Showing posts with label ကိုယ်တိုင်ရေး. Show all posts
Showing posts with label ကိုယ်တိုင်ရေး. Show all posts

Sunday, September 2, 2012

ကျေးဇူးပြု၍


လွမ်းဆွတ်တတ်သူမို့
အဝေးသို့ စွန့်ခွာလို့သွားတော့မယ်ဆိုရင်လည်း
ကျေးဇူးပြုပြီး
သတိတရ နှုတ်ဆက်စကားတွေ
ချန်မထားခဲ့ပါနဲ့..
မင်းပြန်လာမယ့်အချိန်ကိုသာ
မျှော်လင့်ချက်ရှိရှိ စောင့်စားပါရစေ...
တမ်းတတတ်သူမို့
အမှတ်တရတွေ ချန်ထားခဲ့မယ်ဆိုရင်လည်း
ကြည်ကြည်နူးနူး အိပ်မက်တွေထက်
ဒီရင်ခွင်မှာ..
ဒဏ်ရာတွေ သက်သက်သာသာဖြစ်စေဖို့
ကျေးဇူးပြုပြီးတော့
ငဲ့ညှာပါလို့ တောင်းဆိုပါရစေ...
သတိရတတ်သူမို့
နွေညနေခင်းလို့ လှပပြီး
ဆောင်းနံနက်ခင်းလို အေးချမ်းတဲ့
မင်းရဲ့ မျက်ဝန်းတွေကို မြင်ယောင်နေချင်လို့
ကျေးဇူးပြုပြီး
မင်းရဲ့အပြုံးတွေ နောက်ဆုံးတစ်ခေါက်မြင်ပါရစေ...
ချစ်ခဲ့မိသူမို့
အရှုံးတွေသာ ထွေးပိုက်ရင်း
အဓိပ္ပာယ်မဲ့ မနက်ဖြန်တိုင်းမှာ
ကိုးကွယ်ရာရှိစေဖို့
ကျေးဇူးပြုပြီးတော့
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုတော့
သိမ်သိမ်မွေ့မွေ့ ကြားခဲ့ပါရစေ.....။

Thursday, April 15, 2010

Honey


Honey, 
I do think of you day by day 
Yet I wonder who kept us away...

Honey, 
I do miss you every night 
How I wish you hug me tight...

Honey,
Our love has no boundaries 
Still our fate is a mystery...

Honey, 
Though I have so much left to say 
Just keeping my sorrow not to go astray
and.. 
I love you more than I can say. 

Saturday, June 27, 2009

ည၏........

လူတွေ အိပ်မောကျနေလေပြီ........

အနက်ရောင်လေးထောင့်ကွက်တွေက တိုက်တာတွေရဲ့နံရံမှာ ကိုယ်စီနေရာယူလို့.........

ကောင်းကင်ကြီးကလည်း နက်နက်မှောင်ကာ........

တစ်ပွင့်..နှစ်ပွင့်..သုံးပွင့် လောက်သာလင်းတဲ့ ကြယ်တွေကိုကြည့်ရင်း ..ငေးမောရင်း......... ညလေအေး အဝေ့မှာ တစုံတရာ.. တစုံတယောက်ကို လွမ်းဆွတ်မိလေသလား...မကွဲပြားတော့..........

ညအမှောင်ထဲ မဟူရာကျောက် ပျောက်လို့ဖွေရှာသလို... အဖြေမတွေ့ခဲ့..............

လေပြေနဲ့အတူ တိတ်တိတ်ပါလာလေတဲ့.. ထင်းရူးရနံ့တွေ ရင်ဆွေးဝေဒနာကို .. ချော့သိပ်ပေးနေရော့သလား.......

အသာအယာမှေးစင်းလိုက်တော့..တစ်ခဏအကြာ.... ခပ်ရှပ်ရှပ်သစ်ရွက်ခြောက်တွေကြား.. စည်းချက်မှန်မှန် ခြေသံကို ခပ်တိုးတိုးကြားတယ်............

ရင်တွေများ တဒိန်းဒိန်းခုန်လိုက်တာ..... သူမများ ပြန်လာရှာလေသလား...............

တားမရတဲ့ သိလိုစိတ်တို့ ... မြင်လွှာကို တိုးဖွင့်တဲ့အခါ..... အလျှင်တစော လှည့်ပတ်ရှာဖွေမိတဲ့အခါ................

ဆောင်းရဲ့ အရိပ်အငွေ့တွေကြား....... သူမ သဏ္ထာန်ကို ရေးရေးမြင်တယ်......


သူတိုးတိုးခေါ်တော့................
............................................သူမ ရေးရေးပြုံးတယ်............

သူမက တိုးတိုးမေးမယ်....................
..................................................... သူ အသာခေါင်းညိမ့် မိပြီ................

သူမ ဖြည်းဖြည်းလျှောက်လာတော့ ....... သူအမြန် ပြေးသွားမိသည်....................

ညငှက်ငယ်သည်....... ည၏တေးသွားကို ချိုအေးအေးသီကျူးသည်.......................

လွမ်းဆွတ်မှုတို့.........မျက်ရည်တို့နှင့်အတူ....ပျော်ဝင်လေပြီ.............

လေညှင်းတို့ တသုန်သုတ် တိုက်လာသည်...................

....... သူမအား အသာအယာထွေးပွေ့လိုက်သည်.....................

အနက်ရောင်ကောင်းကင်မှ ဆီးနှင်းတို့ သည် ဖြူစင်စွာ.....များပြားစွာ.......ဖွေးဖွေးရွရွ ကျဆင်းလျက်...........................။

Monday, April 13, 2009

ကြည်လင်သာယာခဲ့သည်

ကျွန်တော်နေတာ တိုင်းပြည်ငယ်လေးတစ်ခုမှာပေါ့..။ ကမ္ဘာမှာသိတဲ့သူလည်းတော်တော်နည်းလိမ့်မယ်.. ကောင်းကောင်းသိသူများလည်းရှိသလို နည်းနည်းသာကြားဖူးတဲ့သူတွေလည်းရှိမယ်။ တိုင်းပြည်မှာ ဆင်းရဲသူတွေ ချမ်းသာသူတွေ ရိုးသားသူတွေ လှည့်စားတတ်သူတွေ အချိုးကျနေထိုင်တယ်။ ကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုဖြစ်ပေမယ့် တိုင်းပြည်ထဲမှာ မြစ်ချောင်းတွေစီးဆင်းတယ်.. မြင့်မားတဲ့တောင်တန်းတွေ အရှေ့အနောက်ပြေးတယ်.. မှိုင်းညို့ညို့တောအုပ်ကြီးတွေကတော့ ညင်သာစွာလဲလျောင်းလို့လေ..။ တိုင်းပြည်ကို အုပ်မိုးထားတဲ့ကောင်းကင်ကြီးကတော့ အမြဲလိုလို အုံ့ဆိုင်းလို့ ..နေခြည်တွေကလည်း တိမ်တွေအောက်ခိုအောင်းလို့။ အေးစိမ့်တဲ့ ရာသီဥတုရှိတဲ့ဒီနိုင်ငံမှာ ပြာလွင်တဲ့ကောင်းကင်နဲ့ နေခြည်နွေးနွေးကို အတန်းအစားမရွေးမက်မောတောင့်တကြတယ်.. ဒါဆန်းသလား ..အဲဒီထဲမှာ ကျွန်တော်တစ်ယောက်လည်းအပါအ၀င်ပဲလေ..။

အဲ့ဒီနေ့ကို ကျွန်တော်ကောင်းကောင်းမှတ်မိတယ်.. ဘယ်တော့မှမမေ့ဘူးလို့လည်းပြောလို့ရတယ်။ ညကကောင်းကောင်း အင်းအိပ်ပျော်တယ်ဘဲဆိုပါတော့ မနက်ကျတော့ စောစောနိုးလာတယ်..။ မနက်(၇)နာရီကိုစောတယ်လို့ ပြောလို့ရလား.. ကျွန်တော့်အဖို့တော့ စောပါတယ်။ ကိုယ်လက်သန့်စင်ပြီး ပြတင်းတံခါးကိုဖွင့်လို့ ကောင်းကင်ကိုကြည့်လိုက်တော့ အရင်ရက်တွေအတိုင်းမပြောင်းလဲစွာ မှိုင်းမှောင်လို့... လေတစ်ချက်အတိုက်မှာတော့ ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်ရတဲ့ အထိဘဲ။ လုပ်နေကျ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး နာရီကြည့်တော့ (၈)နာရီကို (၅)မိနစ်စွန်းနေပြီ..။ ပိတ်ရက်တိုင်း အပြင်မှာစားဖြစ်တဲ့ကျွန်တော် မနက်စာစားဖို့ အင်္ကျီထူထူထပ်ဝတ်ပြီး အပြင်ထွက်ခဲ့တယ်..။

လမ်းပေါ်ရောက်တော့ လူတွေရှင်းနေသလိုထင်ရပေမယ့် လမ်းသွားလမ်းလာတွေက ဟိုဟိုဒီဒီသွားလာလျက်.. စိတ်ထင်တာပဲဖြစ်မှာပါ။ လမ်းထိပ်ကသတင်းစာဆိုင်လေးမှာ မနက်စောစောမို့လူတွေအုံနေပြီ.. ဆိုင်ရှင် အဖိုးကြီးတော့ လူတွေဆီကပိုက်ဆံသိမ်းရတာနဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေပြီပေါ့။ ဗိုက်တော့နည်းနည်းဆာနေပြီ အပြန်ကျမှဘဲဝင်တော့မယ်လေ.. သတင်းစာတော့ချန်ထားပေးမှာပါ.. ။ ကျွန်တော်နေ့တိုင်းသတင်းစာအလကားဖတ်ရတယ်လေ.. ဘယ်သူရှိမလဲ ဆိုင်ရှင်အဖိုးကြီး အလကားပေးတာပေါ့..။ အမြဲကြုံတိုင်း သတိတရမုန့်တွေဝယ်သွားပေးသူနဲ့ နေ့စဉ်သတင်းစာတွေပြန်ပေးသူနဲ့ မေတ္တာတွေဖလှယ်ခဲ့တာ နှစ်ကြာပြီလေ။ ပြောရင်းဆိုရင်း သူကအတင်းလာပေးနေလို့ တစ်ခါတည်းယူလိုက်ရတယ်။ ဒီလိုနဲ့ နှစ်လမ်းကျော်က ကော်ဖီဆိုင်လေးဆီဆက်လျှောက်လာဖြစ်တယ်...။

အဲဒီဆိုင်လေးက အပြင်အဆင်သပ်သပ်ရပ်ရပ်နဲ့ လမ်းမဘေးမှာရှိတာကြောင့် အမြဲထိုင်ဖြစ်တယ်လေ။ လမ်းသွားလမ်းလာတွေကိုလည်း ငေးမောရင်း ကော်ဖီသောက်လို့ရတယ်..။ အဖျော်ကောင်းတဲ့ကော်ဖီကြောင့် ထိုင်ဖြစ်တာဆိုတာကိုတော့ ပြောပြဖို့မလိုတော့ပါဘူးလေ။ အိုး....ဆိုင်ရှေ့ရောက်တော့ လူတွေအများကြီးပါဘဲလား.. လမ်းမပေါ်မှာ မတွေ့တဲ့သူတွေဒီရောက်နေသလားပဲ..။ အင်းလေ အေးစိမ့်စိမ့် နံနက်ခင်းမှာ ပူနွေးနွေးကော်ဖီတစ်ခွက်တော့ လူတော်တော်များများတောင့်တကြမှာဘဲ..။ ကံကောင်းစွာ ဆိုင်အပြင်ဘက်လမ်းထောင့်မှာ နှစ်ယောက်ထိုင်စားပွဲတစ်ခုလွတ်နေသေးတယ်..။ ခပ်မြန်မြန်ဘဲ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင်နှစ်ချပ် မှာလိုက်တယ်။

အစားစားနေရင်းနဲ့ သတင်းစာကို ကောက်လှန်မိတယ်.. အစားစားရင်း စာဖတ်တတ်တာလည်းအကျင့်တစ်ခုဘဲ။
ဒီရက်ပိုင်း မတော်တဆဖြစ်မှုတွေနဲ့ သတင်းထူးတွေကလည်းအများသား..။ ဘယ်လောက်အာရုံစိုက်မိနေလဲတော့မသိ.. အနားက စကားပြောသံကြားမှဘဲ သတိဝင်လာမိတယ်။ စကားသံဝဲ၀ဲနဲ့ ဦးလေးအရွယ်လူကြီးတစ်ယောက်ပါ..။
“ခွင့်ပြုပါ.. ကျွန်တော်ဒီမှာထိုင်လို့ရမလား”
ကျွန်တော့်စားပွဲမှာ ထိုင်ခုံတစ်လုံးလွတ်နေသေးသည်။
“အိုး သိပ်ရတာပေါ့ ထိုင်ပါ”
“အတွင်းဘက်ရော အပြင်မှာပါထိုင်ခုံတွေကပြည့်နေတော့လေ.. ကံကောင်းလို့ ဒီမှာတစ်ခုံလွတ်နေတာကို တွေ့တယ်”
ကျွန်တော် အသာပြုံးပြလိုက်သည်...။ ထိုလူ၏အပြုံးကို မြင်လိုက်ရတော့ အနှစ်နှစ်အလလ ပျောက်ဆုံးနေသော အရာတစ်ခုကို ပြန်တွေ့လိုက်ရသလို ခံစားမိသည်။


ကြာကြာမတွေးဖြစ် ဖတ်လက်စ သတင်းစာကို ကောက်ကိုင်ပြီး သတင်းတွေဖတ်မိသည်..။ တစ်မိနစ်လောက်ဘဲ ကြာမည်.. ကျွန်တော့်ကိုစကားဆိုလာသည်..။
“သား သတင်းစာကိုနောက်မှဖတ်လေ ကော်ဖီနဲ့ မုန့်စားလိုက်အုံး အေးကုန်တော့မယ်”
သား ဟုခေါ်လိုက်ပုံက ရင်းနှီးလွန်းလှပြီး ကျွန်တော့်ရင်ထဲနွေးထွေးလွန်းလှသလို။ ဒီလိုမျိုး အခေါ်ခံရတာ တစ်သက်လုံး မကြားဖူးသေးတာကြောင့်လည်းဖြစ်ပါမည်။
“ဟုတ်ကဲ့ပါ.. ကျွန်တော်စားလိုက်ပါ့မယ်”
ရိုသေလေးစားသမှုနှင့် ကျွန်တော့်မနက်စာကို အပြီးစားလိုက်သည်။
စားရင်းနှင့်ပင် ထိုလူကြီးနှင့် စကားလက်ဆုံကျမိသည်။ သူလည်းကျွန်တော့်လိုပင် ဒီကော်ဖီဆိုင်လေးမှာ မနက်တိုင်းလိုလို ထိုင်ဖြစ်ကြောင်းပြောသည်.. ပြီးတော့ အလုပ်အကိုင်တွေအကြောင်းပေါ့..။ သူပြောမှ မျက်နှာကို စေ့စေ့ကြည့်တော့ မြင်ဖူးနေသလို..။ သူ့မျက်နှာမှာတော့ ကြေကွဲဝမ်းနည်းရိပ်တွေထင်နေသည်..။ ကျွန်တော်စကားစမိသည်..
“ခုတစ်လော စိတ်ဖိစီးမှုတွေများနေတယ်ထင်ရဲ့ အဆင်မပြေဘူးလား”
“အင်း ဆိုပါတော့”
“ကျွန်တော်များ မျှဝေခံစားပေးနိုင်ရင် ကောင်းမလားမသိဘူး.. ရင်ဖွင့်ချင် ဖွင့်ပြောလိုက်ပေါ့ဗျာ... အနည်းအကျဉ်းတော့ သက်သာသွားမှာပါ”
ကျွန်တော်ပြောလိုက်တော့မှ ထိုသူကစကားဆက်ပြောသည်..။
“အမှန်က ကျွန်တော်လေ သားနဲ့ဇနီးကို သိပ်သတိရတယ်... နေ့စဉ်ရက်ဆက်ဘဲ..”
“မိသားစုနဲ့ ကွဲနေခဲ့တာနှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ရှိပြီ.. သိပ်ကိုသတိရတယ်” ဟုရီဝေစွာပြောလေသည်။။
“သားမွေးပြီး သိပ်မကြာဘူးလေ အိမ်ထောင်ဘက်နဲ့ ကွဲသွားခဲ့တယ်... သားကိုလည်း အမေနဲ့သာထည့်လိုက်ရတာပေါ့” ..လို့ ကြေကွဲစွာပြောတယ်..။
“ကျွန်တော် စိတ်မကောင်းပါဘူး ခင်ဗျာ”....
......
...

စကားပြောကြရင်းမှ သိလာတာက အိမ်ထောင်ကွဲပြိုရခြင်းအကြောင်းရင်းဟာလည်း သူ့အမှားတွေသာဖြစ်ကြောင်း၊ နောက်ပိုင်းပြန်ပေါင်းစည်းဖို့လည်း ကြိုးစားခဲ့ကြောင်းတွေပြောပြသည်။
“တစ်နှစ်လောက် အကြာဇနီးသည်ဆီဆက်သွယ်ကြည့်တော့ အတွေ့မခံဘူး.. သားအကြောင်းမေးတော့ သားလေး ဆုံးပြီ ဦးနှောက်အမြှေးရောင်ရောဂါနဲ့တဲ့လေ..”
“ခုရှိမယ်ဆိုရင်တော့ ဒီကလူလေးအရွယ်နဲ့ မတိမ်းမယိမ်းပေါ့”
“ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဗျာ”
“တကယ်မယုံနိုင်ဘူးဗျာ သားအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..နောက်ဆုံး သားနာမည်လေးနဲ့ အမှတ်တရကျောက်တိုင်လေးတစ်ခုကလွဲလို့ပေါ့”
အင်း ဒီအကြောင်းလေးတော့ အိမ်ရောက်မှအမေ့ကိုပြန်ပြောရမယ်.. အမေ့တော့ကြားပြီး စိတ်မကောင်းဖြစ်မှာသေချာတယ်..။ ခုမှစတင်ခင်မင်မိသူနဲ့ ကျွန်တော့်တို့ စကားတွေအများကြီးဆက်ပြီးပြောခဲ့ကြတယ်...။ ကျွန်တော်အကြောင်းမေးတော့ သိပ်များများစားစား ပြန်မပြောပြဖြစ်ခဲ့ဘူး..။ အဖေဆုံးသွားတာရယ်... အမေနဲ့ အတူနေနေတာတွေမပြောဖြစ်ပဲ ကျွန်တော်တက်နေတဲ့ကျောင်းကအကြောင်းတွေရယ်... ကျွန်တော်ဖြစ်ချင်တာတွေကိုပဲ များများပြောဖြစ်ခဲ့တယ်။

“စကားပြောတာလည်း တော်တော်ကြာပြီ.. ကျွန်တော်အလုပ်နည်းနည်းရှိလို့ ခွင့်ပြုပါ..” လို့ ကျွန်တော်နှုတ်ဆက်လိုက်တော့......
“နောက်လည်း ဆုံကြတာပေါ့”
“နှစ်သက်ဖွယ်ကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်ပါစေ.” အပြန်အလှန်ဆုတောင်းပေးကြသည်..။
အချိန်တော့နည်းနည်းနောက်ကျနေပြီ.. လမ်းအမြန်လျှောက်ပြီး သတင်းစာဆိုင်နားရောက်မှ သတိရသည်...။ စကားတွေသာပြောဖြစ်ကြသည် .. နာမည်မေးဖို့ကျတော့ နှစ်ယောက်စလုံးမေ့နေခဲ့သည်..။ အင်းထားပါတော့လေ.. နောက်လည်းတွေ့ချင်မှတွေ့မှာပါ... ....။ ထိုနေ့က ကောင်းကင်သည်... ထူးဆန်းစွာအမှန်ပင်ကြည်လင်သာယာခဲ့သည်.......။



လတွေကြာသွားသည်....... မေလထဲကတစ်ရက် အဖေဆုံးတာနှစ်ပတ်လည်မို့ အဖေ့အုတ်ဂူလေးရှိရာ သင်္ချိုင်း ဆီတစ်ယောက်တည်းရောက်သွားသည်... အမေတော့မပါခဲ့ ..ဘယ်တော့မှလည်းမပါခဲ့ပါ..။ အဖေ့အုတ်ဂူလေးကို သန့်ရှင်းပေးပြီး ပန်းစည်းလေးတင်ပေးလိုက်တော့ လိပ်ပြာဖြူလေးတစ်ကောင် ကိုယ်ပေါ်တစ်ချက်လာဝဲပြီး အနောက်ဘက်ကိုပျံသွားသည်.. ။ ပျံသွားရာလှည့်ကြည့်မိတော့ လိပ်ပြာကိုမမြင်တော့ လူတစ်ယောက်ကိုမြင်သည်..ကော်ဖီဆိုင်ကလူပင်။ သူ့သားဆီလာတာဖြစ်မည်.. အဖြူရောင်ပန်းစည်းတစ်စည်းကိုင်ကာ ၀မ်းနည်းနေပုံရသည်..။ ကျွန်တော်လက်ပြမိတော့ မြင်သွားပုံရသည် လက်ပြန်ပြသည်..။ သူ့ဆီလျှောက်သွားမိတော့ ပန်းစည်းလေးအသာချကာ ကျွန်တော့်ဘက်လျှောက်လာပြီး..
“အဖေ့ဆီလာတာထင်တယ်..”
“ဟုတ်ပါတယ်..” ကျွန်တော် လက်အသာလွှဲပြလိုက်သည်...။ အရိုအသေပေးဖို့ဖြစ်ဟန်တူသည်.. အဖေ့အုတ်ဂူဆီ သူလျှောက်သွားသည်..။ အပြန်အလှန်ဆိုသလို ကျွန်တော်လည်း သူ့သားကျောက်တိုင်လေးရှိရာသွားပြီး အရိုအသေပေးမိသည်..။ ကဗျည်းထိုးထားတာကို ဖတ်မိတော့ အတွေးတွေဆူဝေသွားသည်...ရန်ခုန်နှုန်းလည်းမြန်လာသည်..။ ကျွန်တော့်နာမည်သည် ကျောက်တိုင်လေးပေါ်မှာ ရှင်းရှင်းလေးနှင့် ထင်းနေသည်..။ အံ့သြမှုတွေ သိလိုစိတ်တွေ ရင်မှာဗလောင်ဆူနေပြီ.........။ ကော်ဖီဆိုင်ကလူကိုလည်းကြည့်မိတော့ ကျွန်တော့်ကို ငေးမောကြည့်နေသည်...။ ထို့နောက်..
ထို့နောက်..
....ထို့နောက်..
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်မိသည်.... ၂ မိနစ် ၄ မိနစ် ၅ မိနစ် အချိန်တွေကြာသွားသည်.. ခံစားမှုတို့ကကြီးစိုးလာတော့ မျက်ရည်တို့သည် စီးကျလေပြီ..အချိန်အပိုင်းအခြားတို့ လွင့်စင်ပျောက်ကွယ်ခဲ့ပြီ........။ ထိုရက်က တိမ်အမှောင်တွေဖုံးနေခဲ့သော ကောင်းကင်သည်.... အမှန်တကယ်ပင်ကြည်လင်ပြာစင်ခဲ့သည်.............................။

Monday, March 30, 2009

မမေ့နိုင်မိုး(၄)

စိုင်းတို့မြို့ကလေးသည် တောင်တွေဝိုင်းနေသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ အရှေ့ဘက်မှာ ညို့မှိုင်းမှိုင်းတောင်တန်းကြီးတွေကာဆီးထားသည် တောင်ခြေတွေမှာထင်ရူးတောအုပ်ကလေးများရှိသည်။ အနောက်ဘက်မှာက ချောက်ကမ်းပါးကြီး အဝေးကိုမျှော်ကြည့်လျှင် မှုန်ရီရီဖြစ်နေတဲ့ရှမ်းတောင်တန်းကြီးတွေကိုမြင်ရသည်။ မြို့မှာကတစ်ထပ်အိမ်ပုလေးတွေနှင့် နှစ်ထပ်အိမ်တွေသာများသည်.. လမ်းတော်တော်များများဖြောင့်ဖြူးပြီး အမှိုက်သရိုက်ကင်းသည်။ ခြုံပြောရရင် အဆင်ပြေနေချင်ဖွယ်ကောင်းသော တောင်ပေါ်မြို့လေးဖြစ်သည်။

“သားရေ .. ပန်းပင်တွေရေလောင်းပြီးပြီလား ထမင်းစားရအောင်”
“လာပြီ.. မေ”
“အိမ်ထဲမ၀င်ခင် ခြေတွေလက်တွေအရင်ဆေးဦး”
“အမလေး အေးလိုက်တဲ့ရေ.. မြန်မြန်လုပ်မှ”
စိုင်းမေမေပြင်ထားသော ထမင်းစားပွဲသည် စားချင်ဖွယ် မွှေးကြိုင်နေသည်။ စိုင်းကြိုက်သောဟင်းများမို့ များများစားလိုက်ဦးမည်ဟု အားခဲထားသည်။ မေ့ကိုဦးချပြီးတာနဲ့ အားရပါးရစားတော့သည်.. ဗိုက်လည်းအတော်ဆာနေသကိုး။
“သားဖြည်းဖြည်းစား နင်နေဦးမယ်”
“ဟုတ်ကဲ့”
“သားဖေဖေက နောက်နှစ်ရက်လောက်နေမှ ပြန်ရောက်မယ်တဲ့ .. နေ့လည်ကဖုန်းဆက်တယ်”
“ဖေဖေအလုပ်တွေများနေလားမေ..”
“သိပ်တော့မများဘူးတဲ့ ပစ္စည်းတွေမရောက်သေးလို့ စောင့်နေရတယ်ပြောတာဘဲ”
“ဟီးပြန်လာမှ မုန့်ဖိုးတောင်းရမယ်”
“ဟင်း ဒီကောင်လေး ဒါမျိုးကျတော့တတ်တယ်.. စားစား ၀အောင်စားနော် ပြီးမှ ဗိုက်ဆာတယ်ထပ်လုပ်မနေနဲ့”
ပါးစပ်ထဲမှာပြည့်နေတာမို့ မေ့ကိုခေါင်းသာငြိမ့်ပြနိုင်သည်..။


ဒီရက်ပိုင်းနည်းနည်းအေးသည်.. စောင်လေးခြုံပြီးကွေးနေရရင်ကောင်းမှာဘဲဟုတွေးကာ စိုင်းစောစောအိပ်ရာဝင်ဖြစ်သည်။ သို့သော် တော်တော်နှင့်အိပ်မပျော်.. ဟိုလှည့်ဒီလှည့်ဖြင့် မျက်စိကြောင်နေသည်။ အိပ်မပျော်တော့ စိတ်ကရောက်တတ်ရာရာတွေးတော့သည်။
“မနက်ဖြန်ကျောင်းရောက်ရင်တော့ ပြည့်ဖြိုးဆီက ငါချေးထားတဲ့ပိုက်ဆံ ၅၀၀ ပြန်တောင်းရအုံးမယ်.. ဒီကောင်မေ့ချင်ယောင်ဆောင်နေလားမသိဘူး”
“ဟိဟိ ဇော်မင်းကိုတော့ ခုံရှေ့ကဂွက်ထော်မလေးနဲ့ စအုံးမှ”
စိုင်းတစ်ယောက်တည်းအတွေးတွေပွားနေသည်။ တွေးရင်းတွေးရင်း အတွေးထဲမှာ ပြတင်းပေါက်လေးတစ်ခုပေါ်လာသည်..။ ပြတင်းပေါက်အောက်မှာ စာရေးစားပွဲတစ်ခု နေရောင်ဖြာကျနေသည်။ မိန်းကလေးတစ်ယောက်မေးလေးထောက်လို့ အသာအယာထိုင်နေသည်..။ ဒါမေနှင်းဖြစ်မည်.. .. အနားသွားလို့နာမည်ခေါ်လိုက်တော့ အဖြူရောင်အလင်းမှုန်လေးတွေ ပြန့်ကျဲသွားသည်..။ စိုင်းအိပ်ရာမှနိုးလာသည်..... အိပ်မက်မက်နေတာဘဲ။ နာရီကြည့်တော့ ၆နာရီခွဲ.. မျက်နှာသစ်သွားတိုက် ပြီးတော့ကျောင်းလွယ်အိတ်ကိုပြင်သည်။


ကျောင်းရောက်တော့ ဇော်မင်းနဲ့တစ်ခြားသူငယ်ချင်းတွေကျောင်းသန့်ရှင်းရေး.. တံမြက်စည်းလှည်း အမှိုက်ကောက်နေကြသည်။ ဒီနေ့အစိမ်းအသင်းအလှည့်ပေကိုး.. နက်ဖြန်တော့ စိုင်းတို့အနီအသင်းအလှည့်ဖြစ်သည်။ ပိတောက်ပင်ကြီးအောက်ကိုကြည့်လိုက်တော့ စိုင်းတို့အတန်းထဲက မာလာနှင့် နန်းသီတာတို့ စကားများနေကြသည်...။ သူတို့ဘေးမှာထိုင်နေတာက မေနှင်း .. ဟိုနှစ်ယောက်ပြောတာကိုစိတ်ဝင်တစားနားထောင်နေသည်။ သူတို့နားစိုင်းရောက်သွားတော့
“ဟဲ့တိုးတိုး ဟိုမှာလူလာနေပြီ” နန်းသီတာကပြောသည်။
“ဒီတစ်ယောက်ကလဲ ဒီမှာပြောလို့မပြီးသေးပါဘူးဆိုနေမှ”
စိုင်းက “နင်တို့တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေတာလဲ ငါဘယ်လောက်တော်ကြောင်းတွေလား”
“ဟုတ်မယ်အားကြီးကြီး နင့်မကောင်းကြောင်းတွေပြောနေတာ .. အယ် ဟုတ်ဘူး ဟုတ်ဘူး..ဟီးဟီး”
မာလာကအရပ်ပုပုနှင့်စကားများသည်.. အတန်းထဲမှာစကားအပြောဆုံးသူဆိုရင် မာလာကဗိုလ်ဆွဲလိမ့်မည်။ နန်းသီတာကအေးသည် အေးပင်အေးသော်ငြားလည်း မာလာပြောသမျှကိုတော့အမာခံ အားပေးအားမြှောက်ပြုသည်။ သူတို့နှစ်ယောက်ပေါင်းစက်သေနတ်ပစ်လျှင် ဆရာမတောင်မနည်းပြောယူရသည်။
စိုင်းက “မေနှင်း သူတို့ပြောတာတွေလျှောက်မယုံနဲ့နော်... အကောင်းတစ်ခုမှမပါဘူး သိလား”
မေနှင်းပြုံးသည်.. စိုင်းစိတ်ထဲမှာပျော်သွားသလို..။
“ဟုတ်ပါဘူး ငါတို့ကကျောင်းရဲ့ အစဉ်အလာလေးတွေပြောပြနေတာပါ.. သွားငစိုင်း နင်နဲ့မဆိုင်ဘူး”
“နေပါအုံး နင်ကမေနှင်းကို ဘယ်လိုလုပ်သိတာလဲ.. ကျောင်းတက်တာမှ တစ်ရက်ဘဲရှိသေးတယ်”
မာလာက “အေးလေ ငစိုင်းနှယ် သွက်ချက်ကကမ်းကုန်”
“ဟာ ဒီလိုပါ..”
“ဟိုလိုလိုဒီလိုလိုတွေလုပ်မနေနဲ့ မှန်မှန်ပြော.. မပြောလို့ကတော့နော်.. သိတယ်မလား”
“၀ါးဟားဟား....ဟား.....!!!”
“အံမလေး ဘုရားကြီးကယ်တော်မူပါ..” မာလာကအာပြဲနှင့်အော်ပြီးထွက်ပြေးသွားသည်..။
ပြည့်ဖြိုးတစ်ယောက် သစ်ပင်နောက်ကနေပုန်းနေပြီး ခြောက်လိုက်ခြင်းဖြစ်သည်..။ စိုင်းကတော့ရိုးနေပြီမို့ မလန့်တော့...။
နန်းသီတာက ကြောက်လို့မေနှင်းကိုဖက်ထားသည်..။ ခဏကြာတော့မာလာပြန်ရောက်လာသည်..။
“ပြည့်ဖြိုးစုတ်.. နင်လည်းသေမယ်.. နင့်အမေနဲ့ကိုတိုင်မှာ..”
ပြည့်ဖြိုးက တဟားဟားနှင့်ရယ်လို့မပြီးသေး .. မေနှင်းကတခိခိရယ်နေသည်... နန်းသီတာကမျက်နှာကြီးပုပ်လို့။ မာလာက “တော်တော့ မရီနဲ့တော့လို့ဆိုနေ..”လို့ပြောရုံရှိသေး ကျောင်းတက်ခေါင်းလောင်းထိုးသည်။ အတန်းထဲရောက်သည်အထိ မာလာနှင့်နန်းသီတာက ပြည့်ဖြိုးကိုမျက်စောင်းတခဲခဲနှင့်..။

“သီဟ”
“ရှိပါတယ်ခင်ဗျ”
“နန္ဒာအေး”
“ရှိပါတယ်ရှင့်”
“မေနှင်းမိုး”
“ရှိပါတယ်ရှင်”
ဆရာမနာမည်ခေါ်တော့မှ သူ့နာမည်အပြည့်အစုံက မေနှင်းမိုးတဲ့.. မိန်းကလေးဆန်သောနာမည်ကလေး။ “ရှိပါတယ်ရှင့်” အစား “ရှိပါတယ်ရှင်” လို့ထူးလိုက်ပုံလေးကတစ်မျိုးနားထောင်လို့ကောင်းနေသည်။ စိုင်းကြာကြာမတွေးနိုင် ဆရာမကစာစသင်ပြီ..။ ပထမတစ်ပုဒ်ကို ကျော်ကာ ကဗျာဒုတိယအပုဒ်ကိုစသင်သည်..။ ကဗျာနာမည်လေးက The Arrow and the Song တဲ့.. နာမည်ကြီးကဗျာဆရာကြီး Henry Wadsworth Longfellow ကရေးခဲ့သည်ဆိုဘဲ.. ။
“I breathed a song into the air,
It fell to earth, I knew not where;
..................
..............................”
ကဗျာလေးကရွတ်လို့ကောင်းသည်..။ ဆရာမက စကားပြေပြန်ပေးတော့ပိုလို့ အဓိပ္ပာယ်ပြည့်စုံသွားသည်ဟုထင်ရသည်။ ကဗျာအနှစ်ချုပ်ကလေးက ကဗျာဆရာကမြားတစ်စင်းကိုပစ်လွှတ်လိုက်တော့ လွှတ်ကနဲ့ထွက်သွားလိုက်တာများ ဘယ်နေရာကိုကျသွားလဲဆိုတာကို မမြင်မိဘူး။ ကဗျာဆရာကပဲ သီချင်းတစ်ပုဒ်ကိုဆိုညည်းမိပြန်သည်.. သီချင်းသံစဉ်လေးလွင့်ပျံ့သွားလိုက်တာများ ဘယ်ဆီရောက်လည်းတောင်မသိတော့ဘူး..။ အချိန်တွေကြာလာတဲ့တစ်နေ့မှာတော့ ကဗျာဆရာပစ်လိုက်တဲ့မြားကို ၀က်သစ်ချပင်အသားထဲမှာ မကျိုးမပဲ့ဘဲပြန်တွေ့သလို ဆိုညည်းခဲ့တဲ့သီချင်းကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့နှလုံးသားကနေ အစအဆုံးပြန်ကြားရလေတယ်တဲ့..။ ကဗျာအနှစ်ချုပ်လေးနားထောင်ပြီးတော့ စိုင်းရင်ထဲမှာစွဲသွားသည်.. ကဗျာလေးကိုကြိုက်သည်။ မေနှင်းကိုတိတ်တိတ်ခိုးကြည့်မိသေးသည်.. သူစာရေးနေသည်.. ကဗျာလေးကူးရေးနေသည်..။ ဘေးမှာ မာလာနှင့်နန်းသီတာ စကားတွတ်ထိုးနေသည်... တစ်ခုခုအဝေမတည့်ပုံရသည်..စိုင်းပြုံးမိသည်..။

ဒီမနက်စိုင်းကျောင်းကို လေးဆယ့်ငါးမိနစ်လောက်စောထွက်လာသည်.. ဒီနေ့အနီအသင်းနေ့။ ကျောင်းမှာ ဘုရားပန်းတင် သောက်တော်ရေလဲ၊ သန့်ရှင်းရေး အားလုံးလုပ်ရမည်..။ မနက်စောစောထပြီး မေ့ကိုခွင့်တောင်းကာ ဘုရားပန်းအတွက် နှင်းဆီပန်းအလှဆုံးသုံးပွင့်ခူးလာခဲ့သည်။ ကျောင်းပေါက်ဝရောက်တော့ လူရှင်းနေသည်.. ကျောင်းစောင့်ကြီးသာတွေ့ရသည်..။ အတန်းရှေ့ရောက်တော့ တစ်စုံတစ်ယောက်တံမြက်စည်းလှည်းနေတာကိုတွေ့သည်...။
“မေနှင်း တံမြက်စည်းလှည်းနေတာလား.. တစ်ယောက်တည်းလား”
စိုင်းခေါ်လိုက်တော့ သူတစ်ချက်တုန်သွားသည်။
“ဟင် စိုင်းခမ်း လန့်လိုက်တာ”
“အစောကြီးဘဲရှိသေးတယ် မေနှင်းမိုးရဲ့” စိုင်း သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည်။
“မေနှင်းခုလေးတင်ဘဲရောက်တာ.. စိုင်းလည်းစောတာဘဲ”
စိုင်းသတိထားမိတော့ မေနှင်းမိုးနဖူးမှာချွေးလေးစို့နေသည်..။
“ဟယ်ပန်းတွေလှတယ်နော်.. ဘုရားတင်ဖို့လားဟင်”
“ဟုတ်တယ်.. စိုင်းခြံထဲကခူးလာတာလေ..”
“ဟုတ်လား ဒါဆိုစိုင်းတို့အိမ်မှာ ပန်းခြံရှိတယ်ပေါ့..”
“အင်း မေမေကပန်းစိုက်တာဝါသနာပါတယ်လေ.. စိုက်ထားတာတော့အစုံဘဲ နှင်းဆီတွေကတော့ တော်တော်များများစိုက်ထားတယ်”
“အရမ်းလှမှာဘဲနော်.... ပန်းခြံလေးနဲ့ဆိုတော့”
“မေနှင်းနောက် မာလာတို့ နန်းသီတာတို့နဲ့လာလည်ပေါ့.. ဇော်မင်း၊ ပြည့်ဖြိုးနဲ့ သူတို့ကလာလည်နေကျ”
“ကျေးဇူးဘဲ မှတ်ထားပါ့မယ်”
“မေနှင်းထားလေ စိုင်းလုပ်လိုက်မယ်.. တစ်တန်းပဲပြီးသေးတာမဟုတ်လား..ရော့ဘုရားပန်းလေးတွေ ရေဆေးပြီးပန်းအိုးထိုးလိုက်ပါလား..”
“ဒါဆိုသွားလိုက်အုံးမယ်..”


စိုင်းအမှိုက်ကျုံးတံမြက်စည်းလှည်းပြီးတော့ မေနှင်းလည်းဘုရားပန်းတင်လို့ပြီးပြီ။ အခန်းဝရောက်တော့
“စိုင်းရလား မေနှင်းအမှိုက်တွေသွားသွန်ပေးမယ်..”
“ရတယ် နေပါစေ”
“ပေးပါ.. သွန်ပေးမယ်”
ရုတ်တရက်အပြင်ဘက်လေပြင်းတိုက်လာသည်...။ လေအရှိန်ကြောင့် တုံးမခုထားသောအခန်းတံခါးကြီးအရှိန်နှင့်ပိတ်လာသည်..
“မေနှင်းမိုး သတိထား..!”
“ဟင်..”
တံခါးကမေနှင်းကိုသွားရိုက်သည်.. အရှိန်နဲ့မို့ ခန္ဓာကိုယ်လေး စိုင်းဘက်ယိုင်ကျလာသည်။ မထင်မှတ်ထားတာမို့ စိုင်းလဲဟန်ချက်ပျက်ကာ မေနှင်းကိုမထိန်းနိုင်ဘဲလဲသွားသည်။ စိုင်းရုတ်တရက်နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လေးခံစားရသည်.. နောက်မှသတိဝင်လာပြီး အမြန်ထပြီး မေနှင်းကိုပါဆွဲထူရသည်။ မေနှင်းမျက်နှာ ပန်းသွေးရောင်လေးသန်းနေသည်.. စိုင်းလည်းဘာပြောရမှန်းမသိ...။ ထိုနောက်ပိုင်းတစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြတော့။ စိုင်းထင်သည်.. ထိုနေ့တစ်နေ့လုံး စိုင်းကိုယ်မှာ မွှေးရနံ့လေးတစ်ခုသင်းနေခဲ့သည်.......။

ဆက်ရန်..(ဟီး ဆက်ရန်လို့ရေးဖို့မေ့တော့မလို့)

Friday, March 27, 2009

မမေ့နိုင်မိုး (၃)

စိုင်းဘယ်လောက်များငေးနေသည်မသိ ထိုမိန်းကလေးကပြန်ကြည့်နေတာတောင်သတိမထားမိ..။
“ဟေ့ကောင် ဘယ်ငေးနေတာလဲ.. ဒီမှာ အသင်းခွဲမလို့..”
“မဲလိပ်တွေလာလုပ်ပေးအုံး.. ငါတစ်ယောက်တည်းလုပ်နေရတာ..”
ပြည့်ဖြိုးလာပြောတော့မှ စိုင်းသတိဝင်လာသည်... ပြီးတော့ ဟိုမိန်းကလေးကစိုင်းကို ပြန်ကြည့်နေသည်.. သူမျက်နှာပူသွားသည်..။
“ဟမ်.. ဘာပြောတာလဲ.. ပြန်ပြော”
“ဒီမှာအသင်းခွဲမလို့ လာကူလို့ပြောနေတာ.. မကြားဘူးလား..”
“အေးအေး..ကြားပါတယ်ကွ”
မဲလိပ်အားလုံး ၄၀.. အ၀ါ၊အစိမ်း၊အနီ နှင့်အပြာ တစ်သင်းကို ၁၀လိပ်စီ.. အုပ်ဆောင်းလေးထဲထည့်ထားသည်.. ။ ဒါကသူတို့နှစ်စဉ် လုပ်နေကအစဉ်အလာ.. အသင်းတွေဖွဲ့ပြီး ကျောင်းနှင့်အတန်း ဝေယျာဝစ္စတွေ ခွဲဝေလုပ်ကိုင်ကြသည်..။ ခဏကြာတော့ ပြည့်ဖြိုးကအတန်းလှည့်ပြီး မဲနှိုက်ခိုင်းသည်..။
“ဒီနှစ်တော့ အ၀ါအသင်းတဲ့.. ”
“ဟယ် ငါအစိမ်းအသင်းကျတယ်ဟဲ့ . .. အရင်အသင်းအတိုင်းဘဲ”
တစ်ယောက်ပြီးတစ်ယောက်သွားနေရင်း စိုင်းငေးမိတဲ့မိန်းကလေးအလှည့်အရောက် ပြည့်ဖြိုးနားမသိမသာကပ်မိသွားသည်.. ။ သူဘယ်အသင်းကျလဲဆိုတာကိုသိချင်တာကိုး.. တဆက်တည်းသူနဲ့အသင်းတူတူကျရင်ကောင်းမယ်လို့တွေးမိသည်..။


သူမဲလိပ်ကိုစယူတော့ လက်ကလေးတွေနူးညံ့နေတာကို စိုင်းသတိထားမိသည်..။ အသာဖြည်ပြီး ကြည့်လိုက်သည်.. ပြီးတော့ပြုံးရုံသာပြုံးသည်..။ ပြည့်ဖြိုးကတော့ ကျန်တဲ့သူတွေဘက်ထွက်သွားသည်..။ စိုင်းမနေနိုင်...
“ဘာအသင်းကျလဲဟင်..”
“အနီအသင်းပါ...............”
“သြော်..”
“ ခုနကကြည့်နေတာလားဟင်”
စိုင်းနည်းနည်းရှက်သွားသည်..။
“ဆောရီးနော် မရည်ရွယ်ပါဘူး.. ကျွန်တော့်နာမည်စိုင်းခမ်းပါ..”
တောင်းပန်တာကို အခွင့်ကောင်းယူပြီး စိုင်းသူ့ကိုယ်သူမိတ်ဆက်လိုက်သည်..။
“မေနှင်းပါ... ဒီနှစ်မှကျောင်းပြောင်းလာတာပါ”
“ခင်လို့ရတယ်မလား.. အကူအညီလိုရင်ပြောနော်”
“ဟုတ်ကဲ့ သူငယ်ချင်းလည်းမရသေးပါဘူး.. ခုတော့ တစ်ယောက်ရပြီ”
“ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်တိုးတာပေါ့.. သွားလိုက်အုံးမယ်.. မဲနှိုက်ဖို့ကျန်သေးလို့.”
အသာအယာသာခေါင်းငြိမ့်ပြသည်..။ မေနှင်းတဲ့လား.. အနီအသင်းတဲ့ ငါလည်းအနီအသင်းကျရင်ကောင်းမယ်.. မဆီမဆိုင်စိုင်းတစ်ယောက်အတွေးပွားနေသည်..။
“ရော့မင်းအလှည့် ဘယ်ရောက်နေလဲ ဒီမှာနှစ်လိပ်ဘဲကျန်တော့တယ်.. မြန်မြန်”
သူရင်ခုန်လာသည်.. အနီအသင်းမှကျန်သေးရဲ့လားမသိဘူး.. ဘယ်တစ်လိပ်ကိုရွေးရင်ကောင်းမလဲ..။
“ဟေး အနီအသင်းတဲ့”
ဇော်မင်းက “ဟေ့ကောင်ဘာဖြစ်တာလဲ ဒါထူးဆန်းတာလည်းမဟုတ်ဘဲနဲ့”
“အေးလေ .. ပြီးတော့ဒီကောင်ဒီနေ့မူမမှန်ဘူး.. မှန်းစမ်း ဆေးသောက်ခဲ့ရဲ့လား”
“သောက်တာမှ လှုပ်ပြီး ခွက်နဲ့ကိုသေချာထည့်ပြီးသောက်လာတာ.. ”
“ဒါအသာထား မင်းကိုအတန်းထဲကလူတွေဝိုင်းကြည့်နေပြီ.. ”
ဟုတ်တော့ဟုတ်သည်.. မသိမသာနေလိုက်ရသည်..။ မေနှင်းကိုကြည့်မိတော့ ပြုံးနေသယောင်။

ပထမဆုံးကျောင်းတက်ရက်ကတော့ ခါတိုင်းနှစ်တွေနဲ့မတူ.. ပျော်သလို၊စိတ်လှုပ်ရှားစရာကောင်းသလိုရှိသည်..။ အရင်နှစ်တွေကတော့ စာလည်းမသင်ဒီလိုနဲ့ စကားများလိုက် စာအုပ်ကောက်ကိုင်လိုက်နဲ့ပဲအချိန်ကုန်သွားသည်..။ ဒီနေ့တော့အချိန်ကုန်မြန်လိုက်တာ.. စိုင်းတစ်ယောက်အိမ်အပြန်လမ်းလျှောက်ရင်းတွေးနေသည်..။ မေနှင်းတဲ့ ဖြူစင်ရှင်းသန့်နေတာဘဲ.. စကားပြောပုံလေးကလည်းတစ်မျိုးလေး ..အင်း......
“ပွမ် ပွမ်.. ”
“ဟာဒီကားကလည်းတစ်မှောက်. တွေးနေတာတောင်ဘယ်ရောက်သွားလဲမသိဘူး..”
ဒီလိုနဲ့အိမ်ရှေ့ရောက်လာသည်.. အိမ်ထဲဝင်လိုက်တော့ဟင်းနံ့တွေမွှေးနေသည်.. ။ မေမေတော့ဟင်းချက်နေပြီထင်တယ်.. ဘာဟင်းလဲမသိဘူးသွားကြည့်လိုက်အုံးမယ်..။
“မေ...”
“သားပြန်ရောက်ပြီလား.. အသံတော့ကြားသားဘဲ..”
“ကြက်သားဟင်းလားမေ..”
“သားအကြိုက်လေ.. ဟွန်း သားအကြိုက်ဆိုအမေကအကုန်သိ.. အကုန်လုပ်ပေး”
“မေကလဲ ဘာလုပ်ပေးရမလဲ..”
“သွား အ၀တ်အစားသွားလဲ.. ပြီးရင် ခြံထဲကပန်းပင်တွေရေလောင်းလိုက်အုံးသား..”
“ဟုတ်ကဲ့မေ.. ပဲပုပ်စေ့ကြော်ကော..”
“အမလေး မပူနဲ့လုပ်ထားတယ်.. စားခါနီးမှပြန်နွှေးပေးမယ်”

အ၀တ်အစားလဲပြီး တော့စိုင်းပန်းခြံလေးထဲဝင်သွားသည်..။ ပန်းပင်တွေရေလောင်းရတာလည်းစိုင်းပျော်သည်.. ရေကိုသေချာမလောင်း ပက်ချင်ရာပက်လို့ရသည်..။ ကြာတော့လည်း အပင်တွေအကုန်လုံးရေလောင်းပြီးသားဖြစ်သွားသည်..။ နှင်းဆီခင်းထဲရောက်တော့ အပွင့်အဖူးလေးတွေနဲ့ လှပနေသည်...။ ဒီနေ့မှထူးထူးဆန်းဆန်း ပွင့်နိုးပွင့်နိုးဖြင့်စိုင်းစောင့်နေခဲ့တဲ့ နှင်းဆီဖူးလေးမှ အဖြူဆွတ်ဆွတ်နှင်းဆီတစ်ပွင့်ပွင့်နေသည်..။ သေချာကြည့်တော့ အဖြူမှာ အနီရောင်အနားသတ်လေးတွေနဲ့ဘဲ..။ နှင်းဆီရောင်စုံထဲတွင် အဖြူလေးတစ်ပွင့်သည်.. ပေါ်လွင်လှပနေသည်..။ တောင်တွေဆီမှာကမြူတွေဆိုင်းနေသည်.. ပန်းကလေးဖြူဖြူကိုကြည့်ပြီးစိုင်းရင်ထဲမှာ ဟာသွားသလို..။

ဆက်ရန်

Monday, March 23, 2009

မမေ့နိုင်မိုး (၂)

လမ်းတစ်လျှောက်မှာ စိုင်းတွေ့တာအမျာဆုံးကတော့ ဖြူစိမ်းဝတ်ထားတဲ့ကျောင်းသားကျောင်းသူတွေပါဘဲ..။ စိုင်းနဲ့ ရွယ်တူကျောင်းသားတွေ၊ နည်းနည်းငယ်ပုံရမယ့် ကျောင်းသူတွေ ၊ အင်္ကျီမှာ လက်ကိုင်ပုဝါလေးချိတ်နဲ့ ချိတ်လို့ မိဘလက်ကိုတွဲလာတဲ့သူငယ်တန်းကလေးတွေ အားလုံးကျောင်းတစ်ဝိုက်မှာတွေ့ရသည်..။ ကျောင်းထဲဝင်လိုက်တော့ ကျောင်းသားဆိုသည့်အသိစိတ်သည် စိုင်းအဖို့ပိုပီပြင်လာသည်.....။ ကျောင်းက ၉ နာရီတက်မည်.. ခုမ ၈ နာရီခွဲ .. စောသေးသည့်အတွက် သူငယ်ချင်းတွေတွေ့လိုငြား မုန့်စားတန်းဘက် ခြေဦးလှည့်လိုက်သည်..။ ဟောတွေ့ပါလေပြီ.. စိုင်းအခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဇော်မင်းနဲ့ ပြည့်ဖြိုး မုန့်ဟင်းခါးဆိုင်မှာထိုင်စားနေသည်..။ ခုံတစ်လုံးဆွဲထိုင်လိုက်တော့ ပြည့်ဖြိုးက
“ဟေ့ရောင် မင်းစောလှချည်လား...”
“အေးလေ.. ” ဇော်မင်းက၀င်ထောက်သည်။
“မင်းတို့လည်းစောတာဘဲ.. ငါတစ်ယောက်တည်းမဟုတ်ဘူး”
“ငါကမနက်စာမစားရသေးဘူး ဒါကြောင့်စောစောလာတာ. .. ရောက်တော့ ဟိုကောင် ဇော်မင်းလည်းရောက်နေရော..”
“စားအုံးလေ.. စားပြီးပြီလား..”
“ငါစားခဲ့ပြီ..”
“ကောင်းပါ့ ကောင်းပါ့..”
“အင်းပါ ထားပါတော့ .. ကျောင်းတောင်ပြန်ဖွင့်ပြီ.. ဒီနှစ်တော့စာတွေများမယ်...”
“ဟုတ်တယ်.. ဘာလိုလိုနဲ့ဆယ်တန်းတောင်ရောက်လာပြီ စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကလိုဘဲ” ဇော်မင်းကတွေးတွေးဆဆပြောသည်..။
“ဟုတ်တယ်.. အထက်တန်းပြီးရင်ကွဲချင်ကွဲသွားကြမှာ ဒီနှစ်ကနောက်ဆုံးတွေ့ရတဲ့ နှစ်လည်းဖြစ်ချင်ဖြစ်နိုင်တယ်.. ” လို့ပြည့်ဖြိုးကရုတ်တရက် ပြောတော့ အားလုံးနှုတ်ဆိတ်သွားသည်..။
စိုင်းက “ခုမှနှစ်စဘဲရှိသေးတယ်.. ကွဲမဲ့ကွဲပေါ့.. တစ်နှစ်လုံးပျော်ပျော်ရွှင်ရွှင်နေလို့ရသေးတယ်.. ဒါတွေဘာလို့တွေးနေမှာလဲ..... ခဏနေကျောင်းတက်တော့မယ်. မြန်မြန်စား..”
“ဟုတ်တယ်ဒီမှာမုန့်ဟင်းခါးတွေ အေးကုန်ပြီ.. ပြည့်ဖြိုးစားစား..”
ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်းသံမြည်လာသည်.....။

ပြည့်ဖြိုး၊ ဇော်မင်း နဲ့ စိုင်းတို့သုံးယောက်သည်... သူငယ်တန်းကနေစပြီးခင်ခဲ့သောသူငယ်ချင်းတွေဖြစ်သည်..။ နှစ်တိုင်းအခန်းလည်းတူသည်.. တစ်ယောက်နဲ့တစ်ယောက်အတိုင်အဖောက်ညီသည်.. ကူညီရိုင်းပင်းသည်.. အဖြူဆိုရင်လိုက်ဖြူ.. အမည်းဆိုရင်လိုက်မည်းတတ်သော သူငယ်ချင်းသုံးယောက်..။ ဆိုးအတူ ကောင်းအတူသူငယ်ချင်းတွေလို့ ဆိုရင်လည်း မှားမည်မထင်.. တစ်ယောက်အပြစ်တစ်ယောက်ဝိုင်းဖုံးဖိပေးတတ်သေးသည်.။ ဇော်မင်းက အရပ်မနိမ့်မမြင့် အသားဖြူဖြူ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းသည်..။ ပြည့်ဖြိုးက အသားလတ်လတ်.. ပိန်ပိန် အမြဲပြုံးနေတတ်သည်.. အရပ်ကတော့အတော်လေးမြင့်သည်.. သုံးယောက်ထဲမှာတော့ အမြင့်ဆုံး..။ စိုင်းကတော့ ခန္ဓာကိုယ် ပါးပါးလျလျ အသားဖြူဖြူ..။ စိုင်းသည် အအဆုံး၊ ပြည့်ဖြိုးက စကားအများဆုံး၊ ဇော်မင်းက အတည်ငြိမ်ဆုံးဖြစ်သည်..။ စိုင်းတို့သုံးယောက်သည်.. တက္ကသိုလ်ဝင်တန်းကျောင်းသားကြီးများဖြစ်ကြလေပြီ.. အမှတ်ကောင်းကောင်းနဲ့အောင်နိုင်ဖို့အတွက် လိုရာတက္ကသိုလ်တက်နိုင်ဖို့အတွက်အားသွန်ခွန်စိုက်ကြိုးစား ကြရအုံးမည်......။


နိုင်ငံတော်သီချင်းဆိုပြီးအတန်းထဲရောက်တော့ စိုင်းတို့သုံးယောက် နေရာထိုင်ခုံရွေးကြသည်.. စိုင်းနဲ့ဇော်မင်းနဲ့က တစ်တွဲ ပြည့်ဖြိုးက စိုင်းညာဘက်ခုံတန်းမှာထိုင်သည်..။ စိုင်းတို့အတန်းသည် လူ ၄၀ခန့်ရှိပြီး မိန်းကလေး ယောက်ျားလေးတစ်ဝက်စီဖြစ်သည်..။ ၁၀ တန်းတွင် စိုင်းတို့အတန်းအပါအ၀င် တန်းခွဲ ၅ ခုရှိသည်..။
အတန်းပိုင်ဝင်လာတော့ ကျောင်းသားအားလုံးမတ်တပ်ရပ် နှုတ်ဆက်ကြသည်..။
“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ.. အားလုံးထိုင်ပါ ဆရာမကမင်းတို့ရဲ့ အတန်းပိုင်”
“နာမည်မှတ်ထား ဒေါ်ခင်ဦး”
“မင်းတို့ကို အင်္ဂလိပ်စာသင်မယ်..”
“ဒီနေ့တော့စာမသင်သေးဘူး အချိန်လည်းရမှာမဟုတ်ဘူး အတန်းကိစ္စတွေ လိုတာကို အရင်ပြောထားမယ်”
“xxx xxx xxx ”
ဆရာမက .. မျက်နှာတင်းသည်.. စကားပြောပြတ်သည် အပိုမပြော..လိုတာကိုတာပြောသည်..။
“အချိန်စာရင်းကို သေချာကူးထား......”
“ပြီးတော့ပြောထားအုံးမယ်.မင်းတို့ သမိုင်းဆရာမ ဒေါ်မြတ်ဇင်နဲ့ ဓာတုဗေဒဆရာမ ဒေါ်ဝါ၀ါခိုင်တို့က နက်ဖြန်မှ မွမ်းမံသင်တန်းပြီးမှာဆိုတော့ သန်ဘက်ခါမှ စပြီးအတန်းဝင်လိမ့်မယ် ကြားလား”
“အလိုက်သတိနဲ့ စာကြည့်ထား”
“ဟုတ်ကဲ့ပါ ဆရာမ” ဆရာမစကားဆုံးတော့ တတန်းလုံးပြိုင်တူထွက်လိုက်သည်..။


ဆရာမပြောပြီးထွက်သွားတော့ အတန်းသည်မယုံနိုင်စွာ ကြွက်ကြွက်ညံသွားသည်...။
“ဟဲ့ နင်တို့တွေကျောင်းပိတ်ရက်တစ်ခုလုံး င့ါကိုမေ့ထားကြတယ်ပေါ့လေ..”
“ဟိတ်ကောင် မင်းရည်းစားရနေပြီဆို..xxx”
“အချဉ်ထုတ်ငါ့ကိုပေးအုံးလေ နင်တို့ချည်းစားမနေနဲ့.. ပေးပေး”
“ဟယ်...နင်က ဆံပင်ဖြောင့်လိုက်တော့ ငါ့လောက်နီးနီးလှလာတာပဲ.. ဟီးဟီး.”
“ငါလား ဘာမှမလုပ်ဖြစ်ပါဘူးကွာ.. ခြံသွားပြီးကူလုပ်ပေးနေတာနဲ့ ကျောင်းပိတ်ရက်တွေကုန်ရော”
နှုတ်ဆက်သံ အချင်းချင်းပြန်ပြောသံတွေနဲ့ အတန်းသည် ပွက်လောရိုက်နေသည်...အချဉ်ထုတ်တွေကလည်း တောင်နှင့်မြောက် ပျံနေသည်..။

အေးအေးနေတတ်သောစိုင်းတစ်ယောက် နားဆူလို့ အတန်းအပြင်ဘက်သို့မျက်နှာလွှဲလိုက်သည်..။ အပြင်ဘက်မှနေရောင်ခြည်သည် အတန်းတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့်ဖြာကျနေသည်..။ နေရောက်ကျနေသည့် ခုံတန်းတစ်နေရာတွင် စိုင်းတစ်ခါမှ မမြင်ဖူးသောကျောင်းသူတစ်ယောက်.. မေးထောက်လို့ ပြတင်းပေါက်အပြင်ကိုငေးနေသည်..။ နေရောင်အောင်တွင် ဆင်စွယ်ရောင်အသားက ဖြူဝင်းနေသည်...... ခပ်မြင့်မြင့်စည်းထားသောဆံပင်နက်နက်တို့ က ကျောပေါ်သို့ ပျော့ပျော့ပျောင်းပျောင်းကျနေသည်..။ ကြည်လင်ဖြူစင်သောမျက်နှာလေးကို စိုင်းခဏတာမျှ ငေးမောမိသွားသည်................။

ဆက်ရန်

Friday, March 20, 2009

မမေ့နိုင်မိုး (၁)



ဒေါက်..ဒေါက်..ဒေါက် နှင့်တိုးတိတ်ညင်သာသော ခေါက်သံတို့ကပြတင်းပေါက်ဆီမှလာခဲ့လေသည်။ အသံကြားတော့ သူတစ်ယောက်အပြေးသွားကြည့်မိသည်..။ အပြင်မှာ ဘယ်သူမှမရှိ... သြော် မိုးတွေရွာနေတာကိုး။ တစ်ပေါက်ပေါက်ကျနေသော မိုးစက်တို့ကသာ အရှိန်ပြင်းပြင်းဖြင့် ပြတင်းမှန်ကို လာရောက်ရိုက်ခတ်နေသည်..။ ထိုရိုက်ခတ်ရာမှ ဒေါက် .. ဒေါက်ဟူသော အသံတို့က စည်းချက်မဲ့စွာ ထွက်ပေါ်နေ သည်။ ပြတင်းမှန်ကို ကျော်ကြည့်တော့ ကောင်းကင်သည် ခဲနှစ်ရောင်တို့ဖြင့် ညို့မှိုင်းကာနေသည်..။ မိုးက သည်းသည်းရွာလျက် သစ်ပင်ပန်းမန်တို့ကတော့ မိုးရေနှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်..။ မြေခနေကြသော ရွက်ကြွေတို့သည် ဦးတည်ရာမဲ့လျက်ပင် ရေစီးဧ။်ခေါ်ရာနောက်သို့သာ မျောပါနေကြသည်.....။ ပြတင်းကိုဖွင့်လိုက်သောအခါ မိုးရနံ့တို့က အနားသို့ကွေ့ဝိုက် ပျံ့လွင့်လာသည်...။ မ်ုးပြာရောင်ခန်းဆီးစသည် တချက်တချက်တွင်တော့ သူ့အား အိပ်မက်ဆန်စွာ ရိုက်ခတ်လာသည်...........။

ပျော်ရွှင်မှု ကြေကွဲမှု၊ ၀မ်းနည်းမှု ကြည်နူးမှု ပုံရိပ်တွေသည် မှေးမှိန်ခဲ့ရာမှ တစတစအရာထင်လာကြသည်....။ မေ့ပျောက်လို့နေပြီဖြစ်တဲ့ အဖြစ်တွေသည် သူ့အာရုံကို ကြီးစိုးလာကြသည်....။ လေအဝေ့၀ယ် ထိန်းသိမ်းထားသော စိတ်တွေသည် ... သော့ခတ်သိမ်းဆည်းထားသော ဆွတ်ပျံ့ဖွယ်အတိတ်ဆီသို့သာ.....။ ရီဝေနေသော မျက်ဝန်းတစ်စုံမှ စီးဆင်းလာသော မိုးတစ်စက်သည်.. သူ့လက်ပေါ်သို့ ညင်သာစွာကျဆင်းသွားသည်။ တစ်စက္ကန့် . နှစ်စက္ကန့် .. သုံးစက္ကန့် ... စက္ကန့်ရာပေါင်းများစွာ.......................။ မိုးလည်းတဖြေးဖြေးစဲလာသည်.... သူ့မျက်နှာသည် ခံစားမှုတွေနှင့်ေ၀၀ါးလျက်...........။ တိမ်ညိုတို့ အဝေးကမှိုင်းမှုန်မှုန် တောင်ပြာတန်းတွင် နားခိုလို့နေဆဲ.... ထင်ရူးတို့သည်လည်း မိုးပုလဲသီးကလေးများနှင့် လှပနေသည်..။ ခန်းဆီးစသည် ပျော့ပျော့ပျောင်းပျောင်းတိုက်ခတ်လို့နေဆဲ..... ထိုအချိန်အခန်းတွင်းမှာတော့ ဆွတ်ပျံ့အလွမ်းတို့သည်... ပျံ့နှံ့လွင့်ပြယ်လျက်............။ အာရုံတွင် အတိတ်၏ပုံရိပ်များက တဖြည်းဖြည်းအရာထင်လာသည်။




ဒီကနေ့ နံနက် စိုင်းတစ်ယောက် လန်းလန်းဆန်းဆန်းနှင့် အစောကြီးနိုးလာသည်.. ညကနှစ်ခြိုက်စွာအိပ်ပျော်ခဲ့သည်ထင်..။နာရီကြည့်တော့ ၆:၀၀.. စောစောနိုးသော်လည်း အိပ်ယာထဲကမထွက်ချင်.. အပြင်ဘက်ကချမ်းအေးတဲ့ရာသီဥတုကြောင့် ဂွမ်းကပ်နွေးနွေးထဲမှာ ကွေးနေရသည့်အရသာက ဘာနှင့်မှမလဲချင်..။ ခဏတော့ ထပြီး ပြတင်းပေါက်ခန်းဆီးကိုတော့ဖွင့်ကြည့်လိုက်သည်။ စိုင်းတို့ခြံထဲမှာ နေရောင်မလင်းတလင်းတွင် မြူတွေပိတ်နေအောင်ကျနေသည်.. ဒီလိုနံနက်ခင်းဆိုရင်တော့ စိုင်းသဘောကျပါသည်.. မေမေနဲ့အတူခြံထဲလမ်းထွက်လျှောက်လေ့ရှိသောကြောင့်ပင်..။ ထပ်မကွေးနိုင်အားတော့ ကိုယ်လက်သန့်စင်ပြီး အနွေးထည်ပါးပါးတစ်ထည်ထပ်ဝတ်လို့ အောက်ထပ်သို့အပြေးဆင်းသွားသည်..။

အိမ်တံခါးဖွင့်လို့ အပြင်ထွက်လိုက်တော့ အေးမြလတ်ဆတ်တဲ့တောင်ပေါ်လေက စိုင်းကိုဆီးကြိုသည်..။ မေမေ့ကိုလိုက်ရှာတော့ မြူတွေကြားကနှင်းဆီခင်းလေးထဲမှာ မေမေတစ်ယောက်ကတ်ကြေးတစ်လက်နှင့် အလုပ်များနေသည်...။ စိုင်းကမေမေ့ကို “မေ”လို့သာ တစ်လုံးတည်းခေါ်သည်။ အနားတိုးတိုးကပ်လို့ သွားပြီး အနောက်ကနေဖက်လိုက်တော့ မေလန့်သွားသည်...။
“ဟဲ့.. သားလား......ထင်သားပဲ”
“မေဘာလုပ်နေတာလဲ..”
“နှင်းဆီပန်းတွေပွင့်လို့ ဘုရားတင်ဖို့ခူးနေတာ ..သား.”.. “လှလိုက်တာမှ အပွင့်ကြီးကြီး အရောင်စုံဘဲ”
စိုင်းက မေ့မေ့ကိုတင်းတင်းဖက်ထားဆဲ........ မေ့မေ့ကိုကြည့်ရတာရွှင်လန်းနေသည်.. ခေါင်းပေါ်မှာလည်း နှင်းစက်တွေနဲ့......။
“ဟဲ့ကောင်လေး လွှတ်အုံး.. ကူလုပ်ပေးမယ်တော့မရှိဘူး..”
“ဘာလုပ်ပေးရမှာတုံး ..”
“ရော့ ဒီခူးပြီးသားပန်းရဲ့ ရိုးတံတွေရေနဲ့သေချာသွားဆေး.. ပြီးရင် ပန်းအိုးတွေပါဆေးထား.. ပြီးမှ ဘုရားတူတူရှိခိုးကြမယ်.. ”
“တွေ့တာနဲ့ ခိုင်းပြီ..”
ပန်းတွေကိုင်ပြီးထွက်သွားသောစိုင်းက မေမေကပြုံး၍ကြည့်နေသည်.......။
စိုင်းပန်းတွေကို တစ်ခက်ချင်းရေသေချာဆေးသည်...။ နှင်းဆီပန်းတွေဘာကြောင့်များ ဒီလောက်အရောင်အသွေးစိုတောက် လှပနေရတာလည်းလို့ တစ်ဆက်တည်းတွေးမိလေသည်.. ။ မြေဆီအာဟာရကောင်းလို့လား... မေမေ့ရဲ့ပြုစုပျိုးထောင်မှုကောင်းလို့လား.. စိုင်းစဉ်းစားမိသည်..။ ထပ်စဉ်းစားလို့မရ မေမေခေါ်နေပြီ......။ ပန်းတွေရေဆေးပြီးတော့ အ၀တ်စသန့်သန့်ပေါ်မှာ အသာတင်ထားပြီး အပြင်ပြန်ထွက်ခဲ့သည်...။

နေရောက်ခြည်တန်းတို့က မြို့အရှေ့ဘက်တောင်တွေမှ ဖြာကျနေသည်... ငှက်တို့ရဲ့ တွန်ကျုးသံတွေနားဆင်လို့ မြို့ရဲ့ နံနက်ခင်းလေး တဖြည်းဖြည်းနိုးထလာလေသည်..။
“ဟိုက်.. ဆန်ကွဲထုပ်ကျန်ခဲ့ပြီ.. ပြန်ယူအုံးမှ. .. ”
စိုင်းနဲ့ မေမေတို့နံနက်ခင်းလမ်းလျှောက်တိုင်း ခြံထဲလာနားနေကြသော ငှက်များကို အစာကျွေးလေ့ရှိသည်..။ စိုင်းကတော့အမြဲမဟုတ်.. မေမေကနေ့တိုင်းထွက်လမ်းလျှောက်နေကျမို့ ငှက်များက မေမေ့ကိုတွေ့တာနဲ့ အနားကိုပျံဆင်းလာကြသည်..။
“မေမေကျွေးနေကျမို့ထင်တယ်.. ငှက်တွေကပိုပိုများလာတယ်သားရယ်..”
“ဟုတ်တယ်နော်..”
“တချို့ငှက်တွေများ အကွက်ကလေးတွေနဲ့ ချစ်စရာလေး သား..”
“ဒါနဲ့ ဒီနေ့ကျောင်းစတက်ရမှာနော်.. စာအုပ်တွေရောထည့်ပြီးပြီလား....”
“သား ညကတည်းကထည့်ပြီးသား.. သွားခါနီးမှာ ရေချိုးအ၀တ်လဲပြီး ထသွားလိုက်ရုံဘဲ..”
“ဒါဆိုလည်း ပြီးတာပဲ.. ခဏနေမှ မေထမင်းကြော်ပေးမယ်..။ ထမင်းကြော်နဲ့ ပဲပုတ်မီးကင်လေးနဲ့စားသွားလိုက်..”
စိုင်းအမေသည် နံနက်တိုင်း စိုင်းကြိုက်တတ်တဲ့ အစားအစားလေးတွေလုပ်ပေးလေ့ရှိသည်..။ မေမေလုပ်ပေးသမျှကိုလည်း စိုင်းတစ်ယောက်နှစ်ခြိုက်စွာစားလေ့ရှိသည်....။ နံနက်စာစားပြီးသောအခါ အ၀တ်အစားလဲပြီး ကျောင်းသွားဖို့ပြင်သည်..။
“မေ့... သားသွားတော့မယ်..”
“ကောင်းကောင်းသွားနော်... ကားကြည့်သွားဦး..”
“သွားပြီမေ...”
စိုင်းတို့လမ်းကလေးကနေ ကျောင်းကိုသွားရင် ဆယ်မိနစ်လောက်ဘဲလမ်းလျှောက်ရသည်..။ လမ်းကလေးကလည်း တစ်ထပ်အိမ်၊နှစ်ထပ်အိမ်ကလေးများနှင့် လှလှပပသွယ်တန်းနေသည်..။ စိုင်းသည်လမ်းလျှောက်ရင်း ကျောင်းသို့ရောက်ဖို့သာ စိတ်စောနေသည်...။ ဒီနေ့ကျောင်းစဖွင့်သည့်နေ့ ၁၀ တန်းကျောင်းသားကြီးလည်းဖြစ်ပြီ.. သူငယ်ချင်းများနှင့်လည်းပြန်တွေ့ရဦးမည်ဖြစ်သည်...။

ဆက်ရန်........