Saturday, July 16, 2011

မြန်မာပြည်ခရီး - ၅ (မုံရွာ စစ်ကိုင်း)

  မနက်ကျတော့ ၅ နာရီခွဲလောက်ထပြီး ရေမိုးချိုးမနက်စာဆင်းစားကြတယ်..။ ဟိုတယ်ကမနက်စာဘူဖေးဆိုပေမယ့် သိပ်များများစားစားမဟုတ်ပါဘူး..ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ သစ်သီးအနည်းငယ်နဲ့ ဖျော်ရည်လက်ဖက်ရည်ကော်ဖီ..။ မြန်မာပြည်ပြန်ရောက်ကတည်းက မစားရသေးတဲ့မုန့်ဟင်းခါးကို မန္တလေးပဲကြော်နဲ့အ၀စားလိုက်တယ်..စားလို့သိပ်ကောင်းတယ်..။ မုံရွာဘက်ကနည်းနည်းဝေးတာမို့ ကားကိုစောစောလာဖို့ခေါ်ထားတယ်..။

 အကြော်စုံ

 မုန့်ဟင်းခါး

ပထမဆုံးမန္တလေးကန်တော်ကြီးကိုပတ်ပြီး စစ်ကိုင်းတံတားဘက်သွားတယ်...။ တံတားမရောက်ခင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကရှုခင်းတွေသိပ်လှတယ်... တစ်ဖက်ကမ်းမှာ စိမ်းစိုစိုစစ်ကိုင်းတောင်ရိုးပေါ်က စေတီပုထိုးတွေကလည်း နံနက်ခင်းနေရောင်အောက်မှာ ကြည်ညိုဖွယ်အတိဖြစ်နေတယ်..။ အဲဒီကနေမှ ဆင်ခေါင်းတောင်ကိုသွားဖို့ မြောင် ဆိုတဲ့မြို့ကိုဆက်သွားရတယ်...။ မှတ်မိသလောက် မြောင် ကတော့မုံရွာသွားတဲ့လမ်းကနေခွဲထွက်သွားရတယ်....ပြီးမှ မုံရွာသွားတဲ့ကားလမ်းမပေါ်ပြန်တက်ပြီးမှ ဆက်သွားရတယ်..။ ဆင်ခေါင်းတောင်ကတော့ သာသနာပြုနယ်မြေလို့ပြောတာပဲ..ကြီးတော်ကအရင်တစ်ခေါက်ကရောက်ဖူးထားလို့ သွားဖြစ်တာ..။ အဲဒီမှာတော့ အဘဘိုးမင်းခေါင်သာသနာပြုနယ်မြေတဲ့... သူ့ယုံကြည်ရာနဲ့သူပေါ့။ ထူးဆန်းတာက ကျောက်ဖြစ်နေတဲ့အင်ကြင်းပင်(အင်ကြင်းကျောက်)ကနေ နဂါးပုံစံဖြစ်နေတာဘဲ..။ အဲဒီမှာနေတဲ့လူကပြောတယ်... ညဆိုမြေပြိုသံတွေကြားတယ်ပေါ့...သွားကြည့်တော့လဲဘာမှမရှိဘူး..နောက်မှမြေကြီးကိုတူးကြည့်တော့ ကျောက်အလုံးလေးတွေရယ် နဂါးပုံစံဖြစ်နေတဲ့ အင်ကြင်းကျောက်ကိုတွေ့တာဘဲ...။ ပြောပြတာတွေနားထောင်ခဲ့ရတာတော့အစုံဘဲ...သိပ်မမှတ်မိတော့ဘူး... ဖိုးဖိုးကြီးရဲ့သမီးတော် အငယ်လေးကလည်းလာသွားတယ်ဆိုလာဘဲ... ကြားကြားချင်းကိုညဘက်ကားတွေနဲ့လာတာတဲ့.. သြော်..တတ်လည်းတတ်နိုင်တယ်..။ (ကျောက်နဂါးပုံကြည့်ချင်ရင်တော့ ပြောခဲ့ပါ..ပြန်ထည့်ပေးပါမယ်)

စစ်ကိုင်းတောင်ရိုး


 

 

  မြောင်ကနေမှ မုံရွာသွားတဲ့လမ်းပေါ်ကိုပြန်တက်ခရီးဆက်ခဲ့ကြပြန်တယ်...။ မန္တလေး-မုံရွာက မိုင် ၁၀၀လောက်ရှိမယ်ထင်တယ်..၃ နာရီလောက်တော့မောင်းလိုက်ရတယ်...ကားဆရာကလည်း မောင်းတာမြန်တယ်...။ မုံရွာမရောက်ခင် မိုးညင်းသမ္ဗုဒ္ဓေဘုရားဝင်ဖူးကြတယ်... အရင်ကတီဗီမှာဘဲဖူးရတာ အခုတော့ကိုယ်တိုင်ရောက်ခဲ့ပြီ...။ အတွင်းဘက်မှာ ဘုရားသေးသေးလေးတွေအများကြီးဘဲ...ဘုရားဆင်းတုတော်ကြီးတွေကလည်း သိပ်သပ္ပာယ်တယ်..။ မျှော်စင်ပေါ်တော့ မတက်တော့ဘူး...အပြင်မှာသိပ်ပူတယ်...ဘုရားဖူးပြီးတာနဲ့ ကားထဲမြန်မြန်ဝင်ရတယ်..။ အချိန်ကိုကြည့်တော့ ၁၁နာရီခွဲတော့မယ် ဗိုက်ကလည်းဆာကြပြီဆိုတော့ ဗောဓိတစ်ထောင်ဘုရားအ၀င်လမ်းထိပ်က ထမင်းဆိုင်မှာဝင်စားကြတယ်..အ၀စား ၂၅၀၀ကျပ်..။ အသားဟင်းကတော့ ကြက်သားနဲ့ဆိတ်သား...ပြီးမှ ပဲသုပ်၊ ကြက်ဟင်းခါးသီးချက်၊ မျှစ်နဲ့ချဉ်ပေါင်၊ ခရမ်းသီးမီးဖုတ်သုပ်(ပြုတ်သုပ်ထားတယ်ထင်တာဘဲ)....ဂွေးတောက်နဲ့ပင်စိမ်းဟင်းချို နောက်ဆုံးမှငရုတ်သီးထောင်းနဲ့ ငံပြာရည်ချက်...။ ကြက်သားဟင်း၊ ပဲသုပ်၊ ငရုတ်သီးထောင်း၊ ပင်းစိမ်းဟင်းချိုတို့နဲ့ထမင်းစားခဲ့တယ်..။ ငရုတ်သီးထောင်းက သိပ်မစပ်ဘဲ ငရုတ်သီးနဲ့နံနံပင် အနံ့လေးမွှေးလို့..သိပ်ကောင်းတယ်အစပ်ဆိုကြိုက်တယ်..ဆီတွေများတာတစ်ခုဘဲ..။ ပင်းစိမ်းဟင်းချိုလေးကလည်းမွှေးပြီးသောက်လို့ကောင်းတယ်..အခုမှပုံပြန်ကြည့်မိတော့ ဟင်းချိုထဲမှာကြက်ခေါင်းကြီးအမွှေးတွေနဲ့...မတတ်နိုင်ဘူး သောက်တုန်းကသောက်ပြီးသွားပြီ..။ ဂွေးတောက်ဟင်းချိုတော့မကြိုက်လို့မသောက်ခဲ့ဘူး..။



 ဂွေးတောက်ဟင်းချို

 ပင်စိမ်းဟင်းချို

ငရုတ်သီးထောင်း

  ဗောဓိတစ်ထောင်ရုပ်ပွားတော်ကြီးကို ဖူးရတာသိပ်ကောင်းတာဘဲ..။ ဥာဏ်တော်ပေ ၄၂၄ ပေမြင့်တဲ့ရပ်တော်မူရုပ်ပွားတော်ကြီးနဲ့ လျောင်းတော်မူရုပ်ပွားတော် အားလုံးပေါင်းနှစ်ဆူရှိတယ်..။ အချိန်ကတော့နေမွန်းတည့်ချိန်ဆိုတော့ ရင်ပြင်တော်ပေါ်ကကျောက်ပြားတွေကတအားပူတယ်..မြန်မြန်လျှောက်ရတယ်..။ မနက်စောစော ဒါမှမဟုတ် ညနေဘက်သွားရင်ကောင်းမယ်...ဒါပေမယ့်လည်း မုံရွာမှာညအိပ်မှဖြစ်မှာကိုး..။ အပေါ်ဆုံးထိတက်လို့ရလောက်အောင်တော့မပြီးသေးဘူး.... လေးထပ်လောက်ဘဲတက်ခဲ့တယ်..။ အပေါ်ကနေစီးမြင်နေရတဲ့ ရှုခင်းတွေကသိပ်လှတယ်... ဗောဓိတစ်ထောင်ရေလှောင်တမံရယ်..တောင်ကုန်းတွေရယ်...ဟိုးဝေးဝေးမှာချင်းတွင်းမြစ်ကိုပါ လှမ်းမြင်နေရတယ်..။ ပြီးတော့မှ မုံရွာကိုဖြတ်လမ်းကနေဆက်သွားတယ်...လမ်းကတော့မြေလမ်းဘဲ နည်းနည်းကြမ်းတယ်...။ မုံရွာမြို့ထဲတော့ သိပ်မမှတ်မိတော့ဘူး...အမေနဲ့ကြီးတော်တို့ဆိုင်တစ်ဆိုင်ဝင်ပြီး လုံချည်တို့ဘာတို့ဝင်ဝယ်ကြတယ်.. အိန္ဒိယကလာတဲ့ပစ္စည်းတွေများတယ်...။ ရွှေကူနီဘုရား နဲ့ ကံတလူဘုရားလည်းဝင်ဖူးခဲ့သေးတယ်...။






  ဟိုးအဝေးမှာ ချင်းတွင်းမြစ်







  မုံရွာကနေပြန်ထွက်လာတော့ နေ့ခင်း ၂နာရီကျော်လို့ ၃နာရီထိုးတော့မယ်ထင်တယ်...။ လမ်းတစ်လျှောက် ဘယ်ညာမှာတမာပင်တွေစိမ်းလို့ သိပ်သာယာတယ်..။ ညနေဘက်ကားစီးရင်း လမ်းတစ်လျှောက်ရှုခင်းတွေကိုငေးရတာ အရသာတစ်မျိုးဘဲ...တစ်ခုခုကိုလွမ်းမိသလို...။ နောက်ဆုံး စစ်ကိုင်းကောင်းမှုတော်ဘုရားကိုဝင်ဖူးကြတယ်...။ အခုတော့ ရွှေရောင်တွေဝင်းလို့.....အရင်တုန်းကလိုထုံးသင်္ကန်းနဲ့မဟုတ်တော့ဘူး...။ အဖြူရောင်နဲ့ဆိုရင်တော့ တစ်ခြားစေတီတွေနဲ့မတူ ပိုပြီးပေါ်လွင်တယ်မဟုတ်လား..။ ရင်ပြင်ပေါ်ကဈေးဆိုင်တွေလျှောက်ကြည့်ဖြစ်သေးတယ်...ဘာမှတော့မ၀ယ်ဖြစ်ဘူး..။ လွှတ်ဖို့ဇီးကွက်သေးသေးလေးတွေ လှောင်အိမ်ထဲမှာထည့်ထားတာတွေ့တယ်....ချစ်စရာလေးတွေ မျက်လုံးတစ်ဖက်ပဲဖွင့်ပြီးလူကိုလိုက်ကြည့်နေတယ်..။ ဇီးကွက်ဆိုတာညငှက်ဆိုတော့ နေ့ဘက်လွှတ်လိုက်တော့လည်း ပြန်ဖမ်းမိမှာပဲ...အထင်ပြောတာပါ..။ ကောင်းမှုတော်ဘုရားဖူးပြီးတော့ မန်းလေးကိုဘဲတန်းပြန်ခဲ့တယ်...။ ရာသီဥတုကလည်းပူ..ကားလည်းခုန်ဆိုတော့ အားလုံးလည်းပင်ပန်းနေကြပြီ...နောက်တစ်နေ့ဆက်လည်စရာတွေလည်းရှိသေးတာမို့ နားဖို့ဟိုတယ်ကိုဘဲပြန်ခဲ့တော့တယ်..။

Sunday, July 10, 2011

မြန်မာပြည်ခရီး - ၄ (မန္တလေး)

နံပါတ်(၄)ကိုဆက်ရေးမယ်ပြောထားပြီးမှ ကြားထဲမှာတော်တော်လေးခြားသွားတယ်...။ အခုရက်ပိုင်းအလုပ်တွေပိနေတယ်...အလုပ်တွေပြီးသွားတော့ နေမကောင်းဖြစ်သေးတယ်....။ အခုမှပြန်ကောင်းလာပြီး တီဗီတို့ ကွန်ပြူတာတို့ပြန်ကြည့်နိုင်လာတယ်..။

မန္တလေးသွားမယ့်ကားထွက်မည့်အချိန်က မနက်(၈)နာရီဆိုတော့ နံနက်စာစားပြီး (၇)နာရီခွဲလောက်မှထွက်ခဲ့တယ်...။ ဟိုတယ်နဲ့ကားဂိတ်က ၅ မိနစ်လောက်ဘဲလမ်းလျှောက်ရတာလေ...ပစ္စည်းတွေကိုတော့ မနေ့ကမြင်းလှည်းဆရာနှစ်ယောက်ကလမ်းကြုံလို့လိုက်ပိုပေးပါတယ်...။ ကားနာမည်က ရွှေမန်းသူ.. ထိုင်ခုံတွေလည်းကောင်းတယ်...ဘေးနှစ်ဘက်တစ်ယောက်စီနဲ့ အလယ်မှတစ်ယောက် ...တစ်လိုင်းမှာသုံးယောက်ပေါ့...။ တိုးရစ်တွေ တော်တော်များများလည်းကားပေါ်မှာပါလာကြတယ်... သူတို့ရဲ့ကလေးတွေနဲ့ဆူညံလို့နေတယ်..။ လမ်းတစ်လျှောက်ရှုခင်းတွေက ခြောက်သွေ့ပေမယ့် သာယာတယ်.... ဒီလမ်းကပထမဆုံးအကြိမ်သွားဖူးတာ..။ မနက် ၁၀နာရီလောက်ကျတော့ မြင်းခြံကိုရောက်နေပြီး...မြင်းခြံဆိုလို့ ဘကျောက်ကိုသတိရမိသေးတယ်... သူကတော့အခုငြိမ်းချမ်းရာမှာပျော်နေလောက်ပြီ...။ မြင်းခြံအထွက်မှာ နေ့လည်စာစားဖို့ဆိုင်တစ်ဆိုင်မှာကားရပ်ပေးတယ်...။ စောသေးပေမယ့် မန္တလေးအထိကားထပ်မရပ်တော့မှာမို့ အဲဒီမှာဘဲ ကြက်သားဟင်း၊ငံပြာရည်ချက်၊ ချဉ်ပေါင်းဟင်းတို့နဲ့စားခဲ့တယ်...။ အားလား...ကြက်သားဟင်းသာဆိုတယ်..အနှစ်မပါတဲ့ ကြက်သားဆီစိမ်ကြီး..ဆီပေါတဲ့အရပ်မို့ထင်တယ်..ဆီတွေထည့်ထားချက်က နောက်ထပ်ကြက်သားဟင်းတစ်အိုးလောက် ထပ်ချက်လို့ရတယ်...(အပိုမပြောပါ)။ ငံပြာရည်ချက်ဆို အပေါ်မှာဆီကလက်တစ်လုံးလောက်ဝေ့ပြီးတက်နေတာ... ဆီအသုံးများတဲ့ကြီးတော်တောင် လက်ဖျားခါသွားတယ်..။

မြစ်သားမြို့ကိုကျော်လာတော့ အရှေ့ဘက်မှာရှမ်းရိုးမကြီးကိုလှမ်းမြင်နေရတယ်... သိပ်ကိုလှတယ်။ ကျောက်ဆည်မြို့ကိုကျော်လာပြီးနောက် နေ့လည်(၂)နာရီလောက်မန္တလေးရောက်တယ်...။ ၆၂ လမ်းပေါ်က နဒီမြန်မာဆိုတဲ့ဟိုတယ်မှာ တည်းတယ်...နည်းနည်းတော့မြို့ပြင်ဘက်ကျမယ်ထင်တယ်...။ မန္တလေးကတော့ မမှတ်မိသေးတဲ့အရွယ် ငယ်ငယ်ကတည်းကရောက်ပြီး အခုမှပြန်ရောက်ဖြစ်တာ..။ သိပ်ပူတယ်...အပူရှိန်ကလူကိုပေါင်းအိုးထဲထည့်ပေါင်းထားသလိုမျိုး...။ အခန်းမှာ ရေမိုးချိုးခဏနားပြီးမှ ညနေဘက်ထမင်းထွက်စားကြတယ်...။ ဆိုင်ကယ်တွေသိပ်များတယ်...လမ်းကူးရသိပ်ခက်တယ်..လမ်းမီးကလည်းမှိန်မှိန်လေးဘဲလင်းနေတယ်...။ ဆိုင်ကယ်တက်လို့ရတဲ့ ပလက်ဖောင်းလည်းရှိတယ်..အဲဒီပေါ်မှာဘဲလမ်းလျှောက်ရတာ...ဆိုင်ကယ်ရှောင်ရ မိုင်းနင်းမိမှာစိုးလို့ သတိထားရနဲ့ ချွေးတော်တော်ပြန်သွားတယ်..။ ရှမ်းယဉ်ယဉ်ဆိုတဲ့ တရုတ်စားသောက်ဆိုင်မှာထမင်းစားတယ်...မဆိုးဘူး စားကောင်းတယ်...။ စားပြီးမှလေးဘီးကားတစ်စီးငှားပြီး...မဟာမြတ်မုနိဘုရားကြီးသွားဖူးတယ်....ညဘက်လူများတယ်..။ တကယ်တော့ မန္တလေးမှာလည်ဖို့အဓိကမဟုတ်ဘူး...အခြားနေရာတွေသွားဖို့က အဲဒီကနေမှတဆင့် အဆင်ပြေတာဆိုတော့ မန္တလေးမှာ ညအိပ်တဲ့ရက်များပြီး သိပ်မလည်ဖြစ်လိုက်ဘူး...။ မနက်ဖြန်ကျမှ မုံရွာစစ်ကိုင်းဘက်ဆက်သွားဖြစ်တယ်..။

(အဲဒီတစ်နေ့လုံး ဓာတ်ပုံမရိုက်ဖြစ်ဘူး...)