Showing posts with label ဓာတ်ပုံ. Show all posts
Showing posts with label ဓာတ်ပုံ. Show all posts

Saturday, April 19, 2014

ချစ်သော ပုဂံမြေ

      
       ဧပြီလဆန်းပိုင်းက ကိုယ်တိုင်အစီအစဉ်မရှိဘဲ ပုဂံမြေကိုအလည်တစ်ခေါက်ရောက်ခဲ့ပြန်ပါသေးတယ်...။ (၃)ညအိပ်(၄)ရက်ခရီးမှာ ပုဂံမှာ (၂)ညအိပ်ဖြစ်ခဲ့တယ်...။ အမျိုးအဆွေစုံစုံလင်လင်နဲ့မို့ ပျော်စရာကောင်းပြီး အမှတ်ရစရာလည်းကောင်းတဲ့ ခရီးပါ..။ ပုံတွေလည်းသိပ်မရိုက်ဖြစ်ပါဘူး... စကားတွေပြော ရီစရာတွေပြောနေတာနဲ့မို့ပါ..။ ကိုယ်ရိုက်ချင်တဲ့အမှတ်ရစရာနေရာလေးကိုဘဲရိုက်ဖြစ်ပါတယ်...။

       ရန်ကုန်ကနေ မနက်(၄)နာရီထွက်တော့ ပုဂံကိုနေ့လည်(၂)နာရီတိတိမှာရောက်ပါတယ်...။ နံနက်စာနဲ့နေ့လည်စာကိုတော့ (၁၁၅)မိုင်နဲ့ ကျောက်ပန်းတောင်းမှာစားခဲ့တယ်...။ (၂)ညအိပ်ဘဲမို့အချိန်သိပ်မရတာကြောင့် ဟိုတယ်မှာခဏနားပြီး...ဘုရားဖူးထွက်ခဲ့တယ်...။ ပထမဆုံး အာနန္ဒာဘုရား.. ဝင်ဖူးကြတယ်...။ ပြီးတော့ ရွှေဆံတော်ဘုရားသွားပြီး နေဝင်တာကိုကြည့်ကြပြီးမှာ ဗူးဘုရားကို သွားခဲ့ကြတယ်...။ ဗူးဘုရားကိုရောက်တော့ နေဝင်သွားပြီ... ဧရာဝတီမြစ်ပြင်ဟာ သောင်ပြင်ပြန့်ထူထူတွေနဲ့အတူ ငြိမ်သက်အေးချမ်းစွာ...။ ညနေစာစားပြီးမှ ရွှေစည်းခုံဘုရားဖူးပြီး..ဟိုတယ်ပြန်ခဲ့တယ်...။




 


   ဒုတိယနေ့မှာတော့ ဓမ္မရာဇကဘုရား၊လောကနန္ဒာဘုရား၊မနူဟာဘုရား၊မြစေတီ၊ကန်တော့ပလ္လင်၊သဗညု... စတဲ့ဘုရားတွေဖူးခဲ့တယ်...။ အာနန္ဒာဘုရားအနီးက စားနေက ရွှေမြန်မာ(၂) ထမင်းဆိုင်မှာလည်း မမေ့မလျော့ဝင်စားခဲ့သေးတယ်... လက်ရာကတော့ကောင်းမြဲ..။ ညနေဘက်ကျတော့ ပါလာတဲ့ ညီဝမ်းကွဲလေးနဲ့ တူမကလေး မြင်းလှည်းစီးဖူးတယ်ရှိအောင် မြင်းလှည်းနဲ့တစ်ခါထပ်ထွက်ပြန်တယ်..။ သရပါကိုနှုတ်ဆက်၊ ရွှေဂူကြီးကိုဝင်ဖူးလို့ နေဝင်ချိန်ကိုငေး၊ ဓမ္မံရံကြီးကိုတစ်ပတ်ပတ်ကာ အလိုတော်ပြည့်ဘုရားမှာ ဆုတွေတောင်းခဲ့တယ်...။




 



 ချစ်ခင်ရတဲ့သူတွေနဲ့သွားရတဲ့ခရီးမို့ တိုတောင်းပေမဲ့ အမှတ်တရရှိလှပါတယ်..။ 
 အရင်တစ်ခေါက်သွားခဲ့တာကို ဖတ်ချင်တယ်ဆိုရင်.. 

Thursday, November 25, 2010

Utah သို့အလည်တစ်ခေါက် - ၃

 တောင်ထိပ်ရောက်တော့ နေကလည်းသာနေတော့ သိပ်မအေးတော့ပါဘူး.....။ Utah ရောက်ကတည်းကတော့ လေလည်းတိုက် အသားလည်းခြောက်တော့ လက်တွေခြေထောက်တွေဆို ပူရှိန်းရှိန်းလေးဖြစ်နေပါတယ်..။ တောင်ထိပ်ပေါ်ကနေလှမ်းကြည့်လိုက်ရင် အရှေ့ဘက်မှာသူတို့အခေါ် Mineral Basin.. တောင်နဲ့မြောက်မှာအခြားတောင်ထိပ်တွေနဲ့ အနောက်ဘက်မှာတော့ ကျယ်ပြန့်တဲ့ Salt Lake Valley နဲ့ အဆုံးမှာချစ်စရာတောင်တန်းတွေပဲပေါ့...။

 (Salt Lake Valley ကဟိုးအဝေးမှာ)

 
  (ရောက်နေတာက Hidden Peak)

 
          (ကျောက်တုံးနမူနာ ယူပြန်ရင်ကောင်းမလားလို့..)

အခု Video ကအသွားတုန်းက ကားပေါ်ကနေရိုက်ထားတာပါ..။ အရင်ပို့စ်တုန်းက မေ့ကျန်ခဲ့လို့ပါ...။ 


နာရီဝက်လောက်နေပြီးတော့ အောက်ဘက်နည်းနည်းကျတဲ့ တောင်ကိုဖြတ်ဖောက်ထားတဲ့ လှိုဏ်ခေါင်းရှိရာကိုခြေလျင်ဆင်းခဲ့တယ်..။ ဓာတ်ပုံရိုက်လိုက်ငေးလိုက်နဲ့ ၁၀ မိနစ်လောက်တော့ကွေ့ပတ်ဆင်းရပါတယ်..။ အဖွဲ့ထဲကတစ်ယောက် နေကာမျက်မှန်ကြီးတပ်ပြီးဆင်းတာ သူ့ကိုမပြောဘဲနေလိုက်လို့ကတော့ တောင်အောက်ကျသွားပြီပဲ...ဘယ်နှယ့် သူသွားနေတာကကမ်းပါးအစွန်းဘက်ကြီး လမ်းကတစ်ခြားဘက်မှာ ...နောက်တစ်လှမ်းဆိုကျပြီဘဲ..။ လှိုဏ်ခေါင်းအတွင်းမှာတော့ ဘာမှထူးထူးခြားခြားမရှိဘူး... တောင်ကိုဖြတ်ဖောက်ထားရုံသက်သက်ပဲထင်ပါတယ်..။ အခြားတစ်ဖက်ရောက်တော့ ခြေလျင်ဆင်းတဲ့လမ်းတွေရယ်.. Chair Lift Station ကိုတွေ့ရပါတယ်..။ Casey ကတော့ခြေလျင်ဆင်းချင်လဲရတယ်.... ဒါမှမဟုတ်ထိုင်ခုံပေါ်မှာပဲထိုင်ဆင်းသွားမလားမေးတယ်..။ ခြေလျင်ဆင်းရင်တော့ အောက်ရောက်ဖို့ ၂ နာရီနီးနီးကြာမယ်လို့တော့ပြောတယ်..။ အဲဒါနဲ့နောက်ဆုံးအားလုံးတစ်ညီတည်း ထိုင်ခုံပေါ်မှာထိုင်ပြီးဆင်းခဲ့ကြတယ်..။ အစကတော့ ခပ်လန့်လန့်ရယ်.. ကာထားတဲ့တန်းလေးက တစ်တန်းတည်း..မတော်လို့ ဖလွတ်ဆိုပြီးကျသွားရင်ဒုက္ခ...ပြီးတော့ ရုပ်ရှင်တစ်ကားထဲမှာ သူငယ်ချင်းသုံးယောက် Chair lift စီးပြီးလမ်းတ၀က်မှာ စက်ရပ်သွား..နှင်းမုန်တိုင်းထဲမှာတစ်ညလုံး ပြီးတော့ ၀ံပုလွေတွေကအောက်မှာ....အဲဒါကိုသတိရဖြစ်အောင် ရလိုက်သေးတယ်..။ တကယ်စီးကြည့်တော့ အရမ်းသဘောကျသွားပြီး...ထပ်တောင်စီးချင်မိသေးတယ်..။ အားလုံးကိုပေါ်စီးကနေမြင်ရတယ်....ပြီးတော့လေအေးတွေကလည်း မျက်နှာကိုလာတိုက်နေတာဆိုတော့ သိပ်ပျော်တယ်...။ 
 

မိနစ်၂၀ လောက်စီးပြီးတော့ တောင်ခြေစခန်းကိုပြန်ရောက်ပါတယ်...။ အဲဒီအချိန်မှာတော့ လူတွေနဲ့တော်တော်စည်းကားနေပါပြီ...။ပွဲဈေးတန်းထဲတော့မ၀င်ဖြစ်တော့ဘူး.. နောက်ဆုံးအမှတ်တရပစ္စည်းဆိုင်လေးထဲဝင်ပြီး လက်ဆောင်ပစ္စည်းအချို့ဝယ်ပြီး ဟိုတယ်ပြန်ခဲ့တယ်..။ အပြန်မှာတော့ သိပ်မပြန်ချင်ဘူး... ဆောင်းဦးရွက်ကြွေတွေ၊ အရောင်စုံသစ်ပင်တွေ၊ ကျောက်တောင်တွေက သိပ်ကိုဖမ်းစားလွန်းနေတယ်...။ နာရီကြည့်တော့ ၃နာ၇ီထိုးပြီး အားလုံးလည်းဗိုက်ဆာနေတာနဲ့ Sandy ဘက်ကစားသောက်ဆိုင်ကိုဘဲချီတက်ခဲ့တယ်..။ တနင်္လာနေ့မနက်မှာတော့ ကနေဒါကိုဆက်သွားရမှာဖြစ်ပါတယ်..။


အောက်မှာ Video ကထိုင်ခုံပေါ်ကနေရိုက်လာတာပါ... ဘေးကလူတွေကတော့ဆူညံလို့ (Singlish လည်းကြားရမယ်..  =D) ကိုယ်တိုင်မှာတော့ နှုတ်ဆိတ်လို့ ပတ်ဝန်းကျင်အလှကိုခံစားရင်း ကုန်လွန်သွားတဲ့မိနစ်စက္ကန့်တိုင်းကိုသာ နှမျောလို့သာနေတော့တယ်..။



အပိုင်း - ၄ ဆက်ရန်

Sunday, November 21, 2010

Utah သို့အလည်တစ်ခေါက် - ၂

လေယာဉ်စီးတာတင် စုစုပေါင်းနာရီ၂၀လောက်ကြာပြီး.. Transit အချိန်တွေပါထည့်ပေါင်းလိုက်ရင် ၂၄နာရီတစ်ရက်ပေါ့...။ SLC (Salt Lake City)လေဆိပ်ကိုရောက်တော့ အားလုံးလည်းပင်ပန်းနေကြပြီ..။ အဖွဲ့ထဲမှာ အားလုံးကကျွန်တော်ထက်ကြီးတဲ့သူတွေချည်းဘဲ..အသက်သုံးဆယ်ကျော်တွေပေါ့.. ဒါပေမယ့်အားလုံးက ပျော်တတ်တော့တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက် ဘော့စ်အကြောင်းပြောလိုက်နဲ့ လေယာဉ်ပေါ်မှာလည်း သိပ်မပျင်းရပါဘူး...။ လေဆိပ်မှာ US ရုံးခွဲကတာဝန်ရှိသူကလာကြိုပါတယ် နာမည်က Casey ပါ။ သူပဲဟိုတယ်လိုက်ပို့ဖို့ ကားတွေအကုန်စီစဉ်ပေးပြီးမှ See You Tomorrow ဆိုပြီးပြန်သွားပါတယ်..။

လေဆိပ်ကနေအပြင်ထွက်ထွက်ခြင်းသိလိုက်ရတာကတော့.. Salt Lake Valley ဆိုတာအတော်ခြောက်သွေ့တာပဲလို့..။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် သစ်ပင်အရိပ်ကောင်းကောင်းတွေသိပ်မတွေ့ရဘဲ တောင်တွေသာတွေ့ရတာများတယ်..။ သြော်အခုတော့လည်း ...အမေရိကားရောက်နေပါလားလို့ ပြုံးမိသေးတယ်....။ အရှေ့တစ်ပတ်ကကြိုရောက်နေတဲ့ အသုတ်က Lip Balm, Eye Drops, Moisturizer တွေကြိုယူလာခိုင်းတယ်.. အသားခြောက်မယ်တဲ့...။ သူတို့အဖွဲ့ထဲမှာ တစ်ကျောင်းထဲဆင်း Samuel ဆိုတဲ့သူငယ်ချင်းပါတယ်.. အင်ဒိုနီးရှားက..။ ဟုတ်လည်းဟုတ်တယ်.. နဂိုအဆီပြန်တဲ့ အသားရည်တောင် နောက်ရက်တွေကျတော့ ခြောက်ကုန်တယ်.. Humidity နည်းတယ်ဆိုရမယ်..။ တကယ်တော့ ရုံးခွဲရှိတဲ့မြို့က SLC နဲ့ဆယ်မိုင်လောက်ဝေးတဲ့ Sandy ဆိုတဲ့မြို့လေးပါ..။ ရန်ကုန်နဲ့ မင်္ဂလာဒုံလောက်ပေါ့...။ တည်းမယ့်ဟိုတယ်ကလည်း အဲဒီမှာဘဲ... Hyatt Summerfield တဲ့.... မိနစ် ၂၀ အစိတ်လောက်တော့သွားရတယ်..။

သင်တန်းက အားလုံးပေါင်း ၃ပတ်တောင်ကြာမယ်..။ Utah မှာတစ်ပတ်..အလယ်အပတ်မှာ Canada သွားရမယ်.. အဲဒီသောကြာနေ့မှာဘဲ Utah ပြန်လာရမယ်....။ ပထမအပတ်မှာတော့ ဘယ်မှမသွားဖြစ်ဘူး..သင်တန်းက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိဆိုတော့...။ အစားအသောက်စားရတာတော့ အဆင်ပြေတယ်.. တော်တော်များများတော့ ကျွန်တော့်ပါးစပ်အတွက် အရသာနည်းနည်းပြင်းနေသလိုဘဲ...။ စင်္ကာပူထက်စာရင်တော့ ဈေးပိုများပေမယ့် အရသာရှိတယ်.. Portion လည်းများတယ်... စင်္ကာပူက Food Court တွေကလိုနည်းနည်းလေးထည့်ပေးပြီး အရသာလည်းသိပ်မရှိတာမျိုးမဟုတ်ဘူး...။ ညနေအားတဲ့အချိန်လေး အနီးအနားလျှောက်ကြည့် South Towne Mall သွားလည် မုန့်စားတာလောက်ဘဲလုပ်ဖြစ်တယ်..။ Sandy မှာတော့ မနက်နဲ့ညနေဆိုရင် သိသိသာသာအေးတယ်.. တောင်ကြီးလိုနေရာမျိုးမှာ ကြီးလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အနွေးထည်ခပ်ပါးပါးတစ်ထည်လောက် ထပ်ဝတ်ထားလိုက်ရင်တော့လုံလောက်ပါတယ်..။ ကျန်တဲ့သူတွေသာ အနွေးထည်အထူကြီးဝတ်ပြီး တဂတ်ဂတ်ဖြစ်နေလို့ ကြည့်ပြီးရယ်ရသေးတယ်...။ ၂၃ ရက်နေ့ (ကြာသပတေးနေ့) ညနေဘက်တော့ Casey's အိမ်မှာ BBQ & Grill လုပ်စားဖြစ်တယ်.. လုပ်ပေးတဲ့သူကစေတနာပါလို့လားတော့မသိဘူး.. စားလို့တော်တော်ကောင်းတာတော့ သေချာတယ်..။ Casey's အိမ်က Chess Set လေးသဘောကျလို့ဓာတ်ပုံရိုက်လာသေးတယ်...အဖွဲ့ထဲကလူတွေကိုကစားမလားမေးတော့ တစ်ယောက်မှမကစားတတ်ဘူးတဲ့... ဘယ့်နှယ့်..။

 
အမှန်ပြောရရင် Sandy မြို့လေးကိုသိပ်သဘောကျပါတယ်... အရှေ့ဘက်မှာလည်း တောင်တန်းအမြင့်ကြီးတွေနဲ့ အနောက်ဘက်မှာလည်းတောင်တန်းတွေနဲ့... တောင်တန်းတွေကိုချစ်တဲ့ကျွန်တော့အတွက်တော့ အံကိုက်ပါဘဲ..။ ဒီလိုနဲ့စနေနေ့ရောက်လာတော့ Caseyကပဲမြို့အရှေ့ဘက်က တောင်တွေပေါ်လိုက်ပို့ပေးမယ်လို့ဆိုလာတာကြောင့် မနက် ၁၀ နာရီခွဲလောက်မှာ ဟော်တယ်ကနေထွက်လာခဲ့တယ်..။ ဒီတောင်ပေါ်သွားတဲ့နေ့ဟာ.. ဒီခရီးစဉ်အတွက်အမှတ်တရအဖြစ်ဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုရမှာပါ..။

မြို့ထဲကထွက်လာပြီး တောင်ကြားထဲ (Little Cottonwood Canyon)၀င်လိုက်တာနဲ့ လေကတဖြည်းဖြည်းအေးလာပါတယ်..။ မြင်ကွင်းထဲမှာလည်း အ၀ါ၊အနီ၊အစိမ်းစတဲ့ အရောင်ပြောင်းနေတဲ့သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်ဟာ လှပလို့...။ Snowbird Ski & Summer Resort ကိုရောက်ဖို့တော့ မိနစ် ၂၀ လောက်သွားရတယ်..။ တောင်ခြေကိုရောက်တော့ တောင်တက်ဖို့လာတဲ့သူတွေရယ် ဈေးပွဲလည်းရှိတာရယ်နဲ့ စည်ကားလို့နေပါတယ်...။
 
တောင်ပေါ်တက်ဖို့တော့ Tram စီးချင်ရင်လည်းရတယ်..ဒါမှမဟုတ် ထိုင်ခုံလေးတွေပဲရွေ့နေတဲ့ Lifted Chair စီးရင်စီး.. ခြေလျှင်တက်ချင်ရင်တက်ပေါ့..။  ကျွန်တော်တို့တော့ အတက်ကို Tram နဲ့ဘဲတက်ဖြစ်တယ်....။ အတက်မှာတော့ သစ်ပင်ထိပ်ဖျားတွေရယ်.. ကျောက်တောင်အစွန်းတွေရယ်.. ပြတင်းပေါက်က၀င်လာတဲ့ လတ်ဆတ်နဲ့လေထုအေးအေးတွေရယ်ကြောင့် ..ရင်ထဲမှာဖော်မပြနိုင်အောင်ပါဘဲ...။ အို.......... ဒီကမ္ဘာမြေကြီးဟာ သိပ်လှပနေပါလား...................။
 

ကျွန်တော်တို့သွားမယ့်တောင်ထိပ်က Hidden Peak ပါအမြင့်ပေ တစ်သောင်းကျော်မြင့်ပါတယ်..။ အခုသွားတော့ Samuel လည်းပါလာတယ်.. သူကမနေ့က ကနေဒါကပြန်ရောက်လာတာ..။ ဓာတ်ပုံကတော့ သူတစ်လှည့်ကိုယ်တစ်လှည့်ရိုက်ပေးလိုက်နဲ့ပေါ့...။ တစ်ခါတစ်ခါ ကင်မလာတောင် လဲယူထားလိုက်သေးတယ်.. သူ့ကို သူ့ကင်မလာနဲ့ရိုက်ပေး.. ကိုယ့်ကင်မလာ သူ့ကိုပေးထားလိုက်တယ်.. အေးရော...။ တောင်ပေါ်ကကြည့်လိုက်ရင် အဝေးမှာ Salt Lake Valley ကိုမှုန်ပျပျ ..ပတ်ပတ်လည်မှာ တောင်ထိပ်တွေနဲ့ အရောင်စုံတဲ့ ကျောက်တောင်တွေရယ် သစ်ပင်တွေရယ် သိပ်လှတာဘဲ...။ အဲလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေကို သိပ်သတိရတယ်.. လွမ်းသလို ဆွေးသလို ၀မ်းနည်းဝမ်းသာသလို သတိရသလို ....။  အဲဒီအချိန်မှာ အဖြစ်ချင်ဆုံးကတော့ စွန်တစ်ကောင်ဘဲ.... တောင်ပေါ်ကနေ၀ဲပျံပြီးလို့သာ ရှိရှိသမျှကို အပေါ်စီးကနေ မက်မက်မောမောကြည့်လိုက်ချင်တော့တယ်.................။

အပိုင်း - ၃ ဆက်ရန်

Friday, November 19, 2010

Utah သို့အလည်တစ်ခေါက် - ၁

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အလုပ်ကသင်တန်းလွှတ်တာနဲ့ ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဘက်များ အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ်ကိုရောက်ခဲ့ပါတယ်..။ ကုမ္ပဏီမှာအလုပ်စ၀င်ကတည်းက သင်တန်းသွားတက်ရမယ်လို့ပြောတာ ဂျူလိုင်လကတည်းက ဗီဇာနဲ့သံရုံးကိစ္စတွေအချိန်ကြာနေတာနဲ့ စက်တင်ဘာလမှဘဲသွားဖြစ်တော့တယ်...။ ဒီခရီးစဉ်ဟာ ဘ၀အတွက်အမှတ်တရတစ်ခုမို့ ဘလော့ပေါ်မှာလည်းအမှတ်ရစွာသိမ်းထားချင်လို့ပါ..။ စာမရေးတာကြာတော့ ဖတ်ရတာထောက်နေရင်လည်း သည်းခံပြီးဖတ်ပေးကြပါ... စာလုံးပေါင်းအမှားတွေတွေ့ရင်လည်း ပြင်ဆင်ပေးကြပါခင်ဗျာ...။ 

မသွားခင်တော့ အမေရိကန်သံရုံးမှာဗီဇာဝင်ရတယ်.. အေးဂျင့်တွေလုပ်ပေးတာလက်မခံတော့ပါဘူး.. လူကိုယ်တိုင်သွားရပါတယ်..။ ဗီဇာဝင်ဖို့ရက်ချိန်းလုပ်တာတောင် အနည်းဆုံး ၃ပတ်လောက်ကြိုတင် ဘွတ်ကင်လုပ်မှအဆင်ပြေပါတယ်..။ ဒါမှကြားထဲမှာ အချိန်အပြောင်းအလဲလုပ်ချင်ရင်လည်းအဆင်ပြေပါတယ်..။ အမေရိကန်ဗီဇာဝင်လိုသူများ တစ်လလောက်ကြိုတင်အချိန်ပေးထားရင် အကောင်းဆုံးပါ..။ သင်တန်းက ကနေဒါမှာလည်းသွားတက်ရမယ်ဆိုတော့ ကနေဒါဗီဇာလည်းကုမ္ပဏီကနေလျှောက်ပေးပါတယ်.. ဒါတော့လူကိုယ်တိုင်သွားစရာမလိုတော့ဘူး.. ။ အမေရိကန်ဗီဇာက S$196 ကျပြီး မြန်မာနိုင်ငံသားမို့ US $32 ထပ်ပေးရပါသေးတယ်.. အော်ဖြစ်ရလေ..။

သံရုံးကိစ္စတွေအားလုံးပြီးစီး လေယာဉ်လက်မှတ်တွေလည်းအားလုံးစီစဉ်ပြီးတော့ စက်တင်ဘာ ၁၉ ရက်မှာ Changi Airport ကနေ Delta Airlines နဲ့ Utah ပြည်နယ်ရဲ့မြို့တော် Salt Lake City ဆီသို့ဦးတည်ထွက်ခွာလာခဲ့ပါတယ်..။ သွားမယ့်နေ့က လေယာဉ်အချိန်က မနက်သုံးနာရီပါ... မှောင်မှောင်မဲမဲ အိပ်ချင်မူးတူးနဲ့ လေဆိပ်ကိုဘယ်လိုရောက်သွားမှန်းတောင် သတိမရတော့ဘူး.. ။ ကြားထဲမှာ Transit ကနှစ်နေရာပါ.. Tokyo-Narita မှာတစ်ခါ ပြီးတော့ Oregon ပြည်နယ် Portland မှာတစ်ခါ ။ Singapore ကနေ Narita ထိ ၇နာရီနဲ့ ၁၅ မိနစ်လောက်တော့ကြာတယ်.. ။ လေယာဉ်ပေါ်မှာတော့ မုန့်စားလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ဘဲ အချိန်ဖြုန်းရတယ်..။ Narita ရောက်တော့လေဆိပ်ထဲလျှောက်ကြည့်မယ်လုပ်သေးတယ်.. Transit Time က ၁နာရီပဲရှိတော့ နောက် Boarding Gate ကိုခပ်သွက်သွက်ပြေးရပြန်ရော...။ အနီးအနားရှိတဲ့ ဆိုင်လေးတွေဘဲဝင်ကြည့်ဖြစ်တော့တယ်...။ ဂျပန်မလေးတွေရဲ့ အသံဝဲ၀ဲအင်္ဂလိပ်စကားသံလေးတွေကတော့ တစ်မျိုးနားထောင်လို့တော့ကောင်းသား...ဟီး။

Narita ကနေ Portland ထိကိုတော့ ၉နာရီနဲ့၁၅မိနစ်စီးရတယ်..။ ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ပြီးပျံနေပါလားဆိုတဲ့အသိကြောင့် ဘာရယ်မဟုတ်စိတ်လှုပ်ရှားမိသေးတယ်..။ လေယာဉ်က Alaska ကောင်းကင်ပေါ်ကဖြတ်ပျံတော့ တိမ်တွေရယ်သိပ်လှတာဘဲ...။ ဟိုဘက်မှာက အခုမှ ၁၉ရက်နေ့မနက်မိုးလင်းခါစဘဲရှိအုန်းမယ်..။ ပြား၅၀ တန်လေးနဲ့ပုံတွေအားရအောင်ရိုက်ချင်တာ Window Seat မရလို့ပြတင်းပေါက်နားမှာထိုင်နေတဲ့တစ်ယောက်ကိုဘဲ အားနာနာနဲ့ရိုက်ပေးခိုင်းရတယ်..။ သူ့ခမျာအိပ်ချင်မူးတူးနဲ့ သူရိုက်ပေးတဲ့ပုံလေးကတော့ ကောင်းသား အကြိုက်ဆုံးပုံတွေထဲကတစ်ပုံ..။

Portland ရောက်တော့ မနက် ၈း၄၅... အပြင်ဘက်ရာသီဥတုက မြူတွေနဲ့မှုန်မှိုင်းလို့နေတယ်..။ ထင်းရူးပင်တွေနဲ့ မှိုင်းပျပျပတ်ဝန်းကျင်ကိုတော့ နှစ်သက်မိတယ်..။ Transit က ၁နာရီခွဲ Immigration လည်းဖြတ်ရအုန်းမယ်ဆိုတော့ ပြေးရအုန်းမယ်အောက်မေ့တာ လေဆိပ်ကသေးလို့တော်သေးတယ်...။ Immigration မှာလည်း ချောချောမွေ့မွေ့ပဲ...။ အဆာပြေမုန့်စား ပြီးတော့ နောက်ဆုံး Salt Lake City ကိုသွားမယ့်လေယာဉ်ပျံပေါ်တက်ရပြန်တယ်..။ လူက ရွဲပလဲပြီး ခြေထောက်တွေကလည်းညောင်းနေပြီ....။ SLC ကိုပျံတဲ့ လေယာဉ်ကျတော့ သေးသေးလေး.. ဘာမှလည်းမကျွေးဘူး..အအေးပဲတိုက်တယ် Portland ကကိုယ့်ဘာသာဝယ်လာတဲ့ အာလူးကြော်နဲ့ပဲ နှစ်ပါးသွားလိုက်ရတယ်..။ ဒီတစ်ခါတော့ Window Seat ရလို့နည်းနည်းပျော်သွားတယ်..။ Portland မြို့အပေါ်ကဖြတ်ပျံတော့ ရှူခင်းတွေသိပ်လှတယ်.. တိမ်တွေ ၊ မြစ်နဲ့ အိမ်ခြေတွေ ။ 

Idaho လား Nevada ပြည်နယ်လားမသေချာဘူး.. အဲဒါကိုဖြတ်ပျံတော့ အောက်ကရှုခင်းက ညိုမှိုင်းမှိုင်းတောင်တန်းတွေနဲ့ ကန္တာရလို ခြောက်သွေ့တဲ့နေရာချည်းဘဲ..။ သူ့ဟာနဲ့သူတော့ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိသလိုဘဲ...။ တစ်ချို့နေရာမှာတော့ စက်ဝိုင်းပုံစံ စိုက်ခင်းတွေအများအပြားတွေ့ရတယ်...။ ရုပ်ရှင်ထဲမှာသာမြင်ဖူးတာ... အပြင်မှာမြင်ရတော့ အားလုံးညီညီညာညာနဲ့ ပုံဖော်ထားတဲ့ပန်းချီကားချပ်လိုဘဲ....တောင်တန်းတွေကလည်း  အညိုဖျော့ဖျော့စောင်တစ်ထည်ခင်းထားသလို ...။



ဒီလိုနဲ့ ၂ နာရီလောက် လေယာဉ်စီးပြီးနောက် ချစ်စရာကောင်းတဲ့ ဖော်ရွေတဲ့ Salt Lake City ကို အဆင်ပြေစွာနဲ့ပဲရောက်ရှိသွားပါတယ်...။

(အပိုင်း - ၂ ဆက်ရန်....)

Monday, June 8, 2009

Telok Blangah Hill နှင့် Henderson Waves သို့အလည်တစ်ခေါက်

မနေ့ညနေပိုင်းက.. သူငယ်ချင်းတွေစုပြီး Telok Blangah Hill နဲ့ Henderson Waves ဆီသွားဖြစ်ခဲ့တယ်..။ ဒီလိုမျိုး စုပြီး အပြင်မထွက်ဖြစ်တာကြာလို့ အားလုံးစိတ်ပြေလက်ပျောက် ဖြစ်အောင် သွားကြတာပါ..။ ရာသီဥတုလည်း သာယာတာကြောင့် အားလုံးတက်ညီလက်ညီနဲ့ ချီတက်ဖြစ်ကြတယ်..။ သွားရင်းနဲ့လည်း ဓာတ်ပုံတစ်ချို့ရိုက်ဖြစ်ခဲ့ပါတယ်..။

ဒါက Alexandra Road ကိုဖြတ်ပြီး ဆောက်ထားတဲ့ တံတား.. လှလို့ သဘောကျလို့ရိုက်ဖြစ်ခဲ့တယ်..။




ဆောက်ထားတဲ့တိုက်တွေလည်း သဘောကျလို့ရိုက်ဖြစ်ခဲ့သေးတယ်..။



သစ်ပင်တွေနဲ့သာယာနေတဲ့ လျှောက်လမ်းတစ်နေရာ..


ဆက်ပါဦးမည်..

Tuesday, April 7, 2009

Pepper Rice and Bugis Junction

ဒီရက်ပိုင်း အလုပ်နည်းနည်းများလို့ စာသိပ်မဖတ်ဖြစ် ပို့စ်လည်းမတင်ဖြစ် လိုက်လည်းမလည်ဖြစ် ပြန်လည်မနှုတ်ဆက် ဖြစ်ခဲ့ပါ..။ နောက်တစ်ပတ် deadline ဆိုတော့ ကြုံးရုန်းလုပ်နေရတယ်..။ နည်းနည်းပင်ပန်းပြီး.. အိပ်ရေးလည်းမ၀အိပ်ချင်သလိုဖြစ်နေတာများတာကြောင့် ကိုယ့်ကိုကိုယ်သနားပြီး စိတ်ပြေလက်ပျောက်နဲ့ အပြင်ထွက် ညနေစာစားဖြစ်ပါတယ်..။

(photo by me)

ဒီနေ့ စားဖြစ်တာကတော့ Pepper Rice ပါ.. ဆိုင်ခွဲတွေရှိပေမယ့် Bugis Junction မှာဘဲစားဖြစ်တယ်.. စားပြီးတော့လျှောက်လည်လို့ရတယ်လေဗျာ။ စားရင်း ငေးရင်း စားရင်းပေါ့..အဟား။ Pepper Rice ကိုတော့ ဒီကလူတွေတော်တော်များများစားကြတာတွေ့ရတယ်.. စားလို့လည်းကောင်းတယ်။ သူက အပူပေးထားတဲ့သံပြားကြီးပေါ်မှာ ထမင်းကိုထည့် ဘေးမှာ အသားအစိမ်းကိုငြုပ်ကောင်းဖြူးပြီးထည့်ပေးပါတယ်..။ အပေါ်မှာတော့ ကြက်သွန်မြိတ်၊ ပြောင်းဖူးစေ့နဲ့ ချိစ်ပါပါတယ်..။ ချိစ်က မထည့်လည်းရတယ်... ထည့်ရင်တော့ ပြား၇၀ ပိုပေးရပါတယ်..။ ချိစ်ထည့် မှ ချိစ်ကအမျှင်လေးတွေနဲ့ ထမင်းက စေးစေးလေးဖြစ်ပြီးပိုစားကောင်းပါတယ်။ အရံအနေနဲ့ကတော့ ဟင်းရည်တစ်ခွက်ပေးပါတယ်. .ဘာလဲတော့မသိဘူး..မကြိုက်ဘူး။

(photo by me)

ရရချင်းဆိုရင်တော့ ပူလို့ခြစ်ခြစ်မြည်ပါတယ်.. အသားတွေကအစိမ်းဆိုပေမယ့် ထမင်းတွေနဲ့ ရောနယ်ရင်း နယ်ရင်းကနေ သံပြားပူပူပေါ်မှာ တဖြည်းဖြည်းကျက်သွားပါတယ်..။ အမဲသား၊ salmon ငါး ၊ ကြက်သား.. ပြီးတော့ ထမင်းမပါဘဲအသား သို့မဟုတ် ငါးနဲ့ ပဲပင်ပေါက် ကြက်ဥတို့နဲ့စားရတာလည်းရှိပါတယ်..။ ကျွန်တော်က အမဲသားမစားလို့ ကြက်သားနဲ့ပဲစားခဲ့တယ်.. စားရတာနည်းနည်းတော့အီတယ်.. လိမ္မော်ရည်လေးနဲ့ ဆိုရင်တော့ အဆင်ပြေမှာပါ..။ ခုနပဲစားခဲ့တယ်.. ဒုတိယပုံပြန်ကြည့်ရင်းနဲ့ ထမင်းတွေကြားထဲခုန်ဝင်ပြီး စားလိုက်ချင်တယ်.. .. အစား..အစား..။

စားပြီးသောက်ပြီးတော့ ကင်မရာလေးနဲ့ ဒီလိုလက်ဆော့မိပါတယ်..။

Bugis Junction


Shopping Mall အတွင်းဘက်


BHG Mall


ရေပန်း