Wednesday, January 28, 2009

မော


ဘာရယ်မဟုတ် ဒီရက်ပိုင်းအတွင်း စာတွေကျက်လိုက် တွက်လိုက်၊ ပရောဂျက်တွေလုပ်လိုက်နဲ့ စိတ်မောလူမော...။
ဘလော့မှာတောင် ပို့စ်တစ်ပုဒ်ရေးနိုင်ဖို့တောင် အချိန်ပေးဖို့အနိုင်နိုင်ဖြစ်နေပြီ...။ လာလည်ကြတဲ့သူတွေကိုလည်း အားနာပါရဲ့ဗျာ..။ စိတ်မောတာကတော့ ဘယ်သူမှမကယ်နိုင် ကိုယ့်ဘာသာကိုယ် စိတ်လျှော့ပြီး သီချင်းလေးနားထောင်လိုက် စာဖတ်လိုက်နဲ့ဘဲ ထွက်ပေါက်ပေးရတယ်...။ လူမောတာကတော့ မောပါတယ်.. ဒါပေမယ့် ရေသောက်လိုက်၊အအေးသောက်လိုက်ရင်တော့ နည်းနည်းတော့အမောပြေသွားတာဘဲ..(ဘာမှလည်းမဆိုင် .... :D)။ အအေးဆိုလို့ကျောင်းမှာ အမြဲသောက်ဖြစ်တဲ့ အအေးဆိုင်လေးရှိတယ်..။ ဈေးလည်းသိပ်မကြီးဘူး ၁ ဒေါ်လာကနေ အများဆုံး ၂ ဒေါ်လာဘဲ...။ သစ်သီးလတ်လတ်ဆတ်ဆတ်တွေကို Blender ထဲမှာ ရေခဲထည့်ပြီးချက်ချင်းဖျော်ပေးတာပါ...။ ဒီအတိုင်းလည်းရတယ်.. နို့စိမ်းထည့်ချင်လည်းရတယ်...။ အရသာလည်းကောင်းလို့အမြဲသောက်ဖြစ်ပါတယ်..။ Mix လည်းလုပ်လို့ရတယ်.. စတော်ဘယ်ရီနဲ့(ကီဝီ၊သရက်၊လိမ္မော်၊ soursop)၊ ထောပတ်သီး၊ဖရဲသီး၊သခွားမွှေး၊သင်္ဘော စသည်ဖြင့်အစုံရပါတယ်..။ ဒီနေ့သောက်ဖြစ်တာကတော့ Strawberry Milk ပါ..။ သုံးဆောင်ကြပါ.. နောက်တစ်ခါလည်း သွားရည်ကျဖို့ အဲ... သောက်ဖြစ်တဲ့အခါပုံလေးတွေတင်ပေးပါ့မယ်..။

Thursday, January 22, 2009

တောင်းပန်ခြင်း

ဒီနှစ်ကူး ကစလို့ ကျွန်တော်နည်းနည်း နေမကောင်းဖြစ်နေတာကြာပါပြီ...။ တော်ရုံနဲ့လည်းမပျောက်ဘူး...။ အရင်အပတ်က ဆေးခန်းပြပြီး အစားတောင်မ၀င်တော့ တော်တော်လေး အားနည်းသွားတယ်...။ ကျောင်းတောင် မနည်းတက်ပြီး Lecture တွေအမီပြန်လိုက်နေရပါတယ်....။ စာမေးပွဲကလည်းနီးလာ စာတွေကျက်နေရတာမို့ ဘလော့မှာပို့စ်တင်တာ ကျဲနေဦးမည်ဖြစ်ကြောင်းနဲ့... လာလည်ကြသူတွေကိုလည်း အချိန်တွေအလကားကုန်စေမိရင်လည်း ခွင့်လွှတ်ပေးစေချင်ပါတယ်..။ ဘလော့တွေတော့ လိုက်ဖတ်ဖြစ်ပြီး မကြာတဲ့တစ်နေ့တော့ စာတွေပြန်ရေးမှာပါ.......။
အားလုံးကျန်းမာရွှင်လန်းကြပါစေ....။

Sunday, January 11, 2009

မင်းရဲ့ငါ

ဒီရက်ပိုင်း စိတ်ညစ်စရာတွေရှိနေလို့စာတွေသိပ်မရေးဖြစ်ပါဘူး...။ ရေးဖို့တွေးကြည့်တော့လဲ အတွေးတွေကမထွက် ခက်ပြီ..။ ဘလော့လာလည်တဲ့သူတွေအတွက်လည်း အားနာပါတယ်..။ လာလည်ရကျိုးနပ်အောင်တော့ စာမရေးဖြစ်တဲ့အခါတိုင်း ခုလိုမျိုး ကဗျာတွေနဲ့သာ ဧည့်ခံချင်ပါတယ်..။ ကဗျာအများစုကတော့ နှစ်သက်လို့ကူးယူထားတာတွေနဲ့ သူငယ်ချင်းတွေကရေးပေးထားတာတွေပါ...။ စာမရေးနိုင်သေးတာအတွက်တော့ ခွင့်လွှတ်ပေးပါ....။

မင်းရဲ့ငါ

ငါ့ကိုယ်ငါ ယုံကြည်တာထက်
မင်းကိုပိုပြီး ယုံကြည်ချင်နေချင်တယ်
မင်းခွဲမသွားဘူးဆိုရင်ပေါ့။

ငါ့ကိုယ်ငါ တန်ဖိုးထားတာထက်
မင်းကိုပိုပြီး တန်ဖိုးထားချင်တယ်
မင်းဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့။

ငါ့ကိုယ်ငါ မြင့်ဖို့ထက်
မင်းကိုပိုပြီး မြင့်စေချင်တယ်
မင်းလက်ခံမယ်ဆိုရင်ပေါ့။

ငါ့ကိုယ်ငါ ချစ်တာထက်
မင်းကိုပိုပြီး ချစ်နေချင်တယ်
မင်းယုံကြည်တယ်ဆိုရင်ပေါ့။

ငါ့ကိုယ်ငါ မေ့သွားတာတောင်
မင်းကိုငါ သတိရနေမယ်
ငါ့နှလုံးခုန်သံ မရပ်တံ့သေးသရွေ့ပေါ့။

(ယုမောင်)

Saturday, January 10, 2009

အိပ်မက်

မနေ့ညကမက်တဲ့ အိပ်မက်လေးအကြောင်းပါ...။ အိပ်မက်ကောင်းနေတုန်းမှာဘဲ နိုးသွားလို့... (ဖြစ်နေကျပါ) စိတ်ကူးယဉ်ပြီး ဇာတ်လမ်းလေးဖွဲ့လိုက်တယ်..။

အိပ်မက်

မျက်လုံးတွေဖွင့်ကြည့်လိုက်တော့ ပတ်ဝန်းကျင်တစ်ခုလုံး မြူတွေဆိုင်းလို့ေ၀၀ါးနေတယ်။ မြူမှုန်တွေကြားမှာ လေပြေကလည်း ဖြူစင်အေးမြခြင်းတွေကို သယ်ယူဆောင်လို့လေ...။ ပတ်ဝန်းကျင်ခံစားမှုတွေကြောင့် ကိုယ့်စိတ်တွေတော့ တည်ငြိမ်အေးချမ်းသွားရတာတော့အမှန်ဘဲ...။ သြော်.. ခုမှသတိထားမိတယ်... တောင်ပေါ်တစ်နေရာကို ကိုယ်ရောက်လို့နေတာဘဲ....။ အေးမြလတ်ဆတ်တဲ့လေကို ရှူရှိုက်ရင်းနဲ့ ငှက်ကလေးတစ်ကောင် နှစ်ကောင်ရဲ့ ကျီကျီကျာကျာအသံကြားတော့ ဒါနံနက်ခင်းတစ်ခုဆိုတာ ကိုယ်သေချာသိပြီ...။တချက်တချက်လေအတိုက်မှာ ဆည်းလည်းသံလွင်လွင်ကလည်း ပျံ့လွင့်လို့ .. သေသေချာချာကြည့်တော့လည်း အနီးအနားမှာ ကျောက်တိုင်လေးတွေရယ်နှင့် မလှမ်းမကမ်းကတောအုပ်ကလေးရယ်.. ဒါတွေသာကိုယ်တွေ့သည်။ တောအုပ်ကလေးကတော့ ငြိမ်သက်စွာ ၀ပ်စင်းလို့... တစ်ကောင်စ နှစ်ကောင်စ ရှဥ့်ကလေးတွေသာ သစ်တစ်ပင်မှ တစ်ပင် ခုန်ကူးလို့နေသည်...။

ခပ်ပြင်းပြင်းတိုက်ခတ်လာတဲ့လေကို တစ်ဝကြီးရှိုက်သွင်းလိုက်တော့ လန်းဆန်းအေးမြခြင်းနဲ့အတူ ကိုယ့်စိတ်တွေ ငြိမ်းအေးသွားလိုက်တာများ ဘာနဲ့မှမလဲနိုင်အောင်ဘဲ....။ မော့ကြည့်လိုက်တော့ မှုန်မှိုင်းတဲ့ကောင်းကင်မှာ အိမ်ခြေရာမဲ့တိမ်တွေက လွတ်လပ်ပေါ့ပါးစွာ......။ ဘေးဘီကိုနားဆင်ကြည့်တော့လည်း ထင်ရူးပင်တို့သာ တိုးတိုးစကားဆိုလို့...။ ဟင်.. ကိုယ့်နံမည်ကို ခေါ်သံကြားသလိုဘဲ... တိုးတိုးလေးမှတကယ့်ကိုတိုးတိုးလေးပါ..။ ကိုယ်ဘဲနားကြားမှားတာလား... ဒါဟာတကယ်ပဲလား........................ ။ ဟော ညင်သာနူးညံ့တဲ့အသံလေး ကိုယ့်နံမည်ကို ခေါ်ရင်း ပျံ့လွင့်လို့လာပြန်သည်..။ သေချာနားထောင်ကြည့်တော့ အသံကတောအုပ်နားကနေလာတာဘဲ.... လှည့်ကြည့်လိုက်တော့ မြူတွေနဲ့သာေ၀၀ါးနေသည်..။ သစ်တောစပ်မှ မြက်ပင်တို့ဖွဖွနင်းသံတို့ကို ကြားသည်........ ဖြူဖြူနွဲ့နွဲ့သဏ္ဌာန်တစ်ခုသည် တဖြည်းဖြည်းလျှောက်လာနေသည်...။
အနားမရောက်ခင်ကတည်းကပင် ... ကိုယ်သိလိုက်ပါပြီ... ကိုယ်မြတ်နိုးတဲ့ မင်း တစ်ယောက်ကလွဲလို့ အခြားတစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ...။ အနားမင်းရောက်လာတော့ မင်းရဲ့ဆံနွယ်နဲ့ အဖြူရောင် အင်္ကျီလေးက လေမှာ လွင့်ဝဲလို့...။

မင်းရဲ့အပြုံး မင်းရဲ့အကြည့်တွေကြားမှာတော့ ကိုယ့်နှလုံးသားဟာ ထိန်းမရစွာ လှုပ်ရှားလို့ ... ကိုယ်ရဲ့အလွမ်းတွေလည်း လွင့်ပြယ်လို့...။

Wednesday, January 7, 2009

ဝေး


ခဏတော့ဝေးရဦးမယ်လို့ ကိုယ်ထင်တယ်ကွယ်...။ ဝေးရမယ်ဆိုပေမယ့် စိတ်တော့မပူလိုက်ပါနဲ့.. ခဏတာသာဝေးနေရခြင်းမို့ပါ။ မကြာတဲ့အချိန်ကာလတစ်ခုမှာတော့ ကိုယ်အရောက်ပြန်ခဲ့မှာပါ...။ ဝေးနေတဲ့အတောအတွင်းမှာတော့ ကိုယ့်ရဲ့မိတ်ဆွေတွေက မင်းကို နွေးထွေးမှုတွေနဲ့ စောင့်ရှောက်ကြမှာပါ.. ။ ကိုယ့်အစားမင်းက ကိုယ့်မိတ်ဆွေတွေကို ရင်းနှီးဖော်ရွေမှုတွေနဲ့ တုန့်ပြန်ပေးပါ... ကြင်နာမှုတွေနဲ့အတူ ပျော်ရွှင်မှုတွေပါ မင်းခံစားရမှာပါ.။ အေးမြတဲ့ အလွမ်းတွေဝေတတ်တဲ့ ဆောင်းရာသီမှာ မင်းကိုထားခဲ့ရမှာကိုတော့ ကိုယ်တကယ်စိတ်မကောင်းဘူး..။ ကိုယ့်စိတ်တွေ လေလွင့်နေချိန် အထီးကျန်နေချိန်မှာနွေးထွေးကြင်နာစွာကြိုဆိုခဲ့တဲ့ မင်းကိုတော့ကိုယ်တစ်သက်မမေ့ဘူး..။ တခါတရံနွေးထွေးတဲ့ တခါတလေအေးမြတဲ့ မင်းအရိပ်အောက်မှာ ခိုဝင်အနားယူခိုက် အထီးကျန်တတ်တဲ့ကိုယ့်အတွက် မိတ်ဆွေတွေရခဲ့လို့ မင်းကိုအမြဲကျေးဇူးတင်နေတာပါ...။ ခုသွားရမဲ့ ခရီးကလည်း ဘယ်လိုမှမလွဲရှောင်သာတာမို့ မင်းလေးကိုယ့်ကိုနားလည်ပေးစေချင်တယ်..။ ကိုယ့်မှာစိတ်ကူးထားတဲ့အိပ်မက်တွေရှိသလို ညတွေဆိုရင်လည်း အိပ်မက်တွေမက်တာပေါ့..။ မနိုးထချင်လောက်အောင် ကြည်နူးရတဲ့အိပ်မက်တွေရှိသလို ရုတ်တရက်လန့်နိုးရတဲ့ညတွေလည်း မနည်းပါဘူး..။ ဘယ်လိုဘဲဖြစ်ဖြစ် ကိုယ်ရှေ့ဆက်လျှောက်ရမဲ့ လမ်းကတော့ ချောမွေ့တစ်ခါ ကြမ်းတမ်းတစ်လှည့်ဖြစ်နေမှာကိုတော့ သေချာသိထားတယ်..။ ကြိုသိမထားတဲ့ အနာဂတ်ကို အကောင်းဆုံးရင်ဆိုင်မယ်လို့ ပြင်ဆင်ထားပေမဲ့ တစ်ခါခါတော့လည်း တွေးပူမိသေးတယ်..။ ဝေးလွန်းလှတဲ့ခရီးမိုင်တွေအတွက်.. ကိုယ်ဆက်လျှောက်ပါရစေ.. ကိုယ့်ကိုစောင့်ကြိုနေမယ့် အတွေ့အကြုံသစ်တွေဆီ တိုးဝင်ပါရစေ...........................မင်းလေးကိုယ့်ကိုနားလည်ပေးပါ.........။

ဘလော့လေးနဲ့တော့ ဝေးဦးမည်...။

Saturday, January 3, 2009

အထီးကျန်ရာသီ



မှိုင်းမှိုင်းပြာတဲ့ကောင်းကင်
မည်းနက်နက်ကတ္တရာလမ်း
အရောင်တွေပြောင်းနေတဲ့ မီးပွိုင့်
ရိုးတံတွေ ပြိုင်းနေတဲ့ သစ်ပင်
မှိန်မှိန်သာလင်းတဲ့ လမ်းမီးတိုင်
လူမရှိတဲ့ ထိုင်ခုံတန်း
မှိတ်တုတ်မှိတ်တုတ် ကြယ်စင်
ခြောက်ကပ်ဆိတ်ငြိမ်နေတဲ့ ပန်းခြံ
ငြိမ်သက်နေတဲ့ အဖော်မဲ့ဒန်းကလေး
တဖွဲဖွဲကျနေတဲ့နှင်း
ဖြေးဖြေးဆော့ကစားတဲ့ မြောက်ပြန်လေ
လွင့်ပြယ်နေတဲ့အတွေး
အထိန်းအကွပ်မဲ့နေတဲ့ ခံစားချက်
စည်းချက်ပျောက်နေတဲ့နှလုံးသား
အားလုံးရဲ့အလယ်
လူသူရှင်းနေတဲ့ သန်းခေါင်ယံလမ်းမအလယ်
ကျန်ရစ်ခဲ့တဲ့ ကိုယ်တစ်ယောက်
မင်းကို တိတ်ဆိတ်စွာ
သတိရလွမ်းနေတယ်…..။

Image from Google

Friday, January 2, 2009

စိတ်ကူးယဉ်အိပ်မက်


ခင်မင်ရတဲ့ Craton ကတက်ထားပါတယ်ဗျာ.. စိတ်ကူးယဉ်အိပ်မက်အကြောင်းတဲ့...။ အတက်ခံရကတည်းက တစ်ခြားမိတ်ဆွေ ဘလော့ဂါတွေရဲ့ စိတ်ကူးယဉ်အိပ်မက်အကြောင်းတွေကို လိုက်ကည့်တော့ ရိုးရိုးရှင်းရှင်းစိတ်ကူးလေးတွေ၊ ဆန်းဆန်းသစ်သစ်အတွေးလေးတွေနဲ့ လေးလေးနက်နက်အိပ်မက်တွေကို ဖွင့်ချရေးပြထားတာကို သေသေချာချာဖတ်ရပါတယ်..။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တော့ ကွဲပြားတဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်အိပ်မက်လေး တွေပိုင်ဆိုင်ကြပါတယ်။ အင်း ကျွန်တော့်မှာလား... အိပ်မက်တစ်ခုတော့ရှိတာပေါ့......။

ကျွန်တော်ငယ်ငယ်ကတည်းကစပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်...။ ဘာလဲဆိုတော့ ကျွန်တော်အလုပ်ကိစ္စတစ်ခုကိုပဲဖြစ်ဖြစ် ဆောင်ရွက်စရာရှိတာတစ်ခုကိုဘဲဖြစ်ဖြစ်လုပ်ကိုင်ရာမှာ ဘယ်တော့မှအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်ဆိုတာမျိုးမရှိပါဘူး...။ အနည်းဆုံး စိတ်ညစ်စရာ၊စိတ်ပင်ပန်းဆင်းရဲစရာတစ်ခု တွေ့ကြုံပြီးမှ အဆင်ပြေစွာပြီးဆုံးတတ်ပါတယ်..။ ပြောကြမှာပေါ့ အလုပ်လုပ်ရင် အခက်အခဲတော့ တွေ့မှာပဲဆိုတာ...ဟုတ်ပါတယ်..အဆင်မပြေတာတွေ့ကြုံရနိုင်ပါတယ်..။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါလောက် ချောချောမွေ့မွေ့နဲ့ အပြီးမသတ်နိုင်ဘူးလားဆိုတော့ ဖြေရမှာတော့ တစ်ခါမှာမရှိခဲ့ပါဘူး..။ ကျွန်တော်တင်မဟုတ်ဘူး... အမေပါအဲသလို ဖြစ်တတ်ပါတယ်.. သားအမိချင်း ကံအကျိုးပေးစပ်နေတယ်လို့ပဲပြောရမလား...။ အဲဒါကြောင့် ကိစ္စတစ်ခုလုပ်ရင် အမေကပြောတတ်ပါတယ်.. "သားရေ စိတ်ရှုပ်စရာတွေ့ရင် စိတ်ရှည်ရှည်နဲ့သာဖြေရှင်း သားကစိတ်ရှုပ်ခံပြီးမှု အဆင်ပြေတာ" လို့အမြဲပြောတတ်ပါတယ်...။ ဒါကြောင့်ကျွန်တော်ပြောပြချင်တာကတော့ စိတ်ချမ်းသာမှုနဲ့အမြဲပြည့်စုံဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်အတွက် ပထမခြေလှမ်းပါ...။

ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်ကိုတော့ ရိုးရိုးရှင်းရှင်းဘဲလို့ ကိုယ့်ကို ကိုယ်ထင်မိတယ်...။ အမေနဲ့အတူ အေးချမ်းဆိတ်ငြိမ်တဲ့ ထင်ရှူးပင်တွေဝိုင်းနေတဲ့ မြို့ကလေးမှာ အခြေချချင်တယ်..။ မီးခိုးခေါင်းတိုင်လေးနဲ့နှစ်ထပ်အိမ်ကလေး .. အင်းပြီးတော့.. အိမ်ဘေးမှာ အမေ့စိတ်ကြိုက် ပန်းခြံလေးနဲ့ ရေကန်ငယ်လေး....။ အိမ်အနားမှာက ဖော်ရွေခင်မင်ဖို့ကောင်းတဲ့အိမ်နီးချင်းတွေ... ။ မနက်လင်းတိုင်း အမေနဲအတူဘုရားရှိခိုး.. ပြီးတော့ ဈေးတူတူသွား... ဈေးအပြန်လမ်းမှာ မုန့်ဟင်းခါး၊ တိုဟူးနွေး ၊ ကောက်ညှင်းပေါင်းပဲဖြစ်ဖြစ် အတူစား...။ အင်းအလုပ်လား... မြို့လေးရဲ့ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ဖြစ်ချင် ဖြစ်နေလိမ့်မယ်..။ ငွေအတွက်လား.. ကျွန်တော်မပူပါဘူး.. သားအမိနှစ်ယောက်စားလောက် ပေးကမ်း လှူဒါန်းနိုင်ရင် ကျေနပ်ပါတယ်..။ အားလပ်တဲ့အချိန်တွေဆိုရင် သီချင်းနားထောင်ရင် နားထောင်၊ ဒါမှမဟုတ် တူရိယာတစ်ခုတီးလို့ သီချင်းဆိုပေါ့...။ တစ်ခါတစ်လေလည်း canvas ပေါ်မှာ လျှောက်ခြစ်ချင်ခြစ်နေမှာ...။ အလုပ်အားရက်တွေမှာလည်း မိတ်ဆွေတွေနဲ့အတူ မုန့်လုပ်စား.. စားကြသောက်ကြပေါ့...။ ခဏခဏညောင်းညာတတ်တဲ့အမေ့ကိုတော့ ညတိုင်းလက်ဆုပ်လက်နယ်လုပ်ပေးဖို့တော့ မေ့မှာမဟုတ်ဘူး...။ မနက်ဆိုမြူတွေကို ရှူရှိုက်လို့ သစ်တောလမ်းကလေးတစ်လျှောက် ဖြည်းဖြည်းလျှောက်သွားလို့..... ညနေတွေဆို.. တိမ်ညိုညိုတွေကို လွတ်လွတ်လပ်လပ်ငေးမောမယ်..။ ညတွေဆို ကြယ်ရောင်တွေအောက် ငြိမ်ငြိမ်သက်သက်လေး မိန်းမောချင်တယ်..... ခုန်နေဆဲနှလုံးသားအတွက်တော့ ခုနက ပြောတာတွေရှိခဲ့မယ်ဆိုရင် ပြီးပြည့်စုံပါတယ်...။

ဒါဟာ အိပ်မက်တစ်ခုပါလို့ ကျွန်တော်ပြောရင် ယုံနိုင်မလား.........................

Thursday, January 1, 2009

နှစ်သစ်ကိုကြိုဆိုခြင်း

ကျွန်တော့်ဘလော့ကို လာလည်သူ၊ စာလာဖတ်သူအားလုံး ပျော်ရွှင်ချမ်းမြေ့သောနှစ်သစ်ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်..။ မကောင်းတဲ့အဟောင်းတွေကို စွန့်ပယ်.. အမှားတွေကိုသင်ခန်းစာယူလို့ ကောင်းခြင်းအဖြာဖြာပိုင်ဆိုင်နို်င်ဖို့အတွက် စိတ်သစ်ခွန်အားသစ်တွေနဲ့ လန်းဆန်းတက်ကြွစွာ နှစ်သစ်ခြေလှမ်းတွေ လှမ်းလိုက်ကြပါစို့...။ အချိန်ရရင်သီချင်းလေးလည်းနားထောင်သွားပေါ့ဗျာ...။