Showing posts with label အလည်ခရီး. Show all posts
Showing posts with label အလည်ခရီး. Show all posts

Monday, November 25, 2013

တောင်ကြီး


ဒီတစ်ခေါက် မြန်မာပြည်ပြန်တာ အချိန်သိပ်မရလို့ တောင်ကြီးမှာ (၃)ညပဲအိပ်ဖြစ်လိုက်တယ်..။ နောက်ဆုံးရက်တော့ အဘိုးအဘွားတွေကိုလိုက်ကန်တော့ဖြစ်တယ်...။ သီတင်းကျွတ်အချိန်ဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ ညဘက်ဆိုမီးရောင်စုံတွေနဲ့....။ ညဘက်တော့ လေတအားတိုက်လို့ မီးပုံးတွေလုံးဝ ထွန်းလို့မရဘူး... မီးသီးတွေဘဲထွန်းရတယ်...။


မနက်စောစာထပြီး ဒေါ်နန်းပန်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြတယ်...။ ရန်ကုန်က ရှမ်းခေါက်ဆွဲတွေစားလို့မကောင်းဘူး... အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ၄၇ လမ်းထိပ်က "နန်းထိုက်" မှာ..။ အရည်တစ်ပွဲ အသုပ်တစ်ပွဲစားခဲ့တယ်... ပဲသွေးမကြိုက်လို့ဖယ်စားတယ်... အဲဒီဆိုင်က တိုဖူးကြော် စားကောင်းတယ်.. အပြင်ကကြွပ်နေပြီး အထဲမှာ အရည်ပျော်ပျော်လေးနဲ့..။


နေခဲ့တဲ့ (၃)ရက်အတွင်း မိုးမရွာဘူး သိပ်လည်းမအေးဘဲ နေသာပြီးနေလို့ကောင်းတယ်...။ အိမ်ကောင်း၊ ကားကောင်း တွေများလာတယ်...။ အဘိုးအဘွား နဲ့ ဆွေမျိုးတွေအားလုံး ကျန်းကျန်မာမာနဲ့ဘဲ....။ သွားချင်တဲ့နေရာအချို့မရောက်ဖြစ်ပေမယ့်... တွေ့ချင်သူအားလုံးကိုတွေ့ခဲ့ရလို့ ကျေနပ်ပါတယ်...။



အမိုးနီနီနဲ့အိမ်ကလေးတွေ ၊ ချယ်ရီနဲ့ စိန်ပန်းပြာတွေ၊  တိမ်တိုက်တွေအောက်က တောင်တန်းပြာတွေ အားလုံးဟာ အခုတော့ လွမ်းစရာတွေပါ..။

Wednesday, November 13, 2013

ပင်းတယ ၊ တောင်ကြီး


     တောင်ကြီးရောက်တော့ နေတောင်ဝင်လုပြီ.... အအေးဓာတ်များလည်း တစ်စတစ်စပိုကဲလာကာ
ချမ်းစိမ့်လာသည်....။ အိမ်မှာညနေစာစားပြီး.... ကားနဲ့မြို့ထဲတစ်ပတ်ထွက်လည်ဖြစ်သည်....။ စတိုးဆိုင်များ၊ အကင်ဆိုင်များနှင့် တောင်ကြီးညနေခင်းသည်စည်ကားလို့နေသည်.......။

တောင်ကြီးအဆင်း
ဟဲဟိုးအတက်လမ်း
     နောက်တစ်နေ့မနက်တော့ စောစောထပြီး ပင်းတယသို့သွားဖို့ပြင်ဆင်ရသည်...။ ပင်းတယကိုမရောက်ဖြစ်သည်မှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလကတည်းကဖြစ်သည်...အဲသည်တုန်းက ကုံလုံဆရာတော်ကြီးကိုလည်း အခွင့်ကြုံစွာဖူးခဲ့ရသေးသည်...။ ၁၂ နှစ်ကြာမှ ပင်းတယသို့နောက်တစ်ကြိမ် ရောက်ခဲ့ရပြန်သည်....။

     တောင်ကြီးအဆင်းလမ်းတစ်လျှောက်တွင် ပန်းဝါဝါလေးများနှင့် သာယာစိုပြည်နေသည်....။ တောင်အောက်ကိုလှမ်းကြည့်လိုက်လျှင်လည်း မြူတွေဆိုင်းနေသည့် အေးသာယာလွင်ပြင်ကိုမြင်နိုင်သေးသည်....။ ဟဲဟိုးအတက် ဘဝသံသရာတံတားနေရာနှင့် ဟဲဟိုးမှအောင်ပန်းအတက် ထင်ရူးပင်များစီတန်း နေသောတောင်အတက်လမ်းကလေးများကို သဘောအကျဆုံးဖြစ်သည်....။

အောင်ပန်းအတက်
အောင်ပန်းအတက်
ယူကလစ်ပင်တန်း
     အောင်ပန်းမဝင်မီ ယူကလစ်ပင်တန်းကိုမြင်တော့ ငယ်ငယ်ကအဲဒီနားမှာကားပျက်ခဲ့ဖူးတာ ကိုအမှတ်ရနေသေးသည်.... ၁၉၉၅ လောက်ကဖြစ်မည်..။ အောင်ပန်းရောက်တော့ ချယ်ရီမှာ ခဏနားမုန့်စားဖြစ်သေးသည်...။ ကုန်တင်ကုန်ချဖြင့် စည်ကားနေသော အောင်ပန်းကနေမှ ပင်းတယသို့မြောက်အရပ်အတိုင်းခရီးနှင်ခဲ့သည်...။ ပင်းတယဘက်လမ်းတစ်ကြောသည် တောင်ကုန်းများ နိမ့်ချည်မြင့်ချည်ဖြင့် သာယာလှသည်.....။ ပန်းမုန်လာ၊ အာလူး၊ ချင်း နှင့် ဂျုံစိုက်ခင်းများအကြား ရှမ်းကုန်းမြင့်ဧ။် မြေနီနီများကိုလည်း တွေ့ရသည်...။
ပန်းမုန်လာစိုက်ခင်းများ
စိုက်ခင်းများ
     ကျုံး နှင့် ပွေးလှ မြို့များကိုဖြတ်ကျော်ပြီးနောက် ၁၀နာရီခွဲလောက်ပင်းတယကိုရောက်ကြသည်....အရင်အတိုင်းမပြောင်းမလဲရှိနေဆဲဘဲ..။
ပထမဆုံး ရွှေဥမင်လိုဏ်ဂူကိုသွားခဲ့ကြသည်.. ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြား...။ အကြိုက်ဆုံးနေရာကား ရွှေဥမင်သို့ ဓာတ်လှေကားနှင့်တက်ရန် ဖြတ်သွားရတော စောင်းတန်းနေရာလေးဖြစ်သည်...။ ထိုနေရာမှ ပုန်းတလုတ်ကန်နှင့်အတူ ပင်းတယတစ်မြို့လုံးကို စီးမိုးပြီးကြည့်နိုင်သည်....။ ဟိုးအဝေးမှ တိမ်စိုင်တိမ်လိပ်များနှင့် ကောင်းကင်ပြာပြာအောက်က တောင်ကုန်းတောင်တန်းများကလည်း လွမ်းမောစရာ....။ ရာသီဥတုကတော့ မပူမအေးနှင့် နေလို့အကောင်းဆုံးဖြစ်သည်...။


ပင်းတယအဝင်

ရွှေဥမင်စောင်းတန်းမှ
ရွှေဥမင်စောင်းတန်းမှ





အလယ်ဥမင်သို့အသွားလမ်း


အလယ်ဥမင်မှ အပြန်စောင်းတန်း

     ရွှေဥမင်ဂူအတွင်းမှ ဘုရားများဖူးပြီး အလယ်ဥမင်သို့ ဆက်သွားခဲ့သည်...။ အလယ်ဂူကိုတော့ လူသိပ်မသွားကြ..နိုင်ငံခြားသားအချို့သာတွေ့ခဲ့သည်..။ အလယ်ဂူသွားရာစောင်းတန်းတစ်လျှောက် တောင်စောင်းတွေမှာ ထင်ရူးပင်များနှင့်စိမ်းစိုလို့နေသည်....။ အပြန်တော့ ဈေးတန်းမှာ လက်ဖက်စို၊လက်ဖက်ခြောက်များ နှင့် လက်ဆောင်ပစည်းအချို့ဝယ်ခဲ့သည်..။ ပင်းတယမြို့ထဲမှာတော့ ဘယ်မှမလည်ဖြစ်ဘဲ... ဦးအစိတ်ဆိုင်မှာ နေ့လည်စာစားပြီး တောင်ကြီးပြန်ခဲ့တယ်....။






     ပင်းတယအပြန်လမ်းမှာ တိမ်တွေအုံ့ဆိုင်းကာ နေရောင်ခြည်တွေဟာ  တိမ်တွေကြားကနေလှပစွာဖြာကျနေခဲ့တယ်.....။  ဆုံတွေ့ချိန်တိုင်းမှာ ကြည်နူးရပေမယ့်...  ခွဲခွာချိန်မှာတော့ နာကျင်ရစမြဲပါဘဲ...။

Tuesday, October 29, 2013

မြန်မာပြည် အပြန်တစ်ခေါက်


မြန်မာပြည်ကို ခဏတာပြန်ရောက်ခဲ့တယ်....။
ရန်ကုန်၊ ညောင်ရွှေ၊ တောင်ကြီး နဲ့ ပင်းတယ စတဲ့နေရာတွေဆီ ရောက်ခဲ့တယ်.... အားလုံးဟာ နွေးထွေးစွာကြိုဆိုလျက်။
အချိန်သိပ်မရပေမယ့် တွေ့ချင်သူ ချစ်သူခင်သူအားလုံးကို တွေ့ရတဲ့အတွက် တကယ်ဝမ်းသာပါတယ်...။

 ရွှေတိဂုံ


 ဟဲဟိုး အဆင်း

ရန်ကုန်မှာ တစ်ရက်နေပြီး နောက်တစ်ရက် တောင်ကြီးကိုဆက်သွားခဲ့တယ်... ဟဲဟိုးလေယာဉ်ကွင်းကတော့ အရင်အတိုင်း မပြောင်းလဲ..။ လေယာဉ်အဆင်း တောင်တန်း တောင်ကုန်းတွေနဲ့ မြေနီနီစိုက်ခင်းတွေကို ပြန်တွေ့လိုက်ရချိန် စိတ်ခံစားမှုတွေဟာ ပြောမပြတတ်အောင်ပဲ....။


 
 ညောင်ရွှေအဝင်

 တောင်ကြီးမတက်မီ ဟဲဟိုးကနေ ညောင်ရွှေသို့ အရင်သွားခဲ့တယ်... မတွေ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အမျိုးအဆွေများကိုလည်း ဝမ်းပန်းတစ်သာပြန်တွေ့ရတယ်...။
ဖောင်တော်ဦးဘုရားပွဲအချိန်မို့ ညောင်ရွှေမြို့ဟာ အသက်ဝင်စည်ကားလို့နေတယ်...။ ကမ္ဘာလှည့်ခရီးသွားတွေလည်း အများအပြား...။ 

 ညောင်ရွှေမှအပြန်


တောင်ကြီးအတက်လမ်း

ညောင်ရွှေကအပြန်မှ တောင်ကြီးဆက်တက်ခဲ့တယ်.... နေဝင်ချိန်မို့ရှုခင်းတွေက လွမ်းစရာပါ...။ တောင်အတက်မှာ လေအေးအေးလေးတွေတိုက်နေခဲ့တယ်... တဖြည်းဖြည်းနဲ့ အေးစပြုလာပြီ။ အိမ်ကလူတွေလည်း မျှော်လှရောပေါ့...။
ကားလမ်းတွေအဆင်ပြေချောမွေ့ဖြောင့်ဖြူးပြီး ရာသီဥတုလည်း ကြည်လင်သာယာနေခဲ့တယ်...။

Friday, September 23, 2011

မြန်မာပြည်ခရီး - ၉ (အင်းလေး)

      
                 နောက်တစ်နေ့မနက်ရောက်တော့ ညောင်ရွှေဆင်းပြီးအင်းလေး ဖောင်တော်ဦးဘုရားသွားဖို့အစီအစဉ်ဆွဲတယ်..။ မသွားခင်ရှမ်းခေါက်ဆွဲစားချင်တာနဲ့ ဒေါ်နန်းပန်ဆိုင်မှာသွားစားကြတယ်....ဒေါ်ထွမ်းဆိုင်ကရှိနေရာပြောင်းသွားလား...မဖွင့်တော့ဘူးလားမသိဘူး...အရင်နေရာမှာတော့မရှိတော့ဘူး..။ ရှမ်းခေါက်ဆွဲမစားရတာကြာလို့ သိပ်စားကောင်းတယ်..အရည်နဲ့စားတယ်..ဘဲသွေးမကြိုက်လို့မထည့်ဘူး..။ ရန်ကုန်ကရှမ်းခေါက်ဆွဲနဲ့ လားလားမှမဆိုင်...၄၆ လမ်းထိပ်က နန်းထိုက်ကလွဲလို့ တစ်ခြားဆိုင်မစားဖြစ်ဘူး...။ တိုဖူးကြော်လည်း ကောင်းမှကောင်းဘဲ...အပြင်ကကြွပ်ပြီး အထဲကတိုဖူးရည်လိုမျိုးပျော်နေတာ...။ ရှမ်းခေါက်ဆွဲနောက်တစ်ပွဲစားချင်ပေမယ့် ဗိုက်မဆံ့တော့ဘူး... အမေမကုန်လို့ကျန်တာပဲကုန်အောင်စားပေးလိုက်တယ်..။







  
ပြီးတော့ နောက်တစ်နေ့အိမ်မှာ သံဃာတော် ၅ ငါးဆွမ်းကပ်မှာကြောင့် အမေနဲ့ဈေးဝယ်လိုက်ကူပေးတယ်..။ ဟင်းသီးဟင်းရွက်တွေ သိပ်လတ်ဆတ်တယ်....မုန်လာဥ၊ ရွှေပဲသီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံ စုံလို့ဘဲ...တစ်ခြားအရွက်တွေ နာမည်တော့မသိဘူး ။ ပြီးတော့ စ၀်စံထွန်းဈေးနားက ဓမ္မသုခကျောင်းမှာ အလှူအတွက်သွားလျှောက်တယ်...အဲဒီအချိန်ထိနေသာနေတုန်း...မြောက်ဘက်မှာတိမ်တွေလည်းသိပ်လှတယ်...။ ပြီးတော့မှ အိမ်တစ်ခေါက်ပြန် ပစ္စည်းတွေထားပြီး ညောင်ရွှေဆင်းခဲ့တယ်..။ အဆင်းကျတော့ မိုးသားတွေတက်လာတယ်...မတတ်နိုင်ဘူးရောက်အောင်သွားရမှာဘဲလေ...ဖောင်တော်ဦးဘုရားမဖူးဖြစ်တာ ၂၀၀၁ ကတည်းကဆိုတော့ တော်တော်လေးကြာသွားပြီး...နောက်ဘယ်တော့မှ ပြန်ရောက်ဖြစ်မလဲဆိုတာလည်း မသေချာဘူးလေဗျာ..။ ညောင်ရွှေကို အေးသာယာစက်မှုဇုန်ဘက်ကမသွားဘဲ...ရွှေညောင်ကနေတစ်ဆင့် လမ်းဟောင်းအတိုင်းသွားတယ်...။ ငယ်ငယ်ကညောင်ရွှေလိုက်သွားရင်သိပ်ပျင်းတယ်... လမ်းမှာကိုပျင်စရာကောင်းနေတာ.. ။ တကယ်တော့ ရွှေညောင်ကနေ ညောင်ရွှေကို ဘယ်လောက်မှမကြာဘူး မိနစ် ၂၀ လောက်ဘဲမောင်းရတာ..လမ်းကတော့ တစ်ခြမ်းကောင်း ကျန်တစ်ခြမ်းမကောင်းပေါ့..။ အခုတစ်ခါတော့ လမ်းတစ်လျှောက်ရှုခင်းတွေ သိပ်လှနေတယ်လို့ထင်တယ်....မရောက်တာ တော်တော်လေးကြာလို့လည်းဖြစ်မယ်ထင်ပါတယ်...။ စိမ်းညို့ညို့တောင်တန်းတွေကို ချစ်လို့ ပုံတွေအများကြီးရိုက်ဖြစ်တယ်...။
 
 ရွှေညောင်ဈေးနေ့









 ညောင်ရွှေမြို့အ၀င်

ညောင်ရွှေရောက်တော့ အမျိုးတွေသွားနှုတ်ဆက် ပြီးတော့ သူတို့ပဲစက်လှေလိုက်ငှားပေးပါတယ်.. သူတို့တွေကစကားအပြောအဆို ရိုးတယ်... ယောင်လည်းယောင်တတ်တယ်..ရီလည်းရီရတယ်..။ စင်ယော် ဇင်ယော် စင်ရော် ဇင်ရော် (ဘယ်တစ်ခုအမှန်လဲမသိဘူး နောက်ဆုံးတစ်ခုမဟုတ်တာတော့ သေချာတယ်) အစာအတင်းလိုက်ရောင်းလို့ဝယ်လိုက်တယ်..ပြီးတော့မှ ငါတော်တော်အတာပဲလို့ ဒီအချိန်ဘယ်က ဇင်ယော်ရှိမှာလဲ ...ဆောင်းတွင်းမှရှိမှာပေါ့..။ တကယ်တော့ အဲဒါ ကရားစူးကြော်ပါ ပဲနဲ့လုပ်တယ်ထင်တယ် ... ငယ်ငယ်ကတော့ အစားပစ်ကျွေးရင် ဇင်ယော်တစ်ခု ကိုယ်တစ်ခုပဲ ....။ စက်လှေစီးတော့ မိုးတွေအုံ့နေပြီ ရွာတော့မရွာဘူး.... လေအေးအေးတွေ မျက်နှာကိုလာတိုးနေတာတော့ သဘောကျတယ်...။ တောင်တွေဆီမှာလည်းမိုးတွေညို့လို...လွမ်းစရာကောင်းနေတယ်...။ အင်းလေးမှာရွာတဲ့မိုးဆိုတဲ့ သီချင်းလေးခပ်တိုးတိုးညည်းဖြစ်တယ်.... ။ အင်းထဲကရေတွေ နောက်နေတယ်.. ..တစ်ချို့နေရာတွေတော့ကြည်တယ်..။။ အဓိကကတော့ ဘုရာဖူးဖို့ဘဲ.. တစ်ခြားဘယ်မှာ ဆက်သွားဖို့အစီအစဉ်မရှိဘူး....။ ဘုရားရောက်တော့ လူရှင်းနေတယ်...ခါတိုင်းလို့ လူမများဘူး ...အဲဒါပဲကောင်းတယ်...။ ဆုတွေတစ်သီကြီးမတောင်းတော့ဘူး... "ဘ၀မှာ ဖြောင့်မတ်မှန်ကန်တဲ့လမ်းကိုဘဲ လျှောက်လှမ်းရပါလိုဧ။်" လို့ဘဲဆုတောင်းဖြစ်တယ်...အဲဒီဆုတောင်းကို သိပ်သဘောကျနေတယ်..။ ပြီးတော့ ဘုရားအောက်ဘက်ကဈေးဆိုင်နည်းနည်းပါးပါးဝင်ကြည့်ဖြစ်တယ်...လက်ဆောင်ပေးဖို့..။ ဒီကသူငယ်ချင်းတစ်ယောက်က မင်းတို့မြန်မာပြည်က ထအမှတ်တရပစ္စည်းတစ်ခုခုဝယ်ခဲ့ပေးဆိုလို့...လှေနဲ့တံငါသည်ပုံသစ်သားနဲ့ လုပ်ထားတာလေးဝယ်ဖြစ်တယ်..။







  



 
 တစ်ခြားဘယ်မှမသွားတော့ဘူး...အချိန်လည်းသိပ်မရဘူးဆိုတော့ ညောင်ရွှေကိုဘဲတန်းပြန်တယ်...။ နေ့လည်စာဆိုတော့ ဟူပင်မှာစားတယ်...ထမင်းကြော်၊ထမင်းပေါင်း နဲ့ ခေါက်ဆွဲပြုတ်ကြော် ..။ ဟူပင်ဟော်တယ်မှာ မင်္ဂလာဆောင်တစ်ခုလုပ်နေတယ်...။ နောက်တော့ ပြင်သာကျောင်းက ဘကြီးဘုန်းကြီးကို...သွားကန်တော့တယ်...ကုန်စုံဆိုင်ဖွင့်ထားတဲ့ ကြီးတော်ရဲ့မောင်ပေါ့.. ။ အဲဒီမှာ ကျောက်ဖြူပြီးရုပ်ပွားတော်ရှိတယ်...နေပူခံဘုရားလို့လည်းခေါ်ကြတယ်...ကျောင်းဆောင်ဆောက် အမိုးမိုးလို့မရဘူးတဲ့... မဟုတ်ရင်မိုးကြိုးပစ်တယ်ဆိုဘဲ.. နဂါးကမိုးထားပြီးသားမို့ အမိုးမိုးဖို့မလိုဘူးလို့ပြောကြတယ်..။ ဘုရားသမိုင်းကြောင်းတော့ သေချာမသိဘူး... စာဖတ်သူတွေထဲကသိသူရှိရင်လည်း အများဗဟုသုတရဖို့ ပြောပြသွားလို့ရတယ်..။ အဲဒီကနေ အရှေ့ဘက်ကိုကြည့်ရင် တောင်တန်းတွေသိပ်လှတယ်... စပါးခင်းတွေကလည်းစိမ်းစိုပြီး ရေတွေကလည်း ကြည်လို့ အောက်ခြေကိုတောင်မြင်နေရတယ်..။ အချိန်မရလို့ ညောင်ရွှေကအမျိုးတွေအိမ်အကုန် မလည်လိုက်ရဘူး.... နောက်ဘယ်မှပြန်ရောက်ဖြစ်မလဲမသိဘူး...။







 

အပြန်တောင်ကြီးအတက်မှာ အများပြောပြောနေတဲ့ အေးသာယာဝိုင်ခြံဝင်ကြည့်ဖြစ်တယ်... ၀ိုင်အကြောင်းလည်းနားမလည် သောက်လည်းမသောက်တတ်တော့ ရှုခင်းတွေဘဲကြည့်ခဲ့တယ်...။ လုပ်ထားတဲ့သူရဲ့ အတွေးနဲ့ နေရာရွေးတာလေးသဘောကျတယ်...။ တောင်ကုန်းတစ်လျှောက် စီတန်းနေတဲ့ စပျစ်ပင်တွေနဲ့ နောက်ခံတောင်တန်းတွေ တကယ်လိုက်ဖက်တယ်..။ တစ်ချိန်ချိန်ကျ အဲလို ခြံလေးနဲ့ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း နေချင်တယ်...။