Monday, June 15, 2009

တိုဖူးနွေး

ဒီနေ့လည်း အရသာရှိတဲ့ပို့လေးတစ်ပုဒ်တစ်ချင်ပါတယ်..။ အစားအကြောင်းချဲချဲ တင်နေတော့ ... လာဖတ်တဲ့သူတွေကိုလည်း အစားပုပ်တယ်ထင်မှာလည်း စိုးပါတယ်.. အပြင်မှာအစားမပုပ်ပါဘူး။

မနေ့ညပိုင်းလောက် (လွန်ခဲ့သော ၆ နာရီ) City Hall, Peninsula Plaza ဘက်ပျင်းလို့ရောက်ဖြစ်ပါတယ်..။ အချိန်ကြည့်တော့ ထမင်းစားချိန်လည်းရောက်ပြီဆိုတော့ အစားစားဖို့ စပြီးစဉ်းစားပါတယ်..။ ထမင်းလဲမစားချင်ဆိုတော့ ဘာရမလဲစဉ်းစားရင်းနဲ့ဘဲ.. မြေညီထပ်က လွိုင်နိုင်းကို သတိရပြီး အဲဒီမှာဘဲ ညနေစာစားဖြစ်ပါတယ်..။ လွိုင်နိုင်းက အစားအသောက်တွေ အရင်ကလည်းစားဖူးပါတယ်... မဆိုးဘူး စားကောင်းတယ်လို့ပြောရမယ်..။ ဆိုင်လေးကတော့ တော်တော်လေး ကျဉ်းနေပါတယ်.. စားပွဲခြောက်ခုံလောက်ဘဲရှိတယ်..။



ဟိုနေ့ကတည်းက မြူးဘလော့ မှာတိုဖူးပျော့ဆိုတာနဲ့ တိုဖူးနွေးစားချင်သွားတာ...။ ဒီနေ့တော့ ရောဂါကကျွမ်းနေပြီဆိုတော့ တိုဖူးနွေးဘဲမှာစားဖြစ်ပါတယ်... အာသာလေးပြေမလားလို့..။ အသားနဲ့ ခေါက်ဆွဲနဲ့ အီကြာကွေးတို့နဲ့ စားဖြစ်ပါတယ်..။ ခေါက်ဆွဲက မမာမပျော့အနေတော် ၊ တိုဖူးကလည်း ညက်ညက်နဲ့မို့ အရသာလည်းရှိ စားလို့လည်းကောင်းပါတယ်...။ အီကြာကွေးနဲ့မို့ ပိုလည်းစားလို့ကောင်း ဗိုက်လည်းဝပါတယ်..။

ငယ်ငယ်က တောင်ကြီးမှာ အိမ်ကလူတွေ တိုဖူးနွေးဝယ်စားကြရင် လုံးဝမစားဘူး.. လာကျွေးရင် မကြိုက်ဘူး မစားဘူးဆိုပြီး ခံငြင်းတာ.. တကယ်လဲ မြည်းမကြည့်ဘဲနဲ့လေ...။ နောက်တော့ စမ်းစားကြည့်တော့ ကြိုက်ပြီး မနက်တိုင်း စားမယ်ဖြစ်ရော.....။ မှတ်မိသလောက်တော့ အိမ်မှာ တစ်ခါမှမချက်စားဖူးဘူး.. ရှမ်းခေါက်ဆွဲတို့ မြီးရှည်တို့လောက်ဘဲ ချက်စားဖြစ်တယ်.. ။ ကျောင်းဖွင့်ရက်မနက်မနက်ဆိုရင် ငါးဆင့်ချိုင့်ကြီးနဲ့ တိုဖူးနွေးသွားဝယ်ခိုင်းပြီ... စားရင်လည်း ပန်းကန်ထဲပြောင်းမထည့်ဘူး.. ချိုင့်နဲ့ကိုစားတယ်..။ ပိုအရသာတွေ့သလိုဘဲ... တကယ်တော့ တူတူပါ။ တခါတလေ ၀ယ်လို့ပြန်လာပြီး ချိုင့်ဖွင့်ကြည့်လိုက်ရင် ခဲနေပြီ ရာသီဥတုကအေးတာကိုး...။ အဲသလိုမျိုးဆိုရင် ချိုင့်ကို မီးဖိုပေါ်ပြန်တင်ပြီး တိုဖူးပျော်အောင်စောင့်ပြီးမှ စားရတာ။ ကျောင်းပိတ်ရက်ဆိုရင်တော့ မောင်နှမတွေ ကားနဲ့ သစ်တောရပ်ကွက်က ဆိုင်မှာသွားစားတာဘဲ..။ ဆိုင်သာဆိုတယ်.. အိမ် တံစက်မြိတ်အောက်မှာ လက်ဖက်ရည်ဆိုင်က ထိုင်ခုံပုလေးတွေ ချထားတာ...။ ကိုယ်စားမဲ့ ပွဲပြင်ပေးရင်လည်း ကြည့်ချင်သေးတာ..။ တိုဖူးကျိုထားတဲ့အိုးကြီးက အကြီးကြီး ပွက်နေတာ..... ပြီးမှ ခေါက်ဆွဲကို အဆုပ်လိုက် အိုးထဲပစ်ထည့်လိုက်တာ........... ။ တိုဖူးကပျစ်နေတော့ ခေါက်ဆွဲက ပြန်မသွားဘူးလေ.. ပြီးမှတူအကြီးကြီးနဲ့ဆယ်ပြီး ပန်းကန်ထဲထည့်ပေးတာ...။ တောင်ကြီးမှာတော့ အသားနဲ့မစားကြဘူး..... ကြက်သွန်ဖြူဆီချက်ရယ်၊ မြေပဲထောင်းရယ်၊ ဆား(အချိုမှုန့်) နည်းနည်း၊ အချိုရည်(ကြံသကာရည်ထင်တာဘဲ) ၊ ငရုတ်သီးကြော် ရယ် ထည့်စားကြတာဘဲ...။ တစ်ခါခါစားရင်တော့ နှစ်ပွဲ လောက်ကအသာလေးဘဲ.. အိမ်ကိုတောင် ၀ယ်ပြန်ရင်ပြန်သေးတာ......။ အထမ်းနဲ့ရောင်းတာမျိုးလည်းရှိတယ်... စားနေကျအသည်က တာမားဆိုလား.. တရုတ်မကြီးရောင်းတာ..။ သူလာပြီဆို သွားဝယ်စားတာ ဟိုဟာပိုထည့်ပေး ဒီဟာ လျှော့ထည့်ပေးဆိုပြီးလည်း ချေးများသေးတာ.. ပြန်စဉ်းစားကြည့်တော့လည်း ပျော်စရာတော့ ကောင်းသားပဲလေ.....။

စားပြီးတော့ ဆက်သွားဖြစ်သေးတယ်..။ အောက်က Bonus!
The Cathay


Doby Ghaut MRT


9 comments:

Anonymous said...

ဟောတွေ့လား
မခေါ်ဘူးဗျ

မိုးကောင်းသူ said...

တိုးပူးနွေးလာစားတယ် ဖြိုးရေ

နွေးနေခြည် said...

နဖြိုး.. လူဇိုး
စောစောစီးစီး ဗိုက်ဆာနေပါတယ်ဆိုမှ ...
တပန်းကန်လုံးစားသွားတယ်..

Taungoo said...

အကိုလည်း အရင်က တို့ဟူးနွေးဆို လုံးဝမတို့ဘူး။ တို့ဟူးကို ကြိုက်ပေမယ့် အဲလိုကြီးဆို စားချင်စိတ်ကို မရှိဘူး။ ဒီရောက်မှ လွိုင်နိုင်းမှာ စမ်းစားကြည့်တာ စွဲသွားတယ်။ တော်တော်ကောင်းတယ်။ ခုတော့ အဲဒီဆိုင်ရောက်တိုင်း အဲဒါပဲ အမြဲစားတော့တယ်။

Sein Lyan Tun said...

နိုဝင်ဘာလာမယ်နော်
ကျွေးမယ်မဟုတ်လား
ခင်တယ်ဆိုရင်ပေါ့
ချစ်ခင်စွာဖြင့်
ဖိုးစိန်

ညီလင်းသစ် said...

အစားအသောက် ပို့စ်လေးတွေက ရိုးရိုးရှင်းရှင်းလေး တွေနဲ့ ဖတ်လို့ကောင်းတယ်ဗျ၊ ဓါတ်ပုံတွေနဲ့ဆိုတော့ တခါတလေ တံတွေးမျို, မျိုချရတာတော့ ရှိစေတော့ပေါ့လေ၊ :)

မသက်ဇင် said...

ဇာတိမြေရဲ့ အဓိက အစားအစာ ဆိုတော့
သွားရည်ကျမိပါတယ်
ခင်မင်လျက်

rose of sharon said...

စားချင်လိုက်တာ ဗီယက်နမ် မှာ မြန်မာ ဆိုင် မ ရှိဘူး

Anonymous said...

တိုဟူးနွေးဆိုရင်အသားမပါပဲအီကြာကွေးနဲ့ပဲ ကြိုက်တယ်...ရှမ်းခေါက်ဆွဲဖတ်ကစေးလို့မကြိုက်ဘူး....ပြီးတော့ စားတော်ပဲနဲ့လုပ်တဲ့တိုဟူးနွေးကို ကုလားပဲနဲ့ထက် ပိုကြိုက်တယ်..သိပ်မ၀ါဘဲ ဖြူဖြူလေးလေ :)

စူးနွယ်လေး