်ကြီးမှာလည်းဘယ်လိုများအေးနေပြီလဲဆိုတာတွေးမိသည်..။ တွေးမိတော့ တဖြည်းဖြည်းလွမ်းမိလာသည်... ပြန်မရောက်ဖြစ်တာတောင် ၄ နှစ်ရှိတော့မည်..။ အရင်အတိုင်းဘဲ အရာအားလုံးမပြောင်းမလဲဘဲရှိနေအုံးမှာလား... ပြန်ရောက်ဖြစ်မှဘဲ သိရတော့မည်..။ ခေါင်မိုးနီနီတွေနဲ့ မြို့ကလေးရယ်..၊ မြူတွေလွှမ်းနေတဲ့ရှမ်းတောင်တန်းကြီးတွေရယ်.. အားလုံးကိုလွမ်းမိပါတယ်..။ အလွမ်းဓာတ်ခံရှိသူတွေအဖို့.. ဒီဇင်ဘာလဟာ အလွမ်းတွေကြားက ဆွတ်ပျံ့နေမှာပါ..။

ချစ်နေဆဲ

တွေးနေတိုင်း
ဆွေးနေဆဲ
သတိရတိုင်း
လွမ်းမိဆဲ
စဉ်းစားလိုက်တိုင်း
အတိတ်နောက်ပြန်ဆွဲ
ပြန်ချင်တိုင်း
မျက်ရည်ဝဲ
အခါခါ ပြန်ရောက်
အိပ်မက်ထဲ
ရာသီတွေပြောင်းတိုင်း
လှပနေဆဲ
ရိုးသားတဲ့ ရှမ်းမြို့ကလေး
ကိုယ်ချစ်နေဆဲ..

(တောင်ကြီးအမှတ်တရ)

အောက်ကသီချင်းလေးကို အမြဲနားထောင်ဖြစ်တယ်... အိမ်လွမ်းတိုင်းပေါ့..။


Sunday, November 15, 2009

စိုး

စကားတွေ သိပ်မဆိုစေချင်ဘူး
အချိန်တန်တဲ့အခါ
တိတ်ဆိတ်မှုတွေ ထကြွမှာစိုးလို့..။

အတွေးတွေ သိပ်မနစ်မျောစေချင်ဘူး
လိုအပ်တဲ့အခါ
ဖမ်းဆီးချုပ်သိမ်းမရမှာစိုးလို့..။

ခံစားချက်တွေ သိပ်မပြင်းထန်စေချင်ဘူး
မထိန်းနိုင်တဲ့အခါ
အုံ့မှိုင်းနေတဲ့သတိရခြင်းတွေ နာကျင်စွာရွာကျမှာစိုးလို့.....။

Saturday, November 14, 2009

ကမ္ဘာမပျက်ခင် တစ်လအလို...

အစ်မအိမ့်ချမ်းမြေ့က သတိတရနဲ့တက်ဂ်ထားပါတယ်..။ အတတ်နိုင်ဆုံး ရိုးရိုးသားသား စဉ်းစားထားတာလေးတွေကို ပြောပြချင်ပါတယ်..။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ
ကွဲကွာနေပြီးမတွေ့တာကြာပြီဖြစ်တဲ့ ခင်မင်တဲ့ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေ တစ်ယောက်ချင်းစီကိုပြန်တွေ့ချင်တယ်။
အတူရှိနေစေချင်တဲ့သူတွေကတော့ မိသားစုနဲ့ ကိုယ့်အချစ်ဆုံးသူတွေပဲပေါ့.. တကယ့်ကိုနီးနီးကပ်ကပ်ရှိနေချင်တယ်..။

(၂) ဘာတွေခံစားနေရလဲ
ဟိုရှေးရှေးကလည်းက အခုလက်ရှိအချိန်အထိ လူတွေပြုလုပ်ဖန်တီးခဲ့သမျှအရာတွေအားလုံး တစ်ခဏချင်းပျောက်ကွယ်သွားမှာကိုတော့ တကယ်နှမြောမိတယ်..။ ကိုယ်တစ်ယောက်လည်းမဟုတ်ဘဲ လူသားအားလုံးကြုံတွေ့ကြရမှာဘဲဆိုတော့လဲ တရားမျှတပါတယ်လို့ထင်ပါတယ်..။

(၃) ဘာတွေပြင်ဆင်ထားမလဲ
ဒီမေးခွန်းအတွက်တော့သိပ်မစဉ်းစားမိဘူး.. စိတ်တွေမတုန်လှုပ်မိအောင်ဘဲကြိုးစားပြင်ဆင်ထားမယ်..။

(၄) ၀မ်းနည်းမိတာက
မရောက်ဖူးသေးတဲ့ သွားလည်ချင်တဲ့ ကမ္ဘာအနှံ့ကနေရာတွေကို မရောက်ဖြစ်လိုက်မှာအတွက်တော့ ၀မ်းနည်းမိမယ်ထင်တယ်။

(၅) ကြောက်လန့်မိတာက
နာကျင်နစ်မွန်းနေမှာကိုကြောက်တယ်.. ရေနစ်တာမျိုး၊မသေမရှင်ဖြစ်တာမျိုးမဖြစ်ချင်ဘူး။ မီးပွားစလေးတစ်စလိုဘဲ ဖျတ်ကနဲ ပျောက်ကွယ်သွားတာမျိုးဘဲဖြစ်ချင်ပါတယ်..။

(၆) ဆောင်ထားချင်တာက
အစားအသောက်နဲနဲကိုတော့ ကျောပိုးအိတ်ထဲထည့်ထားမယ်.. ဗိုက်ဆာမှာစိုးလို့.. :D

(၇) ဘာတွေရေးမိမလဲ
စာကြောင်းအချို့ ..ချိုချင်ချိုမယ်...ခါးချင်ရင်လည်းခါးသက်မယ် ဘာမှမသေချာပါဘူး

(၈) တွေးမိတွေးရာ
ဘ၀ဆိုတာဘာလဲလို့ဘဲ အထပ်ထပ်စဉ်းစားမိမယ်.. ပျက် ဖို့အတွက် ဖြစ်လာတယ်ဆိုရင်.. နောက်ထပ်ဘာမှထပ်မဖြစ်ချင်တော့ပါဘူး..။ ဖြစ်ခြင်းပျက်ခြင်းကင်းရာကိုဘဲရောက်ချင်ပါတယ်..။

(၉) ဂုဏ်ယူချင်တာက
အခုလက်ရှိနေနေတဲ့အချိန်အတိုင်းအတာတစ်ခုအထိတော့ ဘ၀ကိုကျေနပ်တယ်.. အဲဒီအတွက်ကြောင့်ဘဲ

(၁၀) ရှာကြံဖြေသိမ့်ချင်တာက
တစ်လအကြာမဟုတ်လဲ တစ်နေ့နေ့တော့ ဖြစ်မှာဘဲ..

(၁၁) ပြောချင် ကြားစေချင်တဲ့စကားလေးတစ်ခွန်း

"who doesn't long for someone to hold;
who knows how to love you without being told;
somebody tell me why I'm on my own;
if there is a soul-mate for everyone?"

သိပ်စဉ်းစားတာတွေများသွားပြီထင်တယ်.. ကိုယ့်ကိုကိုယ်အနားပေးလိုက်ပါအုံးမယ်..။

Tuesday, October 27, 2009

Happy


..............ဘ၀ကို ပျော်ပျော်ရွှင်ရွှင်နေချင်လိုက်တာဗျာ................
....အခုတော့....
ဘယ်အရာတွေကို တောင့်တနေကြတာလဲ
ဘာကြောင့် စိုးရွံ့နေရတာလဲ
ဘယ်သူတွေကြောင့် ကြောက်လန့်နေရသလဲ
ဘာတွေကို မွတ်သိပ်နေကြသဘဲ
...အမှန်တော့ ... 
.....ကမ္ဘာဟာလေ...
..........ဆာလောင်နေတဲ့ ငရဲတစ်ခုပဲ........

Saturday, October 17, 2009

The Scientist

တောင်းပန်ပါတယ်လို့ လာပြောခွင့်လေးရပါရစေ..
မင်းဘယ်လောက်ချစ်ဖို့ကောင်းတယ်ဆိုတာ မင်းမှမသိဘဲ..
မရှိမဖြစ်တဲ့မင်းကိုတော့ ခုချိန်မှာအသည်းအသန်လိုက်ရှာနေမိပြီ..
ပြီးတော့ အမှားတွေဟာ ကိုယ့်ကြောင့်ပါလို့သာ ရိုးရိုးဝန်ခံပါရစေ..


ဒါဟာ လွယ်ကူလွန်းတယ်လို့ မထင်ရသလို
ဒီလောက်ဒီ ခက်ခဲမယ်လို့လည်း ဘယ်သူတွေကမှ အသိမပေးခဲ့ဘူး..
တို့နှစ်ယောက် ကွေကွင်းရခြင်းဟာ ရှက်စရာတစ်ခုသာဆိုရင်..
အိုအချစ်ရေ..
အချိန်တွေကိုသာ နောက်ပြန်လှည့်ပစ်လိုက်ပါတော့.....။

The Scientist by Staecy Solomon ( Original Artist - Coldplay)



(သီချင်းစာသားကို မြန်မာမှုနည်းနည်းပြုထားခြင်းဖြစ်ပါသည်)

Tuesday, October 6, 2009

Falling For You

တကယ်တော့အချစ်ဆိုတာ အယုတ်အလတ်အမြတ်မရွေး..ဖူးစာမှန်ရင် တစ်ယောက်ကိုတစ်ယောက်ချစ်မိကြမှာဘဲ...။
အချစ်မှာ လိမ်လည်ဖြားယောင်းမှုတွေမလိုဘူး.. ရိုးသားမှု၊ အရှိကိုအရှိအတိုင်း ပွင့်ပွင့်လင်းလင်းနေတတ်မှုတွေဘဲ လိုမယ်ထင်တယ်။
ဒီ MV လေးကြည့်ဖြစ်နေတာကြာပြီ..သံစဉ်နဲ့စာသားကလေး ရိုးရိုးရှင်းရှင်းလေး...ရယ်လဲရယ်ရတယ် ခဏခဏနားထောင်ဖြစ်ပါ တယ်..။

Friday, October 2, 2009

နက္ခတ်

အေးအေးလေးတိုးဝှေ့
ညလေညှင်းအတွေ့မှာ
အိပ်မောကျနေတဲ့အလွမ်းတွေ
စိုးထိတ်စွာ နိုးကြားလာတယ်.....။

သန်းခေါင်ယံအလယ်မှာမက်တဲ့
အစိုးမရတဲ့အိပ်မက်တွေရယ်
နွမ်းလျနေတဲ့နှလုံးသားကို
အခါခါ စည်းချက်ပျက်စေတယ်..။

အကြိမ်ကြိမ် အဖန်ဖန်
နာကျင်စေသူ..ရယ်..
ချစ်ခြင်းဆိုတာ ..မင်းအတွက်တော့
ရုပ်သေးရုပ် တစ်ရုပ်မျှလားကွယ်....။

ပျော်ရွှင်နေသူတွေအတွက်
အချိန်တွေဟာ..စောလွန်းနေပေမယ့်
မျှော်နေသူအတွက်တော့
အခါခါ မောရပါတယ်..မေရယ်..။

ခုချိန်လို...
ကြယ်တွေစုံနေတဲ့ ညကောင်းကင်မှာတောင်
လစ်ဟာနေဆဲ နှလုံးသားအတွက်တော့
နက္ခတ်တွေရယ်..မပီပြင်ခဲ့ပြန်ဘူး.......။

Sunday, August 23, 2009

Mexican Grilled Chicken

အစားအသောက်ပို့စ်လေးတွေလည်း Update မလုပ်တာကြာပြီဆိုတော့ ဒီတစ်ခါတော့အရသာရှိတဲ့ပို့လေးပေါ့...။ အစားဆိုရင်တော့လာထားဘဲ.. စမ်းစားကြည့်မယ် ကြိုက်ရင်နောက်ကြုံတဲ့အခါထပ်စား.. မကြိုက်ရင်တော့ဝေးဝေးရှောင်ပေါ့..။ ရန်ကုန်မှာတုန်းကတော့ အစားသောက်ဆိုရင် ထွေထွေထူးထူးမစားဖြစ်ဘူး.. တစ်ပတ်တစ်ခါလောက် ရှမ်းခေါက်ဆွဲ ၊ ကြေးအိုးသွားစားတာလောက်ပဲရှိတယ်..အိမ်မှာအမေချက်တဲ့ဟင်းတွေဘဲ စားဖြစ်တယ်..။ ဒါတောင် ထွက်စားချင်တယ်..အတင်းပြောမှ အမေကတစ်ခုခုစားချင်ရင် ကိုယ်တိုင်လုပ်ပေးချင်တာ..။ အိမ်ကလူတွေကလည်းအစားနည်းတယ်... နို့ဆီဘူး၂ လုံးချက်ရင် မနက်နဲ့ညစားတာတောင်မကုန်ဘူး...ဆွမ်းတော်ကပ်တာတို့..အိမ်ကြွတဲ့ဘုန်းကြီးဆွမ်းလောင်းတာတို့လည်းပါသေးတယ်..။ ဒီရောက်လာတော့ အိမ်ထမင်းအိမ်ဟင်းနဲ့ဝေး.. ကျောင်းနဲ့အပြင်မှာနေတာများတော့ အပြင်စာတွေဘဲစားဖြစ်တာပေါ့..။ (အတက်ပါကား စကားချပ် =D)


Western Food သိပ်မကြိုက်ဘဲ Asian Food တွေကိုသာနှစ်နှစ်ခြိုက်ခြိုက်စားတဲ့ကျွန်တော် ဒီနေ့ညနေတော့ Mexican Food စားဖြစ်တယ်ဆိုပါတော့..။ Mexican အစားအစာဆိုတော့ဘာလဲဆိုတာသိဖို့ဝေးသေး.. ချိုနဲ့လားတောင်မေးရမယ်.. ကြက်ကြော်လောက်ဘဲသိတာ..။ အဲဒါနဲ့စိမ်းစားကြည့်မယ်ဆိုပြီး.. အိမ်နဲ့သိပ်မဝေးတဲ့.. Jurong West Avenue 1 စတဲ့နေရာနားက "Char-Grill Bar" ဆိုတဲ့ ဆိုင်မှာ စားဖြစ်တယ်..(ကားနဲ့ဖြတ်သွားရင် မြင်ရပါတယ်)။ ဆိုင်ကတော့ Pasta နဲ့ ကင်ထားတဲ့အစားအသောက်တွေရောင်းတာပါ... Bar ဆိုလို့တကယ့် Bar မဟုတ်ပါဘူး..ဆိုင်နာမည်သက်သက်ပါ..။ Menu ကိုကြည့်ရင်းရွေးရင်းနဲ့ နောက်ဆုံးတော့ Mexican Grilled Chicken ပဲမှာလိုက်တော့တယ်...။



ကြက်သားကို Chicken Chop ပုံစံမျိုးကင်ထားပြီးတော့ ပေါ်က BBQ Sauce ရယ် Nacho Cheese ရယ်ဆမ်းပြီး ကြက်သွန်ပါးပါးလှီးထားတာကို ဖြူးထားပါတယ်...။ Set တစ်ခုလုံးမှာ ကြက်သားက အဓိကပေါ့..အရံအနေနဲ့ အပူနဲ့အအေး တစ်ခုစီရွေးလို့ရပါတယ်..။ အပူအနေနဲ့ French Fries ၊ အအေးအနေနဲ့ Pasta ခေါက်ဆွဲအလိမ်လေးတွေကို ချိစ်နဲ့နယ်ထားတာရွေးလိုက်တယ်..။ အရသာအနေနဲ့ကတော့ မဆိုးဘူး ..ကောင်းတယ်လို့ပြောရမယ် ..နည်းနည်းတော့အီမှာပေါ့..။ စားပြီးရင်တော့ Mint လေးငုံပေးရင်ကောင်းမယ်.. ကြက်သွန်ကအနံ့ထွက်လို့ပါ...။ ဒီနေ့တော့ ကြိုက်လည်းကြိုက်တဲ့ နောက်ကြုံရင်လည်းစားဖြစ်မဲ့ Mexican အစားသောက်တစ်ခုစားဖြစ်သွားတာပေါ့လေ..။

Saturday, August 22, 2009

အမှတ်တရ

Monday, August 17, 2009

Mary Mary

အခင်ဆုံးသူငယ်ချင်းနှစ်ယောက်က ပို့ပေးလာတဲ့သူတို့ ရေးဆိုထားတဲ့သီချင်းလေးပါ...။ ဗီဒီယိုကတော့ အီဖေကိုယ် ကိုယ်တိုင်လုပ်ထားတာပေါ့..... သီချင်းကို ခဏခဏနားထောင်ဖြစ်နေတယ်.. ။ အချိန်လေး ခဏလောက်ပေးပြီး နားထောင်စေချင်တယ်..။

Saturday, August 15, 2009

ကိုယ်နဲ့စားသောက်ဆိုင်မြို့တော်

ခုတစ်လော.. ဖေ့စ်ဘွတ်ခ် (Facebook) မှာကစားဖြစ်နေတဲ့ Restaurant City ဆိုတဲ့ဂိမ်းလေးပါ..။ ဆိုင်လေးဖွင့်ထားရသာ စိတ်ချမ်းသာပါတယ်..။ ကိုယ်လိုသလို ဆိုင်ပုံစံကိုစိတ်ကြိုက်ပြင်ဆင်.. ၊ ဟင်းအမည်တွေ စီစဉ်..၊ လာစားကြသူတွေဆီက ပိုက်ဆံရနဲ့.. ဆော့ပြီးရင်းဆော့ချင်နေပါတယ်...။ အချိန်ရရင် သူငယ်ချင်းတွေရဲ့စားသောက်ဆိုင်တွေဆီလိုက်လည်လို့ရသလို.... စားသောက်ကုန်တွေလည်း လဲလှယ်လို့ရပါသေးတယ်..။ ဆော့ရင်းနဲ့..စဉ်းစားမိတာက တစ်ချိန်ချိန်ကျရင် စားသောက်ဆိုင်လေးကောင်းကောင်းတစ်ဆိုင်လောက်... ကိုယ်ထူကိုယ်ထကြိုးစားပြီးဖွင့်ကြည့်ရင်ကောင်းမလားလို့...။ တကယ်လို့များဖြစ်လာခဲ့ရင်လည်း... လာလည်အားပေးကြပေါ့ဗျာ... :D ၊ (ပုံများကို ကလစ်နှိပ်ပြီး ကြည့်က ပိုကြည်လင်ပြတ်သားပါတယ်..)

ဆိုင်အ၀င်ဝလေးနဲ့ ထိုင်စောင့်ဖို့နေရာလေး...

စားဖိုမှူးတွေနဲ့ စားပွဲနေရာတွေ...

ဆိုင်မှာအလှပြင်ဆင်ထားတာတွေ...

အန္တရာယ်ဖြေရှင်းဖို့လည်း စိတ်မပူစေရဘူး..


ဆိုင်ကအစားအသောက်အချို့...


လာစားသူတွေများနေတဲ့အချိန်...

စားသောက်ဆိုင် အပြင်ဘက်ကလေး


အောက်ကတစ်ယောက်က စားသောက်ဆိုင်ပိုင်ရှင်လေ (အပြင်မှာနဲ့ ရုပ်ဆင်တယ်..)




Wednesday, August 5, 2009

ခုတလော.........

တွေးမိနေတာက

ဘာလို့လူဖြစ်ရသလဲ..သံသရာဆိုတာ တကယ်လည်တတ်သလား...


သတိရမိနေတာက

ငယ်ငယ်က ကျောင်းစတက်ခဲ့တဲ့အချိန်တွေ..


ရေးဖြစ်နေတာက

Report နဲ့ Assignment တွေ...


စားဖြစ်နေတာက

အစားနည်းနေတယ်.. စားချင်စိတ်ပျောက်နေသလိုဘဲ


စွဲလန်းမိနေတာက

ခေါင်းအုံးလေး....


ဖတ်ဖြစ်နေတာက

မောင်သာချိုရဲ့ သမီးဖတ်ဖို့နှလုံးသားရှုမျှော်ခင်းများ


ပြန်ဆင်ခြင်မိနေတာက

အချိန်တွေမဖြုန်းမိစေဖို့......


ရောက်ဖြစ်နေတာက

ကျောင်းစာကြည့်တိုက်.......


နားထောင်ဖြစ်နေတာက

Shayne Ward ရဲ့ Until You


ဖြစ်ချင်နေတာက..

သူ


လိုချင်တာက

ကိုယ်ချင်းစာနာမှု....


တွေ့ချင်နေတာက

အမေ


ထိန်းမရတာက

ခံစားမှုတွေ...


လက်လွှတ်လိုက်ရတာက

အလွမ်းတွေ........


လိုအပ်နေတာက

ထက်သန်ပြင်းပြတဲ့စိတ်တွေ...


ခါးသီးနေတာက

ပုံစံခွက်ထဲက နေ့ရက်တွေ...


တောင်းမိနေတဲ့ဆု

ဒီတစ်ခုလေးတော့ ဖြစ်ခွင့်ရပါရစေ....


ဝန်ခံချင်တာက

ခုတစ်ကယ်အိပ်ချင်နေပြီ....


နောက်ဆုံးစကား

ကောင်းသောညပါ....။ ။

Sunday, August 2, 2009

လတ်တလောဖတ်ဖြစ်တဲ့စာအုပ်တွေ






ခုရက်ပိုင်း အလုပ်တွေလည်းများ၊ stress နဲ့ pressure တွေကလည်းများ.....။ စိတ်အပန်းဖြေဖို့ စာတွေပဲ ဖိဖတ်ဖြစ်တယ်....တကယ်ပါ။

Wednesday, July 29, 2009

တိမ်တွေပြောမဲ့ ညနေ

တဖြည်းဖြည်း လျှောက်ရင်းနှင့်ပင် မောဟိုက်လာတာကြောင့် ခဏရပ်လို့နားချင်စိတ်ဖြစ်ပေါ်လာသည် ။ နောက်ဆုံးအချိန် နီးသည်တော့မှ ကံကောင်းသည်လို့ပြောရမလား.... ခပ်လမ်းလမ်းက သစ်ပင်အောက်မှာ လူတစ်ယောက်ထိုင်စာကျောက်တုံးတစ်တုံးကို တွေ့သည်။ ခန္ဓာကိုယ်တစ်ခုလုံးလည်း အထိုးအကြိတ် ၊ အရိုက်အနှက် ခံရထားသော ဒဏ်တွေကြောင့် နာကျင်ကိုက်ခဲလို့နေသည်...ကြမ်းတမ်းသောလမ်းခရီးကြောင့်လည်း ပိုပင်ပန်းလို့နေသည်..။ လက်နှစ်ဘက်ကိုသာ ကြိုးတုပ်ထားလို့တော်တော့သည်... တစ်ကိုယ်လုံးကိုများ တုပ်ထားလိုက်ရင်ဖြင့် ဒီလောက်ဝေးဝေးကိုတောင် မရောက်ဘူးဆိုတာ ကိုယ့်ကိုကိုယ်သာ အသိဆုံးဖြစ်သည်..။ ရှေ့နှင့် ဘေးနှစ်ဘက်က လိုက်ပါလာသူတွေကိုကြည့်တော့ .. အနည်းငယ်တော့ ချွေးစို့နေပုံရသည်...။ အခြေအနေကို ကြည့်ပြီး ခဏနားခွင့်ရဖို့တော့ တောင်းဆိုရမည်ဖြစ်သည်...။

“ကျွန်တော် ခဏလောက်နားပါရစေလားဗျာ..”

“ဘာလဲ မင်းက အချိန်ဆွဲချင်လို့လား... ဒီလိုလာလုပ်လို့တော့မရဘူး..”

“တကယ်ပါဗျာ.. ခဏလေးပါ”

“သူ့ကို ကြည့်ရတာ တကယ်ပင်ပန်းနေပုံဘဲ .. ခဏလောက်ပေးနားလိုက်ပါ.. တော်ကြာလဲသွားမှဖြင့် ပိုကြန့်ကြာနေဦးမယ်..”

ခဏတာနားခွင့်ရတော့ အမောတွေပြေသွားသလို ခံစားရသည်...။ တသုန်သုန်တိုက်ခတ်လာတဲ့ လေပြည်အေးလေးနဲ့ အရိပ်ပေးတဲ့သစ်ပင်လေး.. ကျောက်တုံးလေးရှိနေတာကိုပင် ကျေးဇူးတင်ရဦးမယ်..။ အဝေးက မှိုင်းညို့နေတဲ့ တောင်တန်းတွေနဲ့ သစ်တောတွေကြည့်ရင်း ရင်ထဲမှာ အလွမ်းတွေပြည့်လာသလို.....။ သာယာလှပသော ပတ်ဝန်းကျင်သည် ပုဇွန်ဆီရောင်သမ်းသော နေရောင်အောက်မှာအရောင်တောက်နေသည်...။ တိမ်တိုက်တို့သည် အရောင်အသွေးစုံလင်စွာ ရွေ့မျောကြသည်..။ လေတိုက်ရင်းနှင့်ပင် လိပ်ပြာအဖြူရောင်လေးတစ်ကောင် ပါလာသည်... အနားရောက်တော့ ဝေ့၀ိုက်ပျံသန်းလို့နေသည်..။ တစ်ချိန်တည်းမှာ လိပ်ပြာလေးလို လွတ်လွတ်လပ်လပ်ပျံသန်းခွင့်ရချင်မိသည်...။


အနားမှာ ပါလာသူတွေတော့ ခပ်လှမ်းလှမ်းမှာ စကားပြောနေကြသည်...။ လိပ်ပြာလေးက သွားတော့မည်ဟု နှုတ်ဆက်သယောက် ပခုံးမှာလာနားပြီး အနောက်ဘက်သို့ပျံသွားသည်..။ လိပ်ပြာပျံသွားရာလိုက်ကြည့်ရင်း ခေါင်းလှည့်လိုက်တော့ ပခုံးရင်းကဒဏ်ရာက ဆစ်ကနဲ နာကျင်သွားသည်..။ ကြည်နူးနေသောစိတ်တို့သည်... တစ်မဟုတ်ချင်း ပျောက်ကွယ်သွားသည်..။ မကြာမီ အမှောင်ထုသည် တစထက်တစကြီးစိုးလာပေတော့မည်..။

“ဟေ့ သွားရအောင် တို့နေမ၀င်မီရောက်မှဖြစ်မှာ...”

လမ်းတစ်လျှောက်မြင်မြင်သမျှ အရာအားလုံးတို့သည်လွမ်းစရာ အတိဖြစ်နေသည်.... မရမ်းရောင်တိမ်တိုက်တွေ..၊ အိပ်တန်းပြန်ငှက်တွေ...။ ခံစားမှုတို့ပြည့်လျှံလာသော်လည်း စကားလုံးတို့သည် နှုတ်ခမ်းထက်တွင်သာ အသံမဲ့ ပျောက်ကွယ်သွားသည်..။

“ကဲ ကိုယ်တို့လုပ်စရာရှိတာကိုတော့ လုပ်ရမှာပဲ... မပူပါနဲ့ အမြန်ဆုံးနဲ့ပြီးဆုံးသွားမှာပါ..”

အမြန်ဆုံးတဲ့..ဘယ်လောက်မြန်မြန်လဲ.. တစ်မိနစ်လား.. တစ်စက္ကန့်လား... အို..စက္ကန့်ဝက်တောင်မကြာအောင် မြန်နိုင်သမျှမြန်မြန်လုပ်ပေးပါ...ကျွန်တော်လူ့လောကကြီးကိုစိတ်ကုန်လွန်းလို့ပါ.... ခုချက်ချင်းထွက်ခွာပါရစေ..။ ကျွန်တော့်မှာ အပြစ်မရှိဘူးဆိုတာ ကိုယ်ကိုယ်တိုင်လည်းသိတယ်.. စွပ်စွဲခံရတယ်ဆိုတာ မွှေးပျံ့တဲ့ပန်းခင်းလေး.. စိမ်းမှောင်တဲ့တောအုပ်ကလေး.. အေးချမ်းတဲ့စမ်းချောင်းလေး.... အဖြူရောင်တိမ်တိုက်တွေ... အို..ကုန်ကုန်ရှိ တောတောင်ရေမြေအားလုံးသိတယ်......။ ကျွန်တော်ဖြူစင်ကြောင်း..... သူတို့ပြောကြတာကို သင့်နှလုံးသားနဲ့နားထောင်ရင် တိုးတိုးကြားလိမ့်မယ်........။

မျက်လုံးတွေမှိတ်ထားလိုက်တော့...စိတ်တည်ငြိမ်မှုရလာသည်..... လေပြည်တို့ နားကိုတဖြည်းဖြည်းတိုးနေသည်..။ ကျွန်တော် ရင်ဆိုင်ဖို့အသင့်ဖြစ်ပြီ...။ “ချောက်” ဟူသောအသံတစ်ချက်သာကြားပြီးနောက် ဘာဆိုဘာမှမကြားရတော့...။ ကျွန်တော် အေးချမ်းလွတ်လပ်မှုကိုခံစားရသည်.. အားလုံးပေါ့ပါးနေသည်............ ခဏအကြာ ဘာဆိုဘာမှမသိတော့ ဘာဆိုဘာမှ မရှိတော့.. ကျွန်တော်တကယ်လွတ်မြောက်ခဲ့ပြီ..............။


p.s(နောက်တင်မည့်ပို့စ် - အစားအသောက်)

Monday, July 20, 2009

Sambal Fish

အရင်ပို့စ်တုန်းက မနွေးကအစားအသောက်မပါလို့ စိတ်ဆိုးသွားပြီဆိုလို့ ဒီတစ်ခါလည်း အရသာရှိတဲ့ပို့စ်လေးတစ်ပုဒ်လောက် တင်ချင်ပါ့..။ ဒီရက်ပိုင်း ရာသီဥတုပူပြီး ခေါင်းတွေလည်းကိုက်နေတယ်.. စားချင်စိတ်လည်းပျောက်နေတာကြာပြီ...။ အပြင်သွားလည်း ဘာစားရမှန်းမသိ ဆိုင်ရှေ့ဟိုကြည့်ဒီကြည့်နဲ့ လှည့်ပြန်တာလည်းများပြီ..။ ဒီနေ့အပြင်သွားရင်းနဲ့ Sambal Fish ဆိုတာစားဖြစ်တယ်...။ တော်ရုံတန်ရုံ ဒီလိုအစားအသောက်မျိုးမစားဖြစ်ဘူး.. ဒီနေ့မှ ထူးထူးဆန်းဆန်းစားချင်လာတာနဲ့ စားဖြစ်တယ်.. မဆိုးဘူး စားလို့ကောင်းတယ်..။


စင်္ကာပူမှာတော့ Sambal ဆိုပြီး ကြက် ၊ ငါး ၊ ပုဇွန် နဲ့ ပင်လယ်စာဆိုပြီးအမျိုးမျိုးရှိတယ်..ဟင်းအနှစ်နဲ့ ချက်ထားတာမျိုးကိုခေါ်တာပါ..။ Sambal ဆိုတာမလေးစကားလို့ထင်ပါတယ်..။ ခါတိုင်း Sambal အမျိုးမျိုးတွေ့ဖူးပေမယ့် ကြိုက်မယ်မထင်လို့ မစားဖြစ်ခဲ့ဘူး...။ ဒီနေ့တွေ့တာကျတော့ ပုံမှာပြထားတာ ခါတိုင်းမြင်ဖူးတာနဲ့ မတူလို့ ကြိုက်ကြိုက်မကြိုက်ကြိုက် စမ်းစားကြည့်မယ်ဆိုပြီး စားဖြစ်တာ..။ ဆိုင်က လုပ်ပေးတာကို စောင့်ကြည့်နေတော့ Breaded Fish ရယ်၊ ဂေါ်ဖီထုပ်ပါးပါးလှီးထားတာကို အပေါ်မှာ Mayo ဆမ်းပေးထားတာရယ် ၊ ထမင်းရယ်ပါပါတယ်..။ အရသာကောင်းပြီး ထမင်းပါတာများပါတယ်.. (ကျွန်တော်က ထမင်းများများစားရတာသဘောကျလို့ပါ..)။ ငါးကြော်အပေါ်မှာ Sambal အနှစ်ဆမ်းပေးပါတယ်... ကြက်သွန်နီ၊ ပုဇွန်ခြောက်၊ ငရုတ်သီး စတာတွေပါမယ်ထင်ပါတယ်..(အတွေ့အကြုံအရ..ဟီး).. မြန်မာဟင်းအနှစ်လို အရသာရှိရှိနဲ့ စားကောင်းပါတယ်..။ အရည်သောက်တော့ မပေးဘူး စားရတာနည်းနည်းတော့ နင်ပါတယ်.. အအေးလေးသောက်ရင်တော့ အဆင်ပြေမှာပါ...။ စားခဲ့တာကတော့ Jurong West St51, Se7en Eleven ဆိုင်ဘေးက Food Court မှာပါ..။ စာဖတ်သူအားလုံး အရသာရှိရှိစားသောက်နိုင်ပါစေ.. :D ဘိုင်းဘိုင်..။

Tuesday, July 14, 2009

14072009

စာမေးပွဲပြီး ပြီးတော့ ဘလော့ပေါ်မရောက်တာရက်အတော်ကြာပေါ့...။ ဘလော့လည်းသိပ်မဖတ်ဖြစ် ပြီးတော့ ဘာမှလည်းမယ်မယ်ရရမလုပ်ဖြစ်ဘူးဖြစ်နေတယ်..။ အာရုံမစိုက်နိုင်ဘူးဘဲဆိုပါတော့... စိတ်ကဟိုရောက်လိုက် ဒီရောက်လိုက်ဖြစ်နေတယ်..။ ပို့လေးတစ်ပုဒ်လောက် သေသေချာချာရေးမယ်လို့ကြံတော့ ဘာအကြောင်းရေးရမှန်းမသိ.. အဲသလိုဖြစ်နေတာလည်းကြာပါပြီ...။ ဘယ်လိုဘဲဖြစ်ဖြစ်.. ဒီရက်ပိုင်းအတွေ့အကြုံ အဖြစ်အပျက်လေး စိတ်ထဲရှိတာလေးတွေကိုဘဲ ပို့တစ်ပုဒ်အဖြစ်တင်ပါရစေ..။

စာမေးပွဲပြီးတော့လည်း မနားရ တနင်္လာနေ့ကျကျောင်းပြန်တက်ရပါတယ်...။ ကျောင်းပြန်ဖွင့်တာနဲ့ လက်ချာတွေပြန်တက်..ကျူတိုရီရယ်တွေလုပ်နဲ့ စာများပါတယ်..။ ကြားထဲ အမြဲခေါင်းလာလာစားပေးတဲ့ မကုန်နိုင်တဲ့ပရောဂျက်တွေကလည်း တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလိုဘဲ...။ တစ်ရက်ကလည်း ပရောဂျက်အသေးစားလေးတစ်ခုကို သူငယ်ချင်းတစ်ယောက်နဲ့လုပ်ရပါတယ်..စလုံးတရုတ်ပါ။ အဲဒီတစ်ယောက်ကလည်း အတန်းမှာ ပေါ်လိုက်ပျောက်လိုက်နဲ့မို့ သူနဲ့လုပ်ရမှာခပ်လန့်လန့်ဘဲ...။ ဆရာလာပေးတဲ့ ပရောဂျက်ကြည့်တော့ ကိုယ်လုပ်နိုင်တဲ့ပရောဂျက်မို့ တော်သေးတယ်ပြောရမယ်...။ နောက်ဆုံးတော့လည်း တစ်ယောက်တည်းလုပ်ရင်းနဲ့ပဲ အောင်အောင်မြင်မြင်နဲ့ပြီးသွားပါတယ်..။ ပါတနာကို မေးကြည့်တော့ဘာမှမသိဘူးဆိုတာနဲ့ ဘေးမှာဘာမှကိုမခိုင်းတော့ဘဲ ထိုင်ဘဲကြည့်ခိုင်းထားတယ်..။ ကိုယ်ကလုပ် သူကဘေးကနေစကားလေးပြောပေးနဲ့ အဆင်ကိုပြေနေတာဘဲ..မပျင်းရတော့ဘူးပေါ့..။ တော်သေးတယ်.. မြန်မာပြန်ကလာမှန်းတော့ သူသိပေလို့...။ တစ်ခါမှစကားမပြောဖူးပေမဲ့ အဲဒီနေ့ကတော့ သူနဲ့ စကားတွေအများကြီးပြောဖြစ်ခဲ့တယ်..။ မြန်မာပြည်ဘယ်မှာမှန်းမသိလို့ မနည်းရှင်းပြရသေးတယ်... ထိုင်းနဲ့ ဘယ်လိုစပ်ဆက်နေတယ်ဆိုတာပေါ့..။ Bangkok ဆိုတာ capital လားလို့လာမေးတော့ နည်းနည်းတော့လေချင်သွားတယ်.. ဒီတစ်ယောက်တော့နည်းနည်းတော့မှားနေပြီထင်တယ်..။ ဘာအတွက်နာမည်ကြီးလည်းမေးတော့.. ဘာပြန်ဖြေရမှန်းကိုမသိတော့ဘူး...စဉ်းစားရင်း စဉ်းစားရင်းနဲ့ဘဲ နောက်ဆုံးမှာ Pigeon Blood Ruby တွေပေါတယ်လို့ ပြန်ဖြေလိုက်ရတယ်.. လေပါတယ်..။ အံမယ်..နိုင်ငံရေးအကြောင်းလာမေးလိုက်သေးတယ်... Military Government လို့ဘဲခပ်ကျယ်ကျယ်ဖြေလိုက်တော့ မျက်လုံးပြူးပြပြီး.. ပါးစပ်ပိတ်သွားတယ်..။ အေးရော.........။


စိတ်တွေသာဟိုရောက်ဒီရောက်ဖြစ်နေတာ... ရုပ်ရှင်ကြည့်ဖို့ကျတော့ အာရုံတွေက သံလိုက်နဲ့ဆွဲလိုက်သလို အလိုလိုစုသွားရော.. =D။ သရဲကားကြည့်ဖြစ်တယ်.. ကြောက်ဖို့ကောင်းတယ်.. လူသေတွေကိုခွဲစိတ်တဲ့ လူကသင်္ချိုင်းကအလောင်းတွေပြန်ဖော်ပြီး ၀ိညာဉ်ပြန်သွင်းတာ ပြီးတော့မှ အဲဒီလူတွေမသေခင် အဖိုးတန်ပစ္စည်းတွေ ဘယ်မှာသိမ်းသလဲဆိုတာပြန်မေးပြီး သူကယူမှာလေ...။ နောက်ဆုံးသရဲတွေက အိမ်မှာစွဲနေတာ..အိမ်မှာလာငှားနေတဲ့မိသားစု ဒုက္ခရောက်တာပေါ့.....တွေးရင်းနဲ့ လန့်ပါတယ်..။ ဟာသကားလည်းကြည့်သေးတယ်... ရီရတယ်.. ဟာသကားတွေကြည့်ရတာ ဘဲကောင်းတယ်.. Romance လေးနဲ့ Comedy ပေါင်းထားတာမျိုးပေါ့..။ ရုံမှာ Transformers 2 သွားကြည့်ဖြစ်တယ်... မဆိုးဘူး.. effect တွေကောင်းလာတယ်.. စက်ရုပ်ကြီးတွေလည်းမိုက်တယ်... မင်းသမီးလေးလည်းချောပါတယ်.. ;D။ ကြာသပတေးနေ့ Harry Potter and the Half-blood Prince တင်မယ်....။ စာအုပ်ဖတ်ပြီးသားပေမယ့် .. အဲဒီနေ့ အတန်းပြီးတာနဲ့ အပြေးသွားကြည့် အုန်းမှာဗျာ..။


သီချင်းတော့ အတော်နားထောင်ဖြစ်တယ်...။ စိတ်ကတစ်မျိုးဖြစ်နေတယ်.. တစ်ယောက်တည်းနေချင်တာများနေတယ်...။ နားထောင်ဖြစ်တဲ့သိချင်းတွေကလည်း If today was your last day ၊ Heartless ၊ Better in time ၊ I can't make you love me ၊ Ain't no sunshine ၊ Bleeding Love အဲသလိုသီချင်းမျိုးတွေဘဲ ဖြစ်ဖြစ်နေတယ်..ကူညီကြပါ...။ လောလောဆယ်နားထောင်ဖြစ်နေတာကတော့ When I think of you (Chris Deburgh) နဲ့ Heartless (Kris Allen) ... when i think of you ကသီချင်းချိုချိုအေးအေးလေး.. သီချင်းစကတည်းက ကြိုက်သွားစေတဲ့သီချင်းမျိုး...။ Heartless ကိုတော့ Kanye West ဆိုတာထက် Kris Allen ဆိုတာပိုပိုသဘောကျနေတယ်... နားကြပ်လေးတပ်ပြီး သီချင်းလေးလိုက်ညဉ်းလိုက်ရရင်ကို ခံစားမှုဘဲ...။


ပို့တော့ မကြာမကြာဆိုသလို ရေးရင်ရေးဖြစ်သလိုလေးတင်သွားပါမယ်..။ အချိန်ပေးလာလည်နှုတ်ဆက်သွားသူများအားလုံးကျေးဇူးတင်ပါတယ်..။ အားလုံးကို သတိရပါတယ်..။

Thursday, July 2, 2009

Fast Food အန္တရာယ်

ဘာရယ်မဟုတ်ဘူး... ဘလော့လောကနဲ့ အဆက်အသွယ်ပြတ်မှာစိုးလို့ ပို့တစ်ပုဒ်လောက်တင်လိုက်တာ..။ အသိပေးချင်လွန်းတာကြောင့်လဲပါပါတယ်..။ ဟုတ်သည်ရှိ မဟုတ်သည်ရှိ မှန်သည်ရှိ မမှန်သည်ရှိ.. အောက်က video ကို မဖြစ်မနေကြည့်ပါ...( Fast food မကြာခဏစားသူများ.. ကြိုက်လွန်းလို့ပါဆိုသူများ..ကြည့်ဖြစ်အောင်ကို ကြည့်ပါ)။



ပျောက်နေရခြင်း အကြောင်းက ဒီရက်ပိုင်း စာမေးပွဲတွေ ဆက်တိုက်ဖြေနေလို့ပါ..။ စာလား...ကျက်ဖြစ်ပါတယ်... ၁၀ မိနစ်ခြားတစ်ခါလောက် Facebook ကို မိနစ် ၂၀ လောက်ရောက်ရောက်သွားတာကလွဲလို့ပေါ့..ဟီးဟီး..။ အားလုံးကို သတိရပါတယ်... ဘလော့တွေလည်း တော်တော်များများရောက်တယ်..။ လာလည်သူ စာလာဖတ်သူများ..အားလုံး ရွှင်လန်းချမ်းမြေ့ပါစေဗျာ..။

အောက်က bonus

ရိုက်သာရိုက်ရတယ်. ခပ်လန့်လန့်ရယ်.. မတော်လို့ အကောင်က တုပ်ထည့်လိုက်ရင် ဒုက္ခ


Saturday, June 27, 2009

ည၏........

လူတွေ အိပ်မောကျနေလေပြီ........

အနက်ရောင်လေးထောင့်ကွက်တွေက တိုက်တာတွေရဲ့နံရံမှာ ကိုယ်စီနေရာယူလို့.........

ကောင်းကင်ကြီးကလည်း နက်နက်မှောင်ကာ........

တစ်ပွင့်..နှစ်ပွင့်..သုံးပွင့် လောက်သာလင်းတဲ့ ကြယ်တွေကိုကြည့်ရင်း ..ငေးမောရင်း......... ညလေအေး အဝေ့မှာ တစုံတရာ.. တစုံတယောက်ကို လွမ်းဆွတ်မိလေသလား...မကွဲပြားတော့..........

ညအမှောင်ထဲ မဟူရာကျောက် ပျောက်လို့ဖွေရှာသလို... အဖြေမတွေ့ခဲ့..............

လေပြေနဲ့အတူ တိတ်တိတ်ပါလာလေတဲ့.. ထင်းရူးရနံ့တွေ ရင်ဆွေးဝေဒနာကို .. ချော့သိပ်ပေးနေရော့သလား.......

အသာအယာမှေးစင်းလိုက်တော့..တစ်ခဏအကြာ.... ခပ်ရှပ်ရှပ်သစ်ရွက်ခြောက်တွေကြား.. စည်းချက်မှန်မှန် ခြေသံကို ခပ်တိုးတိုးကြားတယ်............

ရင်တွေများ တဒိန်းဒိန်းခုန်လိုက်တာ..... သူမများ ပြန်လာရှာလေသလား...............

တားမရတဲ့ သိလိုစိတ်တို့ ... မြင်လွှာကို တိုးဖွင့်တဲ့အခါ..... အလျှင်တစော လှည့်ပတ်ရှာဖွေမိတဲ့အခါ................

ဆောင်းရဲ့ အရိပ်အငွေ့တွေကြား....... သူမ သဏ္ထာန်ကို ရေးရေးမြင်တယ်......


သူတိုးတိုးခေါ်တော့................
............................................သူမ ရေးရေးပြုံးတယ်............

သူမက တိုးတိုးမေးမယ်....................
..................................................... သူ အသာခေါင်းညိမ့် မိပြီ................

သူမ ဖြည်းဖြည်းလျှောက်လာတော့ ....... သူအမြန် ပြေးသွားမိသည်....................

ညငှက်ငယ်သည်....... ည၏တေးသွားကို ချိုအေးအေးသီကျူးသည်.......................

လွမ်းဆွတ်မှုတို့.........မျက်ရည်တို့နှင့်အတူ....ပျော်ဝင်လေပြီ.............

လေညှင်းတို့ တသုန်သုတ် တိုက်လာသည်...................

....... သူမအား အသာအယာထွေးပွေ့လိုက်သည်.....................

အနက်ရောင်ကောင်းကင်မှ ဆီးနှင်းတို့ သည် ဖြူစင်စွာ.....များပြားစွာ.......ဖွေးဖွေးရွရွ ကျဆင်းလျက်...........................။

Thursday, June 25, 2009

အိမ်အပြန်

အေးစက်စက် ခံစားမှုကြောင့် အိပ်ပျော်ရာမှနိုးလာသည်..။ ကားပေါ်ကလူတွေကိုကြည့်လိုက်တော့ တော်တော်များများ အိပ်နေကြသည်..။ အချိန်ကြည့်မိတော့ နံနက်(၂)နာရီ.. နက်မှောင်နေသော သစ်ပင်တို့နှင့် တောင်ကုန်းတောင်တန်းတို့က ပြတင်းမှန်အပြင်ဘက်တွင် ငြိမ်သက်စွာအိပ်မောကျနေကြသည်။ ကားသည် တောင်ကုန်းတွေကြားတရိပ်ရိပ်ပြေးနေသည်.. မြေပြန့်မဟုတ်တော့သည်မို့ ပြင်းထန်တဲ့ အအေးဓာတ်က ကားအတွင်းသို့ပင်စိမ့်ဝင်လာလေပြီ။

ဂျာကင်အနွေးထည် ဇစ်ကို အဆုံးထိမြှင့်တင်လိုက်တော့ မှနည်းနည်း နေသာထိုင်သာရှိသွားသလို..။ ဒီလို အေးတဲ့ရာသီဥတုနဲ့ ဝေးကွာနေခဲ့တာ မမှားဘူးဆိုရင် ဆယ်စုနှစ်တစ်ဝက်တော့ ပြည့်ခဲ့ပြီ။ တောင်ပေါ်လမ်း ကရော အရင်လိုဘဲ လှိုက်လှိုက်လှဲလှဲကြိုနေအုံးမှာလား.. သိလိုမှုတွေကပြင်းပြလျက်။ အိပ်ချင်စိတ်လည်းမရှိတော့ အိတ်ထဲက သီချင်းနားထောင်စက်ကလေးကိုထုတ်ပြီး. သီချင်းနားထောင်ဖြစ်သည်။
သီချင်းသံက ကြည်လင်စွာ စီးမျောလာသည်..................

“တောင်ပေါ်လမ်းအတိုင်းကွေ့ကာ ၀ိုက်ကာ xxx.... ကိုယ်နေတဲ့ မွေးရပ်မြို့လေးဆီဦးတည်နေ..... xxx........အချိန်အကြာကြီးခွဲပြီး........xxx”

အိမ်ကိုသာ အမြန်ပြန်ရောက်လိုစိတ်က တားမရ ဆီးမရ လျှံကျလာသည်.... နာရီပိုင်းသာလိုတော့တဲ့ အချိန်ကာလကိုပင် မစောင့်စားနိုင်တော့..။ သက်ပြင်းတစ်ချက်ချမိတော့ အေးစက်တဲ့လေတစ်ချို့ လက်ချောင်းတွေဆီ ရိုက်ခတ်သွားသည်။

အပြင်ဘက်ကြည့်တော့ ပြာနက်နက်ကတ္တီပါကောင်းကင်မှာ ခပ်စိပ်စိပ်ကြယ်တို့က အရောင်တောက်လျက်...။ ကြယ်ရောင်တွေအောက် ထင်းရှုးတောအုပ်တို့က ငြိမ်သက်စွာ ၀ပ်ဆင်းလို့။ မြင်ကွင်းသရုပ်တို့ က အုံ့မှိုင်းနေတဲ့ သတိရမှုတွေကို ခပ်သည်းသည်းရွာကျသွားစေတယ်..။ ခပ်ရေးရေးအတိတ်တို့က နာကျင်နေသောနှလုံးသားဝယ် တဆစ်ဆစ်ကိုက်ခဲလာသည်။
“သား .. သားပြန်လာချိန်ကို မင်းအမေနဲ့အတူစောင့်နေမယ်”
“အဖွားကို ပြန်လာတွေ့အုံးနော်.. ငါ့မြေး”
“သူငယ်ချင်း မင်းပြန်လာမယ်လို့ ငါယုံတယ်”
“ပြန်လာချိန်အထိ စောင့်နေမယ်နော်..”
ပဲ့တင်သံတို့က သီချင်းသံကိုပင် ဖုံးလွှမ်းသွားလောက်အောင်ပင် ထပ်ခါထပ်ခါ......။ သီချင်းသံကို အနည်းငယ်မြင့်လိုက်သည်..... အာရုံပြောင်းသွားစေနိုင်အောင်လို့........။ သီချင်းသံက ခပ်အေးအေးလေး

“ဒီတောင်ကိုကျော်ကာ ဖြတ်သွားလေသောငှက်ငယ်ရယ်.............xxxx....
ခင်တွယ်စရာဆိုလဲ တို့ရိုးရာအမျိုးရှိလျက်နဲ့ .... xxx........ပြန်လာပါရှမ်းတောင်တန်းဆီကိုကွယ်...xxx....”




ကားအတူစီးလာတဲ့ ခရီးသည်တွေကတော့ အိပ်မောကျနေလေရဲ့.....။ ကားမီးရောင်အောက်မှာ မိုင်တိုင် ဖြူဖြူများက တစ်ခုပြီးတစ်ခု နှုတ်ဆက်ကျန်ရစ်သည်...။ အတွေးတွေကြောင့် သူမျက်လုံးများသည်... မှုန်မှိုင်းနေသယောင်....။ ကားသည်... နက်မှောင်မှောင်တောင်ကုန်းတောင်တန်းတွေ ကိုဖြတ်ကျော်လာခဲ့သည်..။ အချိန်အားဖြင့် ၆ နာရီထိုးလုပြီ... နေခြည်အလင်းသည်... တိမ်တိုက်တွေကြားမှာ ဖြာဆင်းလာသည်......။ ထင်းရှူးတောတို့သည်... နေရောင်နှင့်အတူ အစိမ်းရင့်ရောင်တောက်၍ နိုးထလာလေသည်..။ တောင်တွေဆီမှာ ရစ်သိုင်းနေကြသော မြူနှင်းတွေကိုတော့ သူတမ်းတစွာ လှမ်းမျှော်ကြည့်မိသည်...။

သူတစ်ခါက ရင်းနှီးဖူးခဲ့သော မြို့ငယ်လေးတစ်ခုဆီကားဖြတ်သွားသည်..။ မြို့လယ်ကစေတီ၊ ဈေး နှင့် ကျောင်း အားလုံးမပြောင်းလဲသေး.. အတိတ်ကာလတစ်ခုဆီ ပြန်ရောက်သွားသလိုပင်...။ ကြည့်ရင် ကြည့်ရင်းပင် မြို့ကလေးသည် ငြိမ်သက်ဝပ်စင်းစွာကျန်ခဲ့သည်.......။ ကားတစ်ဖက်တစ်ချက်တွင် ချယ်ရီတွေတော့ ဖူးပွင့်နေပြီ...... သူတောင့်တခဲ့သော ချယ်ရီမြို့မှာရော ဖူးပွင့်နေပြီလား......။

မြေနီနီတောင်ကုန်းတွေ ၊ မှိုင်းညို့နေတဲ့ထင်းရူးတောအုပ်တွေ.. အားလုံးဖြတ်ကျော်ပြီးနောက်.. သူချစ်သောမြို့သည် ချယ်ရီတို့ဖြင့် သူ့ကိုကြိုဆိုနေလေပြီ......။ အဲသည်မှာ သူချစ်သည့် ခေါင်မိုးနီနီအိမ်လေးတွေ၊ ချယ်ရီတွေ၊ နွေးထွေးတဲ့ တောင်ပေါ်သားတွေ ၊ ထင်းရူးတောစပ်က လမ်းကလေးတွေ ... ပြီးတော့ ချစ်တဲ့..သူငယ်ချင်းတွေ... ချစ်တဲ့..အိမ်ကလေး.. ချစ်တဲ့...မိသားစု.. ချစ်တဲ့...မေမေ.. ပြီးတော့ သူချစ်တဲ့ ချစ်တဲ့..ချစ်တဲ့........................................................



Monday, June 15, 2009

တိုဖူးနွေး

ဒီနေ့လည်း အရသာရှိတဲ့ပို့လေးတစ်ပုဒ်တစ်ချင်ပါတယ်..။ အစားအကြောင်းချဲချဲ တင်နေတော့ ... လာဖတ်တဲ့သူတွေကိုလည်း အစားပုပ်တယ်ထင်မှာလည်း စိုးပါတယ်.. အပြင်မှာအစားမပုပ်ပါဘူး။

မနေ့ညပိုင်းလောက် (လွန်ခဲ့သော ၆ နာရီ) City Hall, Peninsula Plaza ဘက်ပျင်းလို့ရောက်ဖြစ်ပါတယ်..။ အချိန်ကြည့်တော့ ထမင်းစားချိန်လည်းရောက်ပြီဆိုတော့ အစားစားဖို့ စပြီးစဉ်းစားပါတယ်..။ ထမင်းလဲမစားချင်ဆိုတော့ ဘာရမလဲစဉ်းစားရင်းနဲ့ဘဲ.. မြေညီထပ်က လွိုင်နိုင်းကို သတိရပြီး အဲဒီမှာဘဲ ညနေစာစားဖြစ်ပါတယ်..။ လွိုင်နိုင်းက အစားအသောက်တွေ အရင်ကလည်းစားဖူးပါတယ်... မဆိုးဘူး စားကောင်းတယ်လို့ပြောရမယ်..။ ဆိုင်လေးကတော့ တော်တော်လေး ကျဉ်းနေပါတယ်.. စားပွဲခြောက်ခုံလောက်ဘဲရှိတယ်..။



ဟိုနေ့ကတည်းက မြူးဘလော့ မှာတိုဖူးပျော့ဆိုတာနဲ့ တိုဖူးနွေးစားချင်သွားတာ...။ ဒီနေ့တော့ ရောဂါကကျွမ်းနေပြီဆိုတော့ တိုဖူးနွေးဘဲမှာစားဖြစ်ပါတယ်... အာသာလေးပြေမလားလို့..။ အသားနဲ့ ခေါက်ဆွဲနဲ့ အီကြာကွေးတို့နဲ့ စားဖြစ်ပါတယ်..။ ခေါက်ဆွဲက မမာမပျော့အနေတော် ၊ တိုဖူးကလည်း ညက်ညက်နဲ့မို့ အရသာလည်းရှိ စားလို့လည်းကောင်းပါတယ်...။ အီကြာကွေးနဲ့မို့ ပိုလည်းစားလို့ကောင်း ဗိုက်လည်းဝပါတယ်..။

ငယ်ငယ်က တောင်ကြီးမှာ အိမ်ကလူတွေ တိုဖူးနွေးဝယ်စားကြရင် လုံးဝမစားဘူး.. လာကျွေးရင် မကြိုက်ဘူး မစားဘူးဆိုပြီး ခံငြင်းတာ.. တကယ်လဲ မြည်းမကြည့်ဘဲနဲ့လေ...။ နောက်တော့ စမ်းစားကြည့်တော့ ကြိုက်ပြီး မနက်တိုင်း စားမယ်ဖြစ်ရော.....။ မှတ်မိသလောက်တော့ အိမ်မှာ တစ်ခါမှမချက်စားဖူးဘူး.. ရှမ်းခေါက်ဆွဲတို့ မြီးရှည်တို့လောက်ဘဲ ချက်စားဖြစ်တယ်.. ။ ကျောင်းဖွင့်ရက်မနက်မနက်ဆိုရင် ငါးဆင့်ချိုင့်ကြီးနဲ့ တိုဖူးနွေးသွားဝယ်ခိုင်းပြီ... စားရင်လည်း ပန်းကန်ထဲပြောင်းမထည့်ဘူး.. ချိုင့်နဲ့ကိုစားတယ်..။ ပိုအရသာတွေ့သလိုဘဲ... တကယ်တော့ တူတူပါ။ တခါတလေ ၀ယ်လို့ပြန်လာပြီး ချိုင့်ဖွင့်ကြည့်လိုက်ရင် ခဲနေပြီ ရာသီဥတုကအေးတာကိုး...။ အဲသလိုမျိုးဆိုရင် ချိုင့်ကို မီးဖိုပေါ်ပြန်တင်ပြီး တိုဖူးပျော်အောင်စောင့်ပြီးမှ စားရတာ။ ကျောင်းပိတ်ရက်ဆိုရင်တော့ မောင်နှမတွေ ကားနဲ့ သစ်တောရပ်ကွက်က ဆိုင်မှာသွားစားတာဘဲ..။ ဆိုင်သာဆိုတယ်.. အိမ် တံစက်မြိတ်အောက်မှာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုလေးတွေ ချထားတာ...။ ကိုယ်စားမဲ့ ပွဲပြင်ပေးရင်လည်း ကြည့်ချင်သေးတာ..။ တိုဖူးကျိုထားတဲ့အိုးကြီးက အကြီးကြီး ပွက်နေတာ..... ပြီးမှ ခေါက်ဆွဲကို အဆုပ်လိုက် အိုးထဲပစ်ထည့်လိုက်တာ........... ။ တိုဖူးကပျစ်နေတော့ ခေါက်ဆွဲက ပြန်မသွားဘူးလေ.. ပြီးမှတူအကြီးကြီးနဲ့ဆယ်ပြီး ပန်းကန်ထဲထည့်ပေးတာ...။ တောင်ကြီးမှာတော့ အသားနဲ့မစားကြဘူး..... ကြက်သွန်ဖြူဆီချက်ရယ်၊ မြေပဲထောင်းရယ်၊ ဆား(အချိုမှုန့်) နည်းနည်း၊ အချိုရည်(ကြံသကာရည်ထင်တာဘဲ) ၊ ငရုတ်သီးကြော် ရယ် ထည့်စားကြတာဘဲ...။ တစ်ခါခါစားရင်တော့ နှစ်ပွဲ လောက်ကအသာလေးဘဲ.. အိမ်ကိုတောင် ၀ယ်ပြန်ရင်ပြန်သေးတာ......။ အထမ်းနဲ့ရောင်းတာမျိုးလည်းရှိတယ်... စားနေကျအသည်က တာမားဆိုလား.. တရုတ်မကြီးရောင်းတာ..။ သူလာပြီဆို သွားဝယ်စားတာ ဟိုဟာပိုထည့်ပေး ဒီဟာ လျှော့ထည့်ပေးဆိုပြီးလည်း ချေးများသေးတာ.. ပြန်စဉ်းစားကြည့်တော့လည်း ပျော်စရာတော့ ကောင်းသားပဲလေ.....။

စားပြီးတော့ ဆက်သွားဖြစ်သေးတယ်..။ အောက်က Bonus!
The Cathay


Doby Ghaut MRT


Friday, June 12, 2009

ဆန္ဒ အနှစ်နှစ်ဆယ်

ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်ထင်... မနက်နိုးလာတော့ ကြည်လင်လန်းဆန်းနေသည်...။ ပိတ်ရက်ဖြစ်သောကြောင့် အလုပ်မှနားသည် အလုပ်လုပ်စရာမလိုဟူသောအသိကြောင့်လို့ ဆိုလျှင်ပိုမှန်မည်.....။ ရေချိုး အ၀တ်အစားလဲပြီး နံနက်စားစားဖို့ မီးဖိုချောင်ဆီသွားတော့ အိုးပူပူ ဆီပူပူမှာလှိမ့်ထားသော ထမင်းကြော်ရနံ့က ဆီးကြိုသည်..။

“ မေ.... ဒီနေ့ထမင်းကြော်လား.....”

“သားကလဲ သိရဲ့သားနဲ့ လာမေးနေပြန်ပြီ..... လက်ဖက်ရည်တော့မဖျော်ရသေးဘူး...
သားဖျော်လိုက်ပါလား.. အမေက သားဖျော်တာသောက်ချင်တာ........”

အမေကြော်ပေးသော ထမင်းကြော်သည်.. ချမ်းအေးအေးနံနက်ခင်းတွင် ၀မ်းနွေးစရာ အစာအာဟာရတစ်ခုပင်ဖြစ်သည်..။ ထမင်းကြော်မဆိုထားနှင့် အမေလုပ်ပေးသမျှ အစားအစာမှန်သမျှသည်.. သူ့အတွက်တော့ အကောင်းမွန်ဆုံးအစားအစာများပင်ဖြစ်သည်..။

နံနက်စောစောဖြစ်သောကြောင့် ရာသီဥတုသည်အေးစိမ့်ပြီး... ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေနှင့် မှုန်ဝါးနေသည်...။ အမေရော သူပါ ဒီလိုရာသီဥတုမျိုးတွင် လမ်းလျှောက်ထွက်ရသည်ကို သဘောကျသည်...။

“မေ သားတို့ ပန်းခြံသွားမလား.. ဒီနေ့လမ်းလျှောက်လို့ကောင်းမယ်..”

“ကောင်းသားဘဲ ... သားဘယ်တော့သွားမလဲ...”

“ခဏနေသွားမယ်..မေ အပြန်ကျရင် ကျောင်းလဲဝင်ရဦးမယ်... ဒီနေ့ အလှူရှင်တွေရှိတယ်.. ခုလောက်ထွက်မှ အတော်ဘဲ”

“ဒါဆို အမေ အ၀တ်အစားသွားလဲလိုက်မယ်..................”

ကားဖြူလေးသည်.. လမ်းတစ်လျှောက်ဖြောင့်ဖြောင့်ပြေးကာ .. တောင်ခြေရှိ ပန်းခြံသို့ဦးတည်နေသည်..... မြူနှင်းတွေကတော့ သိပ်သည်းနေဆဲ...။ ဒီပန်းခြံလေးကတော့ အမေနှင့်သူ... အမောပြေရာ..အမေဖြေနေကြ နေရာလေးတစ်ခု လို့ပြောလို့ရသည်...။

“ဟာ .. အန်တီနဲ့ အစ်ကို အစောကြီးပါလားဗျ... နေကောင်းကြတယ်နော်...”

“အေး မောင်ကျော်ရယ် နေကောင်းပါတယ်ကွယ်... ဒီနေ့ရာသီဥတုက အန်တီတို့အကြိုက်မို့ ပန်းတွေလည်းကြည့်ရအောင်ဆိုပြီး လမ်းလျှောက်ထွက်လာတာ..”

“တစ်ခြားသူတွေကော..ဘာလုပ်နေကြလဲ...”

“ပန်းခူးတဲ့သူက ခူး ၊ တစ်ချို့က ရေလောင်းပေါင်းသင်နေကြတယ် အစ်ကို”

“ကောင်းတယ်.. လုပ်စရာရှိတာသွားလုပ်တော့ .. ဟိုဘက်လမ်းလျှောက်ထွက်လိုက်ဦးမယ်... ”

ဒီပန်းခြံလေး စပြီးဆောက်ခဲ့သည်မှာအချိန်အားဖြင့် ၅ နှစ်ကျော် ရှိပြီဖြစ်သည်........။ ဒီနှစ်များအတွင်း ပန်းလာကြည့်သူ ၊ ၀ယ်သူ ၊ လာရောက်လည်ပတ်သူတို့နှင့်လည်း စည်ကားခဲ့သည်...။ ဒီတောင်ခြေကနေရာလေးသည်... သူစိတ်ကူးထားသည်နှင့် အံကိုက်ပင်ဖြစ်နေသည်။ နံနက်စောစောတွင် ပွင့်တတ်သောပန်းတို့၏သင်းရနံ့က လာရောက်သူကို ကြည်နူးချမ်းမြေ့စေသည်မှာ အမှန်ပင်...။ အမေ့ကိုကြည့်တော့ ဘုရားတင်ဖို့ နှင်းဆီပန်းတွေခူးရင်း ပြုံးနေသည်...။ ရေကန်ငယ်လေးကိုကြည့်တော့ ရေငွေ့တွေဝေနေသည်.........။ ငှက်ကလေးများကကျီကျီကျာကျာနှင့် ...ထင်းရှူးပင်တွေပေါ်မှာတော့ ရှဥ့်လေးတွေ တစ်ပင်နှင့်တစ်ပင်ခုန်ကူးနေသည်...။

“သား အချိန်လဲကြည့်ဦး.. ခဏနေ ကျောင်းသွားဖို့နောက်ကျနေမယ်နော်...”

“ဟုတ်သားဘဲ.မေ... ခုလောက်ထွက်ရင် အတော်ဘဲနေမှာ”

ကျောင်းရှေ့ရောက်တော့ ကလေးတွေ မြေကွက်လပ်မှာ ဆော့နေကြသည်...။ ကျောင်းတံခါးကို ကျော်ရုံရှိသေး...

“ဟာ ဟိုမှာ ဦးဦးနဲ့ဖွားဖွားလာပြီ... လာကြဟေ့....”

အသံသေးသေးဆူဆူလေးများဖြင့် တစ်ယောက်တစ်ပေါက်အော်က အလုအယက်ပြေးလာကြသည်....။ ပကတိ ဖြူစင်ကြည်လင်နေသော မျက်နှာလေးတွေကိုကြည့်ရသည်မှာ.. စိတ်ချမ်းမြေ့စရာဖြစ်သည်..။

“ဦးလေးနဲ့ အန်တီ အလှူရှင်တွေရောက်နေကြပြီလား........”

“ခုနလေးတင်ဘဲရောက်တယ် သားရေ... ဧည့်ခန်းထဲမှာစောင့်နေကြတယ်..”

“ကျွန်မတို့တောင်နောက်ကျနေပြီ ... ပန်းခြံသွားပြီး ပန်းတွေခူးနေတာလေ.....”

“ကျွန်တော်တို့ မိဘမဲ့ဂေဟာကို ခုလိုတကူးတက လာရောက်လှူဒါန်းပေးတာ ကျေးဇူးတင်လို့ မဆုံးပါဘူး”

“ရပါတယ်... ကျွန်တော်တို့ကလည်း ခုလို တကယ်လိုအပ်နေတဲ့နေရာတွေကို လှူခွင့်ရတာကိုပဲ ၀မ်းမြောက်လှပါပြီ... ”

“နေ့လည်စာ ထမင်းစားသွားပါဦးလားဗျာ... ...”

“ဟား ... ဆာနေတာနဲ့အတော်ဘဲ...”

ကလေးတွေပျော်ပျော်ပါးပါးစားသောက်နေကြတာကို ကြည့်ပြီး စိတ်ကြည်နူးရသည်..။ ဒီကျောင်းသည်... သူ့ဘ၀၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်.....။ ကျောင်းဟုခေါ်ရလောက်အောင်တော့ မပြီးပြည့်စုံသေး... ဆရာအင်အားနှင့် ကျောင်းဆောင်လည်း တိုးချဲ့ဖို့လိုသေးသည်...။ တော်တော်လည်း ပြည့်စုံအောင်ဖြစ်ဖို့တော့ ကြိုးစားရပေဦးမည်..။

“သား... အမေတော့ ဒီမှာဆက်နေလိုက်ဦးမယ်... ညနေမှဘဲ လာကြိုတော့လေ”

“ရတယ်..မေ.. ခဏနေတော့သွားဖို့တစ်ခုရှိတယ်... ”

“နေ့လည်စာ စားသွားပါလား.....သား”

“မစားတော့ဘူးမေ.. ဟိုရောက်မှဘဲ စားတော့မယ်...”

ခဏကြာတော့ အမေ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့သည်...။ ချိန်းထားသည့်နေရာနှင့် ကသိပ်မဝေး ၁၀ မိနစ်လောက်သာ ကားမောင်းရသည်...။ သူ့အကျင့်အတိုင်း.. အချိန်စောရောက်နေခဲ့သည်...။

စားသောက်ဆိုင်သည်... တောင်ကုန်းပေါ်တွင်ဆောက်ထားသောကြောင့် .. ပြတင်းပေါက်မှကြည့်လျှင်မြို့ရှုခင်း
တော်တော်များများကိုမြင်ရသည်...။ ခေါင်မိုးနီနီနှင့် အိမ်ကလေးတွေ...၊ ဟိုးအဝေးက မြူတွေအုံ့နေတဲ့တောင်ပြာတန်းတွေ ၊ စိမ်းမှောင်မှောင် ထင်းရှူးတောအုပ်တွေ အားလုံးမြင်ရသည်..။ တောင်ကုန်းစိမ်းစိမ်းပေါ်က ဖြူပုပုနဲ့ ပေါ်လွင်နေသည့် ဒီစားသောက်ဆိုင်လေးမှာတွေ့ရန် သူကိုယ်တိုင် စိတ်ကြိုက်ရွေးခဲ့ခြင်းဖြစ်သည်...။ စားပွဲခင်း ၀ါဝါနုနုနှင့်... ပန်းအိုးဖြူဖြူထဲက နှင်းဆီနီနီတို့ လိုက်ဖက်သည်ကိုလည်း ကြည့်ပြီး ပြုံးမိသည်..။ တံခါးပေါက်မှာ ခေါင်းလောင်းသံလွင်လွင်လေးကြားရပြီး မကြာမီ အဖြူရောင်ဖဲကြိုးလေး တစ်စ လွင့်လာသလို ခံစားရသည်..။

“ကို-- ဟုတ်ပါတယ်နော်..”

“ဟုတ်ပါတယ်.. မ-- လားဗျာ..”

“ဟုတ်ကဲ့ စောင့်နေတာကြာပြီလားဟင်”

“မ..မကြာသေးပါဘူး.. ”

နေ့လည်စားစားပြီးချိန်တွင် .... Bee Gees ရဲ့ To Love Somebody သီချင်းသံကပျံ့လွင့်လာသည်...။ အပြုံးလေးတစ်ပွင့် လက်သွားသည်ကိုတွေ့ရသည်....။

“ဘယ်သွားချင်လဲ လိုက်ပို့ပေးမယ်လေ...”

“သွားချင်တဲ့နေရာ သွားပါ..”

“ပြောပါ.. ”

“သွားချင်တဲ့ဆီသာ သွားပါဆို..”

“တကယ်ပြောတာနော်..”

“တကယ်...”

တောင်ကုန်းပေါ်ကဆင်းတော့ လိပ်ပြာလေးနှစ်ကောင် လှေကားထစ်တလျှောက်ဝဲပျံသွားသည်...။ ကောင်းကင်ကြည့်တော့ တိမ်တိုက်တွေ တဖြည်းဖြည်းစုသွားသည်..။ နေခြည်တန်းလေးတစ်ခု တိမ်တွေကြားက လှပစွာ ဆင်းသက်လာသည်........................။


မြူးတက်ဂ်ထားတဲ့ ဖြစ်ချင်တဲ့ ဆန္ဒအကြောင်းကို နောင်အနှစ်နှစ်ဆယ်မှာ ပုံဖော်ကြည့်တာပါ...။

Wednesday, June 10, 2009

ထမင်းကြော်အလွမ်းပြေ

ခု ၁၂ နာရီကျော်သွားပြီတော့ မနေ့က စားဖြစ်ခဲ့တဲ့ညနေစာပေါ့..။ ဒီတစ်ခါလဲ Kopitiam မှာဘဲစားဖြစ်ပြန်ပါတယ်..။ ဘယ်မှာလဲလို့ မေးရင် ... Jurong Point အပေါ်ဆုံးထပ်မှာပါ..။ ဆိုက်နံမည်တော့ မှတ်လာခဲ့တယ်.. Jeffery's Kitchen ဆိုလား... ဟိုတစ်ခါစားခဲ့တဲ့ ထိုင်ဝမ်ဆိုင်နဲ့ ကပ်ရပ်ပါ..။ ထမင်းကြော်ဆိုတော့ ထူးထူးဆန်းဆန်း အစားအစာမဟုတ်ပါဘူး.. မစားရတာတော်တော်ကြာလို့ စားချင်လို့ အလွမ်းပြေ စားတာပါ..။ ခုတောင် အစာမကြေသေးဘူး.. =D။



ပုံထဲက ထမင်းကြော်ထဲမှာ .. ပုဇွန်၊ ပြောင်းဖူးစေ့၊ ရွှေပဲစေ့ ပြီးတော့ အပေါ်မှာကြက်ဥကြော်တစ်ခုပါပါတယ်..။ ဒါပါဘဲ ဘာမှ ထူးထူးဆန်းဆန်းမပါပါဘူး....S$၄ ကျပ် ပေးရပါတယ်..။ မဆိုးပါဘူး..စားကောင်းပါတယ်... rating ပေးရရင်တော့ ၂.၅/၅ ပါ (အဲ အဲ ရုပ်ရှင်နဲ့ရောကုန်ပြီ ..=D)။ အချဉ်ရည်တော့ ပေးတယ်... ချဉ်လွန်းလို့မစားနိုင်ဘူးး..။ ပုံမှာက အမြင်လှအောင် ပုဇွန်ပေါ်လေး နည်းနည်းတင်ထားတာ......။ ရှုစားကြပါကုန်... (ရှုပဲ ရှုလို့ရမယ်.. စားတာကတော့ ကိုယ့်ဘာသာကိုယ်ဘဲ ၀ယ်စားကြပါလို့.. :P)။




တကယ်စားချင်တာက ဒီလိုမျိုးထမင်းကြော်မဟုတ်ဘူး.. အမေနဲ့ တောင်ကြီးကအဘွားကြော်ပေးတဲ့ထမင်းကြော်မျိုး စားချင်တာ..။ အမေကြော်တာကတော့ ရိုးရိုးပဲပြုတ်နဲ့ထမင်းကြော်ပါဘဲ...။ ကြက်သွန်နီကြော် ၊ ပဲပြုတ်နဲ့ ထမင်းကို ဆီပူပူမှာလှိမ့်လိုက်တာဘဲ..။ မနက်စောစော လက်ဖက်ရည်လေးနဲ့ ဆိုရင်တော့ အလွန်ကောင်းပါတယ်..။ အဘွားကြော်ပေးတာကျ တစ်မျိုး.. ထမင်းချဲချဲကို ငါးကြော်ဆီ နည်နည်းလေးနဲ့ မီးပူပူမှာ လှိမ့်လိုက်တာဘဲ..ထမင်းလှော်သလိုမျိုးဖြစ်နေတာပါ။ ဆီသိပ်မများဘဲနဲ့ ထမင်းဝါ၀ါမွှေးမွှေးလေး.. ပူပူလေးစားလို့ကောင်းတယ်..။ အဲဒီထမင်းကိုမှ ပဲပုတ်ကင်လေးနဲ့ စားကြတာပါ... အိမ်က အစ်ကိုနဲ့ အစ်မ ( ၀မ်းကွဲတွေ) ကတော့ အဲဒီပဲပုတ်နဲ့စားတယ်..။ ကျွန်တော်ကတော့ ပဲပုတ်စေ့ကြော်နဲ့စားတယ်..။ ပဲပုတ်စေ့ကို ဂျူးမြစ်၊ ငရုတ်ပွတို့နဲ့ ကြော်ထားတာ.. ဆိမ့်စပ်စပ်လေး မွှေးမွှေးလေး (ပဲပုပ်ချပ်လို အနံ့မပြင်းဘူး) စားကောင်းတယ်..(ကိုယ်ကြိုက်တာကျတော့ မွှေးမွှေးလေးတဲ့.. ဟီဟိ) ။ ပဲပုတ်စေ့ကြော်က ၀က်သားဟင်းနဲ့ဆိုလိုက်တယ်..။ တစ်ခါတစ်လေ အဲဒီဟင်းတွေနဲ့ နေ့လည်စာ စားပြီး လူကငိုက်လာရော... ပဲပုတ်စားပြီး ခေါင်းပြားအောင်အိပ် သလိုဘဲ.. တုံးကနဲကို အိပ်ပျော်ရော..။ အင်း.. တစ်ခါတစ်လေလည်း.. အဲသလို အချိန်လေးတွေပြန်သတိရမိတော့ ..အမေကိုလွမ်း..အဘွားကိုအောက်မေ့ ..ရှမ်းပြည်ကိုလည်း သတိရမိတော့တာပါဘဲ...။

Monday, June 8, 2009

Telok Blangah Hill နှင့် Henderson Waves သို့အလည်တစ်ခေါက်

မနေ့ညနေပိုင်းက.. သူငယ်ချင်းတွေစုပြီး Telok Blangah Hill နဲ့ Henderson Waves ဆီသွားဖြစ်ခဲ့တယ်..။ ဒီလိုမျိုး စုပြီး အပြင်မထွက်ဖြစ်တာကြာလို့ အားလုံးစိတ်ပြေလက်ပျောက် ဖြစ်အောင် သွားကြတာပါ..။ ရာသီဥတုလည်း သာယာတာကြောင့် အားလုံးတက်ညီလက်ညီနဲ့ ချီတက်ဖြစ်ကြတယ်..။ သွားရင်းနဲ့လည်း ဓာတ်ပုံတစ်ချို့ရိုက်ဖြစ်ခဲ့ပါတယ်..။

ဒါက Alexandra Road ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတား.. လှလို့ သဘောကျလို့ရိုက်ဖြစ်ခဲ့တယ်..။




ဆောက်ထားတဲ့တိုက်တွေလည်း သဘောကျလို့ရိုက်ဖြစ်ခဲ့သေးတယ်..။



သစ်ပင်တွေနဲ့သာယာနေတဲ့ လျှောက်လမ်းတစ်နေရာ..


ဆက်ပါဦးမည်..

Sunday, May 31, 2009

Sour and Spicy Bee Hoon + Ice-cream

အဟမ်း အဟမ်... :D ဘလော့ကို ပစ်ထားတာကြာပြီး ခုမှပြန်လာဖြစ်လို့၊ ပို့တစ်ပုဒ်ရေးဖို့ ဘယ်လိုစရမှန်းမသိလို့ အဟမ်း ဆိုပြီးအစပျိုးလိုက်တာပါ..။ ခုတစ်လော ဘလော့တွေလည်းသိပ်မလည်ဖြစ်ဘူး.. ကိုယ့်ဘလော့တောင် မလာဖြစ်တာ အမှန်ပါ။ ဘလော့ဂင်းလုပ်ဖို့လည်း သိပ်စိတ်မပါဘူး.. ပြီးတော့ သတိထားမိသလောက် ဘလော့ရေးသူတော်တော်များများလည်း မအားကြဘူးထင်ပါရဲ့ ပို့တင်တာတွေလည်း ကျဲလာတယ်.. (ကျွန်တော်လည်းပါပါတယ် :D)။ ပြောနေတာကြာပါတယ်.. ဒီနေ့အတွက် အာပတ်လွတ် အစားပို့စ်လေး တစ်ပုဒ်ရေးဖြစ်ခဲ့တယ်...။

ဒီနေ့ Sunday ဆိုတော့ အိပ်ရာနောက်ကျမှထ၊ မနက်စာဖြစ်သလိုစားပြီး အိမ်တွင်းအောင်းနေတာ ညနေကျတော့ မနေနိုင်ဘူး ပျင်းလာတယ်...။ ပျင်းပျင်းရှိတာနဲ့ ညနေဘက် ဦးလေးတစ်ယောက်အိမ် အလည်သွားရင်းနဲ့ အပြန်ကတော့ Jurong Point ၀င်ပြီးတော့ ညနေစာစားဖြစ်တယ်ပေါ့..။ ဦးလေးအိမ်မှာ မစားခဲ့ဘူးလားဆိုတော့ သူတောင်မှ အလုပ်များလို့ ချက်ဖို့ပြုတ်ဖို့ အနိုင်နိုင်ပါ... ဒါနဲ့ အလိုက်တသိနဲ့ ဘဲပြန်လာပါတယ်.. (တကယ်တော့ စားချင်လို့သွားတာ..အအေးဘဲတိုက်တယ် :( :D)။

Jurong Point ရောက်တော့ လူတွေဆိုတာ ကြိတ်ကြိတ်တိုးနေတာဘဲ.. အဲဒီနေရာကလည်း ဒီလိုနေ့မျိုးမှာတင်လူများတာမဟုတ်ဘူး.. နေ့တိုင်းလိုလို လူများပါတယ်.. ။ ညနေစာက စားနေကျ Kopitiam မှာဘဲစားဖြစ်ပါတယ်.. စားဖို့တောင် နေရာရဖို့ စောင့်ရတယ်.. လူတွေအပြည့်ဘဲ..။ စားစရာမှာပြီး ဟိုကြည့်ဒီကြည့်လုပ်နေတာ ၁ မိနစ် အကြာမှာ နေရာရပါတယ်..။

လူတော်တော်များများက Western Food စားကြတယ်.. ကျွန်တော်တော့ Western Food သိပ်မကြိုက်တာရယ်.. စားပြီး ခဏနေ ဗိုက်ပြန်ဆာတတ်တာရယ်ကြောင့် Asian Food ဘဲအမြဲလိုလိုစားဖြစ်တယ်..။ ဒီနေ့စားဖြစ်တာက Taiwanese ဆိုင်က Sour and Spicy Bee Hoon ပါ... ။ Bee Hoon ဆိုတာက နန်းကြီးအဖတ်နဲ့ တူတူလို့ ထင်တာဘဲ.. ဖြူဖြူချောချောပါ။ နဂိုကတည်းက မုန့်ဖတ်က ခပ်ချောချော ပြီးတော့ အရည်သောက်ကို တူနဲ့စားရတာဆိုတော့ စားတာတော်တော်ကြာသွားပါတယ်.. (ခပ်လိုက် ပြန်လျှောကျလိုက်နဲ့ လုံးချာလည်လိုက်နေတယ်)။ ချဉ်သလားဆိုတော့ နည်းနည်းပါ.. စပ်သလားဆိုတော့ လုံးဝမစပ်ပါ....(ဒီလောက်တော့အပျော့ဘဲ )။ မုန်ညင်းရယ်.. ရေညှိခြောက်ရယ်... ငါးကြော်အကြီးကြီးလေးခုပါပါသည်...(ငါးကြော်စားကောင်းတယ်)။ စားလို့ကောင်းပါသည်.. အရသာမဆိုးပါ... ကြုံရင်စားကြည့်ပါ..။

Sour and Spicy Bee Hoon


ပြီးတော့ ရေခဲမုန့်စားဖြစ်တယ်..။ ရေခဲမုန့်ကတော့ အကြိုက်ဆုံးအစားအသာက်ထဲကတစ်ခုဘဲ.. အမြဲစားတယ်..။ ရာသီဥတု ပူလည်းစားတယ်.. အေးလည်းစားတာဘဲ..။ ငယ်ငယ်ကနေမကောင်းလို့ ဘာစားချင်လဲဆိုရင် ရေခဲမုန့်မှ ရေခဲမုန့်ဘဲ..။ ချောကလက်၊ နို့တို့နဲ့ လုပ်ထားတာထက် ဘယ်ရီသီးတွေနဲ့လုပ်ထားတာကို ပိုကြိုက်တယ်။ ဒီနေ့စားဖြစ်တာက Forest Berry လား ၊ Berry Frost လားမသိတော့ဘူး... Blueberry နဲ့ Blackberry တော့ပါတယ်..။ ဓာတ်ပုံတော့ သိပ်မကြည်ဘူး ဖုန်းကင်မရာနဲ့ရိုက်ထားတာ..။ ရေခဲမုန့်ပုံကို သတိထားကြည့်ရင် အရှေ့ပိုင်း နည်းနည်းပဲ့နေလိမ့်မယ်.. ရတာနဲ့ အစားငမ်းနေတာလေ ဇွန်းနဲ့ကလော်နေတုန်း ဓာတ်ပုံရိုက်ဖို့ သတိရမှ အမြန်ရိုက်လိုက်တာ..။

Ice-cream


ဘလော့က ဆွေမျိုးမောင်နှမတွေကိုလည်း အမြဲသတိရပါတယ်.. ။ ဖတ်သာဖတ်ပြီး ခြေရာမချန်ဖြစ်ဘူး.. အချိန်ရသလို ပို့စ်တွေလည်းတင်ပေးချင်ပါတယ်..။ အားလုံး ရွှင်လန်းချမ်းမြေ့ပါစေ..။

Sunday, May 10, 2009

အမေနေ့


ဒီကနေ့ဘာနေ့လဲလို့ ပြက္ခဒိန်မှာကြည့်လိုက်တော့ ထူးထူးခြားခြားအမေနေ့ဆိုတာကို သတိရလိုက်ပါတယ်..။ အမေများနေ့ကို နှစ်စဉ်မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့မှာ ကျင်းပမြဲပါ..။ ကျေးဇူးရှင်.. မိခင်တွေကို အမှတ်တရဂုဏ်ပြုချင်လို့ထင်ပါရဲ့...။ ထူးထူးခြားခြားလို့ပြောရခြင်းအကြောင်းကတော့ ဒီနေ့ (မေလ ၁၀ရက်)မှာ လူ့လောကထဲ စရောက်ခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် ဒီမေ ၁၀ရက်ဟာလည်း ၂၀၀၉ ခုနှစ်အတွက် မိခင်များနေ့ဖြစ်နေခြင်းကြောင့်ပါ..။ မွေးနေ့မှာ မွေးနေ့အကြောင်းလေးရေးချင်ပေမယ့်.. မိခင်များနေ့နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် ကိုယ့်ကို မွေးထုတ်ပေးတဲ့ ကျေးဇူးရှင်မေမေအကြောင်းဘဲရေးဖြစ်တော့မယ်..။

ဘယ်နေရာသွားသွား ဘယ်ကိုရောက်ရောက်.. တစ်ယောက်ယောက်က ပါးစပ်ကနေ အမေဘဲဖြစ်ဖြစ် mom ဘဲဖြစ်ဖြစ် mother ဘဲဖြစ်ဖြစ် အမေနဲ့ ဆိုင်တဲ့စကားလုံးကိုထွက်လိုက်တာနဲ့ ကျွန်တော့်အမေကို ပြေးပြီးသတိရတာဘဲ..။ မတော်တဆ ခလုတ်တိုက်မိရင် “အမေ့” ၊ အခက်အခဲကြုံလို့ ဒုက္ခတွေ့ရင် “အမေရေ ကယ်ပါ” စသဖြင့်လူတော်တော်များများ အမေကိုတိုင်တည်တမ်းတမိကြမှာပါ.. ။ အဲဒီလူတော်တော်များများထဲမှာ ကျွန်တော်တစ်ယောက်လည်း အပါအ၀င်ဖြစ်တယ်ဆိုတာ အသေအချာပါဘဲ။
အဖေနဲ့ သမီးပိုချစ်၊ အမေနဲ့သား ပိုချစ် တယ်လို့ပြောကြသလို ငယ်ငယ်ကတည်းက အမေနဲ့ ပိုပြီးနီးနီးကပ်ကပ် ကြီးပြင်းလာခဲ့တဲ့ ကျွန်တော်အမေ့ကို တအားချစ်တာဘဲလို့ ပြောရင် လွန်တယ်လို့ပြောကြမလား..။

အမေ့အကြောင်းတွေးကြည့် စဉ်းစားကြည့်လိုက်တိုင်း.... အမေ့ရုပ်သွင်က ထင်းထင်းပေါ်လာတာချည်းဘဲ..။ ငယ်ငယ်တုန်းက အချိန်ကိုပြန်စဉ်းစားကြည့်ရင် ... အသားအရည်း ၀င်းဝင်း၊ ဆံပင်ရှည်ရှည်နဲ့ အမေ့ပုံရိပ်ကို ခုထိမှတ်မိနေဆဲဘဲ...။ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းအရွယ်တုန်းက နေ့လည်ထမင်းစားကျောင်းဆင်းတိုင်း အမေထမင်းလာကျွေးတဲ့အချိန်တွေကို သတိရမိတယ်...။ အတန်းကြီးလာလည်း မနက်တိုင်း အစောကြီးထပြီး သားထမင်းချိုင့်အတွက် သေသေချာချာချက်ပြုတ်ထုပ်ပိုးပေးတာတွေဟာ.. အမေ့ရဲ့ ချစ်ခြင်းတွေဘဲမဟုတ်လား...။ အထက်တန်းပြီးသည့်တိုင်အောင် တစ်ရက်မပျက် ကျောင်းပို့ကြိုပေးခဲ့တဲ့ ဒီလိုအမေ .. ကမ္ဘာပေါ်မှာသိပ်ရှားနေမလား....။ နေမကောင်းဖြစ်ရင်လည်း ညအိပ်မပျော်နိုင်ဘဲ .. စိတ်ပူပင်ခဲ့ရတဲ့ အမေ... ဒီညရော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီလား........ တွေးနေဆဲ......။

နေမကောင်းဖြစ်နေရင်တောင် ဟန်ဆောင်ကောင်းတဲ့အမေ့အတွက် သားတစ်ဖန်ပြန်လည်လုပ်ကျွေးဖို့ တိတ်တဆိတ်များ အမေစောင့်မျှော်နေရှာမလား......။ အခြေအနေအရပ်ရပ်ကနေ သားရှေ့က မားမားရပ်ပေးခဲ့တာတွေလည်း အမေ့ရဲ့ ယုံကြည်မှုတွေဘဲမဟုတ်လား..။ နီးနီးကပ်ကပ်ရှိတာတောင် ပါးစပ်ကဖွင့်ပြောဖို့ဝန်လေး ပြီး စိတ်ချင်းဆက်နေတဲ့ ဒီသားနဲ့ ဒီအမေ...... ခုလိုဘ၀မှာ ရေစက်ဆုံခွင့်ရတာကိုက..အနှိုင်းမဲ့ဆုလာဘ်ကြီးတစ်ခုဘဲလေ..။

အမေ့ကျေးဇူးတွေကို အောက်မေ့ရင် သားဆိုးခဲ့တာတွေကိုလည်း ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးဘူးအမေ..။ ဒီထက်ပိုတဲ့ စာသားတွေ ရေးချင်ပေမယ့် ရင်မှာခံစားဖြစ်တည်လာတာက ကျေးဇူးတရားပါ။ ကျေးဇူးတရားနဲပတ်သတ်လာရင်တော့ လင်ကွန်းပြောသလိုဘဲအမေ.. “သားဖြစ်နေသမျှ ၊ ဖြစ်လာဖို့ မျှော်မှန်းနိုင်သမျှ ဘ၀တွေဟာ.. အမေ့ကျေးဇူးတွေကြောင့်ပါ..”။ အမေအတွက်လေ... အသင့်တော်ဆုံးအရာတစ်ခုခု ရှာဖွေဝယ်ယူဖို့ ကြိုးပမ်းဖူးပေမယ့်.. အခုတော့ အမေအမြဲစိတ်ချမ်းသာနေစေဖို့ကိုဘဲ..သားအမှန်တကယ်.... ကြိုးစားနေမိတယ်.............။

Saturday, May 2, 2009

တွေ့ချင်မြင်ချင်သူများ

မိုးစက်တွေကျဆင်းလို့ ပေါင်းဆုံစုစည်းသလို
တို့လည်းတစ်နေ့ စုစည်းပေါင်းဆုံကြမယ်
ငြိမ်းချမ်းမှုပန်းတွေ ပြန်လည်လန်းဆန်းတဲ့တစ်နေ့


ဒီတစ်ခါလည်း စက်ကွင်းနဲ့ မလွတ်ပါ... တော်တော်များများရေးပြီးကြတော့ လွတ်မယ်ထင်တာ မလွတ်ဘူးဗျို့..။ တက်ဂ်ခံရပါတယ်......ရေးပေးပါ တွေ့ချင်မြင်ချင်သူများတဲ့....။

ဘလော့မရေးခင် ၁ နှစ်လောက်ကတည်းက ဘလော့တကာလည်ပြီးစာတွေဖတ်ခဲ့တာ.. နောက်တော့ဖတ်ရင်းနဲ့ ကိုယ့်ရင်ထဲကပြောချင်တာတွေ ဖွင့်ချချင်တော့ ဘလော့ရေးဖြစ်ပါတယ်။ စစရေးကတည်းက အမြဲလာလည် အားပေးတဲ့ နဖြိုးလို့ခေါ်တတ်တဲ့ အန်တီဝါ၀ါခိုင်မင်း၊ အန်တီမသက်ဇင်၊ ကိုတောင်ပေါ်သား၊ ခရေတွန် တို့ကို အပြင်မှာတွေ့ချင်ပါတယ်..။ နောက်ပိုင်းဆက်ခင်လာတဲ့ ရေးချင်တာရေးတဲ့ အန်တီခင်ဦးမေ၊ အိုးပုတ်ပန်းတို့ပွင့်ရာမြေက ကိုမျိုး၊ အမြဲကူညီဖို့အသင့်ဖြစ်နေတတ်တဲ့ ကိုရွာသား၊ စာရေးကောင်းတဲ့ အစ်မရွှေပြည်သူ တို့ကိုလည်းတကယ်တွေ့ချင်မိပါတယ်..။ နောက်တော့ အန်တီခင်ဦးမေဘလော့ ကနေဆက်ခင်ဖြစ်တဲ့ အန်တီမီယာ ၊ အန်တီသက်ဝေ၊ အန်တီစင်းဒဏ်လာ၊ ကာကာ တို့ကိုမြင်ဖူးချင်တွေ့ဖူးချင်ပါတယ်..။ နောက်တော့ quizလေးတွေနဲ့ စိတ်ဝင်စားအောင်လုပ်တဲ့ ကိုသီဟသစ်၊ ခင်ဖို့ကောင်းတဲ့အစ်မနွေးနေခြည်၊ စီဘောက်စ်မှာ အမြဲလာနှုတ်ဆက်တဲ့ အစ်မမေရီ၊ ပြီး သွားချင်တာက အင်္ဂလန် သင်တာက ပြင်သစ်စာ ဖြစ်ချင်တော့ ဂရိနိုင်ငံရောက်နေတဲ့ ကိုဖိုးစိန်.. သူတို့ကိုလည်းတွေ့ချင်တာဘဲ..။
ပြီးတော့ အစားအသောက်တွေနဲ့ အနှိပ်အစက်တော်တဲ့ အစ်မ မိုးကောင်းသူနဲ့ အစ်မမြူးသျှရီ.. ညနှစ်ညဖြစ်တဲ့ အန်တီညလေးနဲ့ အစ်မညခင်း တို့ကိုလည်းတွေ့ချင်ခင်ချင်ပါတယ်..။

နောက်တော့ ကျွန်တော့်အတွက် inspiration (ဘယ်လိုပြောရမှန်းမသိလို့ပါ)တော်တော်ပေးတဲ့ အစ်မအိမ့်ချမ်းမြေ့၊ နဂျယ်ကောင်ရဲ့ဇာတ်ဆရာ ကိုကလိုစေးထူး၊ ဘာသာပြန်ကောင်းတဲ့ မနိုင်းနိုင်းစနေ၊ “မိုင်” ကို မူပိုင်ယူထားတဲ့ အန်တီသုနှင်းဆီ၊ ဘလော့သွားလည်တိုင်း (အကြိမ်များများ) ပါးစပ်မပိတ်ဘဲ ပြန်တဲ့ရတဲ့ ဘလော့ပိုင်ရှင် အန်တီမိုးချိုသင်း၊ အမြဲကြည့်လိုက်ရင်ပျော်စရာကောင်းတဲ့ wesheme မိသားစုနဲ့လည်း ဆုံတွေ့ချင်ပါတယ်..။ တကယ်တော့ တွေ့ချင်မြင်ချင်တယ်သာပြောတာ ကျွန်တော့်စိတ်ထဲပြောရရင်တော့ အပြင်မှာတကယ်တွေ့ကြ ဆုံကြ ရင်းရင်းနှီးနှီးမိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဖြစ်ကြ အဲသလိုဖြစ်ချင်တာပါ..။ တွေ့ကြမှာပါ.. ကံကိုယုံကြည်တယ်ဆိုရင်တော့ ကံဆုံတဲ့တစ်နေ့ပေါ့.။

p.s. နည်းနည်းမတွေ့ချင်သူတွေလည်းရှိပါတယ်.. စာရေးတုန်းမေ့ကျန်ခဲ့သူတွေပါ(တကယ်လို့ ကျန်ခဲ့ရင်ပါ)...။ စတာပါ(မရှင်းမှာစိုးလို့ နောက်တာပါ.. လို့လဲအဓိပ္ပာယ်ရပါတယ်..) .. ဘာလို့လဲဆိုတော့ အောက်ပါအတိုင်းပါဘဲ.. (တစ်ဦးတစ်ယောက်က နားမလည်ဘူးလို့ ပြောသွားလို့ပါ)။

စိတ်ထဲမရည်ရွယ်
စာထဲမေ့ကျန်
ရှိခဲ့ရင်ကွယ်

ခွင့်လွှတ်ပေးရန်
ကြိုးစားတောင်းပန်

တကယ်တွေ့လို့
ဆုံခဲ့ကြရင်
အသေသတ်မှာ
စိုးထိတ်သောကြောင့်ပင်...။

Friday, May 1, 2009

မေ

မေ........တဲ့။ ပြက္ခဒိန်ကိုကြည့်လို့ အစဉ်လိုက် ရေလိုက်ရင် (၅)ခုမြောက် လကလေးတစ်လ..။ (၁၂)လရာသီထဲက (၃၁)ရက်ရှိတဲ့ (ဂ)လမှာ အပါအ၀င်ဖြစ်တဲ့လ..။ ဒဏ္ဍာရီထဲက မေယာလို့ အမည်တွင်တဲ့ နတ်သမီးကို အစွဲပြုပြီးခေါ်ဆိုထားတဲ့ လ..။
မေဆိုရင် နွေရောက်ပြီလို့ လူတကာသိကြတယ်..။ မေဟာ ပူနွေးမှုကိုနှစ်သက်သူတွေအတွက်တော့ ပျော်ရွှင်ဖွယ်ကောင်းပေမယ့် အေးမြမှုကိုလိုလားသူတွေအတွက်တော့ ဝေးဝေးကရှောင်ချင်စရာဖြစ်မယ်..။ မေရဲ့ ရာသီပန်းဟာ Lily of the Valley ဖြစ်တယ်...။ ဒီမေမှာ ကြည်နူးစရာတွေကြုံခဲ့သလို ၀မ်းနည်းစရာတွေလည်း ကြုံခဲ့တယ်.. အမှတ်ရစရာတွေရှိသလို အလွမ်းတွေလည်း ဆွတ်ပျံ့ကျန်ရစ်တယ်.......သတိရခြင်းတွေလည်း ................။ ဖြစ်တည်ခွင့်ပေးသလို အစားမထိုးနိုင်တာတွေကိုလည်း ထာဝရသိမ်းပိုက်ဆောင်ယူသွားတဲ့..မေရေ........... ဒီတစ်နှစ်တော့ မင်းကို ခံစားမှုကင်းကင်းနဲ့ ကြိုဆိုလိုက်တယ်............။

Tuesday, April 28, 2009

တံခါး















တံခါးတစ်ချပ်
ပြားကပ်ကပ်ရှိလို့
ဝင်ထွက်ပေါက်မှာ မြဲမြဲတွယ်တယ်
ပွင့်နေတဲ့အခါရှိသလို
ပိတ်သွားတဲ့အချိန်လည်းရှိမယ်
ဝင်လာသူတွေကို ဆီးကြိုသလို
ထွက်ခွာသူများကိုလည်း နှုတ်ဆက်မယ်

ဒီတံခါးတစ်ချပ်ကနေ
တိတ်တိတ်ချောင်းကြည့်ဖူးသူတွေ ရှိသလို
တံခါးကိုမှီလို့
စိတ်ပျက်အထီးကျန်နေသူတွေလည်း ဒုနဲ့ဒေးဘဲ
ဖြူစင်သူတွေအတွက်
ကာကွယ်လုံခြုံပေးသလို
ဆိုးယုတ်သူများအတွက်တော့
အဆီးအတားဖြစ်စေမယ်
ဒါဟာလေ
နှိမ့်ချတဲ့ တံခါးတစ်ချပ်ရဲ့
ရိုးသားတဲ့ တစ်ခုတည်းသော ဆန္ဒဘဲ..

အိပ်မက်တွေကို
ခပ်ပြင်းပြင်းဆောင့်ပိတ်ခံလိုက်ရတဲ့တစ်နေ့
နာကျင်မှုကိုကြောက်ရွံ့လို့
ဆန္ဒကင်းမဲ့စွာ
ခပ်ဆိတ်ဆိတ်သာ
ထာဝရနေတော့မယ်........။

Tuesday, April 21, 2009

လွတ်မြောက်ချိန်


















သံယောဇဉ်ပြတ်လို့တော့ မဟုတ်ဘူး
တွယ်တာရတဲ့စိတ်တွေ
ခဏတာညှိုးရော်သွားလို့...

မမေ့နိုင်မိုးတွေရွာချိန်မှ
ပြန်လည်လန်းဆန်းလာမဲ့
ဘ၀တွေအတွက် ငါ
အချိန်မစောင့်ချင်ဘူး.....။

ငှက်တစ်ကောင်လို အမြင့်ကိုပျံဖို့
ကြည်လင်နေတဲ့ကောင်းကင်
ငါ့ကို ကြိုဆိုနေပြီ ..

အနားမှာရှိပေးလို့
ခွန်အားတွေမျှဝေပေးပါ......

ကောင်းသတင်းတွေ ဆောင်ယူဖို့
အမြင့်ဆုံးကို ငါ
လွတ်လပ်စွာ ပျံသန်းတော့မယ်.....။

Thursday, April 16, 2009

Mee Goreng

ဒီတစ်ခါလည်း အစားအကြောင်းရေးပါတယ်..:) ။ ဒီအကြောင်းပဲကောင်းတယ်လေ.. ပေါ့ပေါ့ပါးပါးနဲ့ ပို့စ်ရေးရတာလည်း အရသာရှိတယ်လေ..။


ဟိုတစ်ရက်က အပြင်သွားရင်း စားဖြစ်တာပါ.. Mee Goreng တဲ့ မြန်မာလိုတော့ မီးဂိုရမ်း လို့အသံထွက်မလားဘဲ..။ တကယ်တော့ ပန်းသေးခေါက်ဆွဲကြော်လိုဟာမျိုးပဲ (တကယ်တော့ ပန်းသေးခေါက်ဆွဲမစားဖူးဘူး.. သူများတွေပြောလို့ သိတာ)။ စင်္ကာပူမှာတော့ မလေးနဲ့ ကုလားလူမျိုးတွေတော်တော်များများစားကြပါတယ်.. တရုတ်တွေလည်းစားတယ် သိပ်စားတာတော့မတွေ့ဘူး။ တစ်ရက်တစ်ရက် စားရတာတွေ ရိုးလာတော့ တခါတလေလည်း အသစ်အဆန်းလေးတွေစားဖြစ်တယ်.. မကြိုက်ရင်ထားခဲ့ ကြိုက်ရင်ဆက်စား နောက်လည်းမှတ်ထားပေါ့..။ ဒီရောက်စတုန်းကတော့ တော်တော်များများ စမ်းစားကြည့်ဖူးတယ်.. မကြိုက်လို့ တစ်ဇွန်းလောက်စားပြီး ထားခဲ့ရတဲ့ အကြိမ်လည်းမနည်းဘူး..။ စားကြည့်ရင်းနဲ့ ကြိုက်သွားတာတွေလည်း ရှိတယ်.. ဥပမာ ဟော်ဖန်းပန်းမြန့်ဒုံမီနီဝေါ့ခ် တို့လိုမျိုးပေါ့..။ ပြောရင်းလမ်းလွဲတော့မယ်.. ဆက်စား အဲ ဆက်ပြောကြစို့..။



ဒီ မီးဂိုရမ်းကို စင်္ကာပူမှာ ကုလားနဲ့ မလေးဆိုင်တော်တော်များများမှာရပါတယ်.. ။ ခေါက်ဆွဲ၊ ပဲပြား၊ ကြက်ဥ၊ ဂေါ်ဖီ တို့ပါပါတယ်..။ အကုန်လုံးကို ဆီနဲ့ တစ်ခါတည်း ရောမွှေကြော်လိုက်တယ်..ထင်တာဘဲ...။အဲဒီဆိုင်တွေမှာတော့စားဖူးတယ်.. မကြိုက်ဘူး.. နီရဲနေပြီး အရသာကလည်း ချိုချိုကြီးဖြစ်နေတယ်.. စပ်လည်းစပ်တယ်.. ကျွန်တော်တော့မကြိုက်ဘူး..။ စားဖြစ်ရင်တော့ တရုတ်ဆိုင်တွေမှာ စားဖြစ်ပါတယ်. အရသာလည်းကောင်းတယ်.. သန့်လည်းသန့်တယ်..(လုပ်နေတာကိုမြင်နေရတာကိုး)။

ခုစားဖြစ်တာက ကိုပီတရမ် မှာပါ.. စားလို့ကောင်းပါတယ်.. ။ ကြက်ဥ ၊ ပဲပင်ပေါက်၊ ပြည်ကြီးငါး၊ ပုဇွန် နဲ့ fishcake ပါတယ်.. ပြီး သံပုရာခြမ်းလေးညှစ်ပြီး စားလိုက်လို့ကတော့ ကောင်းမှကောင်း...။ ၄ ကျပ်ပေးရပါတယ်.. ထပ်များများစားချင်ရင် ၅ကျပ်တန်လည်းရှိတယ်.. အစာပလာတွေပိုများတာပေါ့..။ ကြုံရင် စားကြည့်ကြပေါ့ဗျာ.. စားစရာတစ်ခုတိုးတာပေါ့..။

ထမင်းစားပြီးတော့ ရေခဲခြစ်စားဖြစ်တယ်..။ ဒီမှာလူတော်တော်များများ အစားတစ်ခုစားပြီးရင် အအေးသောက် မသောက်ရင် အပူသောက် မသောက်ရင် ဒီရေခဲဖြစ်စားကြ မစားရင် အသီးစားကြ ပါတယ်..။ ရောက်စကတော့ အကျင့်မဖြစ်သေးဘူး.. နောက်တော့ လိုက်သောက်ရင်းနဲ့ အစားစားပြီးလို့ မသောက်ရင် တစ်ခုခုလိုနေသလိုဘဲ.. ခုတော့ ဖြတ်နေတယ်.. အချိုတွေအရမ်းများနေမှာစိုးလို့..။ ခုစားတာက စတော်ဘယ်ရီ ကစ်စစ် ပါ.. စားလို့ကောင်းတယ်.. အပေါ်မှာ ရေခဲမုန့်လဲပါတယ်..။ စတော်ဘယ်ရီ သေအောင်ကြိုက်တဲ့ကျွန်တော် တွေ့မိတာနဲ့ကို မနေနိုင်ဘူး.. စားဖြစ်သွားတယ်..။ အေးအေးမွှေးမွှေးလေး............... ။

Monday, April 13, 2009

ကြည်လင်သာယာခဲ့သည်

ကျွန်တော်နေတာ တိုင်းပြည်ငယ်လေးတစ်ခုမှာပေါ့..။ ကမ္ဘာမှာသိတဲ့သူလည်းတော်တော်နည်းလိမ့်မယ်.. ကောင်းကောင်းသိသူများလည်းရှိသလို နည်းနည်းသာကြားဖူးတဲ့သူတွေလည်းရှိမယ်။ တိုင်းပြည်မှာ ဆင်းရဲသူတွေ ချမ်းသာသူတွေ ရိုးသားသူတွေ လှည့်စားတတ်သူတွေ အချိုးကျနေထိုင်တယ်။ ကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုဖြစ်ပေမယ့် တိုင်းပြည်ထဲမှာ မြစ်ချောင်းတွေစီးဆင်းတယ်.. မြင့်မားတဲ့တောင်တန်းတွေ အရှေ့အနောက်ပြေးတယ်.. မှိုင်းညို့ညို့တောအုပ်ကြီးတွေကတော့ ညင်သာစွာလဲလျောင်းလို့လေ..။ တိုင်းပြည်ကို အုပ်မိုးထားတဲ့ကောင်းကင်ကြီးကတော့ အမြဲလိုလို အုံ့ဆိုင်းလို့ ..နေခြည်တွေကလည်း တိမ်တွေအောက်ခိုအောင်းလို့။ အေးစိမ့်တဲ့ ရာသီဥတုရှိတဲ့ဒီနိုင်ငံမှာ ပြာလွင်တဲ့ကောင်းကင်နဲ့ နေခြည်နွေးနွေးကို အတန်းအစားမရွေးမက်မောတောင့်တကြတယ်.. ဒါဆန်းသလား ..အဲဒီထဲမှာ ကျွန်တော်တစ်ယောက်လည်းအပါအ၀င်ပဲလေ..။

အဲ့ဒီနေ့ကို ကျွန်တော်ကောင်းကောင်းမှတ်မိတယ်.. ဘယ်တော့မှမမေ့ဘူးလို့လည်းပြောလို့ရတယ်။ ညကကောင်းကောင်း အင်းအိပ်ပျော်တယ်ဘဲဆိုပါတော့ မနက်ကျတော့ စောစောနိုးလာတယ်..။ မနက်(၇)နာရီကိုစောတယ်လို့ ပြောလို့ရလား.. ကျွန်တော့်အဖို့တော့ စောပါတယ်။ ကိုယ်လက်သန့်စင်ပြီး ပြတင်းတံခါးကိုဖွင့်လို့ ကောင်းကင်ကိုကြည့်လိုက်တော့ အရင်ရက်တွေအတိုင်းမပြောင်းလဲစွာ မှိုင်းမှောင်လို့... လေတစ်ချက်အတိုက်မှာတော့ ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်ရတဲ့ အထိဘဲ။ လုပ်နေကျ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး နာရီကြည့်တော့ (၈)နာရီကို (၅)မိနစ်စွန်းနေပြီ..။ ပိတ်ရက်တိုင်း အပြင်မှာစားဖြစ်တဲ့ကျွန်တော် မနက်စာစားဖို့ အင်္ကျီထူထူထပ်ဝတ်ပြီး အပြင်ထွက်ခဲ့တယ်..။

လမ်းပေါ်ရောက်တော့ လူတွေရှင်းနေသလိုထင်ရပေမယ့် လမ်းသွားလမ်းလာတွေက ဟိုဟိုဒီဒီသွားလာလျက်.. စိတ်ထင်တာပဲဖြစ်မှာပါ။ လမ်းထိပ်ကသတင်းစာဆိုင်လေးမှာ မနက်စောစောမို့လူတွေအုံနေပြီ.. ဆိုင်ရှင် အဖိုးကြီးတော့ လူတွေဆီကပိုက်ဆံသိမ်းရတာနဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေပြီပေါ့။ ဗိုက်တော့နည်းနည်းဆာနေပြီ အပြန်ကျမှဘဲဝင်တော့မယ်လေ.. သတင်းစာတော့ချန်ထားပေးမှာပါ.. ။ ကျွန်တော်နေ့တိုင်းသတင်းစာအလကားဖတ်ရတယ်လေ.. ဘယ်သူရှိမလဲ ဆိုင်ရှင်အဖိုးကြီး အလကားပေးတာပေါ့..။ အမြဲကြုံတိုင်း သတိတရမုန့်တွေဝယ်သွားပေးသူနဲ့ နေ့စဉ်သတင်းစာတွေပြန်ပေးသူနဲ့ မေတ္တာတွေဖလှယ်ခဲ့တာ နှစ်ကြာပြီလေ။ ပြောရင်းဆိုရင်း သူကအတင်းလာပေးနေလို့ တစ်ခါတည်းယူလိုက်ရတယ်။ ဒီလိုနဲ့ နှစ်လမ်းကျော်က ကော်ဖီဆိုင်လေးဆီဆက်လျှောက်လာဖြစ်တယ်...။

အဲဒီဆိုင်လေးက အပြင်အဆင်သပ်သပ်ရပ်ရပ်နဲ့ လမ်းမဘေးမှာရှိတာကြောင့် အမြဲထိုင်ဖြစ်တယ်လေ။ လမ်းသွားလမ်းလာတွေကိုလည်း ငေးမောရင်း ကော်ဖီသောက်လို့ရတယ်..။ အဖျော်ကောင်းတဲ့ကော်ဖီကြောင့် ထိုင်ဖြစ်တာဆိုတာကိုတော့ ပြောပြဖို့မလိုတော့ပါဘူးလေ။ အိုး....ဆိုင်ရှေ့ရောက်တော့ လူတွေအများကြီးပါဘဲလား.. လမ်းမပေါ်မှာ မတွေ့တဲ့သူတွေဒီရောက်နေသလားပဲ..။ အင်းလေ အေးစိမ့်စိမ့် နံနက်ခင်းမှာ ပူနွေးနွေးကော်ဖီတစ်ခွက်တော့ လူတော်တော်များများတောင့်တကြမှာဘဲ..။ ကံကောင်းစွာ ဆိုင်အပြင်ဘက်လမ်းထောင့်မှာ နှစ်ယောက်ထိုင်စားပွဲတစ်ခုလွတ်နေသေးတယ်..။ ခပ်မြန်မြန်ဘဲ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင်နှစ်ချပ် မှာလိုက်တယ်။

အစားစားနေရင်းနဲ့ သတင်းစာကို ကောက်လှန်မိတယ်.. အစားစားရင်း စာဖတ်တတ်တာလည်းအကျင့်တစ်ခုဘဲ။
ဒီရက်ပိုင်း မတော်တဆဖြစ်မှုတွေနဲ့ သတင်းထူးတွေကလည်းအများသား..။ ဘယ်လောက်အာရုံစိုက်မိနေလဲတော့မသိ.. အနားက စကားပြောသံကြားမှဘဲ သတိဝင်လာမိတယ်။ စကားသံဝဲ၀ဲနဲ့ ဦးလေးအရွယ်လူကြီးတစ်ယောက်ပါ..။
“ခွင့်ပြုပါ.. ကျွန်တော်ဒီမှာထိုင်လို့ရမလား”
ကျွန်တော့်စားပွဲမှာ ထိုင်ခုံတစ်လုံးလွတ်နေသေးသည်။
“အိုး သိပ်ရတာပေါ့ ထိုင်ပါ”
“အတွင်းဘက်ရော အပြင်မှာပါထိုင်ခုံတွေကပြည့်နေတော့လေ.. ကံကောင်းလို့ ဒီမှာတစ်ခုံလွတ်နေတာကို တွေ့တယ်”
ကျွန်တော် အသာပြုံးပြလိုက်သည်...။ ထိုလူ၏အပြုံးကို မြင်လိုက်ရတော့ အနှစ်နှစ်အလလ ပျောက်ဆုံးနေသော အရာတစ်ခုကို ပြန်တွေ့လိုက်ရသလို ခံစားမိသည်။


ကြာကြာမတွေးဖြစ် ဖတ်လက်စ သတင်းစာကို ကောက်ကိုင်ပြီး သတင်းတွေဖတ်မိသည်..။ တစ်မိနစ်လောက်ဘဲ ကြာမည်.. ကျွန်တော့်ကိုစကားဆိုလာသည်..။
“သား သတင်းစာကိုနောက်မှဖတ်လေ ကော်ဖီနဲ့ မုန့်စားလိုက်အုံး အေးကုန်တော့မယ်”
သား ဟုခေါ်လိုက်ပုံက ရင်းနှီးလွန်းလှပြီး ကျွန်တော့်ရင်ထဲနွေးထွေးလွန်းလှသလို။ ဒီလိုမျိုး အခေါ်ခံရတာ တစ်သက်လုံး မကြားဖူးသေးတာကြောင့်လည်းဖြစ်ပါမည်။
“ဟုတ်ကဲ့ပါ.. ကျွန်တော်စားလိုက်ပါ့မယ်”
ရိုသေလေးစားသမှုနှင့် ကျွန်တော့်မနက်စာကို အပြီးစားလိုက်သည်။
စားရင်းနှင့်ပင် ထိုလူကြီးနှင့် စကားလက်ဆုံကျမိသည်။ သူလည်းကျွန်တော့်လိုပင် ဒီကော်ဖီဆိုင်လေးမှာ မနက်တိုင်းလိုလို ထိုင်ဖြစ်ကြောင်းပြောသည်.. ပြီးတော့ အလုပ်အကိုင်တွေအကြောင်းပေါ့..။ သူပြောမှ မျက်နှာကို စေ့စေ့ကြည့်တော့ မြင်ဖူးနေသလို..။ သူ့မျက်နှာမှာတော့ ကြေကွဲဝမ်းနည်းရိပ်တွေထင်နေသည်..။ ကျွန်တော်စကားစမိသည်..
“ခုတစ်လော စိတ်ဖိစီးမှုတွေများနေတယ်ထင်ရဲ့ အဆင်မပြေဘူးလား”
“အင်း ဆိုပါတော့”
“ကျွန်တော်များ မျှဝေခံစားပေးနိုင်ရင် ကောင်းမလားမသိဘူး.. ရင်ဖွင့်ချင် ဖွင့်ပြောလိုက်ပေါ့ဗျာ... အနည်းအကျဉ်းတော့ သက်သာသွားမှာပါ”
ကျွန်တော်ပြောလိုက်တော့မှ ထိုသူကစကားဆက်ပြောသည်..။
“အမှန်က ကျွန်တော်လေ သားနဲ့ဇနီးကို သိပ်သတိရတယ်... နေ့စဉ်ရက်ဆက်ဘဲ..”
“မိသားစုနဲ့ ကွဲနေခဲ့တာနှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ရှိပြီ.. သိပ်ကိုသတိရတယ်” ဟုရီဝေစွာပြောလေသည်။။
“သားမွေးပြီး သိပ်မကြာဘူးလေ အိမ်ထောင်ဘက်နဲ့ ကွဲသွားခဲ့တယ်... သားကိုလည်း အမေနဲ့သာထည့်လိုက်ရတာပေါ့” ..လို့ ကြေကွဲစွာပြောတယ်..။
“ကျွန်တော် စိတ်မကောင်းပါဘူး ခင်ဗျာ”....
......
...

စကားပြောကြရင်းမှ သိလာတာက အိမ်ထောင်ကွဲပြိုရခြင်းအကြောင်းရင်းဟာလည်း သူ့အမှားတွေသာဖြစ်ကြောင်း၊ နောက်ပိုင်းပြန်ပေါင်းစည်းဖို့လည်း ကြိုးစားခဲ့ကြောင်းတွေပြောပြသည်။
“တစ်နှစ်လောက် အကြာဇနီးသည်ဆီဆက်သွယ်ကြည့်တော့ အတွေ့မခံဘူး.. သားအကြောင်းမေးတော့ သားလေး ဆုံးပြီ ဦးနှောက်အမြှေးရောင်ရောဂါနဲ့တဲ့လေ..”
“ခုရှိမယ်ဆိုရင်တော့ ဒီကလူလေးအရွယ်နဲ့ မတိမ်းမယိမ်းပေါ့”
“ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဗျာ”
“တကယ်မယုံနိုင်ဘူးဗျာ သားအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..နောက်ဆုံး သားနာမည်လေးနဲ့ အမှတ်တရကျောက်တိုင်လေးတစ်ခုကလွဲလို့ပေါ့”
အင်း ဒီအကြောင်းလေးတော့ အိမ်ရောက်မှအမေ့ကိုပြန်ပြောရမယ်.. အမေ့တော့ကြားပြီး စိတ်မကောင်းဖြစ်မှာသေချာတယ်..။ ခုမှစတင်ခင်မင်မိသူနဲ့ ကျွန်တော့်တို့ စကားတွေအများကြီးဆက်ပြီးပြောခဲ့ကြတယ်...။ ကျွန်တော်အကြောင်းမေးတော့ သိပ်များများစားစား ပြန်မပြောပြဖြစ်ခဲ့ဘူး..။ အဖေဆုံးသွားတာရယ်... အမေနဲ့ အတူနေနေတာတွေမပြောဖြစ်ပဲ ကျွန်တော်တက်နေတဲ့ကျောင်းကအကြောင်းတွေရယ်... ကျွန်တော်ဖြစ်ချင်တာတွေကိုပဲ များများပြောဖြစ်ခဲ့တယ်။

“စကားပြောတာလည်း တော်တော်ကြာပြီ.. ကျွန်တော်အလုပ်နည်းနည်းရှိလို့ ခွင့်ပြုပါ..” လို့ ကျွန်တော်နှုတ်ဆက်လိုက်တော့......
“နောက်လည်း ဆုံကြတာပေါ့”
“နှစ်သက်ဖွယ်ကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်ပါစေ.” အပြန်အလှန်ဆုတောင်းပေးကြသည်..။
အချိန်တော့နည်းနည်းနောက်ကျနေပြီ.. လမ်းအမြန်လျှောက်ပြီး သတင်းစာဆိုင်နားရောက်မှ သတိရသည်...။ စကားတွေသာပြောဖြစ်ကြသည် .. နာမည်မေးဖို့ကျတော့ နှစ်ယောက်စလုံးမေ့နေခဲ့သည်..။ အင်းထားပါတော့လေ.. နောက်လည်းတွေ့ချင်မှတွေ့မှာပါ... ....။ ထိုနေ့က ကောင်းကင်သည်... ထူးဆန်းစွာအမှန်ပင်ကြည်လင်သာယာခဲ့သည်.......။



လတွေကြာသွားသည်....... မေလထဲကတစ်ရက် အဖေဆုံးတာနှစ်ပတ်လည်မို့ အဖေ့အုတ်ဂူလေးရှိရာ သင်္ချိုင်း ဆီတစ်ယောက်တည်းရောက်သွားသည်... အမေတော့မပါခဲ့ ..ဘယ်တော့မှလည်းမပါခဲ့ပါ..။ အဖေ့အုတ်ဂူလေးကို သန့်ရှင်းပေးပြီး ပန်းစည်းလေးတင်ပေးလိုက်တော့ လိပ်ပြာဖြူလေးတစ်ကောင် ကိုယ်ပေါ်တစ်ချက်လာဝဲပြီး အနောက်ဘက်ကိုပျံသွားသည်.. ။ ပျံသွားရာလှည့်ကြည့်မိတော့ လိပ်ပြာကိုမမြင်တော့ လူတစ်ယောက်ကိုမြင်သည်..ကော်ဖီဆိုင်ကလူပင်။ သူ့သားဆီလာတာဖြစ်မည်.. အဖြူရောင်ပန်းစည်းတစ်စည်းကိုင်ကာ ၀မ်းနည်းနေပုံရသည်..။ ကျွန်တော်လက်ပြမိတော့ မြင်သွားပုံရသည် လက်ပြန်ပြသည်..။ သူ့ဆီလျှောက်သွားမိတော့ ပန်းစည်းလေးအသာချကာ ကျွန်တော့်ဘက်လျှောက်လာပြီး..
“အဖေ့ဆီလာတာထင်တယ်..”
“ဟုတ်ပါတယ်..” ကျွန်တော် လက်အသာလွှဲပြလိုက်သည်...။ အရိုအသေပေးဖို့ဖြစ်ဟန်တူသည်.. အဖေ့အုတ်ဂူဆီ သူလျှောက်သွားသည်..။ အပြန်အလှန်ဆိုသလို ကျွန်တော်လည်း သူ့သားကျောက်တိုင်လေးရှိရာသွားပြီး အရိုအသေပေးမိသည်..။ ကဗျည်းထိုးထားတာကို ဖတ်မိတော့ အတွေးတွေဆူဝေသွားသည်...ရန်ခုန်နှုန်းလည်းမြန်လာသည်..။ ကျွန်တော့်နာမည်သည် ကျောက်တိုင်လေးပေါ်မှာ ရှင်းရှင်းလေးနှင့် ထင်းနေသည်..။ အံ့သြမှုတွေ သိလိုစိတ်တွေ ရင်မှာဗလောင်ဆူနေပြီ.........။ ကော်ဖီဆိုင်ကလူကိုလည်းကြည့်မိတော့ ကျွန်တော့်ကို ငေးမောကြည့်နေသည်...။ ထို့နောက်..
ထို့နောက်..
....ထို့နောက်..
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်မိသည်.... ၂ မိနစ် ၄ မိနစ် ၅ မိနစ် အချိန်တွေကြာသွားသည်.. ခံစားမှုတို့ကကြီးစိုးလာတော့ မျက်ရည်တို့သည် စီးကျလေပြီ..အချိန်အပိုင်းအခြားတို့ လွင့်စင်ပျောက်ကွယ်ခဲ့ပြီ........။ ထိုရက်က တိမ်အမှောင်တွေဖုံးနေခဲ့သော ကောင်းကင်သည်.... အမှန်တကယ်ပင်ကြည်လင်ပြာစင်ခဲ့သည်.............................။

Sunday, April 12, 2009

အားနာပါတယ်..

ဒီရက်ပိုင်း စိတ်လေနေတယ်.. လေပါတယ် လေပါတယ်... တီဝါကြီးဆီကများ ကူးသွားသလားမသိဘူး..အဟီး။ အတိတ်ကအကြောင်းတွေ ကိုယ်လုပ်ခဲ့တဲ့အမှားတွေ ပြန်သတိရနေတယ်.. ညစ်တယ်နော်..။ စာတစ်ပုဒ်ရေးဖြစ်ပါတယ်.. ရေးရင်းနဲ့ မုဒ်ကမလာတော့ ရေးတာ သုံးရက်လောက်ကြာ..။ လာလည်သူများကို တကယ်အားနာပါတယ်... အသစ်မရှိလို့..။ ဒီနေ့ စိတ်ပေါက်ပေါက်နဲ့ တရုတ်မင်အိုးတစ်အိုး (၀.၅၅ ပြား) စုတ်တံနှစ်ချောင်း (၀.၄၀+၀.၄၀ ပြား) ၀ယ်ပြီးလျှောက်ခြစ်ပစ်တယ်.. ဘာဖြစ်လဲ.. ပုံတွေထွက်လာတာပေါ့.. ငှင်းငှင်း။
အမ်ဗရဲလား

စာကြည့်ခန်း

သစ်ပင်


ခရမ်ပလာ


အမှန်မပြောတဲ့ မှန်

အသက်ကြီးလာမယ့် တစ်နေ့


အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ


Thursday, April 9, 2009

Seafood Don

(photo by me)
အဟား.. ဒီရက်ပိုင်းအစားအသောက်ပို့စ်တွေချည်းတင်နေတာ.. စာဖတ်သူတွေတော့ဘာပြောမလဲမသိဘူး။ အလုပ်များတာကို အကြောင်းပြပြီများများစားပေးနေတာလေ.. အဟက်။ ဒီနေ့လည်း ထပ်စားတွားဏော်ဗျာ.. Seafood Udon တဲ့..။

မနေ့ကစားဖြစ်တာက Seafood Don ပါ..။ Don ကိုဘယ်လိုအသံထွက်လဲမသိဘူး.. ဒုံ လား တုံလားမသိဘူး ဆိုင်မှာ မှာတော့ မသဲမကွဲ ရောပြီးတော့အသံထွက်လိုက်တာဘဲ.. ဆိုင်ကလူလည်းပေါက်ပါတယ်.. နှစ်ခါပြောစရာမလိုဘူး။
ဒီမှာ စလုံးကလူတွေ ဂျပန်စာကို တော်တော်များများစားကြ.. ကျောင်းမှဆိုလည်း ဂျပန်ဆိုင်ဆိုလူတွေအုံနေတာဘဲ..။ အပြင်မှာလည်း ဂျပန်ဆိုင်တွေ စားတဲ့သူတွေများပါတယ်..။ ဂျပန်စာကို အနံ့မခံနိုင်တာများတယ်.. ဆူရှီဆို မရဘူး.. ကြိုက်တဲ့သူတွေကတော့ မက်မက်မောမောစားတာဘဲ.။ ဘယ်လောက်ကောင်းကောင်းလေ ကိုယ်မကြိုက်တော့လည်းမစားဘူးပေါ့ဗျာ။ ကျွန်တော်က အစိမ်းမစားတော့ ကြော်ထားတဲ့ဟာနဲ့ပဲစားတယ်.. ကြော်ထားတာတောင် ညှီချင်နေသလိုဖြစ်နေတာ။


(photo by me)
ဆိုင်မှာ အဲဒီ့ ဒုံကို ပင်လယ်စာ၊ကြက်သား ၊ ငါး တို့နဲ့ရပါတယ်.. ။ တစ်ခြား curry rice၊ ဆူရှီ ၊ Teriyaki chicken၊ ငါးကင်နဲ့ ထမင်းတို့လည်းရတယ်..။ Kofu မှာစားတာပါ..။ ကျွန်တော်စားတဲ့အထဲမှာတော့ ပုဇွန်ကို တင်ပူရာလိုမျိုး ကြော်ထားတာရယ်.. ငါးအကွင်းတွေရယ်.. ပြီးတော့ ကဏန်းလက်မပါပါတယ်.. ။ လက်မသာဆိုတယ်. တကယ်ကအသားအစစ်မဟုတ်ပါဘူး.. fish ball ပုံစံမျိုးကြိတ်ထားတာပါ..။ အစာပလာတွေအောက်မှာ ထမင်းပါတယ်.. ပြီးတော့ ဂေါ်ဖီချဉ်ပါတယ်...။ ထမင်းကို ဆော့စ်အညိုတစ်မျိုးဆမ်းထားပါတယ်.. ထမင်းစေးစေးလေးနဲ့ စားလို့ကောင်းတယ်.. ထမင်းချည်းဘဲတောင်ကောင်းတယ်.။ မိဆော ဟင်းချိုလည်းပါတယ်.. မကြိုက်ဘူး..။ တကယ်တော့ စမ်းစားကြည့်တာ.. မဆိုးဘူးလို့ ပြောလို့ရတယ်.. ကြည့်လိုက်ရင်နည်းတယ်လို့ထင်ပေမယ့် တကယ်စားကြည့်တော့ ဗိုက်ပြည့်ပါတယ်..။ နောက်ကြုံရင် စားကြည့်ကြပေါ့ဗျာ..။ “အစားအသောက်သည် လူနှင့် တည့်၏” ဟူသောအဆိုအား ရာနှုန်းပြည့်ထောက်ခံပါသည်။

Tuesday, April 7, 2009

Pepper Rice and Bugis Junction

ဒီရက်ပိုင်း အလုပ်နည်းနည်းများလို့ စာသိပ်မဖတ်ဖြစ် ပို့စ်လည်းမတင်ဖြစ် လိုက်လည်းမလည်ဖြစ် ပြန်လည်မနှုတ်ဆက် ဖြစ်ခဲ့ပါ..။ နောက်တစ်ပတ် deadline ဆိုတော့ ကြုံးရုန်းလုပ်နေရတယ်..။ နည်းနည်းပင်ပန်းပြီး.. အိပ်ရေးလည်းမ၀အိပ်ချင်သလိုဖြစ်နေတာများတာကြောင့် ကိုယ့်ကိုကိုယ်သနားပြီး စိတ်ပြေလက်ပျောက်နဲ့ အပြင်ထွက် ညနေစာစားဖြစ်ပါတယ်..။

(photo by me)

ဒီနေ့ စားဖြစ်တာကတော့ Pepper Rice ပါ.. ဆိုင်ခွဲတွေရှိပေမယ့် Bugis Junction မှာဘဲစားဖြစ်တယ်.. စားပြီးတော့လျှောက်လည်လို့ရတယ်လေဗျာ။ စားရင်း ငေးရင်း စားရင်းပေါ့..အဟား။ Pepper Rice ကိုတော့ ဒီကလူတွေတော်တော်များများစားကြတာတွေ့ရတယ်.. စားလို့လည်းကောင်းတယ်။ သူက အပူပေးထားတဲ့သံပြားကြီးပေါ်မှာ ထမင်းကိုထည့် ဘေးမှာ အသားအစိမ်းကိုငြုပ်ကောင်းဖြူးပြီးထည့်ပေးပါတယ်..။ အပေါ်မှာတော့ ကြက်သွန်မြိတ်၊ ပြောင်းဖူးစေ့နဲ့ ချိစ်ပါပါတယ်..။ ချိစ်က မထည့်လည်းရတယ်... ထည့်ရင်တော့ ပြား၇၀ ပိုပေးရပါတယ်..။ ချိစ်ထည့် မှ ချိစ်ကအမျှင်လေးတွေနဲ့ ထမင်းက စေးစေးလေးဖြစ်ပြီးပိုစားကောင်းပါတယ်။ အရံအနေနဲ့ကတော့ ဟင်းရည်တစ်ခွက်ပေးပါတယ်. .ဘာလဲတော့မသိဘူး..မကြိုက်ဘူး။

(photo by me)

ရရချင်းဆိုရင်တော့ ပူလို့ခြစ်ခြစ်မြည်ပါတယ်.. အသားတွေကအစိမ်းဆိုပေမယ့် ထမင်းတွေနဲ့ ရောနယ်ရင်း နယ်ရင်းကနေ သံပြားပူပူပေါ်မှာ တဖြည်းဖြည်းကျက်သွားပါတယ်..။ အမဲသား၊ salmon ငါး ၊ ကြက်သား.. ပြီးတော့ ထမင်းမပါဘဲအသား သို့မဟုတ် ငါးနဲ့ ပဲပင်ပေါက် ကြက်ဥတို့နဲ့စားရတာလည်းရှိပါတယ်..။ ကျွန်တော်က အမဲသားမစားလို့ ကြက်သားနဲ့ပဲစားခဲ့တယ်.. စားရတာနည်းနည်းတော့အီတယ်.. လိမ္မော်ရည်လေးနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ..။ ခုနပဲစားခဲ့တယ်.. ဒုတိယပုံပြန်ကြည့်ရင်းနဲ့ ထမင်းတွေကြားထဲခုန်ဝင်ပြီး စားလိုက်ချင်တယ်.. .. အစား..အစား..။

စားပြီးသောက်ပြီးတော့ ကင်မရာလေးနဲ့ ဒီလိုလက်ဆော့မိပါတယ်..။

Bugis Junction


Shopping Mall အတွင်းဘက်


BHG Mall


ရေပန်း