Showing posts with label အချစ်. Show all posts
Showing posts with label အချစ်. Show all posts

Monday, May 17, 2010

အချစ်တွက်တာ

ရူးသွပ်မှုတစ်ခုကြောင့်.....အချစ်တစ်ခုဘ၀ ကိုယ့်မှာစခဲ့တယ်.....................................။

ခံစားမှုတွေများ ဆန်းကြယ်လိုက်တာဆိုတာ သတိထားမိတဲ့အချိန်မှာဘဲ ကိုယ့်နှလုံးသားနေရာတော်တော်များများကို သိမ်းပိုက်ထားလိုက်ပြီပေါ့...။ နေ့တာရှည်တဲ့ ဇွန်လရဲ့ နေ့တစ်နေ့ ....... ကျောင်းပြတင်းပေါက်မှာ ကောင်းကင်ပြာပြာကို မော်ကြည့်နေလိုက်တာများ... မင်းမျက်ဝန်းတွေတောင် ရွှန်းစိုတောက်ပလို့...။ ကြည်လင်တဲ့အပြုံးတစ်ခုနဲ့တင်... အဲဒီနေ့က မင်းတစ်ယောက် ကိုယ့်ကို ညှို့ယူဖမ်းစားခဲ့တယ်....။ နက်မှောင်တဲ့ဆံပင်၊ နှာတံဖြောင့်စင်းစင်း၊ ဖမ်းစားလွန်းတဲ့မျက်ဝန်းတစ်စုံ........ အို.... အားလုံးကိုကိုယ်အလွတ်ကျက်မိပြီ..။ အဖြူနဲ့အနက်ရောယှက်လို့ကာနေတဲ့ မင်းရဲ့ ဖိနပ်ပါးတစ်ရံကတော့ မမေ့နိုင်တဲ့ စွဲလန်းမှုတစ်ခုရဲ့ အမှတ်အသားပေါ့........။ ဒါဟာ ရင်ခုန်ရာတစ်ခုရဲ့ အစလို့တော့ မသိခဲ့ပါလို့ ကိုယ်ဝန်ခံပြောမှာ ရိုးသားစွာ.........။

မင်းအပါးနီးကပ်ခွင့်ရနိုင်ဖို့ မင်းအကြိုက်အလိုက်တွေသိလာဖို့ ကြိုးပမ်းခဲ့တာတွေပြန်တွေးလိုက်တိုင်း... ကိုယ်ကိုကိုယ်မယုံကြည်နိုင်တာ အခါခါပဲ..။ ကော်ဖီမကြာမကြာသောက်တတ်တဲ့ မင်းအတွက် မက်ခွက်လေးတစ်ခုလက်ဆောင်ပေးခဲ့တာတွေ၊ မင်းကြိုက်တဲ့ ရေခဲသုပ်ကို နှစ်နှစ်ခြိုက်ခြိုက် စားခဲ့ဖူးတာတွေ..၊ မင်းနှစ်သက်လွန်းပါတယ်ဆိုတဲ့ အဆိုတော်ကိုတောင် မင်းထက်ပိုပြီး အားပေးခဲ့တာတွေ ဒါတွေဟာမင်းအတွက် ကိုယ်ရဲ့ ရည်စူးမှုအစုစုပဲ..။

အဲဒီနှစ်က ကျောင်းပိတ်ရက်ရောက်ခါနီးလေလေ ကိုယ့်ရင်တွေ နွေနေလိုပူပြင်းလိုက်တာများ.. စကားလုံးတွေတောင် အငွေ့ပျံလို့…..။ ကံကြမ္မာက အခွင့်အရေးပေးလို့လေ… ကျောင်းနောက်ဆုံးရက်မှာ စားပွဲခုံအောက်ထဲကျန်ခဲ့တဲ့ ကွန်ပါဘူးလေးတစ်ခု အတန်းခေါင်းဆောင်ဖြစ်တဲ့ ကိုယ့်လက်ထဲရောက်လာခဲ့တယ်..။ မထင်မှတ်ဘဲဖွင့်ကြည့်လိုက်တော့ မင်းဓာတ်ပုံလေး ကွန်ပါဘူးထောင့်မှာကပ်နေတာ တွေ့လိုက်တဲ့အချိန်မှာ.. ရင်ခုန်သံတွေများ စည်းချက်တွေတောင်မှားကုန်တယ်…။ တကယ်မဖြစ်နိုင်ပေမယ့်.. မင်းတမင်ချန်ထားခဲ့တာလားလို့ တွေးမိတဲ့ကိုယ်ဟာ သိပ်ကိုစိတ်ကူးယဉ်ဆန်နေမလားနော်………။ ကုန်တာကြာလွန်းတဲ့ နွေရက်တွေများလေ…. ကိုယ့်ရင်ခုန်နှုန်းကို မကြာမကြာ တို့ထိလာကစားနေတယ်…………….။

ကွန်ပါဘူးလေးကျေးဇူးကြောင့်လေ ကိုယ်တို့နှစ်ယောက် ခင်မင်ခွင့်ရခဲ့တယ်နော်………။ ဒါပေမယ့်လည်း မင်းကိုပြန်ပေးတဲ့အချိန် မင်းဘက်က ခံစားချက်တစ်စုံတစ်ရာမပြတော့.. အဲဒီညကိုယ့်မှာ ရင်ပူစွာနဲ့ အတွေးပေါင်းမြောက်များစွာ………….။ မင်းနဲ့ သူငယ်ချင်းဖြစ်တဲ့အချိန်ထိ မင်းရဲ့ အပြောအဆို အနေအထိုင်တွေကို… ရင်ထဲစွဲနေအောင် မှတ်ယူမိတာလည်း စွဲစွဲနှစ်နှစ်ပါပဲ..။ ကျောင်းမလာတဲ့ရက်တွေမှာ လွတ်နေတဲ့မင်းထိုင်ခုံလေးကို ကြည့်ရင်း ကိုယ့်ရင်တွေသိပ်ဟာတယ်…….။ ကိုယ့်ရဲ့ အမြတ်နိုးဆုံးအရာတစ်ခုခု..ပုန်းရှောင်ထွက်ပြေးနေသလို…………….။

ဒီဇင်ဘာနံနက်ခင်းအေးအေးတွေမှာ မင်းနဲ့အတူ ကန်တော်ကြီးကိုပတ်ပြီးပြေးခဲ့တဲ့ရက်တွေဟာ.. ကိုယ့်ဘ၀ရဲ့အမှတ်အရဆုံး….။ ကျောင်းကနေလေ့လာရေးသွားတဲ့ကားပေါ်မှာ မင်းရဲ့ဘေးမှာ ထိုင်ခွင့်ရတဲ့အချိန်တွေကိုတော့ ကိုယ်တကယ်လွမ်းဆွတ်နေဆဲပါ………..။ ကိုယ့်ဘ၀မှာ အပျော်ဆုံးဆိုတာတွေ မရှိခဲ့ဖူးပေမယ့်.. မင်းရေးပေးတဲ့ အမှတ်တရ စာအုပ်လေးထဲကစာသားတွေနဲ့တော့ ကိုယ်လေ ပျော်ရွှင်မှုတွေနဲ့ အတူ ဖျားနာခဲ့ဖူးတယ်..။

သိုဝှက်လွန်းတာလား……… တကယ်ပကတိခင်မင်တာ သက်သက်ပဲလားဆိုတာကိုတော့ မင်းပြောမှဘဲ ကိုယ်တကယ်သိတော့မယ်……..။ မင်းမျက်ဝန်းတွေကို အဓိပ္ပာယ်ဖတ်ရင်း.. မင်းအကြောင်းတွေကို ညညတွေးရင်း ကိုယ်တကယ် ရင်မောတယ်…….။ အိပ်မက်ထဲမှာတောင်တွေ့ခွင့်ရအောင် မင်းပုံရိပ်တွေကို တွေးတောမြင်ယောင်ပြီး တပ်မက်စွာအိပ်တတ်သူဟာ.. ရူးသွပ်စွာကိုယ်ပါ………..။

မင်းကိုတွေးလိုက်တိုင်းလေ ရင်တွေထိန်းမရအောင်ခုန်တယ်…..ခံစားမှုတွေအတိုင်းအဆမဲ့စွာ လွမ်းခြုံတယ်..။ ဒါဟာအချစ်ဆိုရင်……………နှစ်နှစ်ကာကာပြောမယ်……. ကိုယ်မင်းကို ချစ်တယ်………………………….။ အခြေအနေတွေမပေးခဲ့ပေမယ့် အဆုံးမှာတော့လည်း “စက္ကန့်ပိုင်းလောက်သာကြာမယ့် ချစ်တယ်လို့ဆိုတဲ့ ခဏတာ ဖွင့်ပြောစကားထက်၊ တစ်ဘ၀လုံးစာ မြတ်မြတ်နိုးနိုး စွဲစွဲမြဲမြဲ ချစ်ချင်တဲ့ တစ်ကျွန်းစံ နှလုံးသားရဲ့အလိုမှာဘဲ နာခံဝပ်စင်းမိတော့တယ်….။ ”

ဖတ်မိလျှင်တော့ မင်းသိပါစေ……..မဖတ်မိလျှင်လဲ ရှိပါစေတော့…………