Monday, December 13, 2010

ခွင့်လွှတ်ခြင်း



"ဒီဇင်ဘာဟာ..စိတ်ကိုခပ်ဖွဖွလေးဆွတ်ပျံ့စေတယ်..
အတိတ်ဟောင်းတွေကိုလည်း ထွေးပွေ့ယူဆောင်လာတုန်းဘဲ....
လှစ်ဟာနေတဲ့နှလုံးသားတစ်ခုနဲ့...
လှပတဲ့ ကမ္ဘာမြေကို...ဆွေးမြေ့စွာငေးမောရင်း
လွမ်းမောတသစွာ...
ငါ.... အထီးကျန်မိတော့တယ်"



ဒီသီချင်းကို စက်တင်ဘာလလောက်တည်းက ညတိုင်းလိုလိုနားထောင်ဖြစ်နေတာ...အခုချိန်ထိ။ စာသားနဲ့သံစဉ်အေးအေးလေးကို သဘောကျတယ်..။ Favourite Arist ထဲကတစ်ယောက်...။ အားလုံးနားဆင်ခံစားနိုင်အောင် ပြန်မျှဝေပါတယ်..။ ဗားရှင်းနှစ်ခုလုံးကြိုက်တယ်...။



"Forgiveness"

Loving lying enemy
I have seen your face before
Never thought again I’d see
Didn’t want to anymore

I remember your loving eyes
And the moonlit kiss
The evening lullabies I will truly miss
Through the years we had it all
Midnight whispers, the midday calls
This house of cards, it had to fall

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Every time I see you
I can’t help but look away
All along I had believed everything you’d say
When I look now I know I’ve seen your face before
Don’t want your deceiving smile
Standing at my door
And I don’t care what people say
I’m ready now to face this day

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Because you don’t know much about heaven boy
if you have to hurt

And you ask for forgiveness
You’re asking too much
I have sheltered my heart in a place you can’t touch
Don’t believe when you tell me your love is real
Because you don’t know much about heaven boy
If you have to hurt to feel

Sunday, December 5, 2010

အပြန်

ဝမ်းနည်းစရာကောင်းလွန်းလို့
တိမ်တွေတောင်ငိုချထားတဲ့ မြေပြင်မှာ
လွမ်းဆွေးတတ်တဲ့စိတ်တွေ
မြက်ရိုင်းတွေလို ခပ်မြူးမြူးပျော်ပါးတယ်......

ကန်ရေပြင် ငြိမ်သက်နေပုံထောက်တော့
ဒီနှုတ်ခမ်းတစ်စုံ
တင်းတင်းစေ့နေလို့ကြောင့်သာဖြစ်မယ်......

မမောနိုင်ရှာသေးတဲ့ ငှက်ငယ်လေး
ချမ်းအေးလွန်းတဲ့ ဒီလိုညမှာလည်း
မပြီးသေးတဲ့ တေးသွားကို
ခပ်တိုးတိုး ဆိုညည်းနေတယ်....

မိုးမခပင်အောက်မှာလည်း အရိပ်တို့သိပ်သည်း
ခပ်မှိန်မှိန်လင်းတဲ့ ကြယ်ရောင်တွေအောက်မှာပဲ
အဖော်မပါ ငါတစ်ယောက်တည်းသာ
အခန်းသို့ တိတ်တဆိတ်ပြန်လာခဲ့.....

Thursday, November 25, 2010

Utah သို့အလည်တစ်ခေါက် - ၃

 တောင်ထိပ်ရောက်တော့ နေကလည်းသာနေတော့ သိပ်မအေးတော့ပါဘူး.....။ Utah ရောက်ကတည်းကတော့ လေလည်းတိုက် အသားလည်းခြောက်တော့ လက်တွေခြေထောက်တွေဆို ပူရှိန်းရှိန်းလေးဖြစ်နေပါတယ်..။ တောင်ထိပ်ပေါ်ကနေလှမ်းကြည့်လိုက်ရင် အရှေ့ဘက်မှာသူတို့အခေါ် Mineral Basin.. တောင်နဲ့မြောက်မှာအခြားတောင်ထိပ်တွေနဲ့ အနောက်ဘက်မှာတော့ ကျယ်ပြန့်တဲ့ Salt Lake Valley နဲ့ အဆုံးမှာချစ်စရာတောင်တန်းတွေပဲပေါ့...။

 (Salt Lake Valley ကဟိုးအဝေးမှာ)

 
  (ရောက်နေတာက Hidden Peak)

 
          (ကျောက်တုံးနမူနာ ယူပြန်ရင်ကောင်းမလားလို့..)

အခု Video ကအသွားတုန်းက ကားပေါ်ကနေရိုက်ထားတာပါ..။ အရင်ပို့စ်တုန်းက မေ့ကျန်ခဲ့လို့ပါ...။ 


နာရီဝက်လောက်နေပြီးတော့ အောက်ဘက်နည်းနည်းကျတဲ့ တောင်ကိုဖြတ်ဖောက်ထားတဲ့ လှိုဏ်ခေါင်းရှိရာကိုခြေလျင်ဆင်းခဲ့တယ်..။ ဓာတ်ပုံရိုက်လိုက်ငေးလိုက်နဲ့ ၁၀ မိနစ်လောက်တော့ကွေ့ပတ်ဆင်းရပါတယ်..။ အဖွဲ့ထဲကတစ်ယောက် နေကာမျက်မှန်ကြီးတပ်ပြီးဆင်းတာ သူ့ကိုမပြောဘဲနေလိုက်လို့ကတော့ တောင်အောက်ကျသွားပြီပဲ...ဘယ်နှယ့် သူသွားနေတာကကမ်းပါးအစွန်းဘက်ကြီး လမ်းကတစ်ခြားဘက်မှာ ...နောက်တစ်လှမ်းဆိုကျပြီဘဲ..။ လှိုဏ်ခေါင်းအတွင်းမှာတော့ ဘာမှထူးထူးခြားခြားမရှိဘူး... တောင်ကိုဖြတ်ဖောက်ထားရုံသက်သက်ပဲထင်ပါတယ်..။ အခြားတစ်ဖက်ရောက်တော့ ခြေလျင်ဆင်းတဲ့လမ်းတွေရယ်.. Chair Lift Station ကိုတွေ့ရပါတယ်..။ Casey ကတော့ခြေလျင်ဆင်းချင်လဲရတယ်.... ဒါမှမဟုတ်ထိုင်ခုံပေါ်မှာပဲထိုင်ဆင်းသွားမလားမေးတယ်..။ ခြေလျင်ဆင်းရင်တော့ အောက်ရောက်ဖို့ ၂ နာရီနီးနီးကြာမယ်လို့တော့ပြောတယ်..။ အဲဒါနဲ့နောက်ဆုံးအားလုံးတစ်ညီတည်း ထိုင်ခုံပေါ်မှာထိုင်ပြီးဆင်းခဲ့ကြတယ်..။ အစကတော့ ခပ်လန့်လန့်ရယ်.. ကာထားတဲ့တန်းလေးက တစ်တန်းတည်း..မတော်လို့ ဖလွတ်ဆိုပြီးကျသွားရင်ဒုက္ခ...ပြီးတော့ ရုပ်ရှင်တစ်ကားထဲမှာ သူငယ်ချင်းသုံးယောက် Chair lift စီးပြီးလမ်းတ၀က်မှာ စက်ရပ်သွား..နှင်းမုန်တိုင်းထဲမှာတစ်ညလုံး ပြီးတော့ ၀ံပုလွေတွေကအောက်မှာ....အဲဒါကိုသတိရဖြစ်အောင် ရလိုက်သေးတယ်..။ တကယ်စီးကြည့်တော့ အရမ်းသဘောကျသွားပြီး...ထပ်တောင်စီးချင်မိသေးတယ်..။ အားလုံးကိုပေါ်စီးကနေမြင်ရတယ်....ပြီးတော့လေအေးတွေကလည်း မျက်နှာကိုလာတိုက်နေတာဆိုတော့ သိပ်ပျော်တယ်...။ 
 

မိနစ်၂၀ လောက်စီးပြီးတော့ တောင်ခြေစခန်းကိုပြန်ရောက်ပါတယ်...။ အဲဒီအချိန်မှာတော့ လူတွေနဲ့တော်တော်စည်းကားနေပါပြီ...။ပွဲဈေးတန်းထဲတော့မ၀င်ဖြစ်တော့ဘူး.. နောက်ဆုံးအမှတ်တရပစ္စည်းဆိုင်လေးထဲဝင်ပြီး လက်ဆောင်ပစ္စည်းအချို့ဝယ်ပြီး ဟိုတယ်ပြန်ခဲ့တယ်..။ အပြန်မှာတော့ သိပ်မပြန်ချင်ဘူး... ဆောင်းဦးရွက်ကြွေတွေ၊ အရောင်စုံသစ်ပင်တွေ၊ ကျောက်တောင်တွေက သိပ်ကိုဖမ်းစားလွန်းနေတယ်...။ နာရီကြည့်တော့ ၃နာ၇ီထိုးပြီး အားလုံးလည်းဗိုက်ဆာနေတာနဲ့ Sandy ဘက်ကစားသောက်ဆိုင်ကိုဘဲချီတက်ခဲ့တယ်..။ တနင်္လာနေ့မနက်မှာတော့ ကနေဒါကိုဆက်သွားရမှာဖြစ်ပါတယ်..။


အောက်မှာ Video ကထိုင်ခုံပေါ်ကနေရိုက်လာတာပါ... ဘေးကလူတွေကတော့ဆူညံလို့ (Singlish လည်းကြားရမယ်..  =D) ကိုယ်တိုင်မှာတော့ နှုတ်ဆိတ်လို့ ပတ်ဝန်းကျင်အလှကိုခံစားရင်း ကုန်လွန်သွားတဲ့မိနစ်စက္ကန့်တိုင်းကိုသာ နှမျောလို့သာနေတော့တယ်..။



အပိုင်း - ၄ ဆက်ရန်

Sunday, November 21, 2010

Utah သို့အလည်တစ်ခေါက် - ၂

လေယာဉ်စီးတာတင် စုစုပေါင်းနာရီ၂၀လောက်ကြာပြီး.. Transit အချိန်တွေပါထည့်ပေါင်းလိုက်ရင် ၂၄နာရီတစ်ရက်ပေါ့...။ SLC (Salt Lake City)လေဆိပ်ကိုရောက်တော့ အားလုံးလည်းပင်ပန်းနေကြပြီ..။ အဖွဲ့ထဲမှာ အားလုံးကကျွန်တော်ထက်ကြီးတဲ့သူတွေချည်းဘဲ..အသက်သုံးဆယ်ကျော်တွေပေါ့.. ဒါပေမယ့်အားလုံးက ပျော်တတ်တော့တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက် ဘော့စ်အကြောင်းပြောလိုက်နဲ့ လေယာဉ်ပေါ်မှာလည်း သိပ်မပျင်းရပါဘူး...။ လေဆိပ်မှာ US ရုံးခွဲကတာဝန်ရှိသူကလာကြိုပါတယ် နာမည်က Casey ပါ။ သူပဲဟိုတယ်လိုက်ပို့ဖို့ ကားတွေအကုန်စီစဉ်ပေးပြီးမှ See You Tomorrow ဆိုပြီးပြန်သွားပါတယ်..။

လေဆိပ်ကနေအပြင်ထွက်ထွက်ခြင်းသိလိုက်ရတာကတော့.. Salt Lake Valley ဆိုတာအတော်ခြောက်သွေ့တာပဲလို့..။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် သစ်ပင်အရိပ်ကောင်းကောင်းတွေသိပ်မတွေ့ရဘဲ တောင်တွေသာတွေ့ရတာများတယ်..။ သြော်အခုတော့လည်း ...အမေရိကားရောက်နေပါလားလို့ ပြုံးမိသေးတယ်....။ အရှေ့တစ်ပတ်ကကြိုရောက်နေတဲ့ အသုတ်က Lip Balm, Eye Drops, Moisturizer တွေကြိုယူလာခိုင်းတယ်.. အသားခြောက်မယ်တဲ့...။ သူတို့အဖွဲ့ထဲမှာ တစ်ကျောင်းထဲဆင်း Samuel ဆိုတဲ့သူငယ်ချင်းပါတယ်.. အင်ဒိုနီးရှားက..။ ဟုတ်လည်းဟုတ်တယ်.. နဂိုအဆီပြန်တဲ့ အသားရည်တောင် နောက်ရက်တွေကျတော့ ခြောက်ကုန်တယ်.. Humidity နည်းတယ်ဆိုရမယ်..။ တကယ်တော့ ရုံးခွဲရှိတဲ့မြို့က SLC နဲ့ဆယ်မိုင်လောက်ဝေးတဲ့ Sandy ဆိုတဲ့မြို့လေးပါ..။ ရန်ကုန်နဲ့ မင်္ဂလာဒုံလောက်ပေါ့...။ တည်းမယ့်ဟိုတယ်ကလည်း အဲဒီမှာဘဲ... Hyatt Summerfield တဲ့.... မိနစ် ၂၀ အစိတ်လောက်တော့သွားရတယ်..။

သင်တန်းက အားလုံးပေါင်း ၃ပတ်တောင်ကြာမယ်..။ Utah မှာတစ်ပတ်..အလယ်အပတ်မှာ Canada သွားရမယ်.. အဲဒီသောကြာနေ့မှာဘဲ Utah ပြန်လာရမယ်....။ ပထမအပတ်မှာတော့ ဘယ်မှမသွားဖြစ်ဘူး..သင်တန်းက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိဆိုတော့...။ အစားအသောက်စားရတာတော့ အဆင်ပြေတယ်.. တော်တော်များများတော့ ကျွန်တော့်ပါးစပ်အတွက် အရသာနည်းနည်းပြင်းနေသလိုဘဲ...။ စင်္ကာပူထက်စာရင်တော့ ဈေးပိုများပေမယ့် အရသာရှိတယ်.. Portion လည်းများတယ်... စင်္ကာပူက Food Court တွေကလိုနည်းနည်းလေးထည့်ပေးပြီး အရသာလည်းသိပ်မရှိတာမျိုးမဟုတ်ဘူး...။ ညနေအားတဲ့အချိန်လေး အနီးအနားလျှောက်ကြည့် South Towne Mall သွားလည် မုန့်စားတာလောက်ဘဲလုပ်ဖြစ်တယ်..။ Sandy မှာတော့ မနက်နဲ့ညနေဆိုရင် သိသိသာသာအေးတယ်.. တောင်ကြီးလိုနေရာမျိုးမှာ ကြီးလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အနွေးထည်ခပ်ပါးပါးတစ်ထည်လောက် ထပ်ဝတ်ထားလိုက်ရင်တော့လုံလောက်ပါတယ်..။ ကျန်တဲ့သူတွေသာ အနွေးထည်အထူကြီးဝတ်ပြီး တဂတ်ဂတ်ဖြစ်နေလို့ ကြည့်ပြီးရယ်ရသေးတယ်...။ ၂၃ ရက်နေ့ (ကြာသပတေးနေ့) ညနေဘက်တော့ Casey's အိမ်မှာ BBQ & Grill လုပ်စားဖြစ်တယ်.. လုပ်ပေးတဲ့သူကစေတနာပါလို့လားတော့မသိဘူး.. စားလို့တော်တော်ကောင်းတာတော့ သေချာတယ်..။ Casey's အိမ်က Chess Set လေးသဘောကျလို့ဓာတ်ပုံရိုက်လာသေးတယ်...အဖွဲ့ထဲကလူတွေကိုကစားမလားမေးတော့ တစ်ယောက်မှမကစားတတ်ဘူးတဲ့... ဘယ့်နှယ့်..။

 
အမှန်ပြောရရင် Sandy မြို့လေးကိုသိပ်သဘောကျပါတယ်... အရှေ့ဘက်မှာလည်း တောင်တန်းအမြင့်ကြီးတွေနဲ့ အနောက်ဘက်မှာလည်းတောင်တန်းတွေနဲ့... တောင်တန်းတွေကိုချစ်တဲ့ကျွန်တော့အတွက်တော့ အံကိုက်ပါဘဲ..။ ဒီလိုနဲ့စနေနေ့ရောက်လာတော့ Caseyကပဲမြို့အရှေ့ဘက်က တောင်တွေပေါ်လိုက်ပို့ပေးမယ်လို့ဆိုလာတာကြောင့် မနက် ၁၀ နာရီခွဲလောက်မှာ ဟော်တယ်ကနေထွက်လာခဲ့တယ်..။ ဒီတောင်ပေါ်သွားတဲ့နေ့ဟာ.. ဒီခရီးစဉ်အတွက်အမှတ်တရအဖြစ်ဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုရမှာပါ..။

မြို့ထဲကထွက်လာပြီး တောင်ကြားထဲ (Little Cottonwood Canyon)၀င်လိုက်တာနဲ့ လေကတဖြည်းဖြည်းအေးလာပါတယ်..။ မြင်ကွင်းထဲမှာလည်း အ၀ါ၊အနီ၊အစိမ်းစတဲ့ အရောင်ပြောင်းနေတဲ့သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်ဟာ လှပလို့...။ Snowbird Ski & Summer Resort ကိုရောက်ဖို့တော့ မိနစ် ၂၀ လောက်သွားရတယ်..။ တောင်ခြေကိုရောက်တော့ တောင်တက်ဖို့လာတဲ့သူတွေရယ် ဈေးပွဲလည်းရှိတာရယ်နဲ့ စည်ကားလို့နေပါတယ်...။
 
တောင်ပေါ်တက်ဖို့တော့ Tram စီးချင်ရင်လည်းရတယ်..ဒါမှမဟုတ် ထိုင်ခုံလေးတွေပဲရွေ့နေတဲ့ Lifted Chair စီးရင်စီး.. ခြေလျှင်တက်ချင်ရင်တက်ပေါ့..။  ကျွန်တော်တို့တော့ အတက်ကို Tram နဲ့ဘဲတက်ဖြစ်တယ်....။ အတက်မှာတော့ သစ်ပင်ထိပ်ဖျားတွေရယ်.. ကျောက်တောင်အစွန်းတွေရယ်.. ပြတင်းပေါက်က၀င်လာတဲ့ လတ်ဆတ်နဲ့လေထုအေးအေးတွေရယ်ကြောင့် ..ရင်ထဲမှာဖော်မပြနိုင်အောင်ပါဘဲ...။ အို.......... ဒီကမ္ဘာမြေကြီးဟာ သိပ်လှပနေပါလား...................။
 

ကျွန်တော်တို့သွားမယ့်တောင်ထိပ်က Hidden Peak ပါအမြင့်ပေ တစ်သောင်းကျော်မြင့်ပါတယ်..။ အခုသွားတော့ Samuel လည်းပါလာတယ်.. သူကမနေ့က ကနေဒါကပြန်ရောက်လာတာ..။ ဓာတ်ပုံကတော့ သူတစ်လှည့်ကိုယ်တစ်လှည့်ရိုက်ပေးလိုက်နဲ့ပေါ့...။ တစ်ခါတစ်ခါ ကင်မလာတောင် လဲယူထားလိုက်သေးတယ်.. သူ့ကို သူ့ကင်မလာနဲ့ရိုက်ပေး.. ကိုယ့်ကင်မလာ သူ့ကိုပေးထားလိုက်တယ်.. အေးရော...။ တောင်ပေါ်ကကြည့်လိုက်ရင် အဝေးမှာ Salt Lake Valley ကိုမှုန်ပျပျ ..ပတ်ပတ်လည်မှာ တောင်ထိပ်တွေနဲ့ အရောင်စုံတဲ့ ကျောက်တောင်တွေရယ် သစ်ပင်တွေရယ် သိပ်လှတာဘဲ...။ အဲလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေကို သိပ်သတိရတယ်.. လွမ်းသလို ဆွေးသလို ၀မ်းနည်းဝမ်းသာသလို သတိရသလို ....။  အဲဒီအချိန်မှာ အဖြစ်ချင်ဆုံးကတော့ စွန်တစ်ကောင်ဘဲ.... တောင်ပေါ်ကနေ၀ဲပျံပြီးလို့သာ ရှိရှိသမျှကို အပေါ်စီးကနေ မက်မက်မောမောကြည့်လိုက်ချင်တော့တယ်.................။

အပိုင်း - ၃ ဆက်ရန်

Friday, November 19, 2010

Utah သို့အလည်တစ်ခေါက် - ၁

ပြီးခဲ့တဲ့စက်တင်ဘာလတုန်းက အလုပ်ကသင်တန်းလွှတ်တာနဲ့ ကျွန်တော်နဲ့လုပ်ဖော်ကိုင်ဘက်များ အမေရိကန်ပြည်ထောင်စု ယူတားပြည်နယ်ကိုရောက်ခဲ့ပါတယ်..။ ကုမ္ပဏီမှာအလုပ်စ၀င်ကတည်းက သင်တန်းသွားတက်ရမယ်လို့ပြောတာ ဂျူလိုင်လကတည်းက ဗီဇာနဲ့သံရုံးကိစ္စတွေအချိန်ကြာနေတာနဲ့ စက်တင်ဘာလမှဘဲသွားဖြစ်တော့တယ်...။ ဒီခရီးစဉ်ဟာ ဘ၀အတွက်အမှတ်တရတစ်ခုမို့ ဘလော့ပေါ်မှာလည်းအမှတ်ရစွာသိမ်းထားချင်လို့ပါ..။ စာမရေးတာကြာတော့ ဖတ်ရတာထောက်နေရင်လည်း သည်းခံပြီးဖတ်ပေးကြပါ... စာလုံးပေါင်းအမှားတွေတွေ့ရင်လည်း ပြင်ဆင်ပေးကြပါခင်ဗျာ...။ 

မသွားခင်တော့ အမေရိကန်သံရုံးမှာဗီဇာဝင်ရတယ်.. အေးဂျင့်တွေလုပ်ပေးတာလက်မခံတော့ပါဘူး.. လူကိုယ်တိုင်သွားရပါတယ်..။ ဗီဇာဝင်ဖို့ရက်ချိန်းလုပ်တာတောင် အနည်းဆုံး ၃ပတ်လောက်ကြိုတင် ဘွတ်ကင်လုပ်မှအဆင်ပြေပါတယ်..။ ဒါမှကြားထဲမှာ အချိန်အပြောင်းအလဲလုပ်ချင်ရင်လည်းအဆင်ပြေပါတယ်..။ အမေရိကန်ဗီဇာဝင်လိုသူများ တစ်လလောက်ကြိုတင်အချိန်ပေးထားရင် အကောင်းဆုံးပါ..။ သင်တန်းက ကနေဒါမှာလည်းသွားတက်ရမယ်ဆိုတော့ ကနေဒါဗီဇာလည်းကုမ္ပဏီကနေလျှောက်ပေးပါတယ်.. ဒါတော့လူကိုယ်တိုင်သွားစရာမလိုတော့ဘူး.. ။ အမေရိကန်ဗီဇာက S$196 ကျပြီး မြန်မာနိုင်ငံသားမို့ US $32 ထပ်ပေးရပါသေးတယ်.. အော်ဖြစ်ရလေ..။

သံရုံးကိစ္စတွေအားလုံးပြီးစီး လေယာဉ်လက်မှတ်တွေလည်းအားလုံးစီစဉ်ပြီးတော့ စက်တင်ဘာ ၁၉ ရက်မှာ Changi Airport ကနေ Delta Airlines နဲ့ Utah ပြည်နယ်ရဲ့မြို့တော် Salt Lake City ဆီသို့ဦးတည်ထွက်ခွာလာခဲ့ပါတယ်..။ သွားမယ့်နေ့က လေယာဉ်အချိန်က မနက်သုံးနာရီပါ... မှောင်မှောင်မဲမဲ အိပ်ချင်မူးတူးနဲ့ လေဆိပ်ကိုဘယ်လိုရောက်သွားမှန်းတောင် သတိမရတော့ဘူး.. ။ ကြားထဲမှာ Transit ကနှစ်နေရာပါ.. Tokyo-Narita မှာတစ်ခါ ပြီးတော့ Oregon ပြည်နယ် Portland မှာတစ်ခါ ။ Singapore ကနေ Narita ထိ ၇နာရီနဲ့ ၁၅ မိနစ်လောက်တော့ကြာတယ်.. ။ လေယာဉ်ပေါ်မှာတော့ မုန့်စားလိုက် ရုပ်ရှင်ကြည့်လိုက်နဲ့ဘဲ အချိန်ဖြုန်းရတယ်..။ Narita ရောက်တော့လေဆိပ်ထဲလျှောက်ကြည့်မယ်လုပ်သေးတယ်.. Transit Time က ၁နာရီပဲရှိတော့ နောက် Boarding Gate ကိုခပ်သွက်သွက်ပြေးရပြန်ရော...။ အနီးအနားရှိတဲ့ ဆိုင်လေးတွေဘဲဝင်ကြည့်ဖြစ်တော့တယ်...။ ဂျပန်မလေးတွေရဲ့ အသံဝဲ၀ဲအင်္ဂလိပ်စကားသံလေးတွေကတော့ တစ်မျိုးနားထောင်လို့တော့ကောင်းသား...ဟီး။

Narita ကနေ Portland ထိကိုတော့ ၉နာရီနဲ့၁၅မိနစ်စီးရတယ်..။ ပစိဖိတ်သမုဒ္ဒရာကြီးကိုဖြတ်ပြီးပျံနေပါလားဆိုတဲ့အသိကြောင့် ဘာရယ်မဟုတ်စိတ်လှုပ်ရှားမိသေးတယ်..။ လေယာဉ်က Alaska ကောင်းကင်ပေါ်ကဖြတ်ပျံတော့ တိမ်တွေရယ်သိပ်လှတာဘဲ...။ ဟိုဘက်မှာက အခုမှ ၁၉ရက်နေ့မနက်မိုးလင်းခါစဘဲရှိအုန်းမယ်..။ ပြား၅၀ တန်လေးနဲ့ပုံတွေအားရအောင်ရိုက်ချင်တာ Window Seat မရလို့ပြတင်းပေါက်နားမှာထိုင်နေတဲ့တစ်ယောက်ကိုဘဲ အားနာနာနဲ့ရိုက်ပေးခိုင်းရတယ်..။ သူ့ခမျာအိပ်ချင်မူးတူးနဲ့ သူရိုက်ပေးတဲ့ပုံလေးကတော့ ကောင်းသား အကြိုက်ဆုံးပုံတွေထဲကတစ်ပုံ..။

Portland ရောက်တော့ မနက် ၈း၄၅... အပြင်ဘက်ရာသီဥတုက မြူတွေနဲ့မှုန်မှိုင်းလို့နေတယ်..။ ထင်းရူးပင်တွေနဲ့ မှိုင်းပျပျပတ်ဝန်းကျင်ကိုတော့ နှစ်သက်မိတယ်..။ Transit က ၁နာရီခွဲ Immigration လည်းဖြတ်ရအုန်းမယ်ဆိုတော့ ပြေးရအုန်းမယ်အောက်မေ့တာ လေဆိပ်ကသေးလို့တော်သေးတယ်...။ Immigration မှာလည်း ချောချောမွေ့မွေ့ပဲ...။ အဆာပြေမုန့်စား ပြီးတော့ နောက်ဆုံး Salt Lake City ကိုသွားမယ့်လေယာဉ်ပျံပေါ်တက်ရပြန်တယ်..။ လူက ရွဲပလဲပြီး ခြေထောက်တွေကလည်းညောင်းနေပြီ....။ SLC ကိုပျံတဲ့ လေယာဉ်ကျတော့ သေးသေးလေး.. ဘာမှလည်းမကျွေးဘူး..အအေးပဲတိုက်တယ် Portland ကကိုယ့်ဘာသာဝယ်လာတဲ့ အာလူးကြော်နဲ့ပဲ နှစ်ပါးသွားလိုက်ရတယ်..။ ဒီတစ်ခါတော့ Window Seat ရလို့နည်းနည်းပျော်သွားတယ်..။ Portland မြို့အပေါ်ကဖြတ်ပျံတော့ ရှူခင်းတွေသိပ်လှတယ်.. တိမ်တွေ ၊ မြစ်နဲ့ အိမ်ခြေတွေ ။ 

Idaho လား Nevada ပြည်နယ်လားမသေချာဘူး.. အဲဒါကိုဖြတ်ပျံတော့ အောက်ကရှုခင်းက ညိုမှိုင်းမှိုင်းတောင်တန်းတွေနဲ့ ကန္တာရလို ခြောက်သွေ့တဲ့နေရာချည်းဘဲ..။ သူ့ဟာနဲ့သူတော့ တစ်မျိုးတစ်ဖုံ ဆွဲဆောင်မှုရှိသလိုဘဲ...။ တစ်ချို့နေရာမှာတော့ စက်ဝိုင်းပုံစံ စိုက်ခင်းတွေအများအပြားတွေ့ရတယ်...။ ရုပ်ရှင်ထဲမှာသာမြင်ဖူးတာ... အပြင်မှာမြင်ရတော့ အားလုံးညီညီညာညာနဲ့ ပုံဖော်ထားတဲ့ပန်းချီကားချပ်လိုဘဲ....တောင်တန်းတွေကလည်း  အညိုဖျော့ဖျော့စောင်တစ်ထည်ခင်းထားသလို ...။



ဒီလိုနဲ့ ၂ နာရီလောက် လေယာဉ်စီးပြီးနောက် ချစ်စရာကောင်းတဲ့ ဖော်ရွေတဲ့ Salt Lake City ကို အဆင်ပြေစွာနဲ့ပဲရောက်ရှိသွားပါတယ်...။

(အပိုင်း - ၂ ဆက်ရန်....)

Wednesday, November 17, 2010

ဝေဒနာ

 

တိတ်ဆိတ်တဲ့ခြေသံ
လူအသိ မခံလိုပါ...

ကဗျာတွေဟာ ဝေဒနာ
စာမျက်နှာပေါ်မှာ အရိပ်ထင်လာတဲ့အခါ...

မှောင်တဲ့ကောင်းကင်အောက်မှာ
ညဟာ တဖြည်းဖြည်းသိပ်သည်းလာတယ်...

မျက်လုံးတွေကို
စည်းချက်ကျစွာ ပိတ်လိုက်တဲ့အချိန်မှသာ
အတိတ်ကမျက်နှာတွေကို ခပ်ရေးရေးမြင်ယောင်တယ်...

ကျော်လွန်ခဲ့တဲ့
ပြက္ခဒိန်နဲ့ နာရီတွေ
ရပ်တန့်အနားယူဖို့ အချိန်တန်ပြီကွယ်....

အသံတွေ နှုတ်ခမ်းဖျားမှာဆွံ့အနေလို့ရယ်
အာရုံတွေစုစည်းလို့သာ
အသေအချာနားထောင်လိုက်တော့တယ်...

နှလုံးသားက ဖွဖွလေးပြောတယ်
"ထာဝရ အိပ်စက်ပါတော့ကွယ်"

Saturday, November 6, 2010

ပျောက်ဆုံးသွားတဲ့ကြယ်

ခပ်ဖြည်းဖြည်းဝဲကာဝေ့ကာကျလာတဲ့ သစ်ရွက်လေးတစ်ရွက်အတွက်မဟုတ်ရင် ကန်ရေပြင်ကတိတ်ဆိတ်ငြိမ်သက်လို့သာနေတော့မယ်..။ အလင်းရောင်ဖျော့ဖျော့ ပိုးစုန်းကြူးတို့ကသာ ရေစပ်မှာမြူးထူးနေကြလေရဲ့..။ သစ်ရွက်တွေကြား လေတိုးလို့ထွက်လာတဲ့အသံသာ ပတ်ဝန်းကျင်ကိုကြီးစိုးလို့နေတယ်..။

" အနားမှာအမြဲရှိပေးနေရင် ကောင်းမှာပဲနော်..."

" ကိုယ်လဲဘယ်လိုလုပ် ခွဲခွာလို့နေရက်မှာလဲ အချစ်ရယ်... "

" ဟိုးအနောက်မြောက်ယွန်းယွန်းက ကြယ်လေးနှစ်ပွင့်ကိုမြင်လားဟင် ၊ ပေါ်လာတော့လည်းအတူတူ ပျောက်သွားတော့လည်းအတူတူ... သူတို့ကိုမြင်တိုင်း သိပ်သတိရတာပဲ........... "

သူမခန္ဓာကိုယ်လေးကိုသာ ခပ်ဖွဖွထွေးပွေ့မိလိုက်တော့တယ်..။ မြောက်ပြန်လေနဲ့အတူ သင်းပျံ့တဲ့ထင်းရှူးရနံ့တွေဟာ အနီးအနားမှာ လွှမ်းခြုံနေတော့တယ်....။ တီးတိုးစကားသံလေးတွေ နားထဲမှာကြားယောင်လာတယ်... တောအုပ်အတွင်းက သစ်ပင်တွေစကားပြောနေကြတာဘဲထင်တယ်....။




ကန္တာရရဲ့ခြောက်သွေ့မှုမှာ ရင်ထဲကပူလောင်ပြင်းပြခြင်းတွေနဲ့စာရင် ဘာမှမဆိုသာလောက်ပါဘူး...။ ကန္တာရမှာ လေနီကြမ်းတွေနဲ့သာ ရှားဇောင်းပင်တွေနဲ့သာ သူငယ်ချင်းမိတ်ဆွေတွေလို.....။ ဖုန်ထူထူတွေရဲ့ စကားလုံးတွေကြားမလည်း မကြာခဏဆိုသလို....မိန်းမောအိပ်မောကျဖူးပါရဲ့လေ....။

" အချစ်ရေ... ကိုယ်မကြာခင်ပြန်လာတော့မယ်။ ကိုယ့်ကို ဘာလို့စာမရေးတာလဲကွယ်... သတိမရလို့လား ဒါမှမဟုတ် မချစ်တော့လိုလား အချစ်ရယ်..။ ကန္တာရမှာ မင်းချစ်တတ်တဲ့ ထင်းရူးနဲ့စိန်ပန်းပြာတွေမရှိပေမယ့်.... ချစ်စရာမြေနီနီမြို့လေးတွေရှိတယ်...။ မပြန်လာခင်တော့ မင်းကိုအလည်တစ်ခေါက်လောက်တော့ ခေါ်ပြချင်တယ်...။ အဲဒီအခါ သူတို့ရဲ့ မရိုးနိုင်စရာပုံပြင်လေးတွေလည်း မင်းကြားရလိမ့်မယ်...။ သိပ်ချစ်လို့ တမ်းတမိတယ်အချစ်ရယ်... "

..........................
.........................................
..................................................

အဲဒီနေ့ကတော့ ... လေနီးကြမ်းတွေလည်းမတိုက်ခဲ့ဘူး...ဖုန်လုံးနီနီတွေလည်း နှုတ်ဆိတ်လို့နေတယ်..။ ဆိတ်ငြိမ်နေတဲ့ မြေနီမြို့ကလေးဟာ ၀မ်းနည်းတမ်းတခြင်းတွေကိုသာ ထွေးပိုက်လို့ကွယ်...။ ကန္တာရအထက် ကောင်းကင်ပြင်ဟာ ကြည်လင်ပြန့်ပြူးလို့်ရယ်...။ ဒါပေမယ့်...သို့ပေမယ့်... အနောက်မြောက်အရပ်ဆီမှာတော့.... ကြယ်လေးတစ်လုံးသာ ခပ်မှိန်မှိန်လင်းလို့ နေတော့တယ်.....။

Tuesday, October 26, 2010

သူမ



ညဉ့်ငှက်ငယ်လေးတွေတောင်
အိပ်မောကျကုန်တဲ့
ဒီလိုညမှာ
ရွက်ကြွေတွေကြား
လေပြည်ဟာ
ခပ်တိုးတိုး တေးဆိုနေလေရဲ့.....။

ဆိတ်ငြိမ်တဲ့ ကောင်းကင်မှာ
ပြာလဲ့လဲ့ ကြယ်တွေသာ
နဂါးငွေ့တန်းတွေကြား
မြူးထူးပျော်ပါးကြလို့ရယ်.....။

ချမ်းစိမ့်တဲ့ ရာသီဟာ
အလွမ်းတွေကို
ရွာကျသွားစေတယ်....။

သွားခဲ့ဖူးတဲ့
မိုးမခပင်အောက်ဝယ်
ထိုင်ခဲ့ဖူးတဲ့
ခုံတန်းလေးထက်ဝယ်
အခါခါသာ ဖွေရှာ.....

သူ့ကို လက်လွှတ်မိခဲ့သည်လား
သူက ထားခဲ့ပြီးလား...

နှလုံးသားမှာတော့
အဖြေမသိနိုင်တဲ့ တမ်းတခြင်းတွေ။။

Thursday, October 7, 2010

ပန်းချီ


တောင်ကမ်းပါးယံတွေနောက်ခံထားတဲ့ တိမ်ပန်းချီ
စာကဗျာတွေ ဖွဲ့လို့မမှီ...

ထင်းရူးပင်တန်းလေး စီရစီ
တစ်ခါလောက်တော့ ဖြတ်လျှောက်ဖူးချင်သည်....

သူမမျက်ဝန်းမှာ ပုလဲလုံးတွေသီ
ကျွန်တော်သာလျှင်
ကြင်နာစွာထွေးပွေ့ နှစ်သိမ့်လိုက်ချင်တော့သည်.....

Tuesday, September 7, 2010

ချယ်ရီဖူး


ချယ်ရီတွေ ငိုနေပြီတဲ့
နန်းရေ......

သို့ပေမယ့်
အေးခဲနေတဲ့ နှလုံးသားမှာတော့.....

ကြက်သွေးရောင် ချယ်ရီတစ်ဖူး
အတိတ်ခါးခါးမှာ 
ခပ်ရဲရဲ ပွင့်လန်းခဲ့ဖူး......။ 


Monday, August 30, 2010

ဒဏ်ရာ

ရင်ခွင်ဟာ ညကောင်းကင်ဆိုရင်
ကိုယ့်အလွမ်းတွေက ကြယ်စင်တွေ...

လရောင်ခင်းတဲ့ ဒီမြေပြင်မှာတော့
အဆွေးတစ္ဆေတွေ ခြောက်လှန့်လို့ရယ်...

အေးမြတဲ့လေပြည်ရယ်
နှလုံးသားတံခါးတွေကို
နူးညံ့စွာ တွန်းတိုက်ဖွင့်ဟစေတယ်..

ဆောင်းညရဲ့ နှင်းရည်တွေအောက်ဝယ်
ကိုယ့်မျက်ဝန်းတွေ ရွှဲရွှဲစိုတယ်....

အချစ်ကွယ်
မင်းပေးခဲ့တဲ့ ဒဏ်ရာတွေမှာသာ
ကိုယ်နာခံဝပ်ဆင်းမိတော့တယ်....

Sunday, August 22, 2010

နောက်ဆုံးအလင်းရောင်


နေ၀င်တော့မယ်

တိမ်တွေလည်း ညနေခင်းအလင်းရောက်အောက်မှာ လှပခမ်းနားလို့

ထင်းရူးတောတန်းနဲ့မြေနီလမ်းလေး တိတ်ဆိတ်စွာအဖော်မဲ့လို့ရယ်

ပျံလွှားငှက်ငယ်လေးတွေ ခပ်အုပ်အုပ်အိပ်တန်းပြန်ကြတယ်

လေပြည်အေးအေးကွယ် ဆံနွယ်တွေကိုဝေ့၀ိုက်ဆော့ကစားနေတယ်

အဖော်မဲ့တဲ့ အထီးကျန်နှလုံးသားငယ်ငယ်

ခပ်တိုးတိုး ငိုရှိုက်ကြေကွဲလျက်ကွယ်



အိမ်ကမြောက်ဖက်ကိုလှည့်ထားတာဆိုတော့ ညနေခင်းဆိုနေရောင်နဲ့တိတ်တွေကိုကြည့်ရတာ သိပ်လှပါတယ်..ဆွတ်ပျံ့လွမ်းမောစရာလည်းကောင်းပါတယ်..။  July လညနေခင်းတစ်ခုမှာရိုက်ထားခြင်းဖြစ်ပါတယ်..။

Wednesday, August 18, 2010

ဆန္ဒ



ခံစားချက်တွေရယ်
..သိပ်ကို ဖမ်းစားလွန်းတယ်..

ခံနိုင်ရည်တွေရယ်
...နည်နည်းလောက်တော့ ကျန်ရှိပေးပါကွယ်...

အချိန်တွေရယ်
   ....မြန်မြန် အဖြေပေးပါတော့ကွယ်....

အလင်းဖျော့ကောင်းကင် အောက်ဝယ်
.....ငြိမ်းချမ်းစွာ မှေးစက်ချင်ပြီတကယ်.....


Sunday, August 15, 2010

အချစ်ရယ်

ညနေခင်းတွေ
သိပ်ကိုအေးစက်လွန်းနေတော့.....

စားပွဲခုံစွန်းမှာကွယ်
ကော်ဖီခါးခါးတစ်ခွက်ရယ်
တာဝန်ကင်းမဲ့စွာ
ခပ်တိုးတိုး အိပ်မောကျလို့နေတယ်.....

အရောင်ခြယ်မှုတွေကင်းတဲ့
ခပ်မှိုင်းမှိုင်း အခန်းထောင့်ဝယ်
မင်းအတွက်ရည်စူးထားတဲ့
နှင်းဆီတစ်ပွင့်ကွယ်
ကိုယ့်ကို
ခပ်အုပ်အုပ် လှောင်ရီနေလေတယ်.....

အတွေးတွေ
မြူတွေလို မှုန်ရီဝါးတယ်
အချစ်ရယ်..
မင်းသာ အနားနားရှိရင်
ကိုယ့်နှလုံးသားလေး
.....ထာဝစဉ်နွေးထွေးမယ်.....

- EvergreePhyo -

Monday, August 9, 2010

ဒဏ္ဍာရီ

အလွမ်းအဆွေးတွေ
အထပ်ထပ် အကျဉ်းချထားတာတောင်

မင်းအပြုံးလေးတွေ
အိပ်မက်နက်နက်ထဲ မြှုပ်နှံထားတာတောင်

အခုလို သတိရခြင်းတွေ
တဖွဲဖွဲကျတဲ့ရာသီမှာ
ကိုယ်တိုင် နားမလည်နိုင်လောက်အောင်
ဒဏ်ရာဟောင်းနဲ့အတူ
အတိတ်မှိုင်းမှိုင်းမှာ
.......ဒဏ္ဍာရီဆန်ဆန် မိန်းမောလို့........

- Evergreen Phyo -


အခုတလော နားထဲစွဲနေတဲ့သီချင်းပါ

Sunday, August 1, 2010

နွေ

အချိန်မှန်လွန်းတဲ့
ရာသီနွေ
အလွမ်းတွေမှာလေ
ရွက်ခြောက်များလို
တဖြောက်ဖြောက်ကြွေ..။

တမ်းတမြည်ကြွေးလို့နေမယ့်
အဖော်မဲ့ ဥသြငှက်ငယ်လိုတော့
မင်းနဲ့ဝေးတဲ့ ဘ၀မှာ
ငါဆက်လက် အထီးကျန်မယ်...။

ရေတွေခမ်းလာတဲ့ စမ်းချောင်းငယ်လို
တဖျတ်ဖျတ်လူးနေတဲ့ ရေနည်းငါးတွေလို
ငါ့ အသည်းတွေလည်းကျွမ်း
နှလုံးသွေးတွေလည်း ခပ်ရေးရေးအငွေ့ပျံတယ်...။

တောင်းခဲ့ဖူးတဲ့ ဆုတွေ
တိမ်ညိုတွေကြားမှာ ကျဆုံးခဲ့ဖူးပေမယ့်
ငါ့နှလုံသား ကန္တာရအတွက်တော့
မိုးလေးတစ်ပေါက် ကျရောက်ဖို့
ထပ်ပြီး ဆုတောင်ချင်သေးတယ်..။

Friday, July 23, 2010

Hokkaido Ice-cream & Kimchi Noodle

နေ့လည်က အလုပ်ကိစ္စတစ်ခုနဲ့ Singapore Riverside ဘက်ရောက်ဖြစ်တယ်..။ ကိစ္စတွေပြီးလို့နာရီကြည့်တော့ (၁)နာရီခွဲခါနီးပြီ..နေ့လည်စာလည်းမစားရသေးတော့ နီးနီးနားနားမှာရှိတဲ့ Central Mall မှာဘဲစားဖြစ်ပါတယ်။ စားခါနီးမှ ဘလော့မှာ အစားအသောက်အကြောင်းမရေးဖြစ်တာကြာပြီိဆိုတာ သတိရတယ်..။ ကင်မလာလဲပါလာတော့ ( ၂ ကျပ်ခွဲတန်ကြီးတော့ဘယ်ဟုတ်မလဲ )လှလှပပလေးရိုက်ပြီးမှဘဲ စားမယ်လို့ကြံစည်ထားတယ်..။ ဆိုင်တွေရွေးရင်းနဲ့ ကြာတော့ခေါင်းတွေရှုပ်လာပြီး နောက်ဆုံး ကိုရီးယားဆိုင်မှာဘဲ ဂိတ်ဆုံးတော့တယ်..။ ဘာစားရင်ကောင်းမလဲလို့ကြည့်တော့ ထမင်းနဲ့စားရတာတွေက အမဲသားနဲ့ ငါးတွေချည်းဘဲ..၊ အမဲသားမစား ငါးဆိုလည်းမကြိုက်တော့ နောက်ဆုံးကင်ချီခေါက်ဆွဲဘဲစားဖြစ်တယ်..။

ကင်ချီဆိုလို့ ကိုရီးယားလူမျိုးတွေအသားအရည်လှတာ ကင်ချီစားတာကြောင့်လို့ဆိုတယ်..။ အဲဒါ အစ်မ၀မ်းကွဲတစ်ယောက်က အားကျလွန်ပြီး ကင်ချီတွေချည်းစွတ်စားတာ အသားအရည်တော့မသိဘူး..အစာအိမ်အချဉ်ပေါက်ပြီးဆေးခန်းပြလိုက်ရတာဘဲအဖတ်တင်တယ်..။ တကယ်တော့ အဲယားကွန်းအခန်းထဲမှာ ၂ နာရီလောက်နေပြီးတော့ လူကချမ်းလည်းချမ်း ဗိုက်ကလဲဆာဆိုတော့ ပူပူနွေးနွေးလေးစားမယ်ပေါ့..။ အဟမ်း အရသာကိုပြောရမယ်ဆိုရင်တော့ စားလို့ကောင်းပါတယ် လူကလည်းဆာနေတာဆိုတော့ စားသမျှကောင်းနေတာပဲ..။ အရောင်ကနီရဲနေပေမယ့် လုံးဝမစပ်ဘူး.. တုန်ရမ်းစပ်စပ်တောင်အပျော့ဘဲဆိုတော့ ဒီလောက်ကတော့ထည့်မပြောချင်ဘူးဗျာ.. ;D။
ဝက်သားရယ်၊ ကြက်ဥရယ် ၊ ကင်ချီရယ် ၊ ခေါက်ဆွဲရယ် ပြီးနောက်အရွက်စိမ်းစိမ်းတစ်မျိုးပါပါတယ်..။ ပုံမှာသာထည့်ရိုက်ထားတာ အရွက်ဆို ခပ်စိမ်းစိမ်း ၀ါးလိုက်လို့ ကျလိကျလိဖြစ်နေရင်လုံးဝမစားပါ..။

ဒီဂျူလိုင်ကစပြီး အလုပ်စလုပ်ပါပြီ..ဘ၀မှာပထမဆုံးအလုပ်ပေါ့။ အစပိုင်းတော့ နည်းနည်းစိတ်ဖိစီးသလိုဖြစ်ပေမယ့် နောက်ပိုင်းအဆင်ပြေသွားမယ်လို့ထင်ပါတယ်..။ အလုပ်မှာ မပင်ပန်းပေမယ့် ကိုယ့်ကိုကိုယ်သနားတဲ့အနေနဲ့ ရေခဲမုန့်လေးအဆစ်ကျွေးလိုက်သေးတယ်..။ စားဖြစ်တာက Hokkaido ရေခဲမုန့်ပါ..။ ပထမနေ့က Double Berry နဲ့ Sea Salt Caramel စားတယ်.. ငံငံအေးအေးလေးစားလို့ကောင်းတယ်...။ ဒီနေ့ Strawberry နဲ့ Green Tea စားတယ်.. Green Tea အပိုင်းတော့မကြိုက်ဘူး အနံ့တစ်မျိုးကြီးဘဲ ဒါနဲ့ အရင်ကုန်အောင်စားလိုက်တယ်..။

ရေခဲမုန့်ဆိုလို့ကတော့ တွေ့နဲ့နေရာစားတယ်၊ ဈေးကြီးပေးရလည်းစားတယ် ဈေးသက်တာတဲ့ဟာလည်းစားတယ်..။ ငယ်ငယ်တုန်းက ဖျားရင်လည်း ရေခဲမုန့်ကိုဘဲစားချင်နေတာ.. အာသီးရောင်တာလည်း ခဏခဏပေါ့..။ မှတ်မှတ်ရရ ၁၀ တန်းအောင်တုန်းက အမျိုးတွေကိုအိမ်မှာ ဖိတ်ကြွား အဲ..ဖိတ်ကျွေးတုန်းကလည် ဇာတ်လိုက်ကျော် ထူးရေခဲမုန့် ၂ ဂါလံလဲပါတာပေါ့။ အားလုံးစားပြီးတာတောင် ၁ ဂါလံကတစ်ဝက်လောက်ပဲလျော့တယ်.. ကျန်တာအီဖေကိုယ်အတွက်ပဲပေါ့..။ ငှင်းငှင်း ၁ ဂါလံခွဲကို ညမရောက်ခင်တစ်ကိုယ်တော် စားလိုက်လို့ အားလုံးကတော်ပါတော့ ပြောယူရတယ်... အဲသလို။ ကြီးတော်ကပြောသလိုပေါ့.. ကျန်တာဆိုရင်တော့အမျိုးတော်တယ် ရေခဲမုန့်နဲ့ပတ်သက်လာရင်တော့ အမျိုးမတော်ဘူးဆိုတာ သူမှအစစ်တဲ့..။ ကဲကဲ..ပြောတာများသွားပြီ အခုလိုပေါက်ကရတွေကိုလာဖတ်ပေးတာကိုဘဲ ကျေးဇူးအထူးပါ..။

Sunday, July 11, 2010

ထာဝရ

photo credits to hoshinavi

ရွက်ကြွေဆောင်းရဲ့
အထီးကျန်အဆန်ဆုံး လမ်းမပေါ်မှာ
အဖော်မဲ့စွာ....
တိတ်ဆိတ်စွာ...

မှောင်မိုက်လွန်းတဲ့ ညနေခင်းမှာ
ခပ်ကြမ်းကြမ်း ရွက်ခြောက်တွေအလယ်
ညဥ့်ငှက်တစ်ကောင်ရဲ့
ခပ်စူးစူးအသံသာ
ပဲ့တင်သံ ထပ်လို့နေတယ်....

ကဗျာတစ်ပုဒ်ရေးကြည့်မယ်
လွဲစရာအကြောင်းပြချက်ရှာမတွေ့တဲ့
တစ်ခြားမဟုတ်တဲ့..
အေးချမ်းစွာ ရှိနေမယ့်
အချစ်ဆုံး..မင်းလေးရဲ့အကြောင်း.....

ရေးရင်း..တွေးရင်း
ခံစားမှုတွေ ပုန်ကန်တယ်
အကြောက်တရားတွေ နိုးထတယ်
ခါးသီးမှုရနံ့တွေ ပြင်းပြလာတယ်
အလွမ်းတွေလား..
အို...သူတို့ ရင်ကိုမွန်းကြပ်စေပြီ
ညှဉ်းပန်းမှုရဲ့ အဆုံးမှာတော့..
ဒဏ်ရာပြင်းတဲ့ နှလုံးသားမှာ
အစွန့်ပစ်ခံ နှင်းဆီတစ်ပွင့်လို........

နှုတ်မဆက်ဘဲထွက်ခွာသူရယ်
ရင်ခုန်သံကို ဆွံ့အစေတယ်..
မင်းမကြားလိုက်တဲ့ စကားတွေရယ်
မင်းမခံယူလိုက်ရတဲ့ ချစ်ခြင်းတွေရယ်
အားလုံးကို အပြီးပိုင်
နှလုံးအိမ် ခေါင်းတလားမှာ
သိမ်းထားလိုက်တော့မယ်.........

တကယ်နောက်ဆုံးမှာတော့
ကိုယ်အရိုးသားဆုံးဆုတောင်းလိုက်မယ်
မနိုးသောအိပ်စက်ခြင်းမှာ
မင်းတစ်ယောက်
ထာဝရ အေးချမ်းစွာ
မွေ့ပျော်ဖို့ရယ်
........

Saturday, July 10, 2010

မပြောဖြစ်ခဲ့ဘူး

အို..
စံပယ်ဆိုရင်လည်းဝေ
ခရေဆိုရင်လည်းကြွေပါစေတော့
ဘာပဲ ပေးဆပ်ရပါစေ.....

အဖိုးတန်နှင်းဆီတွေလို
ယစ်မူးစွဲလန်းစေတဲ့ ကံ့ကော်တွေလို
မွှေးရနံ့..မထုံလွှမ်းရင်နေပါစေ..
အရိပ်ခိုသူတိုင်းကိုတော့...
မင်းရဲ့အပြုံးတွေနဲ့..
ပြေပါစေလေ ဘ၀အမောတွေ.......

မျက်ရည်တွေခမ်း
နှလုံးသားလည်းနွမ်းခါမှ
ချစ်ခြင်းမုတ်သုန်လေတွေ
အနောက်တောင်ယွန်းယွန်းမှာ တအိအိပြိုကျလို့.....

အခုချိန်မှာလေ
ခံစားချက်တွေက..
ရာသီစိုစိုမှာ တစ်ပေါက်ပေါက်ကျဆင်းလို့ရယ်..
ဒါပေမယ့်..
တစ်ချိန်တုန်းကတော့
မင်းကိုသိပ်ချစ်တယ်လို့.....................ကိုယ်မပြောဖြစ်ခဲ့ဘူး......။

(ကဗျာလေးရေးပြီးမှာ တိုက်တိုက်ဆိုင်ဆိုင်ဒီသီချင်လေးတွေ့တယ်.. ကြိုက်လို့ပြန်လည်မျှဝေပါတယ်)

Sunday, July 4, 2010

မို

အခါလွန်မိုးတွေ
ခပ်စွေစွေရွာတယ်..
သို့ပေမဲ့လည်း..
အတူစီးဆင်းဖို့အတွက်တော့
မြစ်တစ်စင်းဖြစ်မလာခဲ့...။

ကော်ဖီခပ်နွေးနွေး..
ဖြည်းဖြည်းမော့သောက်မိတယ်..
သို့သော်..
နောက်ဆုံးအချိန်ရောက်နေတဲ့ အာရုံတစ်စအတွက်တော့
အသက်ကယ်ဆေး မမှီခဲ့..။

ရင်ခုန်သံတွေ
ွထိန်းမရအောင် ကျယ်လောင်နေတယ်
ဒါပေမယ့်
မင်းနှလုံးသားကိုနှိုးထဖို့အတွက်..
အသံချဲ့စက်တစ်ခုတော့ ထပ်ပြီးလိုအပ်နေမလားဘဲ..။

အချစ်ရေ..
စကားတွေလည်း ထပ်ပြီးမဆိုချင်ဘူး
အတွေးများလည်း အလေလွင့်မခံနိုင်တော့ဘူး
အိပ်မက်တွေလည်း အခါခါလန့်မနိုးချင်တော့ဘူး
အဆုံးမှာတော့
မင်းကို ကိုယ်တကယ် လက်မလွှတ်နိုင်တော့ဘူး..။

Thursday, July 1, 2010

Miley Cyrus Medley ( by Christina Grimmie)

အခုချိန်မှာတော့ Miley Cyrus လို့ဆိုရင် လူတော်တော်များများသိကြမယ်လို့ထင်ပါတယ်..။ သူ့သီချင်းတွေကို နေရာတိုင်းလိုလိုကြားနေရတာကြာပါပြီ Mall တစ်ခုခုဝင်သွားလိုက်ရင် Store ဆိုင်တစ်ခုခုကဖွင့်ထားတာဖြစ်ဖြစ်.. စားသောက်ဆိုင်တစ်ခုခုမှာ ၀င်စားရင်ဘဲဖြစ်ဖြစ် သူ့သီချင်းတွေကိုအချိန်တော်တော်များများမှာကြားရမှာပါ..။ ဆယ်ကျော်သက်လူငယ်တွေကလည်း Miley Cyrus နဲ့ သူ့သီချင်းတွေကိုဆိုအသဲစွဲပါ.. (ကျွန်တော်ကတော့ ဆယ်ကျော်သက်ဘ၀ကို လတ်လတ်ဆတ်ဆတ်ကြီးဆုံးရှုံးထားသူပါ.. (ဘာမှလည်းမဆိုင်ဘူး.. (;))။ တကယ်တော့ဆိုလိုချင်တာက လူကိုသဘောမကျပါဘူး.. ဒါပေမယ့်လို့.. သူ့သီချင်းလေးတွေတော့သဘောကျပါတယ်လို့ပြောချင်တာပါ..။ တစ်ချို့သီချင်းတွေဆို သံစဉ်အလိုက်တွေလည်းကောင်းတယ်.. စာသားတွေလည်းကောင်းပါတယ်.. ဒါပေမယ့် သူ့အသံနဲ့ မလိုက်ဘူးလို့ထင်လို့ပါ..။ စကားပလ္လင်ခံတာတော့များသွားပြီ.. တကယ်တော့ ဒီပို့စ်က Miley နဲ့တော့သိပ်မဆိုင်လှပါဘူး.. သို့သော်လည်း သူ့နာမည်ကပါနေတော့လေ..။



ဒီ Music Video လေးကိုအထပ်ထပ်အခါခါကြည့်ဖြစ်နေတာကြာပါပြီ...။ Miley ရဲ့သီချင်းကောင်းတော်တော်များများကို စုပြီး Medley လုပ်ထားတာပါ..။ ဆိုတဲ့အဆိုတော်လည်း သဘောကျတယ် ၊ MV လုပ်ထားတဲ့အတွေးလေးလည်းကောင်းတယ်..၊ ပြီးတော့ သူ့အသံနဲ့ ပိုပြီးလိုက်ဖက်တယ်ထင်လို့ပါ..။ ခဏခဏကို ..မကြာခဏကို.. အမြဲတမ်းလိုလို.. အချိန်ရတိုင်းကို ...သတိရတိုင်းကို နားထောင်ပါတယ်.. (; ။ တကူးတကလာလည်သူများ ၊ မျက်စိလည်လမ်းမှားရောက်လာသူများ.. အပျင်းပြေသီချင်းလေးနားထောင်သွားပါ ခင်ဗျာ..။

Friday, June 18, 2010

ဟယ်လို.. တက်စ်တင်.. ၀မ်းတူးသရီး

အဟမ်း... ဟယ်လို..တက်စ်တင် ၀မ်း.ထူး..သရီး။ စာမရေးတာကြာလို့အားလုံးကမေ့သွားလောက်ပြီထင်တယ်..။ မရေးတာကြာဆို.. လူကလည်းအပျင်းထူ... ရေးဖို့အကြောင်းကလည်း စဉ်းစားလို့ထွက်မလာတာကြောင့်ပါ..။ ဟိုတစ်နေ့ကလည်း.... အတွေးလေးတစ်ခုရလို့..ရေးနေပါတယ်..ရေးလက်စစာတော်တော်များများ deleted ဖြစ်သွားပြီး... Undo မလုပ်ခင်မှာဘဲ.. ကျေးဇူးတော်ကြီးမားတဲ့ Blogger ရဲ့ Auto-save feature ကြီးကြောင့် delete လုပ်မိတာကို auto-save လုပ်သွားပြီး စာတွေလည်းအကုန်ကုန်ရော.. စိတ်တိုလိုက်တာဗျာ..။

လောလောဆယ်တော့ ရေးထားတာကိုမှတ်မိသလောက် ပြန်စဉ်းစားပြီးရေးနေတယ်..။ အတင်းဖျစ်ညှစ်ပြီးလည်းမရေးချင်ဘူး.. စိတ်ထဲပေါ်လာတာလေးတွေကိုဘဲ.. ခံစားမိသလောက်ရေးချင်နေတော့.. တစ်ခါတစ်လေ တစ်ပုဒ်ရေးဖို့လည်း တစ်သက်လောက် ကြာသွားတတ်တာကိုး.. (;။ အခုတော့ ငံပြာရည်ကျိုတဲ့အနေနဲ့ ရှိတဲ့ပုံလေးတွေပဲတင်လိုက်ပါတယ်..။

ကလေးတွေများ..အတတ်မြန်တာ..။ ခဏလေးပဲပြရတယ်.... ပြီးတော့သူကဆရာပြန်လုပ်လို့..။ 

 
"တိမ်တွေဆီကိုပျံကာဝဲနေ.... တို့လက်တွေနှုတ်ဆက်ခွဲခွာဝေးခဲ့တယ်.........."

“ပန်ဆင်ဖို့ပန်းလေးလိုပွင့်လန်းနေ.... မပန်ချင်လဲနှလုံးသားကိုခြွေလိုက်လေ.....”

ပန်းချစ်သူကိုယ့်လက်နဲ့ကွယ်... ခူးဆွတ်ဖို့စိုးရွံ့လို့နေတယ်......”
ငိုနေမယ်.........မိုးသည်းထဲမှာကွယ်....”

“သစ်တောအုပ်ကလေးက ချစ်စရာ...
မှိုင်းညို့နက်ရှိုင်းစွာ...
ဒါပေမယ့်....
ကျွန်တော့်မှာ တည်ရမယ့်ကတိတွေနဲ့”

သီချင်း၊ကဗျာစာသားတွေကို ယူသုံးထားပါတယ်..။ ခေါင်းစဉ်အမည်မှန်အောင်ဖြေဆိုနိုင်သူများအား... Pepper Lunch ကျွေးမည်ဖြစ်ပါကြောင်း...သတင်းကောင်း...။ (တကယ်တော့မဟုတ်ဘူး...)


Monday, May 17, 2010

အချစ်တွက်တာ

ရူးသွပ်မှုတစ်ခုကြောင့်.....အချစ်တစ်ခုဘ၀ ကိုယ့်မှာစခဲ့တယ်.....................................။

ခံစားမှုတွေများ ဆန်းကြယ်လိုက်တာဆိုတာ သတိထားမိတဲ့အချိန်မှာဘဲ ကိုယ့်နှလုံးသားနေရာတော်တော်များများကို သိမ်းပိုက်ထားလိုက်ပြီပေါ့...။ နေ့တာရှည်တဲ့ ဇွန်လရဲ့ နေ့တစ်နေ့ ....... ကျောင်းပြတင်းပေါက်မှာ ကောင်းကင်ပြာပြာကို မော်ကြည့်နေလိုက်တာများ... မင်းမျက်ဝန်းတွေတောင် ရွှန်းစိုတောက်ပလို့...။ ကြည်လင်တဲ့အပြုံးတစ်ခုနဲ့တင်... အဲဒီနေ့က မင်းတစ်ယောက် ကိုယ့်ကို ညှို့ယူဖမ်းစားခဲ့တယ်....။ နက်မှောင်တဲ့ဆံပင်၊ နှာတံဖြောင့်စင်းစင်း၊ ဖမ်းစားလွန်းတဲ့မျက်ဝန်းတစ်စုံ........ အို.... အားလုံးကိုကိုယ်အလွတ်ကျက်မိပြီ..။ အဖြူနဲ့အနက်ရောယှက်လို့ကာနေတဲ့ မင်းရဲ့ ဖိနပ်ပါးတစ်ရံကတော့ မမေ့နိုင်တဲ့ စွဲလန်းမှုတစ်ခုရဲ့ အမှတ်အသားပေါ့........။ ဒါဟာ ရင်ခုန်ရာတစ်ခုရဲ့ အစလို့တော့ မသိခဲ့ပါလို့ ကိုယ်ဝန်ခံပြောမှာ ရိုးသားစွာ.........။

မင်းအပါးနီးကပ်ခွင့်ရနိုင်ဖို့ မင်းအကြိုက်အလိုက်တွေသိလာဖို့ ကြိုးပမ်းခဲ့တာတွေပြန်တွေးလိုက်တိုင်း... ကိုယ်ကိုကိုယ်မယုံကြည်နိုင်တာ အခါခါပဲ..။ ကော်ဖီမကြာမကြာသောက်တတ်တဲ့ မင်းအတွက် မက်ခွက်လေးတစ်ခုလက်ဆောင်ပေးခဲ့တာတွေ၊ မင်းကြိုက်တဲ့ ရေခဲသုပ်ကို နှစ်နှစ်ခြိုက်ခြိုက် စားခဲ့ဖူးတာတွေ..၊ မင်းနှစ်သက်လွန်းပါတယ်ဆိုတဲ့ အဆိုတော်ကိုတောင် မင်းထက်ပိုပြီး အားပေးခဲ့တာတွေ ဒါတွေဟာမင်းအတွက် ကိုယ်ရဲ့ ရည်စူးမှုအစုစုပဲ..။

အဲဒီနှစ်က ကျောင်းပိတ်ရက်ရောက်ခါနီးလေလေ ကိုယ့်ရင်တွေ နွေနေလိုပူပြင်းလိုက်တာများ.. စကားလုံးတွေတောင် အငွေ့ပျံလို့…..။ ကံကြမ္မာက အခွင့်အရေးပေးလို့လေ… ကျောင်းနောက်ဆုံးရက်မှာ စားပွဲခုံအောက်ထဲကျန်ခဲ့တဲ့ ကွန်ပါဘူးလေးတစ်ခု အတန်းခေါင်းဆောင်ဖြစ်တဲ့ ကိုယ့်လက်ထဲရောက်လာခဲ့တယ်..။ မထင်မှတ်ဘဲဖွင့်ကြည့်လိုက်တော့ မင်းဓာတ်ပုံလေး ကွန်ပါဘူးထောင့်မှာကပ်နေတာ တွေ့လိုက်တဲ့အချိန်မှာ.. ရင်ခုန်သံတွေများ စည်းချက်တွေတောင်မှားကုန်တယ်…။ တကယ်မဖြစ်နိုင်ပေမယ့်.. မင်းတမင်ချန်ထားခဲ့တာလားလို့ တွေးမိတဲ့ကိုယ်ဟာ သိပ်ကိုစိတ်ကူးယဉ်ဆန်နေမလားနော်………။ ကုန်တာကြာလွန်းတဲ့ နွေရက်တွေများလေ…. ကိုယ့်ရင်ခုန်နှုန်းကို မကြာမကြာ တို့ထိလာကစားနေတယ်…………….။

ကွန်ပါဘူးလေးကျေးဇူးကြောင့်လေ ကိုယ်တို့နှစ်ယောက် ခင်မင်ခွင့်ရခဲ့တယ်နော်………။ ဒါပေမယ့်လည်း မင်းကိုပြန်ပေးတဲ့အချိန် မင်းဘက်က ခံစားချက်တစ်စုံတစ်ရာမပြတော့.. အဲဒီညကိုယ့်မှာ ရင်ပူစွာနဲ့ အတွေးပေါင်းမြောက်များစွာ………….။ မင်းနဲ့ သူငယ်ချင်းဖြစ်တဲ့အချိန်ထိ မင်းရဲ့ အပြောအဆို အနေအထိုင်တွေကို… ရင်ထဲစွဲနေအောင် မှတ်ယူမိတာလည်း စွဲစွဲနှစ်နှစ်ပါပဲ..။ ကျောင်းမလာတဲ့ရက်တွေမှာ လွတ်နေတဲ့မင်းထိုင်ခုံလေးကို ကြည့်ရင်း ကိုယ့်ရင်တွေသိပ်ဟာတယ်…….။ ကိုယ့်ရဲ့ အမြတ်နိုးဆုံးအရာတစ်ခုခု..ပုန်းရှောင်ထွက်ပြေးနေသလို…………….။

ဒီဇင်ဘာနံနက်ခင်းအေးအေးတွေမှာ မင်းနဲ့အတူ ကန်တော်ကြီးကိုပတ်ပြီးပြေးခဲ့တဲ့ရက်တွေဟာ.. ကိုယ့်ဘ၀ရဲ့အမှတ်အရဆုံး….။ ကျောင်းကနေလေ့လာရေးသွားတဲ့ကားပေါ်မှာ မင်းရဲ့ဘေးမှာ ထိုင်ခွင့်ရတဲ့အချိန်တွေကိုတော့ ကိုယ်တကယ်လွမ်းဆွတ်နေဆဲပါ………..။ ကိုယ့်ဘ၀မှာ အပျော်ဆုံးဆိုတာတွေ မရှိခဲ့ဖူးပေမယ့်.. မင်းရေးပေးတဲ့ အမှတ်တရ စာအုပ်လေးထဲကစာသားတွေနဲ့တော့ ကိုယ်လေ ပျော်ရွှင်မှုတွေနဲ့ အတူ ဖျားနာခဲ့ဖူးတယ်..။

သိုဝှက်လွန်းတာလား……… တကယ်ပကတိခင်မင်တာ သက်သက်ပဲလားဆိုတာကိုတော့ မင်းပြောမှဘဲ ကိုယ်တကယ်သိတော့မယ်……..။ မင်းမျက်ဝန်းတွေကို အဓိပ္ပာယ်ဖတ်ရင်း.. မင်းအကြောင်းတွေကို ညညတွေးရင်း ကိုယ်တကယ် ရင်မောတယ်…….။ အိပ်မက်ထဲမှာတောင်တွေ့ခွင့်ရအောင် မင်းပုံရိပ်တွေကို တွေးတောမြင်ယောင်ပြီး တပ်မက်စွာအိပ်တတ်သူဟာ.. ရူးသွပ်စွာကိုယ်ပါ………..။

မင်းကိုတွေးလိုက်တိုင်းလေ ရင်တွေထိန်းမရအောင်ခုန်တယ်…..ခံစားမှုတွေအတိုင်းအဆမဲ့စွာ လွမ်းခြုံတယ်..။ ဒါဟာအချစ်ဆိုရင်……………နှစ်နှစ်ကာကာပြောမယ်……. ကိုယ်မင်းကို ချစ်တယ်………………………….။ အခြေအနေတွေမပေးခဲ့ပေမယ့် အဆုံးမှာတော့လည်း “စက္ကန့်ပိုင်းလောက်သာကြာမယ့် ချစ်တယ်လို့ဆိုတဲ့ ခဏတာ ဖွင့်ပြောစကားထက်၊ တစ်ဘ၀လုံးစာ မြတ်မြတ်နိုးနိုး စွဲစွဲမြဲမြဲ ချစ်ချင်တဲ့ တစ်ကျွန်းစံ နှလုံးသားရဲ့အလိုမှာဘဲ နာခံဝပ်စင်းမိတော့တယ်….။ ”

ဖတ်မိလျှင်တော့ မင်းသိပါစေ……..မဖတ်မိလျှင်လဲ ရှိပါစေတော့…………

Tuesday, May 4, 2010

ချယ်ရီပင်အောက်


“ချယ်ရီပင်အောက်........
နောက်တစ်ခေါက်ပြန်တွေ့တဲ့အထိကွယ်......”


ဦးထီး သီချင်းတွေဆို အိမ်ကလူတွေကအကုန်လုံးကြိုက် ဦးလေးတစ်ယောက်ဆို ထွက်သမျှစီးရီး အကုန်ဝယ် နေ့တိုင်းလိုလိုဖွင့်တာ..။ ငယ်ငယ်ကတည်းက နားယဉ်နေတော့ ဦးထီးသီချင်းတွေကြိုက်ပေမယ့် ကြီးလာမှ သီချင်းစာသားတွေကို သေချာနားထောင်ကြည့်မှ ပိုပိုပြီးကြိုက်လာတယ်..။ အမေပြောတာတော့ ဦးထီးနဲ့ အမျိုးတော်တယ်ဆိုလားပဲ ( အဒေါ်ဝမ်းကွဲရဲ့ ဦးလေးဆိုတော့ ) တော်သလား မတော်သလားဘဲ..။ အခုလည်း သူတော့ ငြိမ်းချမ်းရာကို အရင်သွားနှင့်ပြီ..။ သီချင်းတွေအားလုံးထဲက ဒီ “ချယ်ရီပင်အောက် နောက်တစ်ခေါက်” ဆိုတဲ့ သီချင်းကို အကြိုက်ဆုံးဘဲ..။ ချစ်တဲ့ရှမ်းပြည် နဲ့ ချယ်ရီတွေအကြောင်းဆိုတော့ ကြိုက်မိတာလည်းမဆန်းပါဘူးဗျာ..။

သီချင်းကို YouTube မှာရှာတော့ VCD တွေတွေ့တယ်.. ဒါပေမယ့် နားကြပ်နဲ့ဆို တစ်ဖက်ကကြားပြီး နောက်တစ်ဖက်ကမကြားရဘူး..။ ဆိုတော့ MP3 ဖိုင်လည်းရှိနေတာနဲ့ ကိုယ်တိုင်လုပ်ဖြစ်သွားတယ်..။ ပုံတွေကိုတော့ ကိုရွာသား(အစ်ကိုရေ ပုံတွေယူသုံထားတယ်နော် ဘယ်လိုဆက်သွယ်ရမှန်းမသိလို့)၊ တောင်ကြီးချယ်ရီမြေ နဲ့ Taunggyi Family (Facebook Group) ကနေရယူပါတယ်..။ 

Thursday, April 15, 2010

Honey


Honey, 
I do think of you day by day 
Yet I wonder who kept us away...

Honey, 
I do miss you every night 
How I wish you hug me tight...

Honey,
Our love has no boundaries 
Still our fate is a mystery...

Honey, 
Though I have so much left to say 
Just keeping my sorrow not to go astray
and.. 
I love you more than I can say. 

Monday, April 12, 2010

ခံစားမှု April


သိပ်ကိုနှိပ်စက်လွန်းပါတယ် April
မင်းရောက်လာတဲ့အချိန်တိုင်း..
နွေနေပူပူမှာ
ကိုယ့်ရင်တွေလေ တစ်စစီကွဲကြေလို့........

သိပ်ကိုရက်စက်လွန်းပါတယ် April
တစ်ဘ၀စာလုံလောက်အောင်..
မင်းပေးခဲ့တဲ့ကြေကွဲမှုတွေလည်းလေ..
၇ နှစ်ကြာတောင်
ကိုယ့်နှလုံးသားကို ခပ်ပြင်းပြင်းတိုက်စားဆဲမို့...

အိပ်မက်ဆိုးတွေ မက်လောက်အောင်တော့ 
ကိုယ့်ကို မကျီစားပါနဲ့ April
ဘ၀တွေ..ရှေ့ဆက်နိုင်ဖို့အတွက် 
သွေ့ခြောက်နေတဲ့ .. နှလုံးသားတစ်စုံကိုသာ
သင်္ကြန်မိုးဖွဲနဲ့ အတူ
ကြည်ဖြူစွာ လန်းဆန်းခွင့်ပေးပါတော့ April........။



အခုရက်ပိုင်း စာရေးချင်စိတ်လဲမရှိပါ.... ရင်ထဲရှိတဲ့အတိုင်းသာ ရေးတာပါ။ လာလည်နှုတ်ဆက်သွားကြတဲ့ညီအစ်ကိုမောင်နှမ များကိုဒီနေရာကနေပဲ နှုတ်ခွန်းဆက်ပါရစေ.။ တကယ်တော့ April မှာ အဖေနေမကောင်းလို့ဆေးရုံတက်ရတယ်... အဲဒီတုန်းကတော့ နေပြန်ကောင်းလာမယ်လို့ မျှော်လင့်ခဲ့တာပဲ.......။ အဖေ့ရဲ့နောက်ဆုံးအချိန်တွေလို့ တကယ်မသိခဲ့ဘူး.....။ အချိန်တွေကြာပေမယ့် April ရောက်တိုင်း အဲဒီတုန်းကအဖြစ်အပျက်တွေ ပြန်ပြန်သတိရမိတယ်..။ 

ဧပြီ( အေပြီလို့ အမြဲဖတ်မိလို့ပါ) လို့ရေးရင် ကာရန်မညီလို့ April လို့ရေးပါတယ်..။ လာဖတ်ပေးတာကျေးဇူးပါ..။ 

Tuesday, March 23, 2010

ကျွန်တော့်အကြိုက်

ကဗျာတွေစာတွေ အရေးကောင်းတဲ့ ကိုဏီလင်းညိုက တက်ဂ်လာပါတယ်.. ကိုယ့်အကြိုက်အကြောင်းရေးပေးပါတဲ့..။ အရင်တုန်းကတော့ ကျွန်တော်နှစ်သက်တဲ့ ကြိုက်တတ်တဲ့ ပစ္စည်းတွေအများကြီးရှိတယ်..၀ယ်ဖြစ်တာတွေလည်းရှိတယ် မ၀ယ်ဖြစ်တာတွေလည်းရှိတယ်..။ ဒီဇိုင်းဆန်းဆန်း အရောင်စိုစိုနဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ့..။ အခုနောက်ပိုင်းတော့ ကြိုက်တတ်တဲ့အရာတွေလည်း နည်းသွားပါပြီ... သိပ်လည်းစိတ်မပါတော့ကြောင့်လည်းဖြစ်မယ်..။ အထက်တန်းအရွယ်တုန်းကဆိုရင်.. အဖုံးလှလှနဲ့စာအုပ်တွေ၊ ဘောပင်လှလှလေးတွေတွေ့လိုက်တိုင်း ၀ယ်ဖြစ်တာချည်းဘဲ..။ နောက်ပိုင်းတော့ ပစ္စည်းအရမ်းကြိုက်လို့ ၀ယ်တော့မယ်ဆိုရင်တောင် တကယ်အသုံးလိုမလို၊ အနာအဆာရှိမရှိ သေချာကြည့်ပြီးမှဘဲ ၀ယ်ဖြစ်တော့တယ်..။ လက်ဆောင်ပေးဖို့ဆိုရင်တော့ သေသေချာချာ စိတ်ကြိုက်ရွေးပြီးမှ ၀ယ်ဖြစ်တယ် ..။ ကြိုက်တဲ့ပစ္စည်းတွေ့ရင်တောင် သြော်..အင်း..သဘောကျတယ်ပေါ့ ကြည့်ပြီးပြန်ချထားဖြစ်တာများတယ်.. ငယ်ငယ်ကလို ငါကြိုက်တယ်.. ငါပိုင်ရမယ်ဆိုပြီးမရှိတော့ဘူး.. သိပ်အစွဲအလန်းမရှိတော့တာလည်းပါတယ်..။ ထူးခြားချက်ကတော့ ကျွန်တော်အရမ်းသဘောကျတဲ့ပစ္စည်းတစ်ခုခုတွေ့ရင် ၀ယ်ဖြစ်ရင်တော့ အမြဲ ၂ ခု ၂ ခုဝယ်ဖြစ်တယ်.. ကိုယ့်ကိုကိုယ်လည်းစဉ်းစားလို့တော့ရဘူး..။ ဥပမာ ဘောပင်တစ်ချောင်းကြိုက်လို့ဝယ်မယ်ဆိုရင် ၂ ချောင်းဝယ်တယ်.. ၁ ချောင်းကိုသုံးတယ်.. နောက်တစ်ချောင်းကို အပိုအနေနဲ့ထားတယ်.. standby သဘောမျိုးပေါ့.. :D။

သေချာပြန်စဉ်းစားကြည့်တော့ ကြိုက်တဲ့ပစ္စည်းတွေကအများသား..တန်ဖိုးအထားဆုံးပစ္စည်းလေးတွေပဲတင်ပြပါရစေ..။ ကြိုက်တဲ့ပစ္စည်းလေးတွေစုထားလိုက်တယ်.. ပုံတွေဖောင်းပွနေမှာစိုးလို့ပါ။


၁. မွေးနေ့တုန်းကလက်ဆောင်ရထားတဲ့ ဖုန်းထည့်တဲ့ခွက်ပါ..။ ကြိုက်လို့နှမြောလို့မသုံးဘဲအလှသိမ်းထားပါတယ်..။

၂. ရေမွှေး.. ရေမွှေးဆွတ်တဲ့နေ့ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု ၅%လောက်တက်လာသလားလို့....

၃. ဖုန်းထည့်တဲ့အိတ်.. ဖုန်းတွေပြောင်းပေမယ့် သူကမပြောင်းဘူး..

၎. ဘာခေါ်လဲမသိဘူး.. ကြိုးထိုးလား ဘာထိုးလည်းမသိဘူး... ပေးတဲ့သူရဲ့စေတနာတွေကြောင့်လားမသိဘူး.. ရတဲ့နေကအိပ်မပျော်ဘူး.. ပျော်လို့.. :D

၅. စာရေးကိရိယာများ... ခုတလော ပုံစဆွဲနေတယ်.. ကြိုက်တဲ့ပုံလေးတွေ ကူးဆွဲကြည့်တာပါ.. သေချာတော့မဆွဲတတ်ဘူး...

၆. စာအုပ်တွေ - အကြိုက်ဆုံးအရာတွေပဲ...။ စာအုပ်ကောင်းတစ်အုပ်နဲ့ တစ်နေကုန်အောင်နေနိုင်တယ်..။ ပုံထဲက ဆရာမဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ၀တ္ထုကိုအကြိုက်ဆုံးဘဲ..။ တိုက်တိုက်ဆိုင်ဆိုင်..အဲဒီဝတ္ထုစဖတ်ဖြစ်တုန်းက ရောက်နေတဲ့ဒေသကလည်း စာအုပ်ထဲကအတိုင်းနီးပါးတစ်ထပ်တည်းဖြစ်နေတာဆိုတော့ ရင်ထဲစွဲသွားတာ..။ ဇာတ်ကြောကို အသားပေးထားတာထက် သဘာဝပတ်ဝန်းကျင်နဲ့ဆက်နွယ်ပြီးရေးထားတဲ့ ၀တ္ထုမျိုးပိုသဘောကျပါတယ်..။

၇. ဖုန်းနဲ့ ပိုက်ဆံအိတ်.. မရှိမဖြစ်အရာတွေလေ..

၈. ပန်ကာ - တစ်နေ့သူငယ်ချင်းက ပန်ကာလိုချင်တယ်ပြောပြီးလိုက်ရွေးခိုင်းတယ်.. ရွေးပြီးပိုက်ဆံရှင်းပြီးတော့ လက်ဆောင်တဲ့...ယူပါတဲ့..။ တကယ်အသုံးဝင်ပါတယ် ကွန်ပျူတာမပူအောင်.. နေ့တိုင်းဖွင့်တယ် ..ကျေးဇူးပါ..။

၉. ၆ နှစ်ကြာအမှတ်တရတွေ ခိုအောင်းနေတဲ့ တွဲလောင်းလေး(ဘာခေါ်လဲမသိလို့ပါ)

၁၀. နာရီ - လုံးဝကိုမပတ်ဖြစ်တာ..။ ဒါပေမယ့်စာမေးပွဲခန်းမှာတော့ သူကမပါမဖြစ် ခဏခဏကြည့်ရတာ အမော..။

ကိုဏီလင်းညိုရေ.. အခုလိုအမှတ်တရ တက်ဂ်ပေးတဲ့အတွက်ကျေးဇူးအထူးပါဗျာ..။ နောက်နောင်လည်း ကြုံကြိုက်ရင် ပေါ်လိုက်ပျောက်လိုက်ဖြစ်ပါမယ်လို့..............................

စာကြွင်း။ ။ ဘလော့မစပေါ့တာကြာလို့ အခုလို ပို့စ်တစ်ပုဒ်ကိုတောင် အချိန် ၃ နာရီလောက်ယူလိုက်ရပါကြောင်း..အိပ်ချိန်တောင်ကျော်လွန်သွားပါကြောင်း

ပုံ/ အိပ်ခါနီးဆဲဆဲပြည်သူတစ်ဦး