Sunday, March 27, 2011

နားခိုရာ


အားလုံးကို 
ညချမ်းအချိန်တစ်ခေါက် 
အလည်ရောက်ပြီးလို့ အပြန်မှာ
အလင်းစက်ကလေးတွေ 
တိတ်တဆိတ် ငြိတွယ်လိုက်ပါခဲ့တယ်....

အမှောင်တွေအောက် လမ်းပျောက်ခဲ့သူဟာ
ပိုးစုန်းကြူး အလင်းရောင်မှာ 
နှလုံးသားရဲ့ နားခိုရာကို
သိမ်သိမ်မွေ့မွေ့လေး 
ရှာဖွေတွေ့ရှိခဲ့....

Saturday, March 19, 2011

လွမ်းစေတဲ့မိန်ရာသီ

 


မင်းရဲ့အလှတွေက 
သိပ်ကိုဖမ်းစားလွန်းနေပါလား
မိန်ရာသီရယ်... 
တစ်ကမ္ဘာလုံးက 
လှပမှုတွေပေါင်းစုထားသလိုဘဲကွယ်....

မင်းရဲ့ရွက်ကြွေတွေကြားက
ငါချစ်ရသူရဲ့ 
ခြေသံဖွဖွတွေကိုလည်း ပြန်ကြားမိပါရဲ့....

မင်းရဲ့ ကောင်းကင်က 
ကြယ်တွေကြားမှာလည်း 
ငါ့ချစ်သူကို လိုက်လံရှာဖွေဖူးပါရဲ့...

မင်းဖန်တီးထားတဲ့
ညနေခင်း တိမ်တွေရဲ့
ဆန်းပြားမှုတွေဟာလည်း
ငါ့နှလုံးသားဒဏ်ရာကို 
ပိုလို့သာ နက်ရှိုင်းစေပါရဲ့..

ချစ်သူကိုလည်း 
အကြိမ်ကြိမ် အဖန်ဖန်
သတိရ လွမ်းဆွတ်မိစေပါရဲ့..

ငါချစ်ရတဲ့သူတွေနဲ့ 
တွေ့ဆုံခွဲခွာခဲ့ဖူးရတဲ့ 
မင်းရဲ့ ရာသီအလယ် 
အခုတော့ 
ဆွံ့အစွာ ငါအထီးကျန်မိတယ်.....

မိန်ရာသီရေ.......
စွယ်တော်ဖြူတွေလောက်တောင်မှ 
မပျော်နိုင်တဲ့ ငါ့ဘ၀အတွက်
သရဖီရနံ့သင်းတဲ့
မင်းရဲ့လေပြည်တွေမှာ 
တိုးတိတ်စွာ
လွင့်ပါပျောက်ကွယ်သွားခွင့် ပြုပါတော့လားကွယ်...


photo credit : cartmellgallery.com

Saturday, March 12, 2011

Utah သို့အလည်တစ်ခေါက် - ၅

Utah ကိုပြန်ရမယ်ဆိုတော့ စနေနေ့မနက်စောစောထရပါတယ်... လေယာဉ်အချိန်က ၈ နာရီခွဲဆိုတော့ ၇ နာရီလောက်တော့လေဆိပ်ကိုရောက်မှဖြစ်မှာကိုး...။ မနက်ပိုင်းတော့ တော်တော်အေးတယ်....ပါးစပ်ကနေအငွေ့တွေထွက်နေတော့ ငယ်ငယ်တုန်းကအေးတဲ့အချိန်တွေကိုပြန်သတိရသွားတယ်..။ တောင်ကြီးဆောင်းတွင်း မနက်ခင်းဆိုရင် အိမ်ထဲမှာမနေနိုင်ဘူးဗျ.... နေထွက်တာနဲ့အိမ်ပြင်ထွက်နေပူစာလှုံရတယ်... ပါးစပ်ကလည်းအငွေ့တွေက ထွက်ဆိုတော့ ကလေးပီပီပျော်တာပေါ့..။ လေဆိပ်သွားလမ်းတစ်လျှောက်တော့ မှောင်လို့ကောင်းနေတုန်းဘဲ.....လေဆိပ်ရောက်လို့ မှတ်မိသလောက် ထောင့်ဆုံးပေါက်ကနေ၀င်ဖြစ်တာဘဲ...။ စောရောက်တာတောင်လူတွေအများကြီးဘဲ Immigration မှာလည်းတန်းစီစောင့်ရတာတော်တော်ကြာတယ်...။ အဲဒီနဲ့ လေယာဉ်ပေါ်တက်တဲ့ကြားဖြစ်တာတွေမမှတ်မိတော့ဘူး...။ စီးရတဲ့လေယာဉ်ကလည်းသေးတယ်...ပြတင်းပေါက်နားက ထိပ်ဆုံးခုံရလို့ နည်းနည်းကျေနပ်သွားတယ်... ခြေထောက်လည်းဆန့်လို့ရ အပြင်လည်းငေးလို့ရတယ်လေ...။

  
(သွားတုန်းကလည်း အဲလိုအချိန်နဲ့အဲလိုပုံဘဲ)
  ပုံက Google ယူထားတာ

လေယာဉ် ၂ နာရီကျော်လောက်စီးပြီးတော့ Minneapolis ကိုရောက်ပြီ..ဒီတစ်ခါလည်းအချိန်မရှိဘူး..နောက်လေယာဉ်အချိန်မှီအောင်ပြေးရပြန်တယ်...။ လေယာဉ် ၂နာ၇ီလောက်ထပ်စီးတော့ Utah ကိုပြန်ရောက်ပါပြီ...။ လေယာဉ်မဆင်းခင်တွေ့ရတဲ့ Salt Lake Valley ပတ်ဝန်းကျင်ကတောင်တွေကို အပေါ်စီးကနေကြည့်ရတာ သိပ်သဘောကျတယ်...တောင်တွေကြားက ကားလမ်းကွေ့ကွေ့ကောက်ကောက်လေးတွေ...။ လေယာဉ်ဆင်းမယ်ဆိုတော့ အဆင်းအတွက်ပြေးလမ်းကမရှင်းသေးဘူးဆိုတော့ လေယာဉ်ကဆင်းခါနီးမှ အပေါ်ပြန်တက်သွားတယ်...။ လူကဗိုက်လည်းဆာနေပြီ လေယာဉ်ဆင်းတာနဲ့လေဆိပ်မှာ ၀င်စားမယ်ကြံစည်နေတုန်း...ပြတင်းပေါက်နေကြည့်လိုက်တော့ အားလုံးကိုမေ့သွားတယ်....အောက်ဘက်မှာက အင်မတန်လှတဲ့ Salt Lake ကြီး..။ လေယာဉ်က ၁၀ မိနစ်လောက်ဝဲနေတာဆိုတော့ တ၀ကြီးကြည့်ခွင့်ရတယ်...။ လေယာဉ်ဆိုက်တော့ နေ့လည်၁နာရီလောက်တော့ရှိပြီထင်တာဘဲ...။

 တောင်တွေကြားလမ်းကလေးနဲ့


 လေထီးခုန်ဆင်းကြည့်ချင်တယ်

အောက်ကရေကန်ကြီး
 
လေဆိပ်ကနေဟိုတယ်ရောက်ရောက်ချင်းဘဲ Samuel က Mall သွားမယ်တဲ့လိုက်မလားဆိုတော့ ရေမြန်မြန်ချိုးပြီးလိုက်သွားတာ နားချိန်တောင်မရလိုက်ဘူး...။ Mall ရောက်မှဘဲတရုတ်စားသောက်ဆိုင်တစ်ခုမှာ ဗိုက်ပြည့်အောင်စားလိုက်တယ်...။ ကြည့်စရာလည်းသိပ်မရှိပါဘူး..အ၀တ်အစားဆိုင်ရယ် ဖိနပ်ဆိုင်တွေလောက်ဘဲဝင်ကြည့်ဖြစ်တယ်...။ Levis Jeans နည်းနည်းတော့ဝယ်ဖြစ်တယ်..စင်္ကာပူထက်သက်တာ တာကိုး...။  နည်းနည်းပါးပါးကြည့်ပြီးတော့ Salt Lake City မရောက်သေးတော့သွားကြမယ်ဆိုပြီး အဖော်စပ်လိုက်တာ နောက်ဆုံးတော့ Sam နဲ့ ကျွန်တော်နှစ်ယောက်ဘဲကျန်တယ်...။ ကောင်းတာတစ်ခုက ကျွန်တော်တို့တည်းတဲ့ဟိုတယ်က ဟိုတယ်နဲ့ ၅မိုင်ပတ်လည်အတွင်းသွားချင်တဲ့နေရာလိုက်ပို့ပေးတာဘဲ...။ SLC နဲ့ဟိုတယ်နဲ့က ၁၀ မိုင်လောက်ဝေးတာဆိုတော့ ကားခေါ်ပြီး အနားက Train Station ကိုလိုက်ပို့ခိုင်းလိုက်တယ်..ရထားနဲ့သွားမယ်ပေါ့...။

ရထားလက်မှတ်

 တောင်တွေလှတယ်

ဘူတာရုံရောက်တော့ အသွားအတွက်လက်မှတ်ဝယ်တယ်..၁ ကျပ်နဲ့ဘယ်နှစ်ပြားလည်းမမှတ်မိတော့ဘူး...၂ နာရီအတွင်းစီးရမှာပါ။ ရထားပေါ်မှာတော့ စီးတဲ့လူသိပ်မရှိဘူး...လက်မှတ်စစ်လည်းမတွေ့ခဲ့ဘူး...။ တကယ်တော့ Sandy နဲ့ SLC ကိုရထားလမ်းက တစ်ဖြောင့်တည်းဘဲ...အရှေ့ဘက်ကတောင်တွေရယ် ဘေးဘီရှုခင်းတွေရယ်ကိုငေးပြီးလိုက်လာတာ နာရီဝက်လောက်ကြာတော့ မြို့ထဲကိုရောက်ပါပြီ...ရထားကမြို့ထဲကိုပတ်ပြီး နည်းနည်းဆက်သွားရင်ဂိတ်ဆုံးပြီထင်တာဘဲ..မြို့ထဲမှာတော့ အလကားစီးလို့ရတယ်..။ SLC ကပြည်နယ်မြို့တော်ဆိုပေမယ့် တိုက်တာမြင့်မြင့်မားမားကြီးတွေသိပ်မရှိပါဘူး..မြို့ထဲလည်းလူသိပ်မရှုပ်ဘူး..လမ်းတွေကလည်းသန့်ရှင်းတယ်..ကျွန်တော်ကတော့သဘောကျတယ်..။ The Gateway ဆိုတဲ့နေရာကိုအရင်ရောက်ဖြစ်တယ်...အဲဒီမှာတော့ လူတော်တော်စည်တယ်...စားသောက်ဆိုင်တွေ လူသုံးကုန်ဆိုင်တွေ ပြီးတော့ ရုပ်ရှင်ရုံလည်းရှိတာကိုး..။ လိုချင်တာလည်းမရှိတော့ ဘာမှလည်းမ၀ယ်ဖြစ်ဘူး....ဓာတ်ပုံအချို့ဘဲရိုက်ဖြစ်ခဲ့တယ်..။ ခပ်လှမ်းလှမ်းတောင်ကုန်းပေါ်မှာတော့ Capitol အဆောက်အဦးကိုလှမ်းမြင်နေရတယ်...။

 မြို့လယ်တစ်နေရာ


 

 ဘုရားကျောင်း

  

ဒါနဲ့ Capitol အဆောက်အဦးသွားဓာတ်ပုံရိုက်မလား..ဆိုတော့နည်းနည်းဝေးတယ် ပြီးတော့နောက်လည်းကျမှာစိုးတာနဲ့ အနီးအနားက Salt Lake Temple ကိုဘဲသွားဖြစ်ခဲ့တယ်..။ Salt Lake Temple အကြောင်းတော့မရှင်းပြတော့ဘူး...ဒီမှာပြည့်ပြည့်စုံစုံဖတ်နိုင်ပါတယ်..။ အထဲမှာတော့တော်တော်လှတယ်...လူတွေလည်းအများသား..တော်တော်များများကဓာတ်ပုံတွေရိုက်နေကြတယ်..။ ...နိုင်ငံပေါင်းစုံက အမျိုးသမီး Mormon Missionaries တွေလည်းတွေ့ခဲ့တယ်..ထိုင်း၊အင်ဒို၊မလေး ...မြန်မာနိုင်ငံကတော့မပါဘူးပေါ့..။ နေကလည်းဝင်တော့မယ်ဆိုတော့ ဓာတ်ပုံရိုက်ရတာတော့ သိပ်မကောင်းဘူး...အလင်းရောင်မပျောက်ခင်မြန်မြန်ရိုက်ရတယ်...။

  
ရုပ်ဖျက်ထားမှ
 နှုတ်ဆက်ပါတယ်

အပြန်ကျတော့ အဆင်ပြေတယ်...ရထားဘူတာကအရှေ့တည့်တည့်မှာဘဲ..သူကကားလမ်းမအလယ်မှာလေ..။ ဒါနဲ့ရထားစီးပြီး Sandy ကိုပြန်လာခဲ့တယ်... အပြင်ဘက်မှာတော့မှောင်နေပြီ..အပြန်ရထားပေါ်မှာတော့ လက်မှတ်စစ်နဲ့ကြုံသေးတယ်..။ ဆင်းရမဲ့ဘူတာ မရောက်ခင်ဟိုတယ်ကိုကြိုဆက်ထားတော့ ...အဆင်းမှာဘဲကားကစောင့်နေပြီ...အဲဒီမှာကားမရှိလျှင်တော့ သွားလို့လာလို့အဆင်မပြေဘူး..။ ညဘက်အပြင်မှာတော့ တော်တော်အေးတယ်...ဘူတာရုံလေးကတော့ ညအမှောင်မှာတိတ်တဆိတ်နဲ့ကျန်ခဲ့လေတယ်...။

ဇာတ်သိမ်းပိုင်း ဆက်ရန်