Saturday, February 28, 2009

အချစ်ညမှာ အိပ်မက်မက်ခြင်း




အချစ်ညမှာ အချစ်ရည်ချိုချိုတွေသောက်မိလို့ ရီဝေမူးမိုက် အိပ်ပျော်ခဲ့ပြီ..။ အချစ်ညမှာအိပ်စက်မိတော့ အချစ်အကြောင်းအိပ်မက်တွေလည်း တရစပ်မက်လို့ပေါ့...။ ၅၂၈ နဲ့ ၁၅၀၀ ၊ အချစ်နဲ့မေတ္တာ ဝေခွဲမရမှုတွေကြားအိပ်မက်ရဲ့တေးသွားကို လိုက်ပါနစ်မျော ခံစားနားဆင်မိတယ်......။ တေးသွားအောက်မှာအချစ်ရဲ့အဓိပ္ပာယ်တွေက နက်ရှိုင်းလို့...။

ဈေးမှာ သားပျောက်လို့လူတွေကြား အမည်တကြော်ကြော်ခေါ်လို့ တိုးဝှေ့လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ၊ ရပ်ဝေးရောက်သားသမီးအတွက် အဆက်အသွယ်မရလို့ သောကရောက်နေတဲ့ မိဘတွေအတွက် ၊ ကိုယ့်ချစ်သူစွန့်ခွာသွားမလားဆိုတဲ့ အတွေးမမြဲစိုးမိုးနေတဲ့ အကျည်းတန်မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ စိုးရိမ်ပူပန်မှုတွေများလား......................................

သားပေါက်လေးတွေကို တယုတယပိုက်ထွေးနို့ချိုတိုက်ကျွေးနေတဲ့ ကြောင်မကြီးတစ်ကောင်အတွက် ၊ ပန်းပင်ပျိုကို အမြတ်တနိုးပြုစုပျိုးထောင်တဲ့ ဥယျာဉ်မှူးတစ်ယောက်အတွက် ၊ ချစ်သူနားက တစ်ဖ၀ါးမှမခွာတတ်တဲ့ အလိုလိုက်တတ်တဲ့ ကောင်လေးတစ်ယောက်အတွက် အချစ်ဆိုတာလေ ကြင်နာယုယ မှူတွေပဲလား...........................

သူငယ်ချင်းတွေကို အမြဲမပြတ်သတိရနေသူတစ်ယောက်အတွက် ၊ အိမ်အပြန်လက်ဆောင် အမြဲဝယ်လာတတ်တဲ့သူတစ်ယောက်အတွက်၊ ချစ်နှစ်ပတ်လည်နေ့တွေ အမြဲကျင်းပတတ်တဲ့ ဇနီးမောင်နှံအတွက် အချစ်ဆိုတာ မမေ့မလျှော့ရှိမှု အဖြစ်နဲ့လား..............................

အရုပ်မရရင် မပြန်ဘူးဆိုပြီး ဂျီကျနေတဲ့ ကလေးတစ်ယောက်အတွက် ၊ မွေးနေ့ရောက်တိုင်း လက်ဆောင်တွေတပုံကြီး ရဖို့မျှော်နေတတ်တဲ့သူအတွက် ၊ ချစ်ဘ၀သက်တမ်းတိုတိုနဲ့ လက်ထပ်ဖို့စိုင်းပြင်းနေသူအတွက် အချစ်ဆိုတာ ရယူခြင်းများလား...........

မိတ်ဆွေတွေအပေါ် အမြဲအနစ်နာခံတတ်တဲ့ သူတစ်ယောက်အတွက် ၊ သားသမီးကို ချစ်တဲ့မိဘများအတွက် ၊
ကိုယ့်ကိုပြန်မချစ်ရင်တောင် ကိုယ်ကအမြဲချစ်နေမယ်ဆိုသူ လူတစ်ယောက်အတွက် အချစ်ဆိုတာဟာ ထာဝစဉ်ပေးဆပ်ခြင်းလား........

ခုအိပ်ပျော်နေတဲ့ အိပ်မက်မက်သူ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ လျှို့ဝှက်မှုတွေ အဖြစ်နဲ့လား.....

ိအိပ်မက်ကနိုးတော့ အခန်းထဲမှာ ချစ်ရနံ့တွေ ပျံ့လွင့်လို့.........ချစ်နတ်သမီးတစ်ပါးကများ
ဖန်ဆင်းထားသွားတားများလား..........................

(ကိုတောင်ပေါ်သားရေ Tag ကြွေးဆပ်ပြီးကြောင်း...)
ပြန် Tag ချင်သူရှိပေမယ့် နောက်တစ်ခါ Tag ခံရမှာကိုကြောက်လို့ မတက်ဂ်တော့ ပါဘူး......။

Thursday, February 26, 2009

သစ္စာ

ချိုမြိန်တဲ့ ဆားခတ်မျက်ရည်
မျက်နှာအပ်ထားသော ရင်ခွင်
ပြန်လှည့်ကြည့်တော့ နှင်းပြင်ပေါ်ကခြေရာတွေ
မြက်ခင်းပြင်ဆီ ပျော်ဝင်စီးဆင်းနေပြီ
ကိုယ်လည်း
တဒင်္ဂ တခဏလေးတောင်
နောင်တမရတတ်တဲ့ မင်းလိုဘဲ...။

ရှည်ကြာတည်မြဲတဲ့ အချစ်ဆိုတာကြားဖူးပေမဲ့
အဆုံးရောက်ရင်တော့ ဘယ်သူကနှုတ်ဆက်မှာလဲ
ကြားသာကြားဖူးတဲ့ ကြည်နူးစရာချစ်နိဗ္ဗာန်ဘုံ
ကံကြမ္မာတောင် မလွန်ဆန်နိုင်တဲ့တရားတွေအတွက်
ကိုယ်တို့ ဘာလို့တဇွတ်တိုးနေကြမလဲ....။

အကြည့်တစ်ချက်ရဲ့ကြင်နာမှု
ရိုးသားဖြူစင်တဲ့အချစ်ရဲ့ ထာဝရဖြစ်မှု
မလွင့်ပြယ်တဲ့မေတ္တာတွေနဲ့
မျက်ရည်လွှမ်းတဲ့ သက္ကရာဇ်တွေနဲ့
ကိုယ်တို့ရဲ့ စောင့်စည်းမှုတွေအတွက်
ဂုဏ်ပြုစကား ပါးလိုက်ချင်တယ်..။

ချစ်ခင်မှုဖြင့် ဆိုတဲ့စကားဟာ
အဆုံးမဲ့ခြင်းဖြစ်ခဲ့ရင်
သစ္စာတွေဟာ ထာဝရခိုင်မြဲနေမှာ
အချိန်တွေဆောင်ယူခဲ့တဲ့ ပြောင်းလဲခြင်းတွေမရှိခဲ့ရင်
အချစ်စစ်ဆိုတာ
မိုးသက်လေပြင်းရဲ့ အလယ်မှာလား
နွေဦးရဲ့ နွေးထွေးမှု တွေလား........။

Wednesday, February 25, 2009

အမေ့အတွက်








သွက်လက် ဖျတ်လတ်ချင်တုန်းဘဲလား အမေ
သားအတွက်တော့
အမေ့ပုံရိပ်တွေက
ရင်မှာ အမြဲဖျတ်လတ်လှုပ်ရှားနေဆဲပါအမေ..။


ကျွေးချင် မွေးချင်တုန်းဘဲလား အမေ
သားအတွက်တော့
အမေ့ကျေးဇူးတွေနဲ့ ၀ခဲ့ပြီမို့
သားတစ်ပြန် လုပ်ကျွေးပါရစေ အမေ...။

ပြုစုချင် ယုယပေးချင်တုန်းဘဲလား အမေ
သားကတော့
အမေ့ပျိုးထောင်မှုအောက်မှာ မားမားရပ်နိုင်ပြီမို့
သားတစ်ဖန် ပြုစုစောင့်ရှောက်ပါရစေ အမေ...။

ချစ်တဲ့အမေရေ...
အမေ့အတွက်
သားဖြစ်နိုင်တာတွေ ပြခွင့်ရသလို
လုပ်ပေးနိုင်တာတွေလည်း အလုပ်အကျွေးပြုနိုင်ပါရစေ..
သိပ်ချစ်တဲ့ အမေ..။

Tuesday, February 24, 2009

ဘယ်လိုမှ


နေတစ်စင်းရဲ့အရိပ်
ဘယ်လိုမှမဖြစ်နိုင်သလို....

မီးတောက်တစ်ခုရဲ့အေးမြမှုကို
ဘယ်အခါမှမခံစားနိုင်သလို

နှင်းတစ်စက်ရဲ့ပူလောင်မှုဟာလည်း
ဘယ်လိုမှမဖြစ်နိုင်ဘူး...

ဒီလိုဘဲ
ဖြစ်ခဲ့တာတွေ
ပြန်ပြင်လို့မရသလို
ချစ်ခဲ့တာတွေလည်း
ဘယ်လိုမှ မမေ့နိုင်ပါဘူး
ကိုယ့် အချစ်ဦး...။

Monday, February 23, 2009

ဓာတ်ပုံများ

ဒီရက်ပိုင်း စာမေးပွဲ စိလို့ ပို့စ်အသစ်သိပ်မတင်ဖြစ်နိုင်ဘူးထင်ပါတယ်..။ ရက်ခြားရက်ခြားပေါ့... ။ အတင်းဖျစ်ညှစ်ပြီးလည်း မရေးချင်ဘူးလေ...။ ရိုက်ဖြစ်တဲ့ ဓာတ်ပုံလေးတွေတင်ပေးလိုက်တယ်..။

Botanic Garden တစ်နေရာ


ဒါက Marina Square မှာပါ

တွေ့တဲ့အတိုင်းပါဘဲ Vivo City တဲ့


Sunday, February 22, 2009

ဖြစ်နိုင်မှု



ဖြူလွတဲ့တိမ်တွေ
တနေ့မှာ ညိုကြမ်းနိုင်တယ်..။

ပြာလဲ့တဲ့ကောင်းကင်
တနေ့မှာ နီစွန်းနိုင်တယ်..။

လှုပ်ရှားနေတဲ့ ပင်လယ်ပြင်
တနေ့မှာ အေးခဲသွားနိုင်တယ်..။

ခံ့ခံ့တည်တဲ့ ကျောက်ဆောင်
တနေ့မှာ ပြိုပျက်နိုင်တယ်...။

လမ်းပျောက်နေတဲ့ဘ၀တွေ
အက်ကွဲနေတဲ့ နှလုံသားတွေ
မတည်ငြိမ်တဲ့ စိတ်တွေ
ဒါတွေအားလုံးဟာလည်း
တနေ့မှာ တနေ့နေ့မှာ
အကောင်းဆုံး ပြန်ဖြစ်လာနိုင်တယ်..။

Saturday, February 21, 2009

ချစ်နေဆဲ

တွေးမိတိုင်း
ဆွေးနေဆဲ
သတိရတိုင်း
လွမ်းမိဆဲ
စဉ်းစားလိုက်တိုင်း
အတိတ်နောက်ပြန်ဆွဲ
ပြန်ချင်တိုင်း
မျက်ရည်ဝဲ
အခါခါပြန်ရောက်
အိပ်မက်ထဲ
ရာသီတွေပြောင်းတိုင်း
လှပနေဆဲ
ရိုးသားတဲ့ ရှမ်းမြို့ကလေး
ကိုယ် ချစ်နေဆဲ ....။

(တောင်ကြီးအမှတ်တရ)

Friday, February 20, 2009

သတ္တိခွန်အားရှိစေချင်သည်

ကျွန်တော်ဘလော့ရေးတာ အခုဆို ၅လလောက်ရှိပါပြီ..။ တစ်လျှောက်လုံးမှာ တွေးချင်တာတွေးရေးချင်တာရေးခဲ့ပြီး ဘလော့မိတ်ဆွေ၊အစ်ကိုအစ်မ၊အန်တီ၊သူငယ်ချင်းများလည်း ရခဲ့ပါတယ်..။ အဲဒိထဲမှာ ကျွန်တော်နဲ့စခင်ပြီးကတည်းက ပို့စ်ခုရေးလိုက်တိုင်း အမြဲ comment ပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ရှိပါတယ်..။ သူ့နာမည်က Craton တဲ့..။ စာရေးအားလည်းကောင်းသလို သူရေးခဲ့တဲ့ကဗျာတွေစာတွေကလည်း မှတ်သားစရာကောင်းစွာနဲ့ လေးလေးနက်နက်ရှိလှပါတယ်..။ တစ်ခါကျွန်တော်စာမရေးဖြစ်ချိန်ကတောင် သူကအားပေးလိုက်သေး..။ ခုတော့ သူ့ဘလော့မှာရေးထားပုံအရ အခက်အခဲတွေကြုံနေတယ်ထင်ပါရဲ့..။ ဘာဖြစ်မှန်းသေချာမသိပေမဲ့..အဆင်ပြေစေဖို့တော့အမြဲဆုတောင်းပေးနေတယ်..။ သူ့အတွက်ကဗျာလေးတစ်ပုဒ် နဲ့အားပေးချင်ပါတယ်..။ ဒီကဗျာလေးကို ကျွန်တော့်ဆီမှာလည်းအရင်ကတင်ပြီးသားပါ...။ ဒီတစ်ခ်ါတော့ Craton ရေ မင်းအတွက်အထူးပါ.....။ ဓာတ်ပုံကို Google မှရယူပါတယ်..။

သတ္တိခွန်အား ရှိစေချင်သည်


မြတ်စွာဘုရားသခင်
ဘေးအန္တရာယ်အပေါင်း၏
လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်း
ဆုမတောင်းမိပါစေနှင့်၊
ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါ
အကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။

ကျွန်ုပ်
ဆင်းရဲဝေဒနာကို လျော့ချဖယ်ရှားဖို့
ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကို
ခံနိုင်သည့် အောင်နိုင်သည့် နှလုံးသား သာရှိပါရစေ။

ကျွန်ုပ်
ရင်ဆိုင်နေရသော ဘ၀တိုက်ပွဲများတွင်
စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်
ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။

ကျွန်ုပ်
အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်
မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်
ကိုယ်တိုင် လွတ်မြောက်မှုကို
စိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့
မျှော်လင့်ပါရစေ။

ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို ခံစားသည့်
သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်
ကျရှုံးလျှင်လည်း သင်လက်၏ ဆုပ်ကိုင်မှုကို
ရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။

မူရင်း တဂိုး (ဆရာမ ဂျူးဘာသာပြန်သည်)
မနိုင်းနိုင်းစနေဘလော့မှ ရပါသည်

Tuesday, February 17, 2009

အိမ်ဝေး

အိမ်ပြေးသူတစ်ယောက်တော့မဟုတ်ပါ
အိမ်နဲ့ဝေးနေရသူမို့
အိမ်ဝေးသူ သက်သက်ပါ..။

ပြောခဲ့တာတွေအတွက် နောင်တမရသလို
ပြောချင်တာတွေပြောဖို့အတွက်
နောင်တလေးတစ်မျှင်တော့ရချင်သေးရဲ့..။

ကြမ်းတဲ့မုန်တိုင်းလည်းမမှု
ကြမ်းတဲ့လမ်းလည်း ဖြတ်လျှောက်နေကြမို့
ချိုမြတဲ့ ဘ၀ခရီးအတွက်တော့
အခါခါ တွန့်ဆုတ်လို့နေပြီ..။


နေ့အချိန်ဟာ လင်းတယ်
ညအချိန်ဟာ မှောင်တယ်
ဘ၀ရဲ့ အတက်အဆင်း အနိမ့်အမြင့်တွေကြား
ညနဲ့နေ့အကူးအပြောင်းကြား
အမှောင်ကြွေလို့ အလင်းပွင့်ချိန်မှာ
အိမ်ဝေးသူတစ်ယောက်
လွမ်းလို့...
အိမ်ပြန်ရောက်ခဲ့တယ်....။

Tuesday, February 10, 2009

ပေါင်မုန့်စကား

ပေါင်မုန့်စကားဆိုလို့ခေါ်တဲ့(ကိုယ့်ဘာသာကိုယ်ခေါ်တာပါ) BreadTalk ဆိုတဲ့ပေါင်မုန့်ဆိုင်လေးပါ...။ ၂၀၀၀ ခုနစ် မှာစပြီး ဖွင့်ခဲ့တယ်လို့သိရပါတယ်....။ ကျွန်တော်ကတော်ရုံတန်ရုံပေါင်မုန့်မစားဖြစ်ပါဘူး.. သိပ်မကြိုက်တာလည်းပါတယ်..။ တစ်ခါတစ်လေ ကျောင်းမှာဗိုက်ဆာရင်တော့ အတန်းတစ်ခုနဲ့တစ်ခုကြား လမ်းသွားရင်းလည်းစားလို့ရတဲ့ ပေါင်မုန့်ကိုဘဲစားဖြစ်တာများပါတယ်...။ ကျောင်းကပေါင်မုန့်ကတော့ စားလို့ရလောက်အောင်ဘဲဖုတ်ထားတယ်ထင်ပါတယ်.. သိပ်စားလို့မကောင်းပါဘူး..။ အပြင်ထွက်လည်ဖြစ်ရင်တော့ ဗိုက်ဆာရင်.. ပြီးတော့ထမင်းစားချိန်လည်းမရောက်သေးတဲ့အချိန်တွေဆိုရင်တော့ အမြဲစားဖြစ်တာကတော့ BreadTalk ဆိုင်ကပေါင်မုန့်ပါဘဲ...။ စင်္ကာပူမှာ BreadTalk ဆိုင်ခွဲတွေကနေရာအနှံ့အပြားမှာရှိပါတယ်..။ ဆိုင်အပြင်အဆင်ကသပ်ရပ်ပြီး အရသာလည်းကောင်းတာကြောင့် လူတော်တော်များများ စားကြပါတယ်..။ ပေါင်မုန့်တွေအပြင် Birthday Cake တို့လည်းအော်ဒါမှာလို့ရပါတယ်...။ တစ်ချို့ဆိုင်တွေဆို ကော်ဖီ၊ လိမ္မော်ရည်စတဲ့ သောက်စရာတစ်ခုခုရနိုင်ပါတယ်.. စားပွဲနဲ့ကုလားထိုင်လည်းရှိလို့ ဆိုင်မှာဘဲထိုင်စားလို့လည်းရပါတယ်..။ အောက်ကပုံကတော့ တစ်နေ့က အမေနဲ့အတူ အဆာပြေစားဖြစ်တာလေးပါ..။ အဆာပြေဆိုပေမဲ့ ကျွန်တော်က နှစ်ထုချားဒယ်..။



အောက်ကပုံကိုတော့ ဒီက ရယူပါတယ်...။


Wednesday, February 4, 2009

လွတ်မြောက်ခွင့်


နေ့စဉ်ရက်ဆက်
မပြတ်တွေ့ငြား
ဝေးဝေးရှိသော် မပြောသာဘဲ
နီးစပ်နီးကပ် ရှိလှပြီမို့
မခိုင်စိတ်ထားရှိသူကိုယ့်မှာ
ချစ်ဖူးချစ်နွယ်ချစ်ပွင့်သစ်များ
ကြွားဝင့်ဝင့် လန်းသစ်ခဲ့ပြီ မေ...
အေးနှင်းမှုန်ကြဲ
ဖန်အိမ်တွင်းဝယ်
ရွှင်ပျော်စိတ်ထား မရှိပြီမို့
မင်းကို ချစ်ခွင့်ရနိုင်ဖို့
ကိုယ့်အား
လွတ်မြောက်ခွင့်ပြုပါ မေရေ...။

Tuesday, February 3, 2009

သတိမရပါနဲ့

ကြေကွဲရှိုက်သံ
ဆွေးမြေ့သက်ပြင်း
အေးခဲမျက်ရည်
အထီးကျန်အတွေး
အဆုံးမဲ့အမှောင်လမ်း
အဖြေမလိုတဲ့ ၀င်္ကပါ
မင်းမုန်းတဲ့ ညိုညစ်ညစ်နေ့ရက်တွေ
အခုချိန်ကစလို့
အားလုံးပြီးဆုံးစေမယ်
မင်း ပျော်ရွှင်မယ့်တစ်နေ့တော့
အမှောင်တွေထဲမှာ ကျန်ခဲ့တဲ့ကိုယ့်ကို
သတိမရလိုက်ပါနဲ့...။