
ဒီကနေ့ဘာနေ့လဲလို့ ပြက္ခဒိန်မှာကြည့်လိုက်တော့ ထူးထူးခြားခြားအမေနေ့ဆိုတာကို သတိရလိုက်ပါတယ်..။ အမေများနေ့ကို နှစ်စဉ်မေလရဲ့ ဒုတိယ တနင်္ဂနွေနေ့မှာ ကျင်းပမြဲပါ..။ ကျေးဇူးရှင်.. မိခင်တွေကို အမှတ်တရဂုဏ်ပြုချင်လို့ထင်ပါရဲ့...။ ထူးထူးခြားခြားလို့ပြောရခြင်းအကြောင်းကတော့ ဒီနေ့ (မေလ ၁၀ရက်)မှာ လူ့လောကထဲ စရောက်ခဲ့သလို တိုက်တိုက်ဆိုင်ဆိုင် ဒီမေ ၁၀ရက်ဟာလည်း ၂၀၀၉ ခုနှစ်အတွက် မိခင်များနေ့ဖြစ်နေခြင်းကြောင့်ပါ..။ မွေးနေ့မှာ မွေးနေ့အကြောင်းလေးရေးချင်ပေမယ့်.. မိခင်များနေ့နဲ့ တိုက်ဆိုင်ခဲ့တာကြောင့် ကိုယ့်ကို မွေးထုတ်ပေးတဲ့ ကျေးဇူးရှင်မေမေအကြောင်းဘဲရေးဖြစ်တော့မယ်..။
ဘယ်နေရာသွားသွား ဘယ်ကိုရောက်ရောက်.. တစ်ယောက်ယောက်က ပါးစပ်ကနေ အမေဘဲဖြစ်ဖြစ် mom ဘဲဖြစ်ဖြစ် mother ဘဲဖြစ်ဖြစ် အမေနဲ့ ဆိုင်တဲ့စကားလုံးကိုထွက်လိုက်တာနဲ့ ကျွန်တော့်အမေကို ပြေးပြီးသတိရတာဘဲ..။ မတော်တဆ ခလုတ်တိုက်မိရင် “အမေ့” ၊ အခက်အခဲကြုံလို့ ဒုက္ခတွေ့ရင် “အမေရေ ကယ်ပါ” စသဖြင့်လူတော်တော်များများ အမေကိုတိုင်တည်တမ်းတမိကြမှာပါ.. ။ အဲဒီလူတော်တော်များများထဲမှာ ကျွန်တော်တစ်ယောက်လည်း အပါအ၀င်ဖြစ်တယ်ဆိုတာ အသေအချာပါဘဲ။
အဖေနဲ့ သမီးပိုချစ်၊ အမေနဲ့သား ပိုချစ် တယ်လို့ပြောကြသလို ငယ်ငယ်ကတည်းက အမေနဲ့ ပိုပြီးနီးနီးကပ်ကပ် ကြီးပြင်းလာခဲ့တဲ့ ကျွန်တော်အမေ့ကို တအားချစ်တာဘဲလို့ ပြောရင် လွန်တယ်လို့ပြောကြမလား..။
အမေ့အကြောင်းတွေးကြည့် စဉ်းစားကြည့်လိုက်တိုင်း.... အမေ့ရုပ်သွင်က ထင်းထင်းပေါ်လာတာချည်းဘဲ..။ ငယ်ငယ်တုန်းက အချိန်ကိုပြန်စဉ်းစားကြည့်ရင် ... အသားအရည်း ၀င်းဝင်း၊ ဆံပင်ရှည်ရှည်နဲ့ အမေ့ပုံရိပ်ကို ခုထိမှတ်မိနေဆဲဘဲ...။ သူငယ်တန်း၊ တစ်တန်း၊ နှစ်တန်းအရွယ်တုန်းက နေ့လည်ထမင်းစားကျောင်းဆင်းတိုင်း အမေထမင်းလာကျွေးတဲ့အချိန်တွေကို သတိရမိတယ်...။ အတန်းကြီးလာလည်း မနက်တိုင်း အစောကြီးထပြီး သားထမင်းချိုင့်အတွက် သေသေချာချာချက်ပြုတ်ထုပ်ပိုးပေးတာတွေဟာ.. အမေ့ရဲ့ ချစ်ခြင်းတွေဘဲမဟုတ်လား...။ အထက်တန်းပြီးသည့်တိုင်အောင် တစ်ရက်မပျက် ကျောင်းပို့ကြိုပေးခဲ့တဲ့ ဒီလိုအမေ .. ကမ္ဘာပေါ်မှာသိပ်ရှားနေမလား....။ နေမကောင်းဖြစ်ရင်လည်း ညအိပ်မပျော်နိုင်ဘဲ .. စိတ်ပူပင်ခဲ့ရတဲ့ အမေ... ဒီညရော နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေပြီလား........ တွေးနေဆဲ......။
နေမကောင်းဖြစ်နေရင်တောင် ဟန်ဆောင်ကောင်းတဲ့အမေ့အတွက် သားတစ်ဖန်ပြန်လည်လုပ်ကျွေးဖို့ တိတ်တဆိတ်များ အမေစောင့်မျှော်နေရှာမလား......။ အခြေအနေအရပ်ရပ်ကနေ သားရှေ့က မားမားရပ်ပေးခဲ့တာတွေလည်း အမေ့ရဲ့ ယုံကြည်မှုတွေဘဲမဟုတ်လား..။ နီးနီးကပ်ကပ်ရှိတာတောင် ပါးစပ်ကဖွင့်ပြောဖို့ဝန်လေး ပြီး စိတ်ချင်းဆက်နေတဲ့ ဒီသားနဲ့ ဒီအမေ...... ခုလိုဘ၀မှာ ရေစက်ဆုံခွင့်ရတာကိုက..အနှိုင်းမဲ့ဆုလာဘ်ကြီးတစ်ခုဘဲလေ..။
အမေ့ကျေးဇူးတွေကို အောက်မေ့ရင် သားဆိုးခဲ့တာတွေကိုလည်း ကိုယ့်ကိုကိုယ် အပြစ်တင်မဆုံးဘူးအမေ..။ ဒီထက်ပိုတဲ့ စာသားတွေ ရေးချင်ပေမယ့် ရင်မှာခံစားဖြစ်တည်လာတာက ကျေးဇူးတရားပါ။ ကျေးဇူးတရားနဲပတ်သတ်လာရင်တော့ လင်ကွန်းပြောသလိုဘဲအမေ.. “သားဖြစ်နေသမျှ ၊ ဖြစ်လာဖို့ မျှော်မှန်းနိုင်သမျှ ဘ၀တွေဟာ.. အမေ့ကျေးဇူးတွေကြောင့်ပါ..”။ အမေအတွက်လေ... အသင့်တော်ဆုံးအရာတစ်ခုခု ရှာဖွေဝယ်ယူဖို့ ကြိုးပမ်းဖူးပေမယ့်.. အခုတော့ အမေအမြဲစိတ်ချမ်းသာနေစေဖို့ကိုဘဲ..သားအမှန်တကယ်.... ကြိုးစားနေမိတယ်.............။
