Tuesday, March 31, 2009

ရိုးသားစွာ

ငါချစ်တာမင်းမဟုတ်ဘူး..
တကယ်ချစ်တာ
အတူရှိခဲ့တဲ့အချိန်တွေ ..

ငါမုန်းတာမင်းမဟုတ်ဘူး
တကယ်က
ဝေးနေရတဲ့အချိန်တွေ..။

Monday, March 30, 2009

မမေ့နိုင်မိုး(၄)

စိုင်းတို့မြို့ကလေးသည် တောင်တွေဝိုင်းနေသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ အရှေ့ဘက်မှာ ညို့မှိုင်းမှိုင်းတောင်တန်းကြီးတွေကာဆီးထားသည် တောင်ခြေတွေမှာထင်ရူးတောအုပ်ကလေးများရှိသည်။ အနောက်ဘက်မှာက ချောက်ကမ်းပါးကြီး အဝေးကိုမျှော်ကြည့်လျှင် မှုန်ရီရီဖြစ်နေတဲ့ရှမ်းတောင်တန်းကြီးတွေကိုမြင်ရသည်။ မြို့မှာကတစ်ထပ်အိမ်ပုလေးတွေနှင့် နှစ်ထပ်အိမ်တွေသာများသည်.. လမ်းတော်တော်များများဖြောင့်ဖြူးပြီး အမှိုက်သရိုက်ကင်းသည်။ ခြုံပြောရရင် အဆင်ပြေနေချင်ဖွယ်ကောင်းသော တောင်ပေါ်မြို့လေးဖြစ်သည်။

“သားရေ .. ပန်းပင်တွေရေလောင်းပြီးပြီလား ထမင်းစားရအောင်”
“လာပြီ.. မေ”
“အိမ်ထဲမ၀င်ခင် ခြေတွေလက်တွေအရင်ဆေးဦး”
“အမလေး အေးလိုက်တဲ့ရေ.. မြန်မြန်လုပ်မှ”
စိုင်းမေမေပြင်ထားသော ထမင်းစားပွဲသည် စားချင်ဖွယ် မွှေးကြိုင်နေသည်။ စိုင်းကြိုက်သောဟင်းများမို့ များများစားလိုက်ဦးမည်ဟု အားခဲထားသည်။ မေ့ကိုဦးချပြီးတာနဲ့ အားရပါးရစားတော့သည်.. ဗိုက်လည်းအတော်ဆာနေသကိုး။
“သားဖြည်းဖြည်းစား နင်နေဦးမယ်”
“ဟုတ်ကဲ့”
“သားဖေဖေက နောက်နှစ်ရက်လောက်နေမှ ပြန်ရောက်မယ်တဲ့ .. နေ့လည်ကဖုန်းဆက်တယ်”
“ဖေဖေအလုပ်တွေများနေလားမေ..”
“သိပ်တော့မများဘူးတဲ့ ပစ္စည်းတွေမရောက်သေးလို့ စောင့်နေရတယ်ပြောတာဘဲ”
“ဟီးပြန်လာမှ မုန့်ဖိုးတောင်းရမယ်”
“ဟင်း ဒီကောင်လေး ဒါမျိုးကျတော့တတ်တယ်.. စားစား ၀အောင်စားနော် ပြီးမှ ဗိုက်ဆာတယ်ထပ်လုပ်မနေနဲ့”
ပါးစပ်ထဲမှာပြည့်နေတာမို့ မေ့ကိုခေါင်းသာငြိမ့်ပြနိုင်သည်..။


ဒီရက်ပိုင်းနည်းနည်းအေးသည်.. စောင်လေးခြုံပြီးကွေးနေရရင်ကောင်းမှာဘဲဟုတွေးကာ စိုင်းစောစောအိပ်ရာဝင်ဖြစ်သည်။ သို့သော် တော်တော်နှင့်အိပ်မပျော်.. ဟိုလှည့်ဒီလှည့်ဖြင့် မျက်စိကြောင်နေသည်။ အိပ်မပျော်တော့ စိတ်ကရောက်တတ်ရာရာတွေးတော့သည်။
“မနက်ဖြန်ကျောင်းရောက်ရင်တော့ ပြည့်ဖြိုးဆီက ငါချေးထားတဲ့ပိုက်ဆံ ၅၀၀ ပြန်တောင်းရအုံးမယ်.. ဒီကောင်မေ့ချင်ယောင်ဆောင်နေလားမသိဘူး”
“ဟိဟိ ဇော်မင်းကိုတော့ ခုံရှေ့ကဂွက်ထော်မလေးနဲ့ စအုံးမှ”
စိုင်းတစ်ယောက်တည်းအတွေးတွေပွားနေသည်။ တွေးရင်းတွေးရင်း အတွေးထဲမှာ ပြတင်းပေါက်လေးတစ်ခုပေါ်လာသည်..။ ပြတင်းပေါက်အောက်မှာ စာရေးစားပွဲတစ်ခု နေရောင်ဖြာကျနေသည်။ မိန်းကလေးတစ်ယောက်မေးလေးထောက်လို့ အသာအယာထိုင်နေသည်..။ ဒါမေနှင်းဖြစ်မည်.. .. အနားသွားလို့နာမည်ခေါ်လိုက်တော့ အဖြူရောင်အလင်းမှုန်လေးတွေ ပြန့်ကျဲသွားသည်..။ စိုင်းအိပ်ရာမှနိုးလာသည်..... အိပ်မက်မက်နေတာဘဲ။ နာရီကြည့်တော့ ၆နာရီခွဲ.. မျက်နှာသစ်သွားတိုက် ပြီးတော့ကျောင်းလွယ်အိတ်ကိုပြင်သည်။


ကျောင်းရောက်တော့ ဇော်မင်းနဲ့တစ်ခြားသူငယ်ချင်းတွေကျောင်းသန့်ရှင်းရေး.. တံမြက်စည်းလှည်း အမှိုက်ကောက်နေကြသည်။ ဒီနေ့အစိမ်းအသင်းအလှည့်ပေကိုး.. နက်ဖြန်တော့ စိုင်းတို့အနီအသင်းအလှည့်ဖြစ်သည်။ ပိတောက်ပင်ကြီးအောက်ကိုကြည့်လိုက်တော့ စိုင်းတို့အတန်းထဲက မာလာနှင့် နန်းသီတာတို့ စကားများနေကြသည်...။ သူတို့ဘေးမှာထိုင်နေတာက မေနှင်း .. ဟိုနှစ်ယောက်ပြောတာကိုစိတ်ဝင်တစားနားထောင်နေသည်။ သူတို့နားစိုင်းရောက်သွားတော့
“ဟဲ့တိုးတိုး ဟိုမှာလူလာနေပြီ” နန်းသီတာကပြောသည်။
“ဒီတစ်ယောက်ကလဲ ဒီမှာပြောလို့မပြီးသေးပါဘူးဆိုနေမှ”
စိုင်းက “နင်တို့တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေတာလဲ ငါဘယ်လောက်တော်ကြောင်းတွေလား”
“ဟုတ်မယ်အားကြီးကြီး နင့်မကောင်းကြောင်းတွေပြောနေတာ .. အယ် ဟုတ်ဘူး ဟုတ်ဘူး..ဟီးဟီး”
မာလာကအရပ်ပုပုနှင့်စကားများသည်.. အတန်းထဲမှာစကားအပြောဆုံးသူဆိုရင် မာလာကဗိုလ်ဆွဲလိမ့်မည်။ နန်းသီတာကအေးသည် အေးပင်အေးသော်ငြားလည်း မာလာပြောသမျှကိုတော့အမာခံ အားပေးအားမြှောက်ပြုသည်။ သူတို့နှစ်ယောက်ပေါင်းစက်သေနတ်ပစ်လျှင် ဆရာမတောင်မနည်းပြောယူရသည်။
စိုင်းက “မေနှင်း သူတို့ပြောတာတွေလျှောက်မယုံနဲ့နော်... အကောင်းတစ်ခုမှမပါဘူး သိလား”
မေနှင်းပြုံးသည်.. စိုင်းစိတ်ထဲမှာပျော်သွားသလို..။
“ဟုတ်ပါဘူး ငါတို့ကကျောင်းရဲ့ အစဉ်အလာလေးတွေပြောပြနေတာပါ.. သွားငစိုင်း နင်နဲ့မဆိုင်ဘူး”
“နေပါအုံး နင်ကမေနှင်းကို ဘယ်လိုလုပ်သိတာလဲ.. ကျောင်းတက်တာမှ တစ်ရက်ဘဲရှိသေးတယ်”
မာလာက “အေးလေ ငစိုင်းနှယ် သွက်ချက်ကကမ်းကုန်”
“ဟာ ဒီလိုပါ..”
“ဟိုလိုလိုဒီလိုလိုတွေလုပ်မနေနဲ့ မှန်မှန်ပြော.. မပြောလို့ကတော့နော်.. သိတယ်မလား”
“၀ါးဟားဟား....ဟား.....!!!”
“အံမလေး ဘုရားကြီးကယ်တော်မူပါ..” မာလာကအာပြဲနှင့်အော်ပြီးထွက်ပြေးသွားသည်..။
ပြည့်ဖြိုးတစ်ယောက် သစ်ပင်နောက်ကနေပုန်းနေပြီး ခြောက်လိုက်ခြင်းဖြစ်သည်..။ စိုင်းကတော့ရိုးနေပြီမို့ မလန့်တော့...။
နန်းသီတာက ကြောက်လို့မေနှင်းကိုဖက်ထားသည်..။ ခဏကြာတော့မာလာပြန်ရောက်လာသည်..။
“ပြည့်ဖြိုးစုတ်.. နင်လည်းသေမယ်.. နင့်အမေနဲ့ကိုတိုင်မှာ..”
ပြည့်ဖြိုးက တဟားဟားနှင့်ရယ်လို့မပြီးသေး .. မေနှင်းကတခိခိရယ်နေသည်... နန်းသီတာကမျက်နှာကြီးပုပ်လို့။ မာလာက “တော်တော့ မရီနဲ့တော့လို့ဆိုနေ..”လို့ပြောရုံရှိသေး ကျောင်းတက်ခေါင်းလောင်းထိုးသည်။ အတန်းထဲရောက်သည်အထိ မာလာနှင့်နန်းသီတာက ပြည့်ဖြိုးကိုမျက်စောင်းတခဲခဲနှင့်..။

“သီဟ”
“ရှိပါတယ်ခင်ဗျ”
“နန္ဒာအေး”
“ရှိပါတယ်ရှင့်”
“မေနှင်းမိုး”
“ရှိပါတယ်ရှင်”
ဆရာမနာမည်ခေါ်တော့မှ သူ့နာမည်အပြည့်အစုံက မေနှင်းမိုးတဲ့.. မိန်းကလေးဆန်သောနာမည်ကလေး။ “ရှိပါတယ်ရှင့်” အစား “ရှိပါတယ်ရှင်” လို့ထူးလိုက်ပုံလေးကတစ်မျိုးနားထောင်လို့ကောင်းနေသည်။ စိုင်းကြာကြာမတွေးနိုင် ဆရာမကစာစသင်ပြီ..။ ပထမတစ်ပုဒ်ကို ကျော်ကာ ကဗျာဒုတိယအပုဒ်ကိုစသင်သည်..။ ကဗျာနာမည်လေးက The Arrow and the Song တဲ့.. နာမည်ကြီးကဗျာဆရာကြီး Henry Wadsworth Longfellow ကရေးခဲ့သည်ဆိုဘဲ.. ။
“I breathed a song into the air,
It fell to earth, I knew not where;
..................
..............................”
ကဗျာလေးကရွတ်လို့ကောင်းသည်..။ ဆရာမက စကားပြေပြန်ပေးတော့ပိုလို့ အဓိပ္ပာယ်ပြည့်စုံသွားသည်ဟုထင်ရသည်။ ကဗျာအနှစ်ချုပ်ကလေးက ကဗျာဆရာကမြားတစ်စင်းကိုပစ်လွှတ်လိုက်တော့ လွှတ်ကနဲ့ထွက်သွားလိုက်တာများ ဘယ်နေရာကိုကျသွားလဲဆိုတာကို မမြင်မိဘူး။ ကဗျာဆရာကပဲ သီချင်းတစ်ပုဒ်ကိုဆိုညည်းမိပြန်သည်.. သီချင်းသံစဉ်လေးလွင့်ပျံ့သွားလိုက်တာများ ဘယ်ဆီရောက်လည်းတောင်မသိတော့ဘူး..။ အချိန်တွေကြာလာတဲ့တစ်နေ့မှာတော့ ကဗျာဆရာပစ်လိုက်တဲ့မြားကို ၀က်သစ်ချပင်အသားထဲမှာ မကျိုးမပဲ့ဘဲပြန်တွေ့သလို ဆိုညည်းခဲ့တဲ့သီချင်းကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့နှလုံးသားကနေ အစအဆုံးပြန်ကြားရလေတယ်တဲ့..။ ကဗျာအနှစ်ချုပ်လေးနားထောင်ပြီးတော့ စိုင်းရင်ထဲမှာစွဲသွားသည်.. ကဗျာလေးကိုကြိုက်သည်။ မေနှင်းကိုတိတ်တိတ်ခိုးကြည့်မိသေးသည်.. သူစာရေးနေသည်.. ကဗျာလေးကူးရေးနေသည်..။ ဘေးမှာ မာလာနှင့်နန်းသီတာ စကားတွတ်ထိုးနေသည်... တစ်ခုခုအဝေမတည့်ပုံရသည်..စိုင်းပြုံးမိသည်..။

ဒီမနက်စိုင်းကျောင်းကို လေးဆယ့်ငါးမိနစ်လောက်စောထွက်လာသည်.. ဒီနေ့အနီအသင်းနေ့။ ကျောင်းမှာ ဘုရားပန်းတင် သောက်တော်ရေလဲ၊ သန့်ရှင်းရေး အားလုံးလုပ်ရမည်..။ မနက်စောစောထပြီး မေ့ကိုခွင့်တောင်းကာ ဘုရားပန်းအတွက် နှင်းဆီပန်းအလှဆုံးသုံးပွင့်ခူးလာခဲ့သည်။ ကျောင်းပေါက်ဝရောက်တော့ လူရှင်းနေသည်.. ကျောင်းစောင့်ကြီးသာတွေ့ရသည်..။ အတန်းရှေ့ရောက်တော့ တစ်စုံတစ်ယောက်တံမြက်စည်းလှည်းနေတာကိုတွေ့သည်...။
“မေနှင်း တံမြက်စည်းလှည်းနေတာလား.. တစ်ယောက်တည်းလား”
စိုင်းခေါ်လိုက်တော့ သူတစ်ချက်တုန်သွားသည်။
“ဟင် စိုင်းခမ်း လန့်လိုက်တာ”
“အစောကြီးဘဲရှိသေးတယ် မေနှင်းမိုးရဲ့” စိုင်း သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည်။
“မေနှင်းခုလေးတင်ဘဲရောက်တာ.. စိုင်းလည်းစောတာဘဲ”
စိုင်းသတိထားမိတော့ မေနှင်းမိုးနဖူးမှာချွေးလေးစို့နေသည်..။
“ဟယ်ပန်းတွေလှတယ်နော်.. ဘုရားတင်ဖို့လားဟင်”
“ဟုတ်တယ်.. စိုင်းခြံထဲကခူးလာတာလေ..”
“ဟုတ်လား ဒါဆိုစိုင်းတို့အိမ်မှာ ပန်းခြံရှိတယ်ပေါ့..”
“အင်း မေမေကပန်းစိုက်တာဝါသနာပါတယ်လေ.. စိုက်ထားတာတော့အစုံဘဲ နှင်းဆီတွေကတော့ တော်တော်များများစိုက်ထားတယ်”
“အရမ်းလှမှာဘဲနော်.... ပန်းခြံလေးနဲ့ဆိုတော့”
“မေနှင်းနောက် မာလာတို့ နန်းသီတာတို့နဲ့လာလည်ပေါ့.. ဇော်မင်း၊ ပြည့်ဖြိုးနဲ့ သူတို့ကလာလည်နေကျ”
“ကျေးဇူးဘဲ မှတ်ထားပါ့မယ်”
“မေနှင်းထားလေ စိုင်းလုပ်လိုက်မယ်.. တစ်တန်းပဲပြီးသေးတာမဟုတ်လား..ရော့ဘုရားပန်းလေးတွေ ရေဆေးပြီးပန်းအိုးထိုးလိုက်ပါလား..”
“ဒါဆိုသွားလိုက်အုံးမယ်..”


စိုင်းအမှိုက်ကျုံးတံမြက်စည်းလှည်းပြီးတော့ မေနှင်းလည်းဘုရားပန်းတင်လို့ပြီးပြီ။ အခန်းဝရောက်တော့
“စိုင်းရလား မေနှင်းအမှိုက်တွေသွားသွန်ပေးမယ်..”
“ရတယ် နေပါစေ”
“ပေးပါ.. သွန်ပေးမယ်”
ရုတ်တရက်အပြင်ဘက်လေပြင်းတိုက်လာသည်...။ လေအရှိန်ကြောင့် တုံးမခုထားသောအခန်းတံခါးကြီးအရှိန်နှင့်ပိတ်လာသည်..
“မေနှင်းမိုး သတိထား..!”
“ဟင်..”
တံခါးကမေနှင်းကိုသွားရိုက်သည်.. အရှိန်နဲ့မို့ ခန္ဓာကိုယ်လေး စိုင်းဘက်ယိုင်ကျလာသည်။ မထင်မှတ်ထားတာမို့ စိုင်းလဲဟန်ချက်ပျက်ကာ မေနှင်းကိုမထိန်းနိုင်ဘဲလဲသွားသည်။ စိုင်းရုတ်တရက်နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လေးခံစားရသည်.. နောက်မှသတိဝင်လာပြီး အမြန်ထပြီး မေနှင်းကိုပါဆွဲထူရသည်။ မေနှင်းမျက်နှာ ပန်းသွေးရောင်လေးသန်းနေသည်.. စိုင်းလည်းဘာပြောရမှန်းမသိ...။ ထိုနောက်ပိုင်းတစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြတော့။ စိုင်းထင်သည်.. ထိုနေ့တစ်နေ့လုံး စိုင်းကိုယ်မှာ မွှေးရနံ့လေးတစ်ခုသင်းနေခဲ့သည်.......။

ဆက်ရန်..(ဟီး ဆက်ရန်လို့ရေးဖို့မေ့တော့မလို့)

Friday, March 27, 2009

မမေ့နိုင်မိုး (၃)

စိုင်းဘယ်လောက်များငေးနေသည်မသိ ထိုမိန်းကလေးကပြန်ကြည့်နေတာတောင်သတိမထားမိ..။
“ဟေ့ကောင် ဘယ်ငေးနေတာလဲ.. ဒီမှာ အသင်းခွဲမလို့..”
“မဲလိပ်တွေလာလုပ်ပေးအုံး.. ငါတစ်ယောက်တည်းလုပ်နေရတာ..”
ပြည့်ဖြိုးလာပြောတော့မှ စိုင်းသတိဝင်လာသည်... ပြီးတော့ ဟိုမိန်းကလေးကစိုင်းကို ပြန်ကြည့်နေသည်.. သူမျက်နှာပူသွားသည်..။
“ဟမ်.. ဘာပြောတာလဲ.. ပြန်ပြော”
“ဒီမှာအသင်းခွဲမလို့ လာကူလို့ပြောနေတာ.. မကြားဘူးလား..”
“အေးအေး..ကြားပါတယ်ကွ”
မဲလိပ်အားလုံး ၄၀.. အ၀ါ၊အစိမ်း၊အနီ နှင့်အပြာ တစ်သင်းကို ၁၀လိပ်စီ.. အုပ်ဆောင်းလေးထဲထည့်ထားသည်.. ။ ဒါကသူတို့နှစ်စဉ် လုပ်နေကအစဉ်အလာ.. အသင်းတွေဖွဲ့ပြီး ကျောင်းနှင့်အတန်း ဝေယျာဝစ္စတွေ ခွဲဝေလုပ်ကိုင်ကြသည်..။ ခဏကြာတော့ ပြည့်ဖြိုးကအတန်းလှည့်ပြီး မဲနှိုက်ခိုင်းသည်..။
“ဒီနှစ်တော့ အ၀ါအသင်းတဲ့.. ”
“ဟယ် ငါအစိမ်းအသင်းကျတယ်ဟဲ့ . .. အရင်အသင်းအတိုင်းဘဲ”
တစ်ယောက်ပြီးတစ်ယောက်သွားနေရင်း စိုင်းငေးမိတဲ့မိန်းကလေးအလှည့်အရောက် ပြည့်ဖြိုးနားမသိမသာကပ်မိသွားသည်.. ။ သူဘယ်အသင်းကျလဲဆိုတာကိုသိချင်တာကိုး.. တဆက်တည်းသူနဲ့အသင်းတူတူကျရင်ကောင်းမယ်လို့တွေးမိသည်..။


သူမဲလိပ်ကိုစယူတော့ လက်ကလေးတွေနူးညံ့နေတာကို စိုင်းသတိထားမိသည်..။ အသာဖြည်ပြီး ကြည့်လိုက်သည်.. ပြီးတော့ပြုံးရုံသာပြုံးသည်..။ ပြည့်ဖြိုးကတော့ ကျန်တဲ့သူတွေဘက်ထွက်သွားသည်..။ စိုင်းမနေနိုင်...
“ဘာအသင်းကျလဲဟင်..”
“အနီအသင်းပါ...............”
“သြော်..”
“ ခုနကကြည့်နေတာလားဟင်”
စိုင်းနည်းနည်းရှက်သွားသည်..။
“ဆောရီးနော် မရည်ရွယ်ပါဘူး.. ကျွန်တော့်နာမည်စိုင်းခမ်းပါ..”
တောင်းပန်တာကို အခွင့်ကောင်းယူပြီး စိုင်းသူ့ကိုယ်သူမိတ်ဆက်လိုက်သည်..။
“မေနှင်းပါ... ဒီနှစ်မှကျောင်းပြောင်းလာတာပါ”
“ခင်လို့ရတယ်မလား.. အကူအညီလိုရင်ပြောနော်”
“ဟုတ်ကဲ့ သူငယ်ချင်းလည်းမရသေးပါဘူး.. ခုတော့ တစ်ယောက်ရပြီ”
“ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်တိုးတာပေါ့.. သွားလိုက်အုံးမယ်.. မဲနှိုက်ဖို့ကျန်သေးလို့.”
အသာအယာသာခေါင်းငြိမ့်ပြသည်..။ မေနှင်းတဲ့လား.. အနီအသင်းတဲ့ ငါလည်းအနီအသင်းကျရင်ကောင်းမယ်.. မဆီမဆိုင်စိုင်းတစ်ယောက်အတွေးပွားနေသည်..။
“ရော့မင်းအလှည့် ဘယ်ရောက်နေလဲ ဒီမှာနှစ်လိပ်ဘဲကျန်တော့တယ်.. မြန်မြန်”
သူရင်ခုန်လာသည်.. အနီအသင်းမှကျန်သေးရဲ့လားမသိဘူး.. ဘယ်တစ်လိပ်ကိုရွေးရင်ကောင်းမလဲ..။
“ဟေး အနီအသင်းတဲ့”
ဇော်မင်းက “ဟေ့ကောင်ဘာဖြစ်တာလဲ ဒါထူးဆန်းတာလည်းမဟုတ်ဘဲနဲ့”
“အေးလေ .. ပြီးတော့ဒီကောင်ဒီနေ့မူမမှန်ဘူး.. မှန်းစမ်း ဆေးသောက်ခဲ့ရဲ့လား”
“သောက်တာမှ လှုပ်ပြီး ခွက်နဲ့ကိုသေချာထည့်ပြီးသောက်လာတာ.. ”
“ဒါအသာထား မင်းကိုအတန်းထဲကလူတွေဝိုင်းကြည့်နေပြီ.. ”
ဟုတ်တော့ဟုတ်သည်.. မသိမသာနေလိုက်ရသည်..။ မေနှင်းကိုကြည့်မိတော့ ပြုံးနေသယောင်။

ပထမဆုံးကျောင်းတက်ရက်ကတော့ ခါတိုင်းနှစ်တွေနဲ့မတူ.. ပျော်သလို၊စိတ်လှုပ်ရှားစရာကောင်းသလိုရှိသည်..။ အရင်နှစ်တွေကတော့ စာလည်းမသင်ဒီလိုနဲ့ စကားများလိုက် စာအုပ်ကောက်ကိုင်လိုက်နဲ့ပဲအချိန်ကုန်သွားသည်..။ ဒီနေ့တော့အချိန်ကုန်မြန်လိုက်တာ.. စိုင်းတစ်ယောက်အိမ်အပြန်လမ်းလျှောက်ရင်းတွေးနေသည်..။ မေနှင်းတဲ့ ဖြူစင်ရှင်းသန့်နေတာဘဲ.. စကားပြောပုံလေးကလည်းတစ်မျိုးလေး ..အင်း......
“ပွမ် ပွမ်.. ”
“ဟာဒီကားကလည်းတစ်မှောက်. တွေးနေတာတောင်ဘယ်ရောက်သွားလဲမသိဘူး..”
ဒီလိုနဲ့အိမ်ရှေ့ရောက်လာသည်.. အိမ်ထဲဝင်လိုက်တော့ဟင်းနံ့တွေမွှေးနေသည်.. ။ မေမေတော့ဟင်းချက်နေပြီထင်တယ်.. ဘာဟင်းလဲမသိဘူးသွားကြည့်လိုက်အုံးမယ်..။
“မေ...”
“သားပြန်ရောက်ပြီလား.. အသံတော့ကြားသားဘဲ..”
“ကြက်သားဟင်းလားမေ..”
“သားအကြိုက်လေ.. ဟွန်း သားအကြိုက်ဆိုအမေကအကုန်သိ.. အကုန်လုပ်ပေး”
“မေကလဲ ဘာလုပ်ပေးရမလဲ..”
“သွား အ၀တ်အစားသွားလဲ.. ပြီးရင် ခြံထဲကပန်းပင်တွေရေလောင်းလိုက်အုံးသား..”
“ဟုတ်ကဲ့မေ.. ပဲပုပ်စေ့ကြော်ကော..”
“အမလေး မပူနဲ့လုပ်ထားတယ်.. စားခါနီးမှပြန်နွှေးပေးမယ်”

အ၀တ်အစားလဲပြီး တော့စိုင်းပန်းခြံလေးထဲဝင်သွားသည်..။ ပန်းပင်တွေရေလောင်းရတာလည်းစိုင်းပျော်သည်.. ရေကိုသေချာမလောင်း ပက်ချင်ရာပက်လို့ရသည်..။ ကြာတော့လည်း အပင်တွေအကုန်လုံးရေလောင်းပြီးသားဖြစ်သွားသည်..။ နှင်းဆီခင်းထဲရောက်တော့ အပွင့်အဖူးလေးတွေနဲ့ လှပနေသည်...။ ဒီနေ့မှထူးထူးဆန်းဆန်း ပွင့်နိုးပွင့်နိုးဖြင့်စိုင်းစောင့်နေခဲ့တဲ့ နှင်းဆီဖူးလေးမှ အဖြူဆွတ်ဆွတ်နှင်းဆီတစ်ပွင့်ပွင့်နေသည်..။ သေချာကြည့်တော့ အဖြူမှာ အနီရောင်အနားသတ်လေးတွေနဲ့ဘဲ..။ နှင်းဆီရောင်စုံထဲတွင် အဖြူလေးတစ်ပွင့်သည်.. ပေါ်လွင်လှပနေသည်..။ တောင်တွေဆီမှာကမြူတွေဆိုင်းနေသည်.. ပန်းကလေးဖြူဖြူကိုကြည့်ပြီးစိုင်းရင်ထဲမှာ ဟာသွားသလို..။

ဆက်ရန်

Wednesday, March 25, 2009

မွှေး


သစ်ရိပ်ပင်အေး
ခိုနားမှုပေး
လေပြည်ညှင်းလေး
တိုက်ခတ်အေးအေး
ကန်ရေပြင်နံဘေး
သာသာဖြတ်ပြေး..
ပန်းပွင့်ငယ်လေး
စုံနေအရောင်အသွေး
သူလာရာလမ်းကလေး
ပန်းခင်းလေးမွှေး.....။


ပုံကို ဒီက ယူပါတယ်..။

Tuesday, March 24, 2009

24.03.2009



Monday, March 23, 2009

မမေ့နိုင်မိုး (၂)

လမ်းတစ်လျှောက်မှာ စိုင်းတွေ့တာအမျာဆုံးကတော့ ဖြူစိမ်းဝတ်ထားတဲ့ကျောင်းသားကျောင်းသူတွေပါဘဲ..။ စိုင်းနဲ့ ရွယ်တူကျောင်းသားတွေ၊ နည်းနည်းငယ်ပုံရမယ့် ကျောင်းသူတွေ ၊ အင်္ကျီမှာ လက်ကိုင်ပုဝါလေးချိတ်နဲ့ ချိတ်လို့ မိဘလက်ကိုတွဲလာတဲ့သူငယ်တန်းကလေးတွေ အားလုံးကျောင်းတစ်ဝိုက်မှာတွေ့ရသည်..။ ကျောင်းထဲဝင်လိုက်တော့ ကျောင်းသားဆိုသည့်အသိစိတ်သည် စိုင်းအဖို့ပိုပီပြင်လာသည်.....။ ကျောင်းက ၉ နာရီတက်မည်.. ခုမ ၈ နာရီခွဲ .. စောသေးသည့်အတွက် သူငယ်ချင်းတွေတွေ့လိုငြား မုန့်စားတန်းဘက် ခြေဦးလှည့်လိုက်သည်..။ ဟောတွေ့ပါလေပြီ.. စိုင်းအခင်ဆုံးသူငယ်ချင်းတွေဖြစ်တဲ့ ဇော်မင်းနဲ့ ပြည့်ဖြိုး မုန့်ဟင်းခါးဆိုင်မှာထိုင်စားနေသည်..။ ခုံတစ်လုံးဆွဲထိုင်လိုက်တော့ ပြည့်ဖြိုးက
“ဟေ့ရောင် မင်းစောလှချည်လား...”
“အေးလေ.. ” ဇော်မင်းက၀င်ထောက်သည်။
“မင်းတို့လည်းစောတာဘဲ.. ငါတစ်ယောက်တည်းမဟုတ်ဘူး”
“ငါကမနက်စာမစားရသေးဘူး ဒါကြောင့်စောစောလာတာ. .. ရောက်တော့ ဟိုကောင် ဇော်မင်းလည်းရောက်နေရော..”
“စားအုံးလေ.. စားပြီးပြီလား..”
“ငါစားခဲ့ပြီ..”
“ကောင်းပါ့ ကောင်းပါ့..”
“အင်းပါ ထားပါတော့ .. ကျောင်းတောင်ပြန်ဖွင့်ပြီ.. ဒီနှစ်တော့စာတွေများမယ်...”
“ဟုတ်တယ်.. ဘာလိုလိုနဲ့ဆယ်တန်းတောင်ရောက်လာပြီ စဉ်းစားကြည့်ရင် မနေ့တစ်နေ့ကလိုဘဲ” ဇော်မင်းကတွေးတွေးဆဆပြောသည်..။
“ဟုတ်တယ်.. အထက်တန်းပြီးရင်ကွဲချင်ကွဲသွားကြမှာ ဒီနှစ်ကနောက်ဆုံးတွေ့ရတဲ့ နှစ်လည်းဖြစ်ချင်ဖြစ်နိုင်တယ်.. ” လို့ပြည့်ဖြိုးကရုတ်တရက် ပြောတော့ အားလုံးနှုတ်ဆိတ်သွားသည်..။
စိုင်းက “ခုမှနှစ်စဘဲရှိသေးတယ်.. ကွဲမဲ့ကွဲပေါ့.. တစ်နှစ်လုံးပျော်ပျော်ရွှင်ရွှင်နေလို့ရသေးတယ်.. ဒါတွေဘာလို့တွေးနေမှာလဲ..... ခဏနေကျောင်းတက်တော့မယ်. မြန်မြန်စား..”
“ဟုတ်တယ်ဒီမှာမုန့်ဟင်းခါးတွေ အေးကုန်ပြီ.. ပြည့်ဖြိုးစားစား..”
ခဏကြာတော့ ကျောင်းတက်ခေါင်းလောင်းသံမြည်လာသည်.....။

ပြည့်ဖြိုး၊ ဇော်မင်း နဲ့ စိုင်းတို့သုံးယောက်သည်... သူငယ်တန်းကနေစပြီးခင်ခဲ့သောသူငယ်ချင်းတွေဖြစ်သည်..။ နှစ်တိုင်းအခန်းလည်းတူသည်.. တစ်ယောက်နဲ့တစ်ယောက်အတိုင်အဖောက်ညီသည်.. ကူညီရိုင်းပင်းသည်.. အဖြူဆိုရင်လိုက်ဖြူ.. အမည်းဆိုရင်လိုက်မည်းတတ်သော သူငယ်ချင်းသုံးယောက်..။ ဆိုးအတူ ကောင်းအတူသူငယ်ချင်းတွေလို့ ဆိုရင်လည်း မှားမည်မထင်.. တစ်ယောက်အပြစ်တစ်ယောက်ဝိုင်းဖုံးဖိပေးတတ်သေးသည်.။ ဇော်မင်းက အရပ်မနိမ့်မမြင့် အသားဖြူဖြူ ခန္ဓာကိုယ်ကျစ်ကျစ်လစ်လစ်နဲ့ ကြည့်ကောင်းသည်..။ ပြည့်ဖြိုးက အသားလတ်လတ်.. ပိန်ပိန် အမြဲပြုံးနေတတ်သည်.. အရပ်ကတော့အတော်လေးမြင့်သည်.. သုံးယောက်ထဲမှာတော့ အမြင့်ဆုံး..။ စိုင်းကတော့ ခန္ဓာကိုယ် ပါးပါးလျလျ အသားဖြူဖြူ..။ စိုင်းသည် အအဆုံး၊ ပြည့်ဖြိုးက စကားအများဆုံး၊ ဇော်မင်းက အတည်ငြိမ်ဆုံးဖြစ်သည်..။ စိုင်းတို့သုံးယောက်သည်.. တက္ကသိုလ်ဝင်တန်းကျောင်းသားကြီးများဖြစ်ကြလေပြီ.. အမှတ်ကောင်းကောင်းနဲ့အောင်နိုင်ဖို့အတွက် လိုရာတက္ကသိုလ်တက်နိုင်ဖို့အတွက်အားသွန်ခွန်စိုက်ကြိုးစား ကြရအုံးမည်......။


နိုင်ငံတော်သီချင်းဆိုပြီးအတန်းထဲရောက်တော့ စိုင်းတို့သုံးယောက် နေရာထိုင်ခုံရွေးကြသည်.. စိုင်းနဲ့ဇော်မင်းနဲ့က တစ်တွဲ ပြည့်ဖြိုးက စိုင်းညာဘက်ခုံတန်းမှာထိုင်သည်..။ စိုင်းတို့အတန်းသည် လူ ၄၀ခန့်ရှိပြီး မိန်းကလေး ယောက်ျားလေးတစ်ဝက်စီဖြစ်သည်..။ ၁၀ တန်းတွင် စိုင်းတို့အတန်းအပါအ၀င် တန်းခွဲ ၅ ခုရှိသည်..။
အတန်းပိုင်ဝင်လာတော့ ကျောင်းသားအားလုံးမတ်တပ်ရပ် နှုတ်ဆက်ကြသည်..။
“မင်္ဂလာပါ ဆရာမ”
“မင်္ဂလာပါ.. အားလုံးထိုင်ပါ ဆရာမကမင်းတို့ရဲ့ အတန်းပိုင်”
“နာမည်မှတ်ထား ဒေါ်ခင်ဦး”
“မင်းတို့ကို အင်္ဂလိပ်စာသင်မယ်..”
“ဒီနေ့တော့စာမသင်သေးဘူး အချိန်လည်းရမှာမဟုတ်ဘူး အတန်းကိစ္စတွေ လိုတာကို အရင်ပြောထားမယ်”
“xxx xxx xxx ”
ဆရာမက .. မျက်နှာတင်းသည်.. စကားပြောပြတ်သည် အပိုမပြော..လိုတာကိုတာပြောသည်..။
“အချိန်စာရင်းကို သေချာကူးထား......”
“ပြီးတော့ပြောထားအုံးမယ်.မင်းတို့ သမိုင်းဆရာမ ဒေါ်မြတ်ဇင်နဲ့ ဓာတုဗေဒဆရာမ ဒေါ်ဝါ၀ါခိုင်တို့က နက်ဖြန်မှ မွမ်းမံသင်တန်းပြီးမှာဆိုတော့ သန်ဘက်ခါမှ စပြီးအတန်းဝင်လိမ့်မယ် ကြားလား”
“အလိုက်သတိနဲ့ စာကြည့်ထား”
“ဟုတ်ကဲ့ပါ ဆရာမ” ဆရာမစကားဆုံးတော့ တတန်းလုံးပြိုင်တူထွက်လိုက်သည်..။


ဆရာမပြောပြီးထွက်သွားတော့ အတန်းသည်မယုံနိုင်စွာ ကြွက်ကြွက်ညံသွားသည်...။
“ဟဲ့ နင်တို့တွေကျောင်းပိတ်ရက်တစ်ခုလုံး င့ါကိုမေ့ထားကြတယ်ပေါ့လေ..”
“ဟိတ်ကောင် မင်းရည်းစားရနေပြီဆို..xxx”
“အချဉ်ထုတ်ငါ့ကိုပေးအုံးလေ နင်တို့ချည်းစားမနေနဲ့.. ပေးပေး”
“ဟယ်...နင်က ဆံပင်ဖြောင့်လိုက်တော့ ငါ့လောက်နီးနီးလှလာတာပဲ.. ဟီးဟီး.”
“ငါလား ဘာမှမလုပ်ဖြစ်ပါဘူးကွာ.. ခြံသွားပြီးကူလုပ်ပေးနေတာနဲ့ ကျောင်းပိတ်ရက်တွေကုန်ရော”
နှုတ်ဆက်သံ အချင်းချင်းပြန်ပြောသံတွေနဲ့ အတန်းသည် ပွက်လောရိုက်နေသည်...အချဉ်ထုတ်တွေကလည်း တောင်နှင့်မြောက် ပျံနေသည်..။

အေးအေးနေတတ်သောစိုင်းတစ်ယောက် နားဆူလို့ အတန်းအပြင်ဘက်သို့မျက်နှာလွှဲလိုက်သည်..။ အပြင်ဘက်မှနေရောင်ခြည်သည် အတန်းတွင်းသို့ ပြတင်းပေါက်မှတစ်ဆင့်ဖြာကျနေသည်..။ နေရောက်ကျနေသည့် ခုံတန်းတစ်နေရာတွင် စိုင်းတစ်ခါမှ မမြင်ဖူးသောကျောင်းသူတစ်ယောက်.. မေးထောက်လို့ ပြတင်းပေါက်အပြင်ကိုငေးနေသည်..။ နေရောင်အောင်တွင် ဆင်စွယ်ရောင်အသားက ဖြူဝင်းနေသည်...... ခပ်မြင့်မြင့်စည်းထားသောဆံပင်နက်နက်တို့ က ကျောပေါ်သို့ ပျော့ပျော့ပျောင်းပျောင်းကျနေသည်..။ ကြည်လင်ဖြူစင်သောမျက်နှာလေးကို စိုင်းခဏတာမျှ ငေးမောမိသွားသည်................။

ဆက်ရန်

Sunday, March 22, 2009

ဝါသနာများ

ခင်မင်ရတဲ့ ကိုမျိုး တတက်ထားပါတယ်.. ၀ါသနာများအကြောင်းတဲ့..။ ဒီတက်အကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ရဲ့ဝါသနာကို သူငယ်ချင်းမိတ်ဆွေတွေလည်း သိရသလို သူတို့ရဲ့ဝါသနာတွေအကြောင်းကိုလည်း တစေ့တထောင်းသိရတာပေါ့..။ လူတစ်ကိုယ် ၀ါသနာတစ်မျိုးရှိကြတဲ့အထဲ မှာ ကျွန်တော့်ဝါသနာတွေကတော့ ..

(၁) စာဖတ်ဝါသနာ
စာဖတ်ဝါသနာတော့ လူတိုင်မှာအနည်းနဲ့အများတော့ရှိကြပါလိမ့်မယ်..။ ကျွန်တော်လည်းငယ်ငယ်ကတည်းကစာဖတ်ဝါသနာပါပါတယ်..။ ကာတွန်းစာအုပ်တွေကအစ ဘုရားစာအုပ်တွေ သမိုင်းစာအုပ်တွေအဆုံးဖတ်ပါတယ်..။ အိမ်ရှင်းလို့ ဟိုကြားဒီကြားက စာအုပ်တွေထွက်လာရင်းလည်း ထိုင်ပြီးဖတ်လိုက်တာဘဲ..။ သတင်းစာတွေလဲဖတ်ပါတယ်.. နောက်ဆုံးစာမျက်နှာကနေ စဖတ်တာက လွဲလို့ပေါ့လေ..။ အိမ်မှာ စာအုပ်တစ်အုပ်နဲ့ဆိုရင် ထမင်းမေ့ဟင်းမေ့ ဖြစ်တတ်လို့ အမေကတောင်သတိပေးရပါတယ်..။ ဖတ်ရင် လည်း တစ်ထိုင်ထဲအပြီးဖတ်ပါတယ်.. ဒါမှ များများထပ်ဖတ်နိုင်မှာလေ..။ ကျောင်းမှာတုန်းကဆို စာစီစာကုံးစာအုပ်တွေလည်းထိုင်ဖတ်နေတာဘဲ.. ။
ခုတော့ စာအုပ်တစ်အုပ်နဲ့ မုန့်တစ်ထုပ်လောက်ရှိရင် နေ့တစ်ဝက်လောက်ကတော့ အိုကေဘဲ..။

(၂) အပင်စိုက်ဝါသနာ
ဒီဝါသနာကတော့ ဘယ်ကနေစလို့အမြစ်တွယ်လာသလဲတော့မသိဘူး....။ (၄)တန်းလောက်ကစပြီး အပင်တွေရေလောင်းတယ်... နောက်(၆)တန်းလောက်ရောက်တော့ အပင်တွေစိုက်ပါတယ်.။ နွေရာသီကျောင်းပိတ်လို့ တောင်ကြီးသွားပြီဆိုရင် ခြံထဲမှာ အပင်တွေစိုက်ပါတယ်.။ အများဆုံးစိုက်ဖြစ်တာက ဖရဲသီးဘဲ.. ခဏခဏစားဖြစ်တာကိုး..။ အဖွားဖရဲသီးဝယ်လာပြီးရင် အိမ်ကအုတ်ကန်ထဲမှာ စိမ်ပေးထားပါတယ်.. တောင်ကြီးကအေးတော့အုတ်ကန်ရေကလည်းအေးစိမ့်နေတာဘဲ.. ဖရဲသီးလည်းအေးသွားတာပေါ့..။ ပြီးမှဇွန်းကောက်နဲ့ အပေါက်ဖောက်စား.. အစေ့တွေကိုစိုက်ပါတယ်..။ ပြီးတော့ အိမ်မှာ အခါးရည်(ရေနွေးကြမ်း)သောက်ရင် ဆားလေးနည်းနည်းခတ် ပြီးတော့ ဂျုံစေ့နည်းနည်ပါထည့်ပြီးသောက်ပါတယ်..။ ဂျုံစေ့ထည့်ရင်ပိုမွှေးလို့ပါ.. အစေ့ကိုလှော်ပြီးထည့်ပါတယ်။ မလှော်ရသေးတဲ့အစေ့တွေဆိုရင် မြေကြီးလေးဆွပြီး ကြဲထားလိုက်တာပဲ.. နောက်တော့အပင်တွေအတန်းလိုက်ပေါက်လာပါတယ်..။ ပြောင်းဖူးလည်းနှစ်တိုင်းစိုက်ပါတယ်.. မိုးတွင်းလောက်ရောက်ရင် စားလို့ရပြီး ပြောင်ဖူးပေါက်ပေါက်လည်းလုပ်စားတယ်..။

(၃) အစားအသောက်ဝါသနာ
အဟဲ အဟီး ဒီဝါသနာကတော့ မွေးကတည်းကပါလာတယ်ထင်တာပဲ..။ လူတိုင်းလည်းဝါသနာပါမယ်ထင်တယ်.. ဘလော့မှာ အစားအသောက်ပို့စ်တင်လိုက်ရင် လာလည်တဲ့သူကခါတိုင်းနဲ့မတူဘူး.. ပိုများတယ်..။ ရန်ကုန်မှာတော့ သိပ်မလုပ်စားဖြစ်ပါဘူး..။ တောင်ကြီးပြန်ရင် အစားအသောက်ကတော့ တပတ်နှစ်မျိုးလောက်ဘဲ..။ ကူလည်းဝိုင်းကူပေး ပြီးတော့လည်းစားပေး.. :D စားတာကများများပါ..။ အိမ်မှာလူများတော့လုပ်စားတာက ပိုပျော်ဖို့ကောင်းပါတယ်..။ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အာလူးပူရီ၊ ကင်ပေါင်းကြော် (ကြက်သွန်မြိတ်နဲ့ အသားကို မုန့ှ်နှစ်နဲ့ရောပြီးကြော်တာပါ) ၊ ဒံပေါက် အစုံဘဲ..။ အကင်လဲလုပ်စားသေးတယ်.. ခြံထဲမှာ အုတ်တုံးတွေချ အလယ်မှာပြာတွေခင်း မီးသွေးလေးထည့်ပြီး ကင်ပါတယ်..။ ဒါကတော့မောင်နှမတွေပေါင်းပြီးလုပ်တာဘဲ.. လွယ်တယ်လေ ပြုတ်ပြီးသားအသားနဲ့ အာလူး၊ ပြောင်းဖူး၊ ငုံးဥတွေကို ဆီလေးသုတ်ပြီး လှည့်ပေးနေရုံဘဲ..။ လုပ်ရင်လည်း အိမ်ကလူကြီးတွေက ကြာလိုက်တာလို့အမြဲပြောတယ်... အဟဲ ကိုယ်က တစ်ချောင်းကင်လိုက် တစ်ချောင်းစားလိုက်လုပ်နေတာ..။ အာလူးကိုထက်ခြမ်းခြမ်း ထောပတ်လေးသုတ်ပြီး Aluminum Foil နဲ့ထုပ်ပြီး မီးခဲတွေကြားထဲပစ်ထည့်လိုက်ခဏနေမှ ထုတ်ပြီးစား မွှေးနေတာဘဲ..။ ရေခဲမုန့်လုပ်တာတော့ မအောင်မြင်သေးဘူး.. ကိတ်မုန့်တော့အောင်မြင်တယ်.. ပြီးရင် ခရင်မ်တွေချည်းထိုင်စားနေတာ..။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင် ဖျော်ရည်လုပ်သောက်တယ်... ကောင်းမှကောင်း .. တစ်တောင်းလုံးမှ ၅၀၀ လောက်ပေးရတာ..(စတော်ဘယ်ရီ သရဲပါ..ဤကားစကားချပ်) ။

ရေးကောင်းကောင်းနဲ့ရေးတာတော်တော်လေးရှည်သွားပြီး.. (အစားအကြောင်းချည်းဘဲ.. :D)။ ဒီလောက်ဆိုကိုမျိုးလည်းကျေနပ်မယ်ထင်ပါတယ်..။ ဆက်ပြီး တက်ချင်သူတွေကတော့ တီဝါCraton နဲ့ သီဟသစ်မနွေးနေခြည် တို့ဖြစ်ပါတယ်..။

Friday, March 20, 2009

မမေ့နိုင်မိုး (၁)



ဒေါက်..ဒေါက်..ဒေါက် နှင့်တိုးတိတ်ညင်သာသော ခေါက်သံတို့ကပြတင်းပေါက်ဆီမှလာခဲ့လေသည်။ အသံကြားတော့ သူတစ်ယောက်အပြေးသွားကြည့်မိသည်..။ အပြင်မှာ ဘယ်သူမှမရှိ... သြော် မိုးတွေရွာနေတာကိုး။ တစ်ပေါက်ပေါက်ကျနေသော မိုးစက်တို့ကသာ အရှိန်ပြင်းပြင်းဖြင့် ပြတင်းမှန်ကို လာရောက်ရိုက်ခတ်နေသည်..။ ထိုရိုက်ခတ်ရာမှ ဒေါက် .. ဒေါက်ဟူသော အသံတို့က စည်းချက်မဲ့စွာ ထွက်ပေါ်နေ သည်။ ပြတင်းမှန်ကို ကျော်ကြည့်တော့ ကောင်းကင်သည် ခဲနှစ်ရောင်တို့ဖြင့် ညို့မှိုင်းကာနေသည်..။ မိုးက သည်းသည်းရွာလျက် သစ်ပင်ပန်းမန်တို့ကတော့ မိုးရေနှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်..။ မြေခနေကြသော ရွက်ကြွေတို့သည် ဦးတည်ရာမဲ့လျက်ပင် ရေစီးဧ။်ခေါ်ရာနောက်သို့သာ မျောပါနေကြသည်.....။ ပြတင်းကိုဖွင့်လိုက်သောအခါ မိုးရနံ့တို့က အနားသို့ကွေ့ဝိုက် ပျံ့လွင့်လာသည်...။ မ်ုးပြာရောင်ခန်းဆီးစသည် တချက်တချက်တွင်တော့ သူ့အား အိပ်မက်ဆန်စွာ ရိုက်ခတ်လာသည်...........။

ပျော်ရွှင်မှု ကြေကွဲမှု၊ ၀မ်းနည်းမှု ကြည်နူးမှု ပုံရိပ်တွေသည် မှေးမှိန်ခဲ့ရာမှ တစတစအရာထင်လာကြသည်....။ မေ့ပျောက်လို့နေပြီဖြစ်တဲ့ အဖြစ်တွေသည် သူ့အာရုံကို ကြီးစိုးလာကြသည်....။ လေအဝေ့၀ယ် ထိန်းသိမ်းထားသော စိတ်တွေသည် ... သော့ခတ်သိမ်းဆည်းထားသော ဆွတ်ပျံ့ဖွယ်အတိတ်ဆီသို့သာ.....။ ရီဝေနေသော မျက်ဝန်းတစ်စုံမှ စီးဆင်းလာသော မိုးတစ်စက်သည်.. သူ့လက်ပေါ်သို့ ညင်သာစွာကျဆင်းသွားသည်။ တစ်စက္ကန့် . နှစ်စက္ကန့် .. သုံးစက္ကန့် ... စက္ကန့်ရာပေါင်းများစွာ.......................။ မိုးလည်းတဖြေးဖြေးစဲလာသည်.... သူ့မျက်နှာသည် ခံစားမှုတွေနှင့်ေ၀၀ါးလျက်...........။ တိမ်ညိုတို့ အဝေးကမှိုင်းမှုန်မှုန် တောင်ပြာတန်းတွင် နားခိုလို့နေဆဲ.... ထင်ရူးတို့သည်လည်း မိုးပုလဲသီးကလေးများနှင့် လှပနေသည်..။ ခန်းဆီးစသည် ပျော့ပျော့ပျောင်းပျောင်းတိုက်ခတ်လို့နေဆဲ..... ထိုအချိန်အခန်းတွင်းမှာတော့ ဆွတ်ပျံ့အလွမ်းတို့သည်... ပျံ့နှံ့လွင့်ပြယ်လျက်............။ အာရုံတွင် အတိတ်၏ပုံရိပ်များက တဖြည်းဖြည်းအရာထင်လာသည်။




ဒီကနေ့ နံနက် စိုင်းတစ်ယောက် လန်းလန်းဆန်းဆန်းနှင့် အစောကြီးနိုးလာသည်.. ညကနှစ်ခြိုက်စွာအိပ်ပျော်ခဲ့သည်ထင်..။နာရီကြည့်တော့ ၆:၀၀.. စောစောနိုးသော်လည်း အိပ်ယာထဲကမထွက်ချင်.. အပြင်ဘက်ကချမ်းအေးတဲ့ရာသီဥတုကြောင့် ဂွမ်းကပ်နွေးနွေးထဲမှာ ကွေးနေရသည့်အရသာက ဘာနှင့်မှမလဲချင်..။ ခဏတော့ ထပြီး ပြတင်းပေါက်ခန်းဆီးကိုတော့ဖွင့်ကြည့်လိုက်သည်။ စိုင်းတို့ခြံထဲမှာ နေရောင်မလင်းတလင်းတွင် မြူတွေပိတ်နေအောင်ကျနေသည်.. ဒီလိုနံနက်ခင်းဆိုရင်တော့ စိုင်းသဘောကျပါသည်.. မေမေနဲ့အတူခြံထဲလမ်းထွက်လျှောက်လေ့ရှိသောကြောင့်ပင်..။ ထပ်မကွေးနိုင်အားတော့ ကိုယ်လက်သန့်စင်ပြီး အနွေးထည်ပါးပါးတစ်ထည်ထပ်ဝတ်လို့ အောက်ထပ်သို့အပြေးဆင်းသွားသည်..။

အိမ်တံခါးဖွင့်လို့ အပြင်ထွက်လိုက်တော့ အေးမြလတ်ဆတ်တဲ့တောင်ပေါ်လေက စိုင်းကိုဆီးကြိုသည်..။ မေမေ့ကိုလိုက်ရှာတော့ မြူတွေကြားကနှင်းဆီခင်းလေးထဲမှာ မေမေတစ်ယောက်ကတ်ကြေးတစ်လက်နှင့် အလုပ်များနေသည်...။ စိုင်းကမေမေ့ကို “မေ”လို့သာ တစ်လုံးတည်းခေါ်သည်။ အနားတိုးတိုးကပ်လို့ သွားပြီး အနောက်ကနေဖက်လိုက်တော့ မေလန့်သွားသည်...။
“ဟဲ့.. သားလား......ထင်သားပဲ”
“မေဘာလုပ်နေတာလဲ..”
“နှင်းဆီပန်းတွေပွင့်လို့ ဘုရားတင်ဖို့ခူးနေတာ ..သား.”.. “လှလိုက်တာမှ အပွင့်ကြီးကြီး အရောင်စုံဘဲ”
စိုင်းက မေ့မေ့ကိုတင်းတင်းဖက်ထားဆဲ........ မေ့မေ့ကိုကြည့်ရတာရွှင်လန်းနေသည်.. ခေါင်းပေါ်မှာလည်း နှင်းစက်တွေနဲ့......။
“ဟဲ့ကောင်လေး လွှတ်အုံး.. ကူလုပ်ပေးမယ်တော့မရှိဘူး..”
“ဘာလုပ်ပေးရမှာတုံး ..”
“ရော့ ဒီခူးပြီးသားပန်းရဲ့ ရိုးတံတွေရေနဲ့သေချာသွားဆေး.. ပြီးရင် ပန်းအိုးတွေပါဆေးထား.. ပြီးမှ ဘုရားတူတူရှိခိုးကြမယ်.. ”
“တွေ့တာနဲ့ ခိုင်းပြီ..”
ပန်းတွေကိုင်ပြီးထွက်သွားသောစိုင်းက မေမေကပြုံး၍ကြည့်နေသည်.......။
စိုင်းပန်းတွေကို တစ်ခက်ချင်းရေသေချာဆေးသည်...။ နှင်းဆီပန်းတွေဘာကြောင့်များ ဒီလောက်အရောင်အသွေးစိုတောက် လှပနေရတာလည်းလို့ တစ်ဆက်တည်းတွေးမိလေသည်.. ။ မြေဆီအာဟာရကောင်းလို့လား... မေမေ့ရဲ့ပြုစုပျိုးထောင်မှုကောင်းလို့လား.. စိုင်းစဉ်းစားမိသည်..။ ထပ်စဉ်းစားလို့မရ မေမေခေါ်နေပြီ......။ ပန်းတွေရေဆေးပြီးတော့ အ၀တ်စသန့်သန့်ပေါ်မှာ အသာတင်ထားပြီး အပြင်ပြန်ထွက်ခဲ့သည်...။

နေရောက်ခြည်တန်းတို့က မြို့အရှေ့ဘက်တောင်တွေမှ ဖြာကျနေသည်... ငှက်တို့ရဲ့ တွန်ကျုးသံတွေနားဆင်လို့ မြို့ရဲ့ နံနက်ခင်းလေး တဖြည်းဖြည်းနိုးထလာလေသည်..။
“ဟိုက်.. ဆန်ကွဲထုပ်ကျန်ခဲ့ပြီ.. ပြန်ယူအုံးမှ. .. ”
စိုင်းနဲ့ မေမေတို့နံနက်ခင်းလမ်းလျှောက်တိုင်း ခြံထဲလာနားနေကြသော ငှက်များကို အစာကျွေးလေ့ရှိသည်..။ စိုင်းကတော့အမြဲမဟုတ်.. မေမေကနေ့တိုင်းထွက်လမ်းလျှောက်နေကျမို့ ငှက်များက မေမေ့ကိုတွေ့တာနဲ့ အနားကိုပျံဆင်းလာကြသည်..။
“မေမေကျွေးနေကျမို့ထင်တယ်.. ငှက်တွေကပိုပိုများလာတယ်သားရယ်..”
“ဟုတ်တယ်နော်..”
“တချို့ငှက်တွေများ အကွက်ကလေးတွေနဲ့ ချစ်စရာလေး သား..”
“ဒါနဲ့ ဒီနေ့ကျောင်းစတက်ရမှာနော်.. စာအုပ်တွေရောထည့်ပြီးပြီလား....”
“သား ညကတည်းကထည့်ပြီးသား.. သွားခါနီးမှာ ရေချိုးအ၀တ်လဲပြီး ထသွားလိုက်ရုံဘဲ..”
“ဒါဆိုလည်း ပြီးတာပဲ.. ခဏနေမှ မေထမင်းကြော်ပေးမယ်..။ ထမင်းကြော်နဲ့ ပဲပုတ်မီးကင်လေးနဲ့စားသွားလိုက်..”
စိုင်းအမေသည် နံနက်တိုင်း စိုင်းကြိုက်တတ်တဲ့ အစားအစားလေးတွေလုပ်ပေးလေ့ရှိသည်..။ မေမေလုပ်ပေးသမျှကိုလည်း စိုင်းတစ်ယောက်နှစ်ခြိုက်စွာစားလေ့ရှိသည်....။ နံနက်စာစားပြီးသောအခါ အ၀တ်အစားလဲပြီး ကျောင်းသွားဖို့ပြင်သည်..။
“မေ့... သားသွားတော့မယ်..”
“ကောင်းကောင်းသွားနော်... ကားကြည့်သွားဦး..”
“သွားပြီမေ...”
စိုင်းတို့လမ်းကလေးကနေ ကျောင်းကိုသွားရင် ဆယ်မိနစ်လောက်ဘဲလမ်းလျှောက်ရသည်..။ လမ်းကလေးကလည်း တစ်ထပ်အိမ်၊နှစ်ထပ်အိမ်ကလေးများနှင့် လှလှပပသွယ်တန်းနေသည်..။ စိုင်းသည်လမ်းလျှောက်ရင်း ကျောင်းသို့ရောက်ဖို့သာ စိတ်စောနေသည်...။ ဒီနေ့ကျောင်းစဖွင့်သည့်နေ့ ၁၀ တန်းကျောင်းသားကြီးလည်းဖြစ်ပြီ.. သူငယ်ချင်းများနှင့်လည်းပြန်တွေ့ရဦးမည်ဖြစ်သည်...။

ဆက်ရန်........

Thursday, March 19, 2009

၂၀၀၉ ပြက္ခဒိန်

အဟဲ ကိုယ့်ဘာသာကိုယ် အားနေတုန်း စက်ထဲရှိတဲ့ပုံလေးတွေနဲ့ ကလိထားတာပါ..။ ရှုခင်းပုံတွေတွေ့လို့ ကြိုက်ရင်သိမ်းထားဖြစ်တယ်.. Desktop Wallpaperလုပ်ချင်လဲလုပ်ထားတတ်တယ်။ အကြံရလို့ calendar လုပ်ဖြစ်သွားတယ်..။ ကြိုက်တဲ့သူ ယူသုံးနိုင်ပါတယ်.. .။


ဒီအောက်ကပုံက ရှမ်းပြည်တစ်နေရာကပုံပါ... ။ ကိုယ်မွေးတဲ့လမှာမို့ အမှတ်တရ ယူသုံလိုက်တာ..။

Tuesday, March 17, 2009

စားကြပါ.. အားမနာပါနဲ့

ဒီနေ့ Funan Mall မှာကွန်ပြူတာသွားပြရင်းနဲ့အပြန် ပင်နဆူးလား ပလာဇာမှာ ညနေစာစားဖြစ်တယ်။ ဆိုင်တွေကလည်းများပါတယ်.. ၀င်းမြန်မာ၊ မြနန္ဒာ၊ ရဲရင့်၊ ရွှေဝါမြေ၊ အင်းလေး.. ပြီးတော့ဆိုင်သစ်တွေအများကြီးပါဘဲ..။ မြန်မာအစားအသောက်မစားရတာကြာတော့လဲ.. ၀င်စားဖြစ်တယ်.. မဟုတ်ရင် အိမ်နားက တရုတ်မကြီးလား ကုလားမကြီးလား မလေးမကြီးလား နဲ့ထပ်တွေ့နေပါဦးမယ်..။ ဒီနေ့စားဖြစ်တဲ့ဆိုင်က မြနန္ဒာ.. အဆိုင်အပြင်အဆင်ကမဆိုးဘူးလို့ပြောရမယ် .. အရင်ထက်တော့ ပိုကျယ်ဝန်းပြီး သပ်ရပ်လာပါတယ်..။ ပြောစရာဆိုလို့ အစားအသောက်မှာရင် ဥပမာ ထမင်းပေါင်းတို့မှာရင် နေရာလိုက်ပို့ပေးမယ်ဆိုပြီး နောက်ရတော့မှ ထမင်းပေါင်းလို့အော်ပြီးလိုက်ရှာရတာမျိုးမဖြစ်ဘဲ.. စားပွဲခုံမှာနံပါတ်လေးတွေတပ်ပြီး စားပွဲနံပါတ်ဘယ်လောက်မှာထိုင်နေတယ်လို့ ပြောခဲ့လို့ရရင် ပိုအဆင်ပြေမယ် ထင်တယ်..။ ဟင်းတွေကလဲအမယ်စုံပါတယ်.. ဆီပြန်ဟင်း၊ အကြော်၊ အသုပ်၊ ချဉ်ရည်ဟင်း ... မှာရမှာနဲ့ စားချင်တဲ့ဟင်းတွေကများနေတယ်..။ နောက်ဆုံးတော့လဲ.. ကြက်သားနဲ့ဗူးသီး(ပေါ့သည်..) ၊ အားလူးသေးသေးကြော်(ငြုပ်ကောင်းများသည် )၊ ပြောင်းဖူးကြော်၊ သင်္ဘောသီးထောင်း (ကောင်းပါသည်).. တို့နဲ့စားဖြစ်တယ်..။ အဟဲ..ပြောပြပြီးနှိပ်စက်လို့ ဘယ်အားရမလဲ.. ပုံလေးနဲ့ပါနှိပ်စက်အုံးမှာ [သူများတွေလို စားပြီးမှရိုက်တာမဟုတ်.. မစားခင်စားဦးစားဖျားလေး သရေကျနိုင်အောင်လို့ (ကိုယ့်ထက်ကြီးသူများကိုပြောပါတယ်)... ]..။ စားကြပါ.. အားမနာပါနဲ့ ဖိတ်မန္တကပြုပါတယ်..။

Monday, March 16, 2009

စာတစ်ပုဒ်ရေးဖို့ဆိုရင်

စာတစ်ပုဒ်ရေးဖို့ဆိုရင်...
အရေးအသား.. အတွေးအခေါ်...
ဗဟုသုတ.. အတွေ့အကြုံ..
ဆင်ခြင်မျှော်မြင်.. စိစစ်သေချာ..
သပ်ရပ်သန့်ရှင်း.. စနစ်ကျန..
ဝေဖန်..ဆွေးနွေး..
ပြည့်စုံတိကျ..
တစ်ခြား... ဘာတွေဘာတွေ လိုအုံးမလဲ........................................
(အကြံပြုချက်များ ကြိုဆိုလျက်ပါ..)

Sunday, March 15, 2009

ချစ်ချာလေးများ...

ကဲအားလုံးစချစ်နိုင်ပါပြီ.... :D
နေကန်းတယ်နော်......


ပြန်မဆင်းတတ်တော့ဘူး.. ကယ်ကြပါ... ကျို့မီနား...


ဟိတ်.. ဘာကြည့်တာရဲ..


မင်းငယ်ပါသေးတယ်..


ဇိမ်ဘဲ.. (ကျွန်တော့်လက်မဟုတ်)


ဘာတွေငေးနေတာရဲ..


သခင်လစ်တုန်း ၀င်ကလိလိုက်အုန်းမယ်..ဟိဟိ


ဂန့်


ဘာလဲ..ဘာလဲ..


အမေဈေးကပြန်လာပြီ.. ဖားထားအုန်းမှ..


အားလုံးချစ်ချစ် ခင်ခင်(ဒီပုံလေးအကြိုက်ဆုံးပါ..)


THE END



Saturday, March 14, 2009

မိုင် Aromatherapy Oil Burner


ပြီးခဲ့တဲ့လက သူငယ်ချင်းတွေနဲ့ စုကစားရင်း မဲပေါက်တာလေးပါ..။ ချောင်ထဲထိုးတာတာကြာပြီ... ခုပြန်ရှင်းရင်းနဲ့မှာတွေ့တာ .. Aromatherapy Oil Burner တဲ့ ဘယ်လိုခေါ်မှန်းမသိလို့ google မှာရှာကြည့်ရတယ်..။ ရနံ့ကုထုံးတစ်မျိုးလို့ဘဲဆိုပါတော့..။ မဲပေါက်တော့ ရတာက အဲဒီစင်ကလေး( not sin dan lar)ရယ် ဖယောင်းတိုင်တစ်ထုပ်ပြီးတော့ ရနံ့ဆီတစ်ဗူးပါပါတယ်..။ ကလိချင်တာနဲ့အတော်ဘဲ..။ စင်အပေါ်ကအခွက်ကလေးထဲ ရေထည့် ရနံ့ဆီလေးတစ်စက်နှစ်စက်လောက်ထည့်လို့ အောက်မှာ ဖယောင်းတိုင်ထွန်းပြီး ရေပူလာပါက မွှေးရနံ့စထွက်လာမှာဖြစ်ပါတယ်.။ အပြင်ကပြန်လာပြီးတော့ ရေချိုးပြီး အိပ်ခါနီး Oil Burner လေးထွန်းပြီး Aircon လေးဖွင့်အိပ်ပါက..တကယ်ကို ပြည့်စုံတဲ့အိပ်ရာဝင်ချိန်လေးဖြစ်မှာပါထင်တယ်.. (ကိုယ်တိုင်ကတော့ဖြစ်ပါတယ်...) ။ အားရင်စမ်းကြည့်ကြပါ...။
အောက်က ပုံက Essence Oil ပါ.. ။ (ပုံတွေအားလုံးကိုယ်ပိုင်ပုံတွေပါ.. :DD)

Friday, March 13, 2009

ခါးသီးစွာ



အနစ်နာခံမှုတွေလား
တစ်ရက်ပြီးတစ်ရက်
တစ်ကြိမ်ပြီးတစ်ကြိမ်
အကြိမ်ကြိမ်ခံခဲ့ရတာများလို့
နည်းနည်းမှအထိမခံတော့လို့
စာနာမှုကင်းတဲ့
အပြုံးမပျက်မျက်နှာတွေကို
တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်ဖို့
တကယ် စဉ်းစားမိပြီ..။


အပေါင်းအသင်းဆိုတဲ့
မိတ်ဆွေသူငယ်ချင်းဆိုတဲ့
အပေါ်ယံ ၀တ်ရုံတွေအောက်
မနာလို ၀န်တိုမှုအဆိပ်ရည်တွေ
သုတ်လိမ်းလို့ထားတဲ့ ၀ှက်ဓားတွေများ
နောက်ကျောပေါ် ဘယ်တော့များရောက်လာမလဲလို့
တွေးပူရင်း
ကိုယ့်ဓားကိုယ် ပြန်သွေးမိတာ
အကြိမ်ကြိမ်...။


ဖိနှိပ်မှုတွေ ကျပ်တည်းမှုတွေ
ခေါင်းပါးမှုတွေ အသိမဲ့မှုတွေ
အနိုင်ကျင့်မှုတွေ မတရားပြုမှုတွေ
ရှင်သန်ထွန်းကားတဲ့မြေ
ရွံ့ကြောက်တုန်လှုပ်လို့
ခါးသီးစွာနဲ့ စုံကန်ထွက်လိုက်မယ်
ဒီနေ့မဟုတ်တဲ့တစ်နေ့



Tuesday, March 10, 2009

ရီချင်ရင် ကြည့်ဖြစ်အောင်ကြည့်ပါ



ဝါးစား ၀ါးစား.. ၀ါးစား...........

Monday, March 9, 2009

အသံထွက်များနဲ့ကျွန်တော်

ဒီအသံထွက်များနဲ့ ကျွန်တော်အကြောင်းကို ရေးဖို့ချိန်နေတာတော်တော်ကြာပါပြီ..။ ကျွန်တော်တွေ့ကြုံကြားသိခဲ့ရတဲ့သက်တမ်းတစ်လျှောက်မှာ အသံထွက်ကြောင့်ကြုံခဲ့ရတဲ့ အဖြစ်အပျက်နဲ့ အလွဲလေးတွေအကြောင်းပါ..။ ဘယ်သူတွေကဘယ်လိုပြောလဲလို့ စဉ်းစားရင်းနဲ့ဘဲအချိန်ကြာသွားပါတယ်..။

စင်္ကာပူရောက်ခါစကတော့ ကြုံရသမျှအလွဲထဲမှာ စကားပြောအလွဲကတော့အများဆုံးပါဘဲ... သူတို့ပြောတဲ့အသံထွက်ကို ကိုယ်ကနားမလည် ကိုယ်ပြောတဲ့အသံထွက်ကိုသူတို့နားမလည်ဖြစ်တာပါ..။ အစားအသောက်မှာတဲ့အခါ၊ ကျောင်းမှာစာသင်တဲ့အခါ မှာ အသံထွက်ကွဲပြားမှုတွေတွေ့ရတော့တာဘဲ..။ တစ်ခါကျောင်းမှာ နာမည်ခေါ်တုန်းကဆိုရင် တကယ်ပါဘဲ.. ။ ကျောင်းတက်တာလည်းတစ်ပတ်ပြည့်တော့မယ်ဆိုတော့ နာမည်ခေါ်တာကလည်း ဘယ်သူပြီးရင်ကိုယ့်အလှည့်ဆိုတာ သိနေပါပြီ..။ အဲဒီသောကြာနေ့မှာ ဆရာကနာမည်ခေါ်တော့ ကိုယ့်အလှည့်ရောက်တော့မယ်ဆိုပြီးထူးဖို့အသေအချာစောင့်နေတာ .. ဆရာလည်းခေါ်လိုက်ရော နာမည်က ခွေးတွေကြောင်တွေထွက်လာက ဘေးကမြန်မာသူငယ်ချင်းက ရီလိုက်တာ အူလိမ့်နေတာဘဲ..။ နောက်တော့ဆရာလည်း အားနာတယ်ထင်ပါတယ်ဗျာ.. သေချာသတိထားပြီးခေါ်ရှာပါတယ်.. အဲဒါတောင် လနာမည်တွေကပါလာသေးတယ်.. (ဥပမာ June လ)။ Part-time လုပ်တုန်းကပိုဆိုးပါတယ်.. Supervisor ကဘယ်လိုခေါ်သလဲသိလား. ....."ပြူး"တဲ့.. စိတ်ကိုကုန်ရော....။ နောက်နည်းနည်းကြာလာတော့လည်း အကျင့်သားရလာသော သူတို့ပြောတာလည်း လေယူလေသိမ်းကအစ နားထောင်လို့ရလာပါတယ်....။ ဒါတောင် Singapore ဇာတ်လမ်းတွဲတွေတော့ ဘယ်တော့မှမကြည့်ပါဘူး.. စိတ်ညစ်လို့ပါ... သူတို့ အင်္ဂလိပ်စကားကို တရုတ်လေယူလေသိမ်းနဲ့ပြောတော့ ဘယ်နားထောင်ကောင်းမလဲ...။ ကျွန်တော်တို့မြန်မာတွေတော့ အဲသလိုမဟုတ်ပါဘူး.. တော်တော်လေးအဆင်ပြေပါတယ်..။

မနှစ်ကကျောင်းမှာ မယူမနေရတက်ရတဲ့ pronunciation course တက်ရတဲ့အခါမှဘဲ ဘယ်ဟာတွေမှန်တယ်မှားတယ်ဆိုတာသိရတော့တယ်..။ စသင်တဲ့အပတ်ကဆိုရင် တစ်တန်းလုံးဆူညံလို့ ကန်တော့ပါ.. တံတွေးသင်္ကြန်ကိုဖြစ်နေတော့တာပါဘဲ..။ အသံထွက်သင်္ကေတတွေကို အသံနဲ့အတူအလွတ်မှတ်ရတယ်.. ပြီးတော့ စာပိုဒ်တွေဖတ်ကိုယ်ဟာကိုယ်အသံသွင်း ၊ စားလုံးတွေရဲ့ အသံထွက်တွေကိုလည်း သင်္ကေတတွေနဲ့ပြန်ရေးရပါတယ်..။ ဒီအကြောင်းနောက်ကြုံရင်ရေးပါမယ်.. ဤကားစာကားချပ်..။

နောက် အသံထွက်အလွဲလေးတွေနဲ့ ဖြစ်ပျက်တဲ့ဟာသလေးတွေမျှချင်ပါသေးတယ်..။ ရင်းနှီးတဲ့အဒေါ်တစ်ယောက်ရှိပါတယ်.. အမေနဲ့သူစကားပြောနေတုန်းဘေးကနားထောင်ရင် အမြဲရီနေရတယ်..။
ကျမက အင်္ကျီဆို မီလီယံဆိုဒ် (Medium Size) ၀တ်တာလို့ပြောတာ..၊ မနေ့ကလေး အိမ်နားမှာ ဟယ်လီကော်တာ(Helicopter) တွေပျံနေတာ ဆူညံနေတာဘဲဆိုတာကတစ်မျိုး.. ၊ ကျမ အော့ဖစ် (office) ရှေ့မှာစောင့်နေမယ်.. အဲဒါမျိုးတွေကြားပြီးလို့ အိမ်ပြန်ရောက်ရင် ပြောပြောပြီးရီကြတယ်..။

တခါအိမ်မှာ ထမင်းချက်ပေးတဲ့အဒေါ်ကြီးတယောက်အကြောင်းလည်းပြောချင်သေးတယ်.မသန်းတဲ့.။ သူက မိထ္ထီလာနားမှာရှိတဲ့ရွာကလာတာပါ...ယောင်လည်းယောင်တတ်ပါတယ်..။ ခါးတို့လိုက်ရင် ယောင်ပြီး အစုံဘဲ (ကြုံဖူးသူများသိမှာပါ) ခါးတို့ပြီးလက်မလွှတ်ဘဲလုပ်ချင်ရာလုပ်ခိုင်း ရပါတယ်.. ကခိုင်းရင်က သီချင်းဆိုခိုင်းရင်ဆိုပါတယ်..။ တခါ သူကြက်သားခုတ်နေတုန်းအကိုဝမ်းကွဲတစ်ယောက်က ခါးတို့လိုက်ပြီး ဓားနဲ့ခုတ် ဓားနဲ့ခုတ်လို့ပြောတာ တကယ်လိုက်ခုတ်လို့ ဒူးနာလို့ထိုင်နေရတဲ့အဖွားပါမကျန် တစ်အိမ်လုံးထပြေးရပါသေးတယ်..။ ဒါပေမယ့်စိတ်ရင်းကောင်းတာက သူ့ကိုဘယ်လောက်စစ စိတ်မဆိုးတတ်တာပါ.. ရိုးသားတဲ့အညာသူတွေပါ..။ သူအသံထွက်လွဲတာကလည်းတစ်မျိုး.. ခွန်ဆိုရင် ခွင်.. လွင်ဆိုရင် လွန်လို့ထွက်တတ်တာပါ.. ငါလေ စည်သူလွန်ကို အရမ်းကြိုက်တာဘဲတဲ့..။ တခါ အိမ်ကခွေးတကောင် သန်ထပြီး ဦးနှောက်ထဲပါရောက်သွားလို့ ခွေးရူးသလိုဖြစ်ပြီး လှောင်အိမ်ထဲပိတ်ထားရတယ်..။ ဆရာဝန်ကသန်ချဆေးပေးတော့ အဲဒီမသန်းကိုဘဲ ဆေးခန်းမှာသွားဝယ်ခိုင်းပါတယ်..။ ဆေးနာမည်က ကီးထရပ်စ်ပါ.. မသန်းလဲ ကျမသွားမယ်ကျမသွားမယ်ဆိုပြီးသွားရော..... ၁၅မိနစ်လောက်ကြာ်တော့ပြန်ရောက်လာပါတယ်..။ စိတ်တွေဆိုးလို့ မေးကြည့်တော့ ဆေးကောင်တာကရောင်းတဲ့သူက သူဆေးမေးတာရီဘဲရီနေလို့တဲ့ တခြားရောင်းတဲ့သူမေးတော့လည်းပြန်မဖြေဘဲရီနေတယ်တဲ့.......။ သူ့ကိုဘယ်လိုမေးခဲ့လည်းလို့ပြန်မေးတော့ .. ကန်တော့ပါ.. "အီးထွက်ရှိလား တဲ့.."..။

Saturday, March 7, 2009

ဒီနေ့ ဒိုင်ယာရီ

မနေ့ညက ရုပ်ရှင်ကလည်းကြည့်လို့တော်တော်ကောင်း ရီလဲရီရနဲ့ ကြည့်လိုက်တာ ဒီကနေ့မနက် ၃ နာရီထိုးထိပါဘဲ။ ၃ နာရီလည်းကျော်ရော မျက်စိကဘယ်လိုမှမဟန်နိုင်တော့ဘူး ကြည့်ရင်းနဲ့ကိုဘဲ မှေးစင်းလာတာနဲ့ သွားတိုက်ပြီးအိပ်လိုက်တယ်..။ အဲဒါနဲ့မနက်ကျတော့ မနိုးနိုင်တော့ဘူး.. ၁၀ နာရီလောက်မှာလည်း သူငယ်ချင်းအိမ်မှာ မုန့်ဖိတ်ကျွေးလို့ သွားဖို့ကရှိသေးတယ်..။ ၈ နာရီ ၄၅ လောက်ထိကမထနိုင်သေးဘူး. .. နိုးပင်နိုးသော်လည်း ဇိမ်ခံနေသေးတယ်... (အရမ်းနေလို့ကောင်းပါတယ်..) ။ ၉ နာရီ ၁၅ လောက်မှ ၀ုန်းကနဲထ ရေကိုအမြန်ချိုး .. (ရေအေးနေတာတောင်ဂရုမစိုက်အားတော့ဘူး..) မျက်နှာသစ် သွားပါတိုက်လုပ်တာ.. အားလုံးပြင်ဆင်ပြီး ၉:၃၅ ဖြစ်နေပြီ....။ အိမ်အောက်ကိုအမြန်ဆင်း ကားမှတ်တိုင်ရောက်တော့ ကံကောင်းစွာနဲ့ ကားကလည်းလာနေပါတယ်..။ ကားပေါ်တက် ၁၅ မိနစ်လောက်စီးတော့ သူငယ်ချင်းအိမ်ရောက်ပါတယ်...။ သူငယ်ချင်းအမေလုပ်ကျွေးတဲ့ နန်းကြီးသုပ်ကို အမေနဲ့အတူစား.. အမေနဲ့ သူငယ်ချင်းအမေတို့ အားလူးဖုတ်နဲ့ အချိန်ကုန်သွားလိုက်တာ ၁၂ နာရီခွဲရော.. .။
ပြန်တော့ လက်ဆောင်နဲ့လူကြုံပစ္စည်းတွေပြန်ထားဖို့ အိမ်တစ်ခေါက်ပြန် ခဏနားပြီးတာနဲ့... အပြင်ထွက်ဖို့လုပ်ရော...။ အစက china town သွားဖို့လုပ်ထားတာ ရာသီဥတုကလည်းပူ နည်းနည်းဝေးတော့ အိမ်နဲ့ သိပ်မဝေးတဲ့ Bukit Timah Plaza ကိုဘဲသွားဖို့ဆုံးဖြတ်လိုက်တယ်..။

ကားမှတ်တိုင်မှာ ပူကပူ ၁၅ မိနစ်လောက်စောင့်ပြီးမှာ ကိုလူချော ၆၁ ကရောက်လာပါတယ်..။ ကားပေါ်ရောက်တော့ အေးအေးလေးနဲ့ ဟိုငေးဒီငေးပေါ့... ။ Bukit Timah Plaza ကိုကြားသာကြားဖူးနေတာ မရောက်ဖူးပါဘူး... ဒီတစ်ခါတော့သွားကြည့်ဦးမယ်ပေါ့....။ ၁၅ မိနစ်လောက်စီးတော့ ရောက်ပါပြီ... ကားပေါ်ကဆင်းတော့မှသေချာကြည့်ဖြစ်တယ်.. Plaza မဟုတ်ဘဲ Shopping Mall တဲ့..။ ကဲမထူးပါဘူးဆိုပြီးသွားကြည့်လိုက်တယ်..။ ၀င်ကြည့်တော့ ဆိုင်တွေကဘာမှထွေထွေထူးထူးလဲမဟုတ်ပါဘူး...။
တွေ့တော့တွေ့ခဲ့တယ်.. အများကြီးဘဲ...... အိမ်အကူရှာပေးတဲ့ Agent တွေပါ..။ များတာမှ Shopping Mall က အဲဒါတွေအတွက်ဖွင့်ပေးထားသလားအောက်မေ့ရတယ်..။ ဖြတ်သွားရင်းကြည့်တော့ ရုံးခန်းမှာ ထိုင်ခုံတွေချပြီး အိမ်အကူခေါ်ဖို့အတွက် မိန်းကလေးတွေ စီတန်းထိုင်နေကြပါတယ်..။ စားပွဲမှာတော့ Agent က၀န်ထမ်းတွေ နဲ့ ခေါ်မဲ့အိမ်ရှင်တွေရယ် ထိုင်လို့ ဘေးမှာက အကူခေါ်ဖို့ရွေးထားတဲ့ကောင်မလေးကရပ်လို့ အိမ်ရှင်နဲ့ပွဲစားပြောတာတွေကို ကြည့်လိုက် မေးတာပြန်ဖြေလိုက်နဲ့..။ ထိုင်နေတဲ့မိန်းကလေးတွေကတော့ ဖြတ်သွားတဲ့လူတွေကို ငေးလိုက် ကြည့်လိုက်နဲ့ ကျွန်တော်ထင်တာကတော့ သူတို့စိတ်ထဲမှာလဲငါလဲ သူတို့လို သွားချင်လာချင်ဝတ်ချင်စားချင်တယ်လို့ တွေးနေမှာဘဲ...။ အမှတ်တမဲ့ကြည့်မိတော့ တစ်ချိုတွေ့ရဲ့မျက်လုံးတွေမှာ ငါ့ကိုများခေါ်မလားလို့ စောင့်စားနေတဲ့ အရိပ်အငွေ့တွေနဲ့.. တချို့လည်း စိုးရိမ်စိတ်တွေနဲ့.. တချို့လည်း အားငယ်ကြောက်ရွံ့တွေနဲ့မျက်လုံးတွေနဲ့.. တွေ့ရတာစိတ်မကောင်းပါဘူး..။ အားလုံးဆံပင်တိုတိုနဲ့ Agent ကပေးထားတဲ့ တူညီဝတ်စုံတွေနဲ့ ..။ နောက်ဆုံးအကြည့်ကိုပြန်အလှည့်မှာ တစ်ဖက်ဆိုင်မှာရေးထားတာကို တွေ့တော့ ရင်ထဲကိုနင့်နေအောင်ပါဘဲ..... ရေးထားတာက အိမ်အကူပေါ့ Philippines, Indonesian, နောက်ဆုံး Myanmar တဲ့..။ ခုနကထိုင်နေတဲ့အထဲမှာ ကိုယ့်မြန်မာလူမျိုးမိန်းကလေးတွေလည်းပါတာပေါ့.........ရုပ်တွေကခပ်ဆင်ဆင်ရယ်ဆိုတော့ ရောနေတာလည်းပါပါတယ်..။ တကယ်စိတ်ထဲမှာမကောင်းဘူး.. သူတို့ဘ၀ကိုလည်း စာနာကိုယ်ချင်းစာတယ်..။ ကိုယ့်လူမျိုးပါပါနေတော့ ပိုလို့တောင်မကောင်းဘူး........ ကိုယ့်မြန်မာလူမျိုးမှတင်မဟုတ်ဘူးတခြားလူမျိုးတွေကိုလည်း အဲသလိုမဖြစ်စေချင်ဘူး.........။ တဖြည်းဖြည်း ရှောင်ခွာလို့ မျှော်လင့်ချက်တွေနဲ့ပြည့်နေတဲ့အကြည့်၊ စိုးထိတ်အားငယ်နေတဲ့အကြည့် ၊ အကူညီအားကိုးလိုတဲ့အကြည့်တွေကို ရှောင်ရှားရင်း မိုးတဖွဲဖွဲကျနေတဲ့ နေ့လည်ခင်းမှာ စိတ်မကောင်းစွာနဲ့ အိမ်ပြန်ခဲ့ပါတယ်..။

Wednesday, March 4, 2009

Hor Fun ဆန်ခေါက်ဆွဲ

ဒီကနေ့တော့ Holland Village နားက Hawker Centre မှာညနေစာစားဖြစ်ပါတယ်..။ အိမ်နဲ့လည်းသိပ်မဝေးတာကြောင့်အမြဲသွားစားဖြစ်ပါတယ်..။ ဒီမှာ အပြင်ထွက်စားရတာလည်း တော်တော် ဦးနှောက်ခြောက်ပါတယ်..။ Food court ရောက်ရင် ဆိုင်တကာလိုက်ကြည့် ဟိုဟာလည်းစားချင် ဒီဟာလည်းစားချင်နဲ့ ဘာစားရမှန်းမသိဖြစ်တာပါ...။ အနောက်တိုင်းအစားအစာတွေတော့ သိပ်မကြိုက်တော့ မစားဖြစ်ပါဘူး..။ Asian စာလည်းဖြစ်.. အရသာလည်းရှိ တဲ့ Hor Fun က အရည်(ကော်ရည်နည်းနည်းပါတယ်ထင်တယ်) နဲ့ဆိုတော့ စိုစိုလေးပေါ့.. နင်မနေတော့ဘူး.. စားလိုက်တာ ရှလွတ် ရှလွတ်ဘဲ..။

Hor Fun ကလည်းအမျိုးမျိုးရှိပါတယ်..။ အမဲသားနဲ့ လည်းရှိတယ်.. ကြက်ဆီထမင်းမှာပါတဲ့ကြက်သားနဲ့စားရတာလည်းရှိတယ်..၊ Seafood နဲ့လည်းရှိပါတယ်..။ ကျွန်တော်စားဖြစ်တာက အသားနဲ့ Seafood နဲ့ရောထားတာပါ..။ ၀က်သားပါတယ်.. fishcake ပါတယ်.. ပြီးတော့ ပုဇွန်ပါတယ်. ကိုက်လန်ရွက်ပါတယ်..။ ဆိုင်မှာစားတာကြာပြီဆိုတော့ ဆိုင်ရှင်အဒေါ်ကြီးကလည်း သူ့ဆိုင်ရှေ့ရောက်တာနဲ့ Hor Fun ဘဲလားလို့မေးပါတယ်..။ အဲဒီဆိုင်ကလည်းတော်တော်ရီရပါတယ်.. ပြောရမယ်ဆိုရင် တစ်ခါမှာတာနဲ့ နောက်တစ်ခါမှာတာနဲ့ ပါတဲ့ Seafood ကမတူပါဘူး..။ တခါတလေ ငါးအသားလွှာလေးတွေပါတယ်.. ကင်းမွန်လည်းပါချင်ပါတယ်.. fishcake ပါချင်ပါတယ်.. ပုဇွန်လည်းပါချင်ပါပါတယ်..။ ပင်တိုင်စံကတော့ အသားလွှာပါဘဲ..။ ကျွန်တော်ဒီတစ်ခါစားတော့ ပါလာတာက မြင်တဲ့အတိုင်းပါဘဲ..။ ဟိုက်ခုမှသိတယ်.. .. အရွက်မပါလာဘူး............ ဟင်းဒီဆိုင်ရှင်အဒေါ်ကြီးတော့နော်..........။


ဒါကအဆစ် strawberry+banana ........

Monday, March 2, 2009

ပဟေဠိ အဖြေညှိ




ပဟေဠိ အဖြေညှိကြည့်ရအောင်ဗျာ..။ မြေပုံတော့ မြေပုံတစ်ခုပါဘဲ..။ ဘယ်ဒေသရဲ့ မြေပုံလဲဆိုတာ မှန်းကြည့်ကြပါ...။ သိတဲ့သူများပြောပါ.. မသိသူများ အောက်မှာအဖြေကြည့်နိုင်ပါတယ်..။ သတိရလို့ ဆွဲဖြစ်တဲ့ပုံလေးပါ..။ (အောက်မှာ စာတွေရှိပါသေးတယ်..။ select လုပ်ပြီးကြည့်ပါ) (လွယ်လွယ်ကြည့်လို့မရအောင်လို့ပါ..)။ အဖြေသိချင်ရင် Ctrl+A နှိပ်ပါ..။ ပုံကို ကလစ်လုပ်ပြီးအကြီးချဲ့ကြည့်နိုင်ပါတယ်..

၁။ ထင်းရှူးပင်တွေ ၀ိုင်းနေတဲ့ချစ်စရာ ကလောမြို့..
၂၊ အောင်ပန်းမြို့
၃။ ပင်းတယ
၎။ မြို့အမည်ခေါ်ရင် ပါးစပ်မပိတ်တဲ့မြို့ .. ဟဲဟိုး..
၅။ တောင်လေးလုံး
၆။ သာယာတဲ့ ခေါင်တိုင် ဖင်ပူစမ်း (ရေပူစမ်းပါ.. ငယ်ငယ်ကရေထဲဆင်းတော့ ဖင်ပူလောင်ဖူးလို့ပါ)
၇။ ကျီးဖြူကန်
၈။ ရွှေညောင်မြို့
၉။ ညောင်ရွှေမြို့
၁၀။ အင်းလေးကန်
၁၁၊။ စက်မှုဇုန်
၁၂။ အေးသာယာမြို့သစ်
၁၃။ တောင်ကြီးချယ်ရီမြေ...

လွမ်းလိုက်တာ သတိရလိုက်တာ.. ရွှတ်ရွှတ်..

Sunday, March 1, 2009

ခေါက်ဆွဲ

ဒီဘလော့လည်း နည်းနည်းတော့ခြောက်ကပ်ကပ်ဖြစ်နေတာကြာပါပြီ....။ ပို့စ်အတင်ကျဲ စာရေးနည်းတာတွေကြောင့်ပါ...။ စိုစိုပြည်ပြည်လေးဖြစ်အောင် ဒီတစ်ခါ အစားအသောက်ပို့စ်လေးတင်လိုက်ပါတယ်...။

ဒီကနေ့ အပြင်ထွက်ရာမှာ Bugis Junction ဆိုတဲ့နေရာရောက်ဖြစ်ပါတယ်... Singapore ရဲ့ လူအစည်ကားဆုးံနေရာတစ်နေရာပါ...။ ရောက်တဲ့အချိန်က ၁ နာရီလောက်ရှိပြီမို့ ဗိုက်လည်းအတော်ဆာနေပါပြီ..။
ဒါနဲ့ဘဲ Bugis Junction ထဲက တတိယထပ်မှာရှိတဲ့ Food Junction ဆိုတဲ့ Food Court မှာနေ့လည်စာစားခဲ့ပါတယ်..။ ရှိတဲ့စားသောက်ဆိုင်တွေကလည်း အစုံပါဘဲ.. တရုတ်စာ၊ အိန္ဒိယစာ၊ ထိုင်းစာ၊ မလေးစာ၊ ဂျပန်၊ ကိုရီးယား ၊ အနောက်တိုင်းအစားအစာ အားလုံးမနည်းမနောပါဘဲ..။ တစ်ဆိုင်ပြီးတစ်ဆိုင်လိုက်ကြည့်ပြီး ဟိုဟာလည်းစားချင် ဒီဟာလည်းစားချင်နဲ့ဘာစားရမှန်းကို မသိတော့ဘူး..။ စဉ်းစားရင်း နဲ့ဘဲအချိန်ကြာရော..။ နောက်တော့ အမေကစိတ်မရှည်တော့တာနဲ့ မှန်မှန်မှာဖို့ပြောပါတယ်.. ။ လူတွေများလို့ ထိုင်စရာနေရာကလည်း အမြန်ဦးထားရပါသေးတယ်..။ နောက်ဆုံးတော့လည်း အမြဲစားနေကြ ခေါက်ဆွဲဘူတာမှာဘဲ ဆိုက်ပါတယ်..။



ကျွန်တော်စားခဲ့တဲ့ ခေါက်ဆွဲက Ban Mian (ပန်းမြန့်) လို့ခေါ်ပါတယ်..။ ကျွန်တော်အမြဲစားဖြစ်တဲ့ အစားအစာတစ်ခုပါ..။ အရသာလည်း မလေးတဲ့အပြင် အဆီပါဝင်မှုနည်းပြီး ကျန်းမာရေးနဲ့ညီညွတ်တာကြောင့် မကြာမကြာဆိုသလိုစားဖြစ်ပါတယ်...။ ကျောင်းမှာဆို တစ်ပတ် ၃ ရက်လောက်စားပါတယ်..။ ခေါက်ဆွဲပြားနဲ့ မို့ Ban Mian လို့ခေါ်တာပါ ( Main = ခေါက်ဆွဲ)၊ ခေါက်ဆွဲတစ်ပွဲမှာ ပါတာတွေကတော့ ဂျုံနဲ့လုပ်တဲ့ ခေါက်ဆွဲပြား၊ အသား (ကြက်၊ ၀က်) ၊ အရွက်ရယ်၊ ကြက်ဥရယ် ၊ ငါးကလေးခြောက်လေးတွေပါ ပါပါတယ်..။ အနှံ၊အရွက်၊ အသား ၊ ဥ ၊ ငါး စတာတွေပါဝင်တာကြောင့် အာဟာရပြည့်စုံစေတဲ့အစားအစာပါ..။ ၀ိတ်လျှော့နေသူများ အဆီရှောင်သူများ စားနိုင်ပါတယ်..။


ရေငတ်မှာစိုးလို့.. Coke...!



အားလုံး စားနိုင်သောက်နိုင်ကြပါစေ......။