Tuesday, November 25, 2008

မေးခွန်း



အခါခါ ရစ်နှောင်တဲ့ကြိုး
ဒီတစ်ခါတော့ ဆွေးမြေ့ပြီလား...။

အကြိမ်ကြိမ် သောက်ခဲ့ဖူးသောကော်ဖီ
ဒီတစ်ကြိမ်တော့ ချိုမြလို့နေပြီလား...။

အနှစ်နှစ် ပူခဲ့ဖူးသောနွေ
ဒီတစ်နှစ်တော့ ချမ်းအေးပြီလား....။

တစ်သွင်သွင် စီးဆင်းနေသောစမ်းချောင်းလေး
ဒီတစ်ချီတော့ ခမ်းခြောက်လို့နေပြီလား...။

သာသာယာယာ သီးကျူးတတ်တဲ့ ငှက်ကလေးတွေ
ဒီမနက်တော့ ဆွံ့အလို့နေကြပြီလား...။

တစ်သုန်သုန် တိုက်ခတ်သောလေပြည်
အခုတော့ ငြိမ်သက်ပြီလား..။

ပျော်ရွှင်ခဲ့ဖူးသော အချိန်ကာလတွေ
အခုချိန်တော့ ပျောက်ဆုံးလို့နေပြီလား......။

ရှိခဲ့ဖူးတဲ့ အမှတ်တရတွေ
တဖြည်းဖြည်းနဲ့ ပြယ်လွင့်ပြီလား...။

ကြယ်စင်တွေ ရေတွက်ခဲ့ဖူးတဲ့အိပ်မက်ညတွေ
အခုတော့ မှေးမှိန်ပြီလား...။

ကိုယ်မြတ်နိုးတဲ့ မင်းရနံ့တွေ
တစ်ချိန်ချိန် ပြန်ရရှိနိုင်ပါ့မလား.....။

ခင်တွယ်ခဲ့ဖူးတဲ့ ကိုယ်တို့နှစ်ယောက်
ဒီတစ်သက်တော့ ပြန်ဆုံနိုင်ပါ့မလား...။

Friday, November 21, 2008

အလွမ်းဘယ်ဆီ...

နံနက်ခင်းလေပြည်တို့ကတောင်ကြောတစ်လျှောက် အတားအဆီးမဲ့စွာ လွတ်လွတ်လပ်လပ်တိုက်ခတ်နေသည်။တစ်တောင်လုံး မြူတွေအုံ့ဆိုင်းကာ ….. ရာသီဥတုသည် အေးစိမ့်လျက်..။ သစ်ပင်ပန်းမန်တို့သည် …. နှင်းရည်တို့ စိုလူးလျက် စိုပြည်လန်းဆန်းနေကြသည်…။ ထိုအချိန် တောင်ခြေဆီသို့ လူတစ်ယောက် တဖြည်းဖြည်းလမ်းလျှောက်လို့လာနေသည်…။ ချမ်းအေးလွန်းလှသော ဆောင်းရာသီနံနက်ခင်းတွင် သူသည် စိတ်ပြေလက် ပျောက်လမ်းလျှောက်ထွက်လာခဲ့သည်…။ သူထွက်လာသည့်အချိန်တွင် လမ်းပေါ်တွင် လူတစ်ယောက်စ နှစ်ယောက်စသာရှိသည်.။ တွေ့ရသလောက် ဈေးသည်များနှင့် ဆိုင်ဖွင့်ရန် သွားနေကြသူများသာ ဖြစ်သည်…။သူဧ။် စိတ်တွေသည် ဟိုဟိုသည်သည် ပျံ့လွင့်လို့….. သူ့ရဲ့ခြေလှမ်းအစုံတို့သာ တောင်ခြေဆီသို့ ရေရေရာရာ ဦးတည်နေသည်..။

တောင်ခြေတော့ရောက်လုပြီ….. တောင်ကိုမျှော်ကြည့်လိုက်တော့ တစ်တောင်လုံးမြူတွေဆိုင်းနေသည့်မြင်ကွင်း တွေသည် သူ့ အလွမ်းတွေကို ကစဥ့်ကလျားဖြစ်သွားစေသည်…။ အနွေးထည်ထူထူ ၀တ်ထားတာတောင် အအေးဓာတ်က ထိုးဖောက်နိုင်လွန်းသည် …သူတစ်ကိုယ်လုံး အေးစိမ့်လို့ ပါးစပ်ကပင်အငွေ့တွေထွက်နေသည်။လေညှင်းတစ်ချက် တိုက်လိုက်တော့ နံနက်ခင်းမြူနှင်း ရနံ့တွေနှင့် အတူ တစ်ချိန်က ရင်းနှီးခဲ့ဖူးသော ရနံတစ်ချို့ကိုပင် ရလိုက်သလို…။ တောင်ခြေကိုရောက်တော့ အအေးဓာတ်ပင်ပိုလို့ သိပ်သည်းလာသလို….. မြူနှင်းတွေ ကြားမှ သူလျှောက်ခဲ့ဖူးသော လမ်းကလေးသည်ေ၀၀ါးစွာ ၀ပ်စင်းလျက်……။ လမ်းကလေးတစ်လျှောက် သူတဖြည်းဖြည်း တက်သွားသည်…. တစ်တောင်လုံးမြူတွေဝေ နေသည်မှာ ရှေ့ဝါးတစ်ရိုက်လောက်ကိုပင် သေသေချာချာမမြင်ရ မှုန်ဝါးလို့နေသည်…။ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းသော ရာသီဥတုပင်………………….။ထင်ရှူးပင်တို့ကလည်း နှင်းရည်တွေနဲ့ စိမ်းစိုလို့….. ထင်းရှူးရနံ့တို့က သင်းပျံ့လို့နေသည်…..။ တစ်ခါတစ်ခါ ထင်းရှူးကိုင်းတွေကြားကူးလူးခုန်ပေါက်နေသော ရှဥ့်ကလေးများကိုလည်းတွေ့ရသေးသည်….။

မြေနီလမ်း
ကလေးဘေးမှာ ပန်းရောင်ချယ်ရီတို့ က မြိုင်မြိုင်ဆိုင်ဆိုင်နေရာယူနေကြလေပြီ….။ ပတ်ဝန်းကျင်တစ်ခွင်သည်ပန်းရောင်၊ အစိမ်းရောင် တို့ဖြင့် လှပနေသည်…။ သူ့အား အမြဲပင်အမောပြေစေတတ်သော စမ်းချောင်းလေးသည်လည်း တသွင်သွင်စီးဆင်းနေသည်….. ငှက်ကလေးများကလည်း ရေသောက်ဆင်းလို့…။ တီတီတာတာ ကျီကျီကျာကျာ အသံကလေးများကလည်း အေးချမ်းလှပသော နံနက်ခင်းကို ပိုလို့ပင် အသက်ဝင်စေသည်….။လမ်းကလေးအတိုင်း ဆက်လျှောက်လာတော့ မကြာခင်မှာပင် တောင်ပေါ်စေတီလေးသို့ပင် ရောက်လာချေပြီ။အချိန်တော်တော်ကြာ ဘုရားကန်တော့ပြီးနောက် သူ့စိတ်တွေသည် လုံးဝပင်ကြည်လင်အေးချမ်းလို့သွားသည်။စေတီမှ ဆည်းလည်းသံကလေးများက နာပျော်ဖွယ်ကောင်းသလို သူတစ်ယောက် ခေါင်းလောင်းထိုးလိုက်သောအချိန်တွင်တော့ သာယာသောနံနက်ခင်းသည် ပြီးပြည့်စုံသွားလေသည်….။ မြောက်ပြန်လေသည် သူ့ပါးပြင်တစ်လျှောက် ပြင်းပြင်းတိုက်ခတ်သွားသည်….။ တောင်ပေါ်ကစေတီလေးသည် မြို့အရှေ့ဘက် တောင်ပေါ်တွင် တည်ထားသောကြောင့် စေတီရှိရာ တောင်ပေါ်ကနေလှမ်းကြည့်လိုက်ရင်ဘဲ တစ်မြို့လုံးကို အပေါ်စီးကနေပြီး လှမ်းမြင်နေရသည်…။ ကြည့်လိုက်တော့ ခေါင်မိုးနီနီအိမ်ကလေးတွေ စီရီလို့.. လမ်းတွေကလည်းသွယ်တန်းဖြောင့်ဖြူးလို့…… အိမ်ခေါင်းမိုးတွေမှ မီးခိုငွေ့မျှင်မျှင်တွေကလည်း မြို့အနှံ့ပျံ့လွင့်လို့….။


တေးသွားလေးတစ်ခုကိုသာ သူ အထပ်ထပ်ရွတ်ဆိုမိနေသည်… အတွေးတွေကတော့ အမှတ်တရအဖြစ်အပျက်တွေဆီ…………..။ ထိုအချိန် မိုးလေးတစ်ဖွဲဖွဲကျလာသည်… ကျောက်ခဲတစ်လုံးကိုကောက်လို့တောင်အောက်ကိုပစ်လိုက်တော့ ခြုံတစ်ခုထဲမှ ငှက်တစ်အုပ် ပျံပြေးသွားသည်….။ နည်းနည်းဆက်လျှောက်တော့ သူတို့ထိုင်နေကျ ခုံတန်းလေးသို့ရောက်လာသည်….အမှတ်တရတွေရှိခဲ့တဲ့နေရာလေးလည်းဖြစ်သည်....။ချယ်ရီပင်အောက်က ခုံတန်းလေးသည် သူ့ကို အေးအေးစက်စက် ငြိမ်ငြိမ်သက်သက် ကြိုဆို နေသယောင်.....။ထိုနေရာလေးတွင် ချစ်ခင်မှုတွေဆွတ်ပျံ့ခဲ့ဖူးသည်၊ ၀မ်းနည်းဝမ်းသာမှုတွေပေါင်းဆုံဖူးသည်….၊ မျှော်လင့်ချက်တွေလင်းလက်ခဲ့ဖူးသလို…. ဒါဏ်ရာဝေဒနာတွေလည်းခံစားခဲ့ရဖူးသည်……။ အခုတော့ ခုံတန်းလေးမှာ သူတစ်ယောက်သာ အထီးကျန်စွာ ငေးမောနေသည်…..။ ဒါဏ်ရာကို အချိန်က ကုစားပေးမည်ဆိုတာကိုတော့ ခုထက်ထိ သူမယုံကြည်နိုင်သေးပါ….။ အချိန်ကာလတစ်ခုအထိတော့ သူစိတ်ရှည်စွာ စောင့်စားရပေဦးမည်…………..။မိုးသည် တဖြည်းဖြည်းသည်းလာလေပြီ……သူလည်းအိမ်ပြန်ဖို့ပြင်လိုက်သည်……။ တောင်ဆင်းလမ်းကလေးသည် အတက်တုန်းကတွေ့ခဲ့ရသလိုပင် ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းနေဆဲ………။ သူ့အလွမ်းတွေသည်လည်း အထိန်းအကွပ်မဲ့စွာ မြူနှင်းတွေလို နေရာအနှံ့ပျံ့လွင့်လျက်………………………………………………………။

Saturday, November 15, 2008

ထပ်တူညီ

ထပ်တူညီ


တွေ့ဆုံခဲ့တာ မကြာပေမဲ့
ရင်ထဲမှာတော့
နှစ်ရာချီပေါ့....။

နာရီဖြတ်သန်းတာ
များလွန်းပေမဲ့..
ရင်ထဲမှာတော့မမေ့နိုင်ပေါ့...။

အချိန်တန်လာ
ဝေးရပေမဲ့
နှလုံးသားချင်းတော့
ထပ်တူကျဆဲပေါ့.....။

ZMT

Monday, November 10, 2008

သတိရတယ်..



ခုချိန်များတော့ ကျွန်တော့် ဇာတိ တောင်ကြီးမြို့မှာ တန်ဆောင်တိုင် မီးပုံးပျံပွဲကျင်းပနေလေရဲ့....။ ခိုက်ခိုက်တုန် အောင်အေးတဲ့ ရှမ်းပြည်ရဲ့ ဆောင်းနဲ့အတူ သွားကြည့်ခဲ့ဖူးတဲ့ မီးပုံးပျံပွဲ အချိန်တွေကို လွမ်းမိတယ်..။ အအေးဓာတ်နှင့်အတူ မိသားစု၊သူငယ်ချင်း ချစ်သူခင်သူတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် သီချင်းတွေဆို အားပေးခဲ့တဲ့ အချိန်တွေကလည်းမမေ့ရက်နိုင်စရာ...။ မြူနှင်းတွေ အုံ့ဆိုင်းနေမဲ့ ရှမ်းတောင်တန်းကြီးတွေ နဲ့ ချစ်သောတောင်ကြီးကိုလည်း လွမ်းမိပါရဲ့....။ အဝေးရောက်နေသူတွေအတွက် Live ကြည့်ရှုနိုင်အောင် စေတနာထားကြိုးစားပေးကြတဲ့"တောင်ကြီးချယ်ရီမြေ" ၀ိုင်းတော်သားများကိုလည်း အထူးကျေးဇူးတင်ပါတယ်...။ ဖြစ်နိုင်ရင်တော့ ခုချိန်မှာ တောင်ကြီး ပြန်ချင်တဲ့စိတ်တစ်ခုပဲရှိပါတယ်..။ အောက်မှာကတော့ ရှမ်းပြည်အလွမ်းသီချင်းလေးပါ...။ အချိန်ကတော့ ရွှေဖီချိန်ရောက်ပြီလား တော့မသိဘူး...သီချင်းကိုနှစ်သက်လို့တင်ပေးလိုက်ပါတယ်..။ လွမ်းနေဦးမယ် တောင်ကြီးရယ်.....။

"ရွှေဖီချိန်"

Saturday, November 8, 2008

အခိုက်အတန့်



"....... ဟူး............." သက်ပြင်းတစ်ခုကိုသူမှုတ်ထုတ်လိုက်သည်။ တစ်နေ့လုံး အလုပ်လုပ်နေရတာတွေကြောင့် သူတစ်ယောက်တော့ ပင်ပန်းလှပြီ။ သို့သော်လည်း ခဏနေတော့ဆိုင်ပိတ်ရမည်ဖြစ် သောကြောင့် အနည်းငယ် စိတ်သက်သာရာတော့ရသွားပါသည်....။သူ ဆိုသည်မှာစတိုးဆိုင်လေး တစ်ခုတွင် အချိန်ပိုင်း အလုပ်လုပ်နေသောလူငယ်တစ်ယောက်ဖြစ်သည်..။ ကျောင်းတက်နေရင်းမှာ ပင် အိမ်မှလတိုင်း ပို့ပေးနေသော သူ့အတွက် လစဉ်စရိတ်ကို တတ်နိုင်သမျှသက်သာစေရန်သူအချိန်ပိုင်းအလုပ်လေး ကို စလုပ်နေသည်မှာ (၂) လခန့်ပင်ရှိနေလေပြီ...။

ဒီနေ့တော့ သူ နေ့လည် ၂ နာရီမှ စလုပ်နေသည်မှာ အခုလိုအချိန်တွင်တော့ တော်တော်လေးပင်ပန်းနေလေပြီ..။
စနေနေ့ မို့လို့ လားတော့မသိ ဈေးလာဝယ်ကြသူတွေကတော်တော် များလေသည်။ သွားတိုက်ဆေး သွားပွတ်တံ
မှအစ ခေါင်းလျှော်ရည်၊ ရေမွှေး ၊ အားဆေး စတာတွေ ကို အ၀ယ်များကြသည်...။ နာရီကို ကြည့်တော့ ၉း၄၅ တောင်ရောက်နေပြီ ဆိုင်စပိတ်လိုက်တော့မယ်......။ ပစ္စည်းတွေ နေရာရွှွှေ့ ၊ စာရင်းတွက် နဲ့ပဲ ၁၀း၁၅ လောက်
ရောက်တော့အားလုံးပြီးသွားပါတယ်.........။ တော်သေးတယ် ဒီနေ့ စာရင်းကိုက်လို့ ... တစ်ချို့နေ့ စာရင်းမကိုက်
တဲ့ ရက်တွေဆိုရင် သူတစ်ယောက်တော့ လုပ်ဖော်ကိုင်ဖက်တွေကို ဖုန်းဆက်မေး ၊ ဟိုလူ့မေး ဒီလူ့မေးနဲ့ တော်
တော်ဗျာများရသည်....။ အားလုံး သိမ်းဆည်းလို့ပြီးတော့ သူစိတ်အေးသွားသည်...။

အလုပ်ကနေ ထွက်လာတော့ ဘတ်စ်ကားမှတ်တိုင်ကို လမ်းလျှောက်ရဦးမည်....။ အ၀တ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင် ပြင်ရင်း သီချင်းနားထောင်တဲ့ နားကြပ်ကလေးကို နားမှာ အသာထည့်လိုက်တော့
သံစဉ်တေးသွားတစ်ခု က စီးဆင်းလာသည်.....။ ကားမှတ်တိုင်ရောက်တော့ သူအပါအ၀င် ကားစောင့်နေသူ နှစ်
ယောက်လောက်သာရှိသည်.... အင်းလေ လူတော်တော်များများ ဒီလိုပိတ်ရက်တွေမှာ အိပ်မှ မိသားစုနဲ့ တူတူ
ပျော်ပျော်ရွှင်ရွှင်နေကြမှာ ပဲ လို့ သူတွေးလိုက်မိသည်..။ ဟော....... ဟိုမှာကားတောင်လာနေပြီ ....မြန်မြန်တက်မှ
ဘဲ........။

ကားပေါ်ရောက်တော့ လူကတော့ သိပ်မများ သို့ပေမဲ့ ထိုင်ခုံတော်တော်များများမှာတော့ လူတွေထိုင်နေကြပြီ..။
သူကားအတွင်း မျက်လုးံကိုကစားလိုက်သည်..... တွေ့ပြီ ထိုင်ခုံလွတ်တစ်ခု ...သူအမြန်ဝင်ထိုင်လိုက်သည်။ ထိုင်ခုံ
ပေါ်ထိုင်လိုက်တော့မှဘဲ လူကသက်တောင့်သက်သာရှိသွားသည်..တစ်နေ့လုံးမတ်တပ်ရပ်ပင်ပန်းလာခဲ့သည်ကိုး
...။ သီချင်းနားထောင်ရင်း ကားပြတင်းပေါက်အပြင် ဘက်ကိုကြည့်လိုက်တော့ နီယွန်မီးတိုင်တွေ နှင့်သစ်ပင်တွေ
က လမ်းဘေးတစ်လျှောက် စီရီနေကြသည်...။ တစ်ချက်မှာတော့ သူတစ်ယောက် မှေးကနဲ အိပ်ပျော်သွားသည်။

ခဏနေတော့ သူပြန်နိုးလာသည်... ဘေးဘီကို လှည့်ကြည့်တော့ လူတစ်ချို့ ငိုက်မြည်းနေကြသည်... တစ်ချို့က
စာဖတ်နေကြသည်...။ တစ်နေရာရောက်တော့ တုန်တုန်ချိချိနဲ့ ရပ်နေသော အဖွားအိုတစ်ယောက်ကို တွေ့လိုက်
ရသည်...။ နေရာလွတ်လည်း မရှိတော့ အဖွားအို ခမျာ တန်းလေးတစ်ခုကို သာ အားပြုလို့ ရပ်နေရသည်.။ သူဘေး ဘက်ကိုကြည့်လိုက်တော့ အဖွားအိုအနားက လူတွေကလည်း မသိချင်ယောင်ဆောင်နေကြသည်....
အချို့ကလည်း စာကို သာ သည်းကြီးမည်းကြီးဖတ်နေကြသည် အဖွားအိုကို သတိပြုမိဟန် မပေါ်..။ အဖွားအိုမှာ
ဘယ်လောက်ကြာကြာ ဒီလိုဆက်ရပ်နေရဦးမလဲ......။

ထိုအချိန်တွင်တော့ သူ့စိတ်ထဲတွင် အငယ်စား လွန်ဆွဲမှုလေးတစ်ခုဖြစ်ပေါ်လို့နေသည်....။ အဖွားအိုထိုင်ဖို့ အတွက် သူနေရာမှ ထပေးလိုက်ချင်သည်..... သို့သော်လည်း ဒီနေ့ အဖို့တော့ တော်တော် ပင်ပန်းနေသော ကြောင့် အိမ်နားက မှတ်တိုင်ရောက်သည် အထိတော့ သူထိုင်လိုက်ချင်သည်...။ သူတစ်ယောက် ဝေခွဲလို့မရ
ဖြစ်နေစဉ်မှာပင် အတွေးတစ်ခု သူ့ဆီဝင်ရောက်လာခဲ့သည်... "ဒီနေရာမှာ သူ့အဖွားသာဆိုရင်...."။ သူဆက်မ
တွေးနိုင်တော့ ..ဘာမှစဉ်းစားမနေတော့ဘဲ အဖွားအိုဆီသွားကာ သူ့ထိုင်ခုံမှာ ထိုင်ပါဟု ယဉ်ကျေးစွာပြောလိုက်
သည်....။ သူလည်းပဲ အဖွားအိုအနားမှာ ရပ်လို့သာလိုက်ပါလာခဲ့သည်.....။ အဖွားကို ဘယ်သွားမလဲလို့ မေးကြည့်
လိုက်တော့ သွားမည့်နေရာက သူနေသည့်နေရာထက်တောင် ပိုလို့ ဝေးသေးသည်....။ တစ်လျှောက်လုံး အဖွားနှင့် စကားတွေပြောလာခဲ့သည် .....။

စကားတွေကောင်းနေတာနဲ့ ဘဲ အိမ်နားက မှတ်တိုင်ရောက်မှသူ ဆင်းရမည်ဆိုတာကို သတိရသည်...။ အဖွားကို
အမြန် နှုတ်ဆက်လို့ ကားပေါ်ကဆင်းလိုက်သည်....။ အိမ်ဘက်သို့ တဖြည်းဖြည်းလမ်းလျှောက်လာသည်............
ပင်ပန်းမှုတွေသည် ဘယ်ဆီရောက်မှန်းမသိ....မေ့ပျောက်လို့နေသည်....။ သူ့ခြေလှမ်းတွေက ပေါ့ပါးနေသလို....
နောက်တစ်ခါ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်လည်း ... သူ့အတွက်တော့ အထူးစဉ်းစားနေစရာ မလိုတော့ပေ...
..............။


Tuesday, November 4, 2008

အိပ်မက်ထဲကချစ်သူ

တစ်နေ့က စာအုပ်စင်ရှင်းရင်းနဲ့ဘဲ စာရွက်တိုလေးတစ်တွဲ စာအုပ်တွေကြားကနေ ထွက်ကျလာပါတယ်...။ သေသေ ချာချာ ကောက်ကြည့်လိုက်တော့ ကဗျာတွေကို တွေ့ရပါတယ်....။ကဗျာလေးတွေကို သေသေချာချာ လက်ရေးနဲ့လိုက်ကူးထားတာပါ ။ တစ်ချို့ ကဗျာတွေကိုတော့ ရေးသူဖော်ပြထားပြီး တစ်ချို့မှာဖော်ပြထားခြင်း မရှိပါ ဘူး..။ ကဗျာလေးတွေ ကောင်းလို့ ခုတစ်ပုဒ်ကစပြီး နောင်မှာလည်း အလျဉ်းသင့်သလို တင်ပေးသွားပါ့မယ်...။

"အိပ်မက်ထဲက ချစ်သူ"



အတွေးနယ်ချဲ့လွန်ရင်း
အိပ်ပျက်ညတွေများပြီ
ဆိုးလွန်းတဲ့ အတွေးက
မင်းအကြောင်းဘဲ တစ်လည်လည်ဆိုတော့
မနက်ဖြန်အတွက်
ကျောင်းမမီ ပြန်ဘူးပေါ့

ရင်ကဝေဒနာ
အဖြေရှာလို့မရပေမယ့်
ရင်နာရတဲ့ အဖြစ်တွေက
နေ့စဉ်နဲ့ အမျှပါပဲ........

သတိနဲ့ ထိန်းလို့
ခံစားမှုတွေ လူမမြင်အောင်
ခင်တွယ်သူတွေနဲ့ ရယ်မောရင်း
ဟန်ဆောင်ရတဲ့ ဘ၀နဲ့
အသက်ရှင်နေရတာပါ......

အနားယူ အိပ်စက်ချိန်မှာတောင်
ငြိမ်သက်စွာ မနေတဲ့ စိတ်က
တိတ်ဆိတ်တဲ့ ကမ္ဘာလေးထဲ
အပျော်လေးတွေ ဖန်ဆင်းပေးသယောင်နဲ့
အဖော်အဖြစ် ရှိနေတာလည်း
ငါသိပ်ချစ်တဲ့.........
အိပ်မက်ထဲက ချစ်သူ.....မင်းပါ....................။


ရေးသူ - S.S.S



Sunday, November 2, 2008

နောက်တစ်ကြိမ်


အတူတူရှိနေချိန်လေး ပြီးဆုံးသွားတာတောင်
တစ်ချိန်ကျ ပြန်တွေ့ဖို့
ကိုယ်တို့ဆုတောင်းခဲ့ဖူးတယ်.....။

ကိုယ်တို့နှစ်ဦး တွေ့ဆုံခဲ့တာကိုပဲ
ငြင်းပယ်လို့ မရတဲ့ ဖူးစာလို့
မင်းဆိုမလား........


ဒီနေ့လို ကြည်နူးစရာ အဖြစ်မျိုးလည်း
နောက်တစ်ကြိမ် ထပ်ကြုံရအုံးမလားဆိုတာကိုတော့
ကိုယ်လေ အံ့သြမိတယ်...။
ဘ၀အမောပင်လယ်မှာတော့
ကိုယ့်အတွက် ဆုလာဘ်ဟာ.....မင်းပါ.....


တွေ့ဆုံချိန်လေး တိုတောင်းပေမဲ့ ...
အိပ်မက်တစ်ခုမဟုတ်တာတော့
ကိုယ်ယုံကြည်ထားတယ်.....။



ဒီဘ၀မှာ မပိုင်ဆိုင်နိုင်တဲ့ အချစ်တွေ နဲ့
မဆုံနိုင်တဲ့ ဖူးစာတွေအတွက်...
နောက်တစ်ကြိမ် များပြန်ဆုံကြရင်...
ကိုယ့်ကိုလေ...
ကျေးဇူးပြုပြီး ခွဲမသွားပါနဲ့..
မင်းနဲ့ အမှတ်တရတွေသာ
ကိုယ့်ရင်မှာ စွဲထင်ကျန်ရစ်နေတာပါ.........။