Showing posts with label Tag. Show all posts
Showing posts with label Tag. Show all posts

Tuesday, March 23, 2010

ကျွန်တော့်အကြိုက်

ကဗျာတွေစာတွေ အရေးကောင်းတဲ့ ကိုဏီလင်းညိုက တက်ဂ်လာပါတယ်.. ကိုယ့်အကြိုက်အကြောင်းရေးပေးပါတဲ့..။ အရင်တုန်းကတော့ ကျွန်တော်နှစ်သက်တဲ့ ကြိုက်တတ်တဲ့ ပစ္စည်းတွေအများကြီးရှိတယ်..၀ယ်ဖြစ်တာတွေလည်းရှိတယ် မ၀ယ်ဖြစ်တာတွေလည်းရှိတယ်..။ ဒီဇိုင်းဆန်းဆန်း အရောင်စိုစိုနဲ့ အသုံးအဆောင်ပစ္စည်းတွေပေါ့..။ အခုနောက်ပိုင်းတော့ ကြိုက်တတ်တဲ့အရာတွေလည်း နည်းသွားပါပြီ... သိပ်လည်းစိတ်မပါတော့ကြောင့်လည်းဖြစ်မယ်..။ အထက်တန်းအရွယ်တုန်းကဆိုရင်.. အဖုံးလှလှနဲ့စာအုပ်တွေ၊ ဘောပင်လှလှလေးတွေတွေ့လိုက်တိုင်း ၀ယ်ဖြစ်တာချည်းဘဲ..။ နောက်ပိုင်းတော့ ပစ္စည်းအရမ်းကြိုက်လို့ ၀ယ်တော့မယ်ဆိုရင်တောင် တကယ်အသုံးလိုမလို၊ အနာအဆာရှိမရှိ သေချာကြည့်ပြီးမှဘဲ ၀ယ်ဖြစ်တော့တယ်..။ လက်ဆောင်ပေးဖို့ဆိုရင်တော့ သေသေချာချာ စိတ်ကြိုက်ရွေးပြီးမှ ၀ယ်ဖြစ်တယ် ..။ ကြိုက်တဲ့ပစ္စည်းတွေ့ရင်တောင် သြော်..အင်း..သဘောကျတယ်ပေါ့ ကြည့်ပြီးပြန်ချထားဖြစ်တာများတယ်.. ငယ်ငယ်ကလို ငါကြိုက်တယ်.. ငါပိုင်ရမယ်ဆိုပြီးမရှိတော့ဘူး.. သိပ်အစွဲအလန်းမရှိတော့တာလည်းပါတယ်..။ ထူးခြားချက်ကတော့ ကျွန်တော်အရမ်းသဘောကျတဲ့ပစ္စည်းတစ်ခုခုတွေ့ရင် ၀ယ်ဖြစ်ရင်တော့ အမြဲ ၂ ခု ၂ ခုဝယ်ဖြစ်တယ်.. ကိုယ့်ကိုကိုယ်လည်းစဉ်းစားလို့တော့ရဘူး..။ ဥပမာ ဘောပင်တစ်ချောင်းကြိုက်လို့ဝယ်မယ်ဆိုရင် ၂ ချောင်းဝယ်တယ်.. ၁ ချောင်းကိုသုံးတယ်.. နောက်တစ်ချောင်းကို အပိုအနေနဲ့ထားတယ်.. standby သဘောမျိုးပေါ့.. :D။

သေချာပြန်စဉ်းစားကြည့်တော့ ကြိုက်တဲ့ပစ္စည်းတွေကအများသား..တန်ဖိုးအထားဆုံးပစ္စည်းလေးတွေပဲတင်ပြပါရစေ..။ ကြိုက်တဲ့ပစ္စည်းလေးတွေစုထားလိုက်တယ်.. ပုံတွေဖောင်းပွနေမှာစိုးလို့ပါ။


၁. မွေးနေ့တုန်းကလက်ဆောင်ရထားတဲ့ ဖုန်းထည့်တဲ့ခွက်ပါ..။ ကြိုက်လို့နှမြောလို့မသုံးဘဲအလှသိမ်းထားပါတယ်..။

၂. ရေမွှေး.. ရေမွှေးဆွတ်တဲ့နေ့ဆိုရင် ကိုယ့်ကိုကိုယ်ယုံကြည်မှု ၅%လောက်တက်လာသလားလို့....

၃. ဖုန်းထည့်တဲ့အိတ်.. ဖုန်းတွေပြောင်းပေမယ့် သူကမပြောင်းဘူး..

၎. ဘာခေါ်လဲမသိဘူး.. ကြိုးထိုးလား ဘာထိုးလည်းမသိဘူး... ပေးတဲ့သူရဲ့စေတနာတွေကြောင့်လားမသိဘူး.. ရတဲ့နေကအိပ်မပျော်ဘူး.. ပျော်လို့.. :D

၅. စာရေးကိရိယာများ... ခုတလော ပုံစဆွဲနေတယ်.. ကြိုက်တဲ့ပုံလေးတွေ ကူးဆွဲကြည့်တာပါ.. သေချာတော့မဆွဲတတ်ဘူး...

၆. စာအုပ်တွေ - အကြိုက်ဆုံးအရာတွေပဲ...။ စာအုပ်ကောင်းတစ်အုပ်နဲ့ တစ်နေကုန်အောင်နေနိုင်တယ်..။ ပုံထဲက ဆရာမဂျူးရဲ့ တိမ်နဲ့ချည်တဲ့ကြိုး ၀တ္ထုကိုအကြိုက်ဆုံးဘဲ..။ တိုက်တိုက်ဆိုင်ဆိုင်..အဲဒီဝတ္ထုစဖတ်ဖြစ်တုန်းက ရောက်နေတဲ့ဒေသကလည်း စာအုပ်ထဲကအတိုင်းနီးပါးတစ်ထပ်တည်းဖြစ်နေတာဆိုတော့ ရင်ထဲစွဲသွားတာ..။ ဇာတ်ကြောကို အသားပေးထားတာထက် သဘာဝပတ်ဝန်းကျင်နဲ့ဆက်နွယ်ပြီးရေးထားတဲ့ ၀တ္ထုမျိုးပိုသဘောကျပါတယ်..။

၇. ဖုန်းနဲ့ ပိုက်ဆံအိတ်.. မရှိမဖြစ်အရာတွေလေ..

၈. ပန်ကာ - တစ်နေ့သူငယ်ချင်းက ပန်ကာလိုချင်တယ်ပြောပြီးလိုက်ရွေးခိုင်းတယ်.. ရွေးပြီးပိုက်ဆံရှင်းပြီးတော့ လက်ဆောင်တဲ့...ယူပါတဲ့..။ တကယ်အသုံးဝင်ပါတယ် ကွန်ပျူတာမပူအောင်.. နေ့တိုင်းဖွင့်တယ် ..ကျေးဇူးပါ..။

၉. ၆ နှစ်ကြာအမှတ်တရတွေ ခိုအောင်းနေတဲ့ တွဲလောင်းလေး(ဘာခေါ်လဲမသိလို့ပါ)

၁၀. နာရီ - လုံးဝကိုမပတ်ဖြစ်တာ..။ ဒါပေမယ့်စာမေးပွဲခန်းမှာတော့ သူကမပါမဖြစ် ခဏခဏကြည့်ရတာ အမော..။

ကိုဏီလင်းညိုရေ.. အခုလိုအမှတ်တရ တက်ဂ်ပေးတဲ့အတွက်ကျေးဇူးအထူးပါဗျာ..။ နောက်နောင်လည်း ကြုံကြိုက်ရင် ပေါ်လိုက်ပျောက်လိုက်ဖြစ်ပါမယ်လို့..............................

စာကြွင်း။ ။ ဘလော့မစပေါ့တာကြာလို့ အခုလို ပို့စ်တစ်ပုဒ်ကိုတောင် အချိန် ၃ နာရီလောက်ယူလိုက်ရပါကြောင်း..အိပ်ချိန်တောင်ကျော်လွန်သွားပါကြောင်း

ပုံ/ အိပ်ခါနီးဆဲဆဲပြည်သူတစ်ဦး

Saturday, November 14, 2009

ကမ္ဘာမပျက်ခင် တစ်လအလို...

အစ်မအိမ့်ချမ်းမြေ့က သတိတရနဲ့တက်ဂ်ထားပါတယ်..။ အတတ်နိုင်ဆုံး ရိုးရိုးသားသား စဉ်းစားထားတာလေးတွေကို ပြောပြချင်ပါတယ်..။

(၁) ဘယ်သူတွေနဲ့ရှိနေချင်လဲ
ကွဲကွာနေပြီးမတွေ့တာကြာပြီဖြစ်တဲ့ ခင်မင်တဲ့ဆွေမျိုးအပေါင်းအသင်းမိတ်ဆွေသူငယ်ချင်းတွေ တစ်ယောက်ချင်းစီကိုပြန်တွေ့ချင်တယ်။
အတူရှိနေစေချင်တဲ့သူတွေကတော့ မိသားစုနဲ့ ကိုယ့်အချစ်ဆုံးသူတွေပဲပေါ့.. တကယ့်ကိုနီးနီးကပ်ကပ်ရှိနေချင်တယ်..။

(၂) ဘာတွေခံစားနေရလဲ
ဟိုရှေးရှေးကလည်းက အခုလက်ရှိအချိန်အထိ လူတွေပြုလုပ်ဖန်တီးခဲ့သမျှအရာတွေအားလုံး တစ်ခဏချင်းပျောက်ကွယ်သွားမှာကိုတော့ တကယ်နှမြောမိတယ်..။ ကိုယ်တစ်ယောက်လည်းမဟုတ်ဘဲ လူသားအားလုံးကြုံတွေ့ကြရမှာဘဲဆိုတော့လဲ တရားမျှတပါတယ်လို့ထင်ပါတယ်..။

(၃) ဘာတွေပြင်ဆင်ထားမလဲ
ဒီမေးခွန်းအတွက်တော့သိပ်မစဉ်းစားမိဘူး.. စိတ်တွေမတုန်လှုပ်မိအောင်ဘဲကြိုးစားပြင်ဆင်ထားမယ်..။

(၄) ၀မ်းနည်းမိတာက
မရောက်ဖူးသေးတဲ့ သွားလည်ချင်တဲ့ ကမ္ဘာအနှံ့ကနေရာတွေကို မရောက်ဖြစ်လိုက်မှာအတွက်တော့ ၀မ်းနည်းမိမယ်ထင်တယ်။

(၅) ကြောက်လန့်မိတာက
နာကျင်နစ်မွန်းနေမှာကိုကြောက်တယ်.. ရေနစ်တာမျိုး၊မသေမရှင်ဖြစ်တာမျိုးမဖြစ်ချင်ဘူး။ မီးပွားစလေးတစ်စလိုဘဲ ဖျတ်ကနဲ ပျောက်ကွယ်သွားတာမျိုးဘဲဖြစ်ချင်ပါတယ်..။

(၆) ဆောင်ထားချင်တာက
အစားအသောက်နဲနဲကိုတော့ ကျောပိုးအိတ်ထဲထည့်ထားမယ်.. ဗိုက်ဆာမှာစိုးလို့.. :D

(၇) ဘာတွေရေးမိမလဲ
စာကြောင်းအချို့ ..ချိုချင်ချိုမယ်...ခါးချင်ရင်လည်းခါးသက်မယ် ဘာမှမသေချာပါဘူး

(၈) တွေးမိတွေးရာ
ဘ၀ဆိုတာဘာလဲလို့ဘဲ အထပ်ထပ်စဉ်းစားမိမယ်.. ပျက် ဖို့အတွက် ဖြစ်လာတယ်ဆိုရင်.. နောက်ထပ်ဘာမှထပ်မဖြစ်ချင်တော့ပါဘူး..။ ဖြစ်ခြင်းပျက်ခြင်းကင်းရာကိုဘဲရောက်ချင်ပါတယ်..။

(၉) ဂုဏ်ယူချင်တာက
အခုလက်ရှိနေနေတဲ့အချိန်အတိုင်းအတာတစ်ခုအထိတော့ ဘ၀ကိုကျေနပ်တယ်.. အဲဒီအတွက်ကြောင့်ဘဲ

(၁၀) ရှာကြံဖြေသိမ့်ချင်တာက
တစ်လအကြာမဟုတ်လဲ တစ်နေ့နေ့တော့ ဖြစ်မှာဘဲ..

(၁၁) ပြောချင် ကြားစေချင်တဲ့စကားလေးတစ်ခွန်း

"who doesn't long for someone to hold;
who knows how to love you without being told;
somebody tell me why I'm on my own;
if there is a soul-mate for everyone?"

သိပ်စဉ်းစားတာတွေများသွားပြီထင်တယ်.. ကိုယ့်ကိုကိုယ်အနားပေးလိုက်ပါအုံးမယ်..။

Wednesday, August 5, 2009

ခုတလော.........

တွေးမိနေတာက

ဘာလို့လူဖြစ်ရသလဲ..သံသရာဆိုတာ တကယ်လည်တတ်သလား...


သတိရမိနေတာက

ငယ်ငယ်က ကျောင်းစတက်ခဲ့တဲ့အချိန်တွေ..


ရေးဖြစ်နေတာက

Report နဲ့ Assignment တွေ...


စားဖြစ်နေတာက

အစားနည်းနေတယ်.. စားချင်စိတ်ပျောက်နေသလိုဘဲ


စွဲလန်းမိနေတာက

ခေါင်းအုံးလေး....


ဖတ်ဖြစ်နေတာက

မောင်သာချိုရဲ့ သမီးဖတ်ဖို့နှလုံးသားရှုမျှော်ခင်းများ


ပြန်ဆင်ခြင်မိနေတာက

အချိန်တွေမဖြုန်းမိစေဖို့......


ရောက်ဖြစ်နေတာက

ကျောင်းစာကြည့်တိုက်.......


နားထောင်ဖြစ်နေတာက

Shayne Ward ရဲ့ Until You


ဖြစ်ချင်နေတာက..

သူ


လိုချင်တာက

ကိုယ်ချင်းစာနာမှု....


တွေ့ချင်နေတာက

အမေ


ထိန်းမရတာက

ခံစားမှုတွေ...


လက်လွှတ်လိုက်ရတာက

အလွမ်းတွေ........


လိုအပ်နေတာက

ထက်သန်ပြင်းပြတဲ့စိတ်တွေ...


ခါးသီးနေတာက

ပုံစံခွက်ထဲက နေ့ရက်တွေ...


တောင်းမိနေတဲ့ဆု

ဒီတစ်ခုလေးတော့ ဖြစ်ခွင့်ရပါရစေ....


ဝန်ခံချင်တာက

ခုတစ်ကယ်အိပ်ချင်နေပြီ....


နောက်ဆုံးစကား

ကောင်းသောညပါ....။ ။

Friday, June 12, 2009

ဆန္ဒ အနှစ်နှစ်ဆယ်

ညက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့သည်ထင်... မနက်နိုးလာတော့ ကြည်လင်လန်းဆန်းနေသည်...။ ပိတ်ရက်ဖြစ်သောကြောင့် အလုပ်မှနားသည် အလုပ်လုပ်စရာမလိုဟူသောအသိကြောင့်လို့ ဆိုလျှင်ပိုမှန်မည်.....။ ရေချိုး အ၀တ်အစားလဲပြီး နံနက်စားစားဖို့ မီးဖိုချောင်ဆီသွားတော့ အိုးပူပူ ဆီပူပူမှာလှိမ့်ထားသော ထမင်းကြော်ရနံ့က ဆီးကြိုသည်..။

“ မေ.... ဒီနေ့ထမင်းကြော်လား.....”

“သားကလဲ သိရဲ့သားနဲ့ လာမေးနေပြန်ပြီ..... လက်ဖက်ရည်တော့မဖျော်ရသေးဘူး...
သားဖျော်လိုက်ပါလား.. အမေက သားဖျော်တာသောက်ချင်တာ........”

အမေကြော်ပေးသော ထမင်းကြော်သည်.. ချမ်းအေးအေးနံနက်ခင်းတွင် ၀မ်းနွေးစရာ အစာအာဟာရတစ်ခုပင်ဖြစ်သည်..။ ထမင်းကြော်မဆိုထားနှင့် အမေလုပ်ပေးသမျှ အစားအစာမှန်သမျှသည်.. သူ့အတွက်တော့ အကောင်းမွန်ဆုံးအစားအစာများပင်ဖြစ်သည်..။

နံနက်စောစောဖြစ်သောကြောင့် ရာသီဥတုသည်အေးစိမ့်ပြီး... ပတ်ဝန်းကျင်တစ်ခုလုံးမြူတွေနှင့် မှုန်ဝါးနေသည်...။ အမေရော သူပါ ဒီလိုရာသီဥတုမျိုးတွင် လမ်းလျှောက်ထွက်ရသည်ကို သဘောကျသည်...။

“မေ သားတို့ ပန်းခြံသွားမလား.. ဒီနေ့လမ်းလျှောက်လို့ကောင်းမယ်..”

“ကောင်းသားဘဲ ... သားဘယ်တော့သွားမလဲ...”

“ခဏနေသွားမယ်..မေ အပြန်ကျရင် ကျောင်းလဲဝင်ရဦးမယ်... ဒီနေ့ အလှူရှင်တွေရှိတယ်.. ခုလောက်ထွက်မှ အတော်ဘဲ”

“ဒါဆို အမေ အ၀တ်အစားသွားလဲလိုက်မယ်..................”

ကားဖြူလေးသည်.. လမ်းတစ်လျှောက်ဖြောင့်ဖြောင့်ပြေးကာ .. တောင်ခြေရှိ ပန်းခြံသို့ဦးတည်နေသည်..... မြူနှင်းတွေကတော့ သိပ်သည်းနေဆဲ...။ ဒီပန်းခြံလေးကတော့ အမေနှင့်သူ... အမောပြေရာ..အမေဖြေနေကြ နေရာလေးတစ်ခု လို့ပြောလို့ရသည်...။

“ဟာ .. အန်တီနဲ့ အစ်ကို အစောကြီးပါလားဗျ... နေကောင်းကြတယ်နော်...”

“အေး မောင်ကျော်ရယ် နေကောင်းပါတယ်ကွယ်... ဒီနေ့ရာသီဥတုက အန်တီတို့အကြိုက်မို့ ပန်းတွေလည်းကြည့်ရအောင်ဆိုပြီး လမ်းလျှောက်ထွက်လာတာ..”

“တစ်ခြားသူတွေကော..ဘာလုပ်နေကြလဲ...”

“ပန်းခူးတဲ့သူက ခူး ၊ တစ်ချို့က ရေလောင်းပေါင်းသင်နေကြတယ် အစ်ကို”

“ကောင်းတယ်.. လုပ်စရာရှိတာသွားလုပ်တော့ .. ဟိုဘက်လမ်းလျှောက်ထွက်လိုက်ဦးမယ်... ”

ဒီပန်းခြံလေး စပြီးဆောက်ခဲ့သည်မှာအချိန်အားဖြင့် ၅ နှစ်ကျော် ရှိပြီဖြစ်သည်........။ ဒီနှစ်များအတွင်း ပန်းလာကြည့်သူ ၊ ၀ယ်သူ ၊ လာရောက်လည်ပတ်သူတို့နှင့်လည်း စည်ကားခဲ့သည်...။ ဒီတောင်ခြေကနေရာလေးသည်... သူစိတ်ကူးထားသည်နှင့် အံကိုက်ပင်ဖြစ်နေသည်။ နံနက်စောစောတွင် ပွင့်တတ်သောပန်းတို့၏သင်းရနံ့က လာရောက်သူကို ကြည်နူးချမ်းမြေ့စေသည်မှာ အမှန်ပင်...။ အမေ့ကိုကြည့်တော့ ဘုရားတင်ဖို့ နှင်းဆီပန်းတွေခူးရင်း ပြုံးနေသည်...။ ရေကန်ငယ်လေးကိုကြည့်တော့ ရေငွေ့တွေဝေနေသည်.........။ ငှက်ကလေးများကကျီကျီကျာကျာနှင့် ...ထင်းရှူးပင်တွေပေါ်မှာတော့ ရှဥ့်လေးတွေ တစ်ပင်နှင့်တစ်ပင်ခုန်ကူးနေသည်...။

“သား အချိန်လဲကြည့်ဦး.. ခဏနေ ကျောင်းသွားဖို့နောက်ကျနေမယ်နော်...”

“ဟုတ်သားဘဲ.မေ... ခုလောက်ထွက်ရင် အတော်ဘဲနေမှာ”

ကျောင်းရှေ့ရောက်တော့ ကလေးတွေ မြေကွက်လပ်မှာ ဆော့နေကြသည်...။ ကျောင်းတံခါးကို ကျော်ရုံရှိသေး...

“ဟာ ဟိုမှာ ဦးဦးနဲ့ဖွားဖွားလာပြီ... လာကြဟေ့....”

အသံသေးသေးဆူဆူလေးများဖြင့် တစ်ယောက်တစ်ပေါက်အော်က အလုအယက်ပြေးလာကြသည်....။ ပကတိ ဖြူစင်ကြည်လင်နေသော မျက်နှာလေးတွေကိုကြည့်ရသည်မှာ.. စိတ်ချမ်းမြေ့စရာဖြစ်သည်..။

“ဦးလေးနဲ့ အန်တီ အလှူရှင်တွေရောက်နေကြပြီလား........”

“ခုနလေးတင်ဘဲရောက်တယ် သားရေ... ဧည့်ခန်းထဲမှာစောင့်နေကြတယ်..”

“ကျွန်မတို့တောင်နောက်ကျနေပြီ ... ပန်းခြံသွားပြီး ပန်းတွေခူးနေတာလေ.....”

“ကျွန်တော်တို့ မိဘမဲ့ဂေဟာကို ခုလိုတကူးတက လာရောက်လှူဒါန်းပေးတာ ကျေးဇူးတင်လို့ မဆုံးပါဘူး”

“ရပါတယ်... ကျွန်တော်တို့ကလည်း ခုလို တကယ်လိုအပ်နေတဲ့နေရာတွေကို လှူခွင့်ရတာကိုပဲ ၀မ်းမြောက်လှပါပြီ... ”

“နေ့လည်စာ ထမင်းစားသွားပါဦးလားဗျာ... ...”

“ဟား ... ဆာနေတာနဲ့အတော်ဘဲ...”

ကလေးတွေပျော်ပျော်ပါးပါးစားသောက်နေကြတာကို ကြည့်ပြီး စိတ်ကြည်နူးရသည်..။ ဒီကျောင်းသည်... သူ့ဘ၀၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်သည်.....။ ကျောင်းဟုခေါ်ရလောက်အောင်တော့ မပြီးပြည့်စုံသေး... ဆရာအင်အားနှင့် ကျောင်းဆောင်လည်း တိုးချဲ့ဖို့လိုသေးသည်...။ တော်တော်လည်း ပြည့်စုံအောင်ဖြစ်ဖို့တော့ ကြိုးစားရပေဦးမည်..။

“သား... အမေတော့ ဒီမှာဆက်နေလိုက်ဦးမယ်... ညနေမှဘဲ လာကြိုတော့လေ”

“ရတယ်..မေ.. ခဏနေတော့သွားဖို့တစ်ခုရှိတယ်... ”

“နေ့လည်စာ စားသွားပါလား.....သား”

“မစားတော့ဘူးမေ.. ဟိုရောက်မှဘဲ စားတော့မယ်...”

ခဏကြာတော့ အမေ့ကိုနှုတ်ဆက်ပြီးထွက်လာခဲ့သည်...။ ချိန်းထားသည့်နေရာနှင့် ကသိပ်မဝေး ၁၀ မိနစ်လောက်သာ ကားမောင်းရသည်...။ သူ့အကျင့်အတိုင်း.. အချိန်စောရောက်နေခဲ့သည်...။

စားသောက်ဆိုင်သည်... တောင်ကုန်းပေါ်တွင်ဆောက်ထားသောကြောင့် .. ပြတင်းပေါက်မှကြည့်လျှင်မြို့ရှုခင်း
တော်တော်များများကိုမြင်ရသည်...။ ခေါင်မိုးနီနီနှင့် အိမ်ကလေးတွေ...၊ ဟိုးအဝေးက မြူတွေအုံ့နေတဲ့တောင်ပြာတန်းတွေ ၊ စိမ်းမှောင်မှောင် ထင်းရှူးတောအုပ်တွေ အားလုံးမြင်ရသည်..။ တောင်ကုန်းစိမ်းစိမ်းပေါ်က ဖြူပုပုနဲ့ ပေါ်လွင်နေသည့် ဒီစားသောက်ဆိုင်လေးမှာတွေ့ရန် သူကိုယ်တိုင် စိတ်ကြိုက်ရွေးခဲ့ခြင်းဖြစ်သည်...။ စားပွဲခင်း ၀ါဝါနုနုနှင့်... ပန်းအိုးဖြူဖြူထဲက နှင်းဆီနီနီတို့ လိုက်ဖက်သည်ကိုလည်း ကြည့်ပြီး ပြုံးမိသည်..။ တံခါးပေါက်မှာ ခေါင်းလောင်းသံလွင်လွင်လေးကြားရပြီး မကြာမီ အဖြူရောင်ဖဲကြိုးလေး တစ်စ လွင့်လာသလို ခံစားရသည်..။

“ကို-- ဟုတ်ပါတယ်နော်..”

“ဟုတ်ပါတယ်.. မ-- လားဗျာ..”

“ဟုတ်ကဲ့ စောင့်နေတာကြာပြီလားဟင်”

“မ..မကြာသေးပါဘူး.. ”

နေ့လည်စားစားပြီးချိန်တွင် .... Bee Gees ရဲ့ To Love Somebody သီချင်းသံကပျံ့လွင့်လာသည်...။ အပြုံးလေးတစ်ပွင့် လက်သွားသည်ကိုတွေ့ရသည်....။

“ဘယ်သွားချင်လဲ လိုက်ပို့ပေးမယ်လေ...”

“သွားချင်တဲ့နေရာ သွားပါ..”

“ပြောပါ.. ”

“သွားချင်တဲ့ဆီသာ သွားပါဆို..”

“တကယ်ပြောတာနော်..”

“တကယ်...”

တောင်ကုန်းပေါ်ကဆင်းတော့ လိပ်ပြာလေးနှစ်ကောင် လှေကားထစ်တလျှောက်ဝဲပျံသွားသည်...။ ကောင်းကင်ကြည့်တော့ တိမ်တိုက်တွေ တဖြည်းဖြည်းစုသွားသည်..။ နေခြည်တန်းလေးတစ်ခု တိမ်တွေကြားက လှပစွာ ဆင်းသက်လာသည်........................။


မြူးတက်ဂ်ထားတဲ့ ဖြစ်ချင်တဲ့ ဆန္ဒအကြောင်းကို နောင်အနှစ်နှစ်ဆယ်မှာ ပုံဖော်ကြည့်တာပါ...။

Saturday, May 2, 2009

တွေ့ချင်မြင်ချင်သူများ

“မိုးစက်တွေကျဆင်းလို့ ပေါင်းဆုံစုစည်းသလို
တို့လည်းတစ်နေ့ စုစည်းပေါင်းဆုံကြမယ်
ငြိမ်းချမ်းမှုပန်းတွေ ပြန်လည်လန်းဆန်းတဲ့တစ်နေ့”


ဒီတစ်ခါလည်း စက်ကွင်းနဲ့ မလွတ်ပါ... တော်တော်များများရေးပြီးကြတော့ လွတ်မယ်ထင်တာ မလွတ်ဘူးဗျို့..။ တက်ဂ်ခံရပါတယ်......ရေးပေးပါ တွေ့ချင်မြင်ချင်သူများတဲ့....။

ဘလော့မရေးခင် ၁ နှစ်လောက်ကတည်းက ဘလော့တကာလည်ပြီးစာတွေဖတ်ခဲ့တာ.. နောက်တော့ဖတ်ရင်းနဲ့ ကိုယ့်ရင်ထဲကပြောချင်တာတွေ ဖွင့်ချချင်တော့ ဘလော့ရေးဖြစ်ပါတယ်။ စစရေးကတည်းက အမြဲလာလည် အားပေးတဲ့ နဖြိုးလို့ခေါ်တတ်တဲ့ အန်တီဝါ၀ါခိုင်မင်း၊ အန်တီမသက်ဇင်၊ ကိုတောင်ပေါ်သား၊ ခရေတွန် တို့ကို အပြင်မှာတွေ့ချင်ပါတယ်..။ နောက်ပိုင်းဆက်ခင်လာတဲ့ ရေးချင်တာရေးတဲ့ အန်တီခင်ဦးမေ၊ အိုးပုတ်ပန်းတို့ပွင့်ရာမြေက ကိုမျိုး၊ အမြဲကူညီဖို့အသင့်ဖြစ်နေတတ်တဲ့ ကိုရွာသား၊ စာရေးကောင်းတဲ့ အစ်မရွှေပြည်သူ တို့ကိုလည်းတကယ်တွေ့ချင်မိပါတယ်..။ နောက်တော့ အန်တီခင်ဦးမေဘလော့ ကနေဆက်ခင်ဖြစ်တဲ့ အန်တီမီယာ ၊ အန်တီသက်ဝေ၊ အန်တီစင်းဒဏ်လာ၊ ကာကာ တို့ကိုမြင်ဖူးချင်တွေ့ဖူးချင်ပါတယ်..။ နောက်တော့ quizလေးတွေနဲ့ စိတ်ဝင်စားအောင်လုပ်တဲ့ ကိုသီဟသစ်၊ ခင်ဖို့ကောင်းတဲ့အစ်မနွေးနေခြည်၊ စီဘောက်စ်မှာ အမြဲလာနှုတ်ဆက်တဲ့ အစ်မမေရီ၊ ပြီး သွားချင်တာက အင်္ဂလန် သင်တာက ပြင်သစ်စာ ဖြစ်ချင်တော့ ဂရိနိုင်ငံရောက်နေတဲ့ ကိုဖိုးစိန်.. သူတို့ကိုလည်းတွေ့ချင်တာဘဲ..။
ပြီးတော့ အစားအသောက်တွေနဲ့ အနှိပ်အစက်တော်တဲ့ အစ်မ မိုးကောင်းသူနဲ့ အစ်မမြူးသျှရီ.. ညနှစ်ညဖြစ်တဲ့ အန်တီညလေးနဲ့ အစ်မညခင်း တို့ကိုလည်းတွေ့ချင်ခင်ချင်ပါတယ်..။

နောက်တော့ ကျွန်တော့်အတွက် inspiration (ဘယ်လိုပြောရမှန်းမသိလို့ပါ)တော်တော်ပေးတဲ့ အစ်မအိမ့်ချမ်းမြေ့၊ နဂျယ်ကောင်ရဲ့ဇာတ်ဆရာ ကိုကလိုစေးထူး၊ ဘာသာပြန်ကောင်းတဲ့ မနိုင်းနိုင်းစနေ၊ “မိုင်” ကို မူပိုင်ယူထားတဲ့ အန်တီသုနှင်းဆီ၊ ဘလော့သွားလည်တိုင်း (အကြိမ်များများ) ပါးစပ်မပိတ်ဘဲ ပြန်တဲ့ရတဲ့ ဘလော့ပိုင်ရှင် အန်တီမိုးချိုသင်း၊ အမြဲကြည့်လိုက်ရင်ပျော်စရာကောင်းတဲ့ wesheme မိသားစုနဲ့လည်း ဆုံတွေ့ချင်ပါတယ်..။ တကယ်တော့ တွေ့ချင်မြင်ချင်တယ်သာပြောတာ ကျွန်တော့်စိတ်ထဲပြောရရင်တော့ အပြင်မှာတကယ်တွေ့ကြ ဆုံကြ ရင်းရင်းနှီးနှီးမိတ်ဆွေအပေါင်းအသင်း သူငယ်ချင်း ညီအစ်ကို မောင်နှမတွေဖြစ်ကြ အဲသလိုဖြစ်ချင်တာပါ..။ တွေ့ကြမှာပါ.. ကံကိုယုံကြည်တယ်ဆိုရင်တော့ ကံဆုံတဲ့တစ်နေ့ပေါ့.။

p.s. နည်းနည်းမတွေ့ချင်သူတွေလည်းရှိပါတယ်.. စာရေးတုန်းမေ့ကျန်ခဲ့သူတွေပါ(တကယ်လို့ ကျန်ခဲ့ရင်ပါ)...။ စတာပါ(မရှင်းမှာစိုးလို့ နောက်တာပါ.. လို့လဲအဓိပ္ပာယ်ရပါတယ်..) .. ဘာလို့လဲဆိုတော့ အောက်ပါအတိုင်းပါဘဲ.. (တစ်ဦးတစ်ယောက်က နားမလည်ဘူးလို့ ပြောသွားလို့ပါ)။

စိတ်ထဲမရည်ရွယ်
စာထဲမေ့ကျန်
ရှိခဲ့ရင်ကွယ်

ခွင့်လွှတ်ပေးရန်
ကြိုးစားတောင်းပန်

တကယ်တွေ့လို့
ဆုံခဲ့ကြရင်
အသေသတ်မှာ
စိုးထိတ်သောကြောင့်ပင်...။

Sunday, April 5, 2009

ပြန်လည်ခံစားခြင်း

ကိုတောင်ပေါ်သားကတက်လာပါတယ်.. ကိုယ်ကြိုက်တဲ့ပို့အကြောင်းအရာတစ်ခုကို ပြန်လည်ခံစားဖို့ပါ..။ အဲဒါနဲ့ပြန်ရှာကြည့်တော့မှ ရော်....ခက်ပြီ။ ရှာကြည့်တော့ကောင်းကောင်းကန်းကန်းကလည်းမရှိ.. သူများတွေရေးထားတာတွေဖတ်ကြည့်တော့လည်းကောင်းနဲ့ သိသွားပါတယ်..ကိုယ့်ကိုကိုယ်ညံ့မှန်းပါ..။ ကြိုးစားပါအုံးမည်..ခုတော့ ကိုယ့်ဟာကိုကောင်းတယ်လို့ထင်တဲ့ မမေ့နိုင်မိုးကိုတင်ဆက်ချင်ပါတယ်.. မပြီးသေးပါ..ဆက်ရေးသွားပါ့မယ်..။

မမေ့နိုင်မိုး(၁)

ဒေါက်..ဒေါက်..ဒေါက် နှင့်တိုးတိတ်ညင်သာသော ခေါက်သံတို့ကပြတင်းပေါက်ဆီမှလာခဲ့လေသည်။ အသံကြားတော့ သူတစ်ယောက်အပြေးသွားကြည့်မိသည်..။ အပြင်မှာ ဘယ်သူမှမရှိ... သြော် မိုးတွေရွာနေတာကိုး။ တစ်ပေါက်ပေါက်ကျနေသော မိုးစက်တို့ကသာ အရှိန်ပြင်းပြင်းဖြင့် ပြတင်းမှန်ကို လာရောက်ရိုက်ခတ်နေသည်..။ ထိုရိုက်ခတ်ရာမှ ဒေါက် .. ဒေါက်ဟူသော အသံတို့က စည်းချက်မဲ့စွာ ထွက်ပေါ်နေ သည်။ ပြတင်းမှန်ကို ကျော်ကြည့်တော့ ကောင်းကင်သည် ခဲနှစ်ရောင်တို့ဖြင့် ညို့မှိုင်းကာနေသည်..။ မိုးက သည်းသည်းရွာလျက် သစ်ပင်ပန်းမန်တို့ကတော့ မိုးရေနှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်..။ မြေခနေကြသော ရွက်ကြွေတို့သည် ဦးတည်ရာမဲ့လျက်ပင် ရေစီးဧ။်ခေါ်ရာနောက်သို့သာ မျောပါနေကြသည်.....။ ပြတင်းကိုဖွင့်လိုက်သောအခါ မိုးရနံ့တို့က အနားသို့ကွေ့ဝိုက် ပျံ့လွင့်လာသည်...။ မ်ုးပြာရောင်ခန်းဆီးစသည် တချက်တချက်တွင်တော့ သူ့အား အိပ်မက်ဆန်စွာ ရိုက်ခတ်လာသည်...........။

ဆက်ဖတ်ချင်ရင် ဒီမှာပါ
အပိုင်း(၄)ထိရှိပါတယ်..။

Wednesday, April 1, 2009

ဂလို ဂလိုထပါတယ်..



အစ်ကိုတော် ကိုမျိုး ကခင်မင်မှုနဲ့ ဘယ်လိုအိပ်ရာထတဲ့အကြောင်းရေးပေးဖို့ တက်ဂ်လာတဲ့အခါ ဂလိုဂလိုထပါတယ်ဆိုတဲ့ ဒီပို့စ်လေး ရေးဖြစ်သွားပါတယ်..။ ကိုမျိုးရေဖတ်ကြည့်ပါဗျာ.. လာလည်တဲ့သူတွေလည်းဖတ်လို့ရပါတယ်။

မနက်အိပ်ရာဘယ်လိုထတဲ့အကြောင်းပြောရမယ်ဆိုရင် တစ်ထောင့်တစ်ညပုံပြင်တွေသာအမြှုပ်ထွက်အောင်ပြောပြလိုက်ချင်ရဲ့ဗျာ..။ ဟီး ထုတော့ ကိုမျိုးလုပ်လို့ ပေါင်လှန်ထောင်းရတော့မယ်..။ ဘာလို့လဲတော့မသိဘူး.. ငယ်ငယ်ကသိပ်ပြီးအအိပ်မမက်ဘူး အိပ်ခိုင်းမှာတောင်ကြောက်နေတယ်.. ခုတော့လားဘယ်အချိန်အိပ်စေချင်လဲ.. ကြိုက်တဲ့အချိန်ပြောရတယ်။ ခုပဲနိုး.. ခုပြန်အိပ်ရင်တောင်ရပါတယ်.. ဒါကြောင့် ၁၀ တန်းစာမေးပွဲဖြေခါနီးတုန်းက အိပ်လွန်းလို့ အမေကအိပ်သာအိပ် စာတော့မကျက်ဘူး စာမရလို့ စာမေးပွဲကျလည်း မကယ်ဘူးလို့ ထနထနကြောပါတယ်။ ဆင်အော်မနိုးတဲ့.. ကောင်းပါ့..။

အိပ်တဲ့အကြောင်းနဲ့တင်ဘယ်ပြီးမလဲ.. အိပ်ရာထတဲ့အကြောင်းပါပြောမှ ပိုကောင်းမှာမဟုတ်လား..။
မနက်မနက် အိပ်ရာထဖို့ဆိုနာရီသံပတ်ပေးရပါတယ်.. alarm ပေးတာကိုပြောတာ။ နံနက်ကျတော့ နိုးစက်ကအချိန်ရောက်လို့မြည်တော့တာပေါ့လေ..။ အစတော့ နိုးတယ်.. နောက်တော့ ပြန်ပိတ်ပြီးအိပ်တယ်.. အဆိုးဆုံးကတော့ နောက်ပိုင်း ကိုယ့်ဘာသာကိုယ်နိုးစက်ပိတ်လိုက်တာတောင်မသိဘူး.. ။ နိုးမှသိတယ်.. နိုးစက်ကဘဲမမြည်တာလား.. က်ုယ်ကပဲပိတ်လိုက်တာလား.. ဇဝေဇ၀ါ(တေးရေးဇ၀ါမဟုတ်စ်)တွေကိုဖြစ်လို့..။ အဲသလိုရှိတယ်...။

နောက်တော့ ဖုန်းလေးနဲ့ alarm ပေးပြန်ရော..။ သီချင်းသံစဉ်လေးတွေနဲ့ပေါ့.. ကိုယ်ကြိုက်တဲ့သီချင်းလေးတွေကို alarm မြည်တဲ့အခါအသံထွက်လာအောင်လုပ်ထားတယ်...။ ကြိုက်တာကသီချင်းအေးအေးလေးတွေဆိုတော့ မနက်ဆိုမနိုးပြန်ဘူး..အသံကတိုးနေတော့ မြည်တာတောင်မသိလိုက်ဘူး..။ အဟဲဘယ်ရမလဲ.. နောက်တော့ Rihana တို့ ဖြူဖြူအာပြဲ..အဲလေ. ဖြူဖြူကျော်သိန်းသီချင်းတွေ ပြောင်းလိုက်တော့ နိုးတော့တာပေါ့..ကြည်ကြည်လင်လင်ပဲ.. အဆိုတော်တွေက အသံအား ကောင်းတယ်လေ..အဟက်..။ အဲလာ အဲလာ အေး အေး အမ်ဘရဲလားဆိုတဲ့ အသံကြီးကြားရင်နိုးတော့တာဘဲ..။ ဒါလည်းရမလားလို့စမ်းကြည့်တာပါ.. တစ်ပတ်လောက်ကြာတော့ သီချင်းကိုနားယဉ်နေတော့ မနိုးပြန်ဘူး.. ထနထန သီချင်းပြောင်းရတယ်..။

နောက်ဆုံးအဆင်ပြေဆုံးနည်းလေးကို တွေ့ပါတယ်.. နိုးလည်းနိုးတယ်.. ပြန်လဲမအိပ်ဖြစ်တော့ဘူး..။ ပြောမယ်.. သီချင်းဆူဆူလေးကို alarm လုပ်ထားပြီးတော့ စာကြည့်စားပွဲရဲ့ အစွန်ဆုံး..အိပ်ယာထဲကနေမမှီ နိုင်တဲ့နေရာမှာထားပြီးအိပ်ပါတယ်..။ မနက်မြည်တော့ အသံကလည်းဆူ.. မှီကလည်းမမှီနဲ့ အိပ်ယာထဲကနေထ စားပွဲဆီသွား ပြီးအသံပိတ်ရပါတယ်..။ နိုးလည်းနိုးသွားပြီ.. ပြန်လည်းမအိပ်ချင်တော့ဘူး.. ပြီးမှရေမိုးချိုး မျက်နှာသစ်ပြီး.. လုပ်စရာရှိတာဆက်လုပ်ပါတယ်..။

အိပ်ရာထတဲ့အကြောင်းကတော့ ဂလိုဂလိုပါဘဲ ကိုမျိုးရေ.........

Sunday, March 22, 2009

ဝါသနာများ

ခင်မင်ရတဲ့ ကိုမျိုး တတက်ထားပါတယ်.. ၀ါသနာများအကြောင်းတဲ့..။ ဒီတက်အကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ရဲ့ဝါသနာကို သူငယ်ချင်းမိတ်ဆွေတွေလည်း သိရသလို သူတို့ရဲ့ဝါသနာတွေအကြောင်းကိုလည်း တစေ့တထောင်းသိရတာပေါ့..။ လူတစ်ကိုယ် ၀ါသနာတစ်မျိုးရှိကြတဲ့အထဲ မှာ ကျွန်တော့်ဝါသနာတွေကတော့ ..

(၁) စာဖတ်ဝါသနာ
စာဖတ်ဝါသနာတော့ လူတိုင်မှာအနည်းနဲ့အများတော့ရှိကြပါလိမ့်မယ်..။ ကျွန်တော်လည်းငယ်ငယ်ကတည်းကစာဖတ်ဝါသနာပါပါတယ်..။ ကာတွန်းစာအုပ်တွေကအစ ဘုရားစာအုပ်တွေ သမိုင်းစာအုပ်တွေအဆုံးဖတ်ပါတယ်..။ အိမ်ရှင်းလို့ ဟိုကြားဒီကြားက စာအုပ်တွေထွက်လာရင်းလည်း ထိုင်ပြီးဖတ်လိုက်တာဘဲ..။ သတင်းစာတွေလဲဖတ်ပါတယ်.. နောက်ဆုံးစာမျက်နှာကနေ စဖတ်တာက လွဲလို့ပေါ့လေ..။ အိမ်မှာ စာအုပ်တစ်အုပ်နဲ့ဆိုရင် ထမင်းမေ့ဟင်းမေ့ ဖြစ်တတ်လို့ အမေကတောင်သတိပေးရပါတယ်..။ ဖတ်ရင် လည်း တစ်ထိုင်ထဲအပြီးဖတ်ပါတယ်.. ဒါမှ များများထပ်ဖတ်နိုင်မှာလေ..။ ကျောင်းမှာတုန်းကဆို စာစီစာကုံးစာအုပ်တွေလည်းထိုင်ဖတ်နေတာဘဲ.. ။
ခုတော့ စာအုပ်တစ်အုပ်နဲ့ မုန့်တစ်ထုပ်လောက်ရှိရင် နေ့တစ်ဝက်လောက်ကတော့ အိုကေဘဲ..။

(၂) အပင်စိုက်ဝါသနာ
ဒီဝါသနာကတော့ ဘယ်ကနေစလို့အမြစ်တွယ်လာသလဲတော့မသိဘူး....။ (၄)တန်းလောက်ကစပြီး အပင်တွေရေလောင်းတယ်... နောက်(၆)တန်းလောက်ရောက်တော့ အပင်တွေစိုက်ပါတယ်.။ နွေရာသီကျောင်းပိတ်လို့ တောင်ကြီးသွားပြီဆိုရင် ခြံထဲမှာ အပင်တွေစိုက်ပါတယ်.။ အများဆုံးစိုက်ဖြစ်တာက ဖရဲသီးဘဲ.. ခဏခဏစားဖြစ်တာကိုး..။ အဖွားဖရဲသီးဝယ်လာပြီးရင် အိမ်ကအုတ်ကန်ထဲမှာ စိမ်ပေးထားပါတယ်.. တောင်ကြီးကအေးတော့အုတ်ကန်ရေကလည်းအေးစိမ့်နေတာဘဲ.. ဖရဲသီးလည်းအေးသွားတာပေါ့..။ ပြီးမှဇွန်းကောက်နဲ့ အပေါက်ဖောက်စား.. အစေ့တွေကိုစိုက်ပါတယ်..။ ပြီးတော့ အိမ်မှာ အခါးရည်(ရေနွေးကြမ်း)သောက်ရင် ဆားလေးနည်းနည်းခတ် ပြီးတော့ ဂျုံစေ့နည်းနည်ပါထည့်ပြီးသောက်ပါတယ်..။ ဂျုံစေ့ထည့်ရင်ပိုမွှေးလို့ပါ.. အစေ့ကိုလှော်ပြီးထည့်ပါတယ်။ မလှော်ရသေးတဲ့အစေ့တွေဆိုရင် မြေကြီးလေးဆွပြီး ကြဲထားလိုက်တာပဲ.. နောက်တော့အပင်တွေအတန်းလိုက်ပေါက်လာပါတယ်..။ ပြောင်းဖူးလည်းနှစ်တိုင်းစိုက်ပါတယ်.. မိုးတွင်းလောက်ရောက်ရင် စားလို့ရပြီး ပြောင်ဖူးပေါက်ပေါက်လည်းလုပ်စားတယ်..။

(၃) အစားအသောက်ဝါသနာ
အဟဲ အဟီး ဒီဝါသနာကတော့ မွေးကတည်းကပါလာတယ်ထင်တာပဲ..။ လူတိုင်းလည်းဝါသနာပါမယ်ထင်တယ်.. ဘလော့မှာ အစားအသောက်ပို့စ်တင်လိုက်ရင် လာလည်တဲ့သူကခါတိုင်းနဲ့မတူဘူး.. ပိုများတယ်..။ ရန်ကုန်မှာတော့ သိပ်မလုပ်စားဖြစ်ပါဘူး..။ တောင်ကြီးပြန်ရင် အစားအသောက်ကတော့ တပတ်နှစ်မျိုးလောက်ဘဲ..။ ကူလည်းဝိုင်းကူပေး ပြီးတော့လည်းစားပေး.. :D စားတာကများများပါ..။ အိမ်မှာလူများတော့လုပ်စားတာက ပိုပျော်ဖို့ကောင်းပါတယ်..။ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အာလူးပူရီ၊ ကင်ပေါင်းကြော် (ကြက်သွန်မြိတ်နဲ့ အသားကို မုန့ှ်နှစ်နဲ့ရောပြီးကြော်တာပါ) ၊ ဒံပေါက် အစုံဘဲ..။ အကင်လဲလုပ်စားသေးတယ်.. ခြံထဲမှာ အုတ်တုံးတွေချ အလယ်မှာပြာတွေခင်း မီးသွေးလေးထည့်ပြီး ကင်ပါတယ်..။ ဒါကတော့မောင်နှမတွေပေါင်းပြီးလုပ်တာဘဲ.. လွယ်တယ်လေ ပြုတ်ပြီးသားအသားနဲ့ အာလူး၊ ပြောင်းဖူး၊ ငုံးဥတွေကို ဆီလေးသုတ်ပြီး လှည့်ပေးနေရုံဘဲ..။ လုပ်ရင်လည်း အိမ်ကလူကြီးတွေက ကြာလိုက်တာလို့အမြဲပြောတယ်... အဟဲ ကိုယ်က တစ်ချောင်းကင်လိုက် တစ်ချောင်းစားလိုက်လုပ်နေတာ..။ အာလူးကိုထက်ခြမ်းခြမ်း ထောပတ်လေးသုတ်ပြီး Aluminum Foil နဲ့ထုပ်ပြီး မီးခဲတွေကြားထဲပစ်ထည့်လိုက်ခဏနေမှ ထုတ်ပြီးစား မွှေးနေတာဘဲ..။ ရေခဲမုန့်လုပ်တာတော့ မအောင်မြင်သေးဘူး.. ကိတ်မုန့်တော့အောင်မြင်တယ်.. ပြီးရင် ခရင်မ်တွေချည်းထိုင်စားနေတာ..။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင် ဖျော်ရည်လုပ်သောက်တယ်... ကောင်းမှကောင်း .. တစ်တောင်းလုံးမှ ၅၀၀ လောက်ပေးရတာ..(စတော်ဘယ်ရီ သရဲပါ..ဤကားစကားချပ်) ။

ရေးကောင်းကောင်းနဲ့ရေးတာတော်တော်လေးရှည်သွားပြီး.. (အစားအကြောင်းချည်းဘဲ.. :D)။ ဒီလောက်ဆိုကိုမျိုးလည်းကျေနပ်မယ်ထင်ပါတယ်..။ ဆက်ပြီး တက်ချင်သူတွေကတော့ တီဝါ၊ Craton နဲ့ သီဟသစ်၊ မနွေးနေခြည် တို့ဖြစ်ပါတယ်..။

Saturday, February 28, 2009

အချစ်ညမှာ အိပ်မက်မက်ခြင်း




အချစ်ညမှာ အချစ်ရည်ချိုချိုတွေသောက်မိလို့ ရီဝေမူးမိုက် အိပ်ပျော်ခဲ့ပြီ..။ အချစ်ညမှာအိပ်စက်မိတော့ အချစ်အကြောင်းအိပ်မက်တွေလည်း တရစပ်မက်လို့ပေါ့...။ ၅၂၈ နဲ့ ၁၅၀၀ ၊ အချစ်နဲ့မေတ္တာ ဝေခွဲမရမှုတွေကြားအိပ်မက်ရဲ့တေးသွားကို လိုက်ပါနစ်မျော ခံစားနားဆင်မိတယ်......။ တေးသွားအောက်မှာအချစ်ရဲ့အဓိပ္ပာယ်တွေက နက်ရှိုင်းလို့...။

ဈေးမှာ သားပျောက်လို့လူတွေကြား အမည်တကြော်ကြော်ခေါ်လို့ တိုးဝှေ့လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ၊ ရပ်ဝေးရောက်သားသမီးအတွက် အဆက်အသွယ်မရလို့ သောကရောက်နေတဲ့ မိဘတွေအတွက် ၊ ကိုယ့်ချစ်သူစွန့်ခွာသွားမလားဆိုတဲ့ အတွေးမမြဲစိုးမိုးနေတဲ့ အကျည်းတန်မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ စိုးရိမ်ပူပန်မှုတွေများလား......................................

သားပေါက်လေးတွေကို တယုတယပိုက်ထွေးနို့ချိုတိုက်ကျွေးနေတဲ့ ကြောင်မကြီးတစ်ကောင်အတွက် ၊ ပန်းပင်ပျိုကို အမြတ်တနိုးပြုစုပျိုးထောင်တဲ့ ဥယျာဉ်မှူးတစ်ယောက်အတွက် ၊ ချစ်သူနားက တစ်ဖ၀ါးမှမခွာတတ်တဲ့ အလိုလိုက်တတ်တဲ့ ကောင်လေးတစ်ယောက်အတွက် အချစ်ဆိုတာလေ ကြင်နာယုယ မှူတွေပဲလား...........................

သူငယ်ချင်းတွေကို အမြဲမပြတ်သတိရနေသူတစ်ယောက်အတွက် ၊ အိမ်အပြန်လက်ဆောင် အမြဲဝယ်လာတတ်တဲ့သူတစ်ယောက်အတွက်၊ ချစ်နှစ်ပတ်လည်နေ့တွေ အမြဲကျင်းပတတ်တဲ့ ဇနီးမောင်နှံအတွက် အချစ်ဆိုတာ မမေ့မလျှော့ရှိမှု အဖြစ်နဲ့လား..............................

အရုပ်မရရင် မပြန်ဘူးဆိုပြီး ဂျီကျနေတဲ့ ကလေးတစ်ယောက်အတွက် ၊ မွေးနေ့ရောက်တိုင်း လက်ဆောင်တွေတပုံကြီး ရဖို့မျှော်နေတတ်တဲ့သူအတွက် ၊ ချစ်ဘ၀သက်တမ်းတိုတိုနဲ့ လက်ထပ်ဖို့စိုင်းပြင်းနေသူအတွက် အချစ်ဆိုတာ ရယူခြင်းများလား...........

မိတ်ဆွေတွေအပေါ် အမြဲအနစ်နာခံတတ်တဲ့ သူတစ်ယောက်အတွက် ၊ သားသမီးကို ချစ်တဲ့မိဘများအတွက် ၊
ကိုယ့်ကိုပြန်မချစ်ရင်တောင် ကိုယ်ကအမြဲချစ်နေမယ်ဆိုသူ လူတစ်ယောက်အတွက် အချစ်ဆိုတာဟာ ထာဝစဉ်ပေးဆပ်ခြင်းလား........

ခုအိပ်ပျော်နေတဲ့ အိပ်မက်မက်သူ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ လျှို့ဝှက်မှုတွေ အဖြစ်နဲ့လား.....

ိအိပ်မက်ကနိုးတော့ အခန်းထဲမှာ ချစ်ရနံ့တွေ ပျံ့လွင့်လို့.........ချစ်နတ်သမီးတစ်ပါးကများ
ဖန်ဆင်းထားသွားတားများလား..........................

(ကိုတောင်ပေါ်သားရေ Tag ကြွေးဆပ်ပြီးကြောင်း...)
ပြန် Tag ချင်သူရှိပေမယ့် နောက်တစ်ခါ Tag ခံရမှာကိုကြောက်လို့ မတက်ဂ်တော့ ပါဘူး......။

Friday, January 2, 2009

စိတ်ကူးယဉ်အိပ်မက်


ခင်မင်ရတဲ့ Craton ကတက်ထားပါတယ်ဗျာ.. စိတ်ကူးယဉ်အိပ်မက်အကြောင်းတဲ့...။ အတက်ခံရကတည်းက တစ်ခြားမိတ်ဆွေ ဘလော့ဂါတွေရဲ့ စိတ်ကူးယဉ်အိပ်မက်အကြောင်းတွေကို လိုက်ကည့်တော့ ရိုးရိုးရှင်းရှင်းစိတ်ကူးလေးတွေ၊ ဆန်းဆန်းသစ်သစ်အတွေးလေးတွေနဲ့ လေးလေးနက်နက်အိပ်မက်တွေကို ဖွင့်ချရေးပြထားတာကို သေသေချာချာဖတ်ရပါတယ်..။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တော့ ကွဲပြားတဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်အိပ်မက်လေး တွေပိုင်ဆိုင်ကြပါတယ်။ အင်း ကျွန်တော့်မှာလား... အိပ်မက်တစ်ခုတော့ရှိတာပေါ့......။

ကျွန်တော်ငယ်ငယ်ကတည်းကစပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်...။ ဘာလဲဆိုတော့ ကျွန်တော်အလုပ်ကိစ္စတစ်ခုကိုပဲဖြစ်ဖြစ် ဆောင်ရွက်စရာရှိတာတစ်ခုကိုဘဲဖြစ်ဖြစ်လုပ်ကိုင်ရာမှာ ဘယ်တော့မှအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်ဆိုတာမျိုးမရှိပါဘူး...။ အနည်းဆုံး စိတ်ညစ်စရာ၊စိတ်ပင်ပန်းဆင်းရဲစရာတစ်ခု တွေ့ကြုံပြီးမှ အဆင်ပြေစွာပြီးဆုံးတတ်ပါတယ်..။ ပြောကြမှာပေါ့ အလုပ်လုပ်ရင် အခက်အခဲတော့ တွေ့မှာပဲဆိုတာ...ဟုတ်ပါတယ်..အဆင်မပြေတာတွေ့ကြုံရနိုင်ပါတယ်..။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါလောက် ချောချောမွေ့မွေ့နဲ့ အပြီးမသတ်နိုင်ဘူးလားဆိုတော့ ဖြေရမှာတော့ တစ်ခါမှာမရှိခဲ့ပါဘူး..။ ကျွန်တော်တင်မဟုတ်ဘူး... အမေပါအဲသလို ဖြစ်တတ်ပါတယ်.. သားအမိချင်း ကံအကျိုးပေးစပ်နေတယ်လို့ပဲပြောရမလား...။ အဲဒါကြောင့် ကိစ္စတစ်ခုလုပ်ရင် အမေကပြောတတ်ပါတယ်.. "သားရေ စိတ်ရှုပ်စရာတွေ့ရင် စိတ်ရှည်ရှည်နဲ့သာဖြေရှင်း သားကစိတ်ရှုပ်ခံပြီးမှု အဆင်ပြေတာ" လို့အမြဲပြောတတ်ပါတယ်...။ ဒါကြောင့်ကျွန်တော်ပြောပြချင်တာကတော့ စိတ်ချမ်းသာမှုနဲ့အမြဲပြည့်စုံဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်အတွက် ပထမခြေလှမ်းပါ...။

ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်ကိုတော့ ရိုးရိုးရှင်းရှင်းဘဲလို့ ကိုယ့်ကို ကိုယ်ထင်မိတယ်...။ အမေနဲ့အတူ အေးချမ်းဆိတ်ငြိမ်တဲ့ ထင်ရှူးပင်တွေဝိုင်းနေတဲ့ မြို့ကလေးမှာ အခြေချချင်တယ်..။ မီးခိုးခေါင်းတိုင်လေးနဲ့နှစ်ထပ်အိမ်ကလေး .. အင်းပြီးတော့.. အိမ်ဘေးမှာ အမေ့စိတ်ကြိုက် ပန်းခြံလေးနဲ့ ရေကန်ငယ်လေး....။ အိမ်အနားမှာက ဖော်ရွေခင်မင်ဖို့ကောင်းတဲ့အိမ်နီးချင်းတွေ... ။ မနက်လင်းတိုင်း အမေနဲအတူဘုရားရှိခိုး.. ပြီးတော့ ဈေးတူတူသွား... ဈေးအပြန်လမ်းမှာ မုန့်ဟင်းခါး၊ တိုဟူးနွေး ၊ ကောက်ညှင်းပေါင်းပဲဖြစ်ဖြစ် အတူစား...။ အင်းအလုပ်လား... မြို့လေးရဲ့ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ဖြစ်ချင် ဖြစ်နေလိမ့်မယ်..။ ငွေအတွက်လား.. ကျွန်တော်မပူပါဘူး.. သားအမိနှစ်ယောက်စားလောက် ပေးကမ်း လှူဒါန်းနိုင်ရင် ကျေနပ်ပါတယ်..။ အားလပ်တဲ့အချိန်တွေဆိုရင် သီချင်းနားထောင်ရင် နားထောင်၊ ဒါမှမဟုတ် တူရိယာတစ်ခုတီးလို့ သီချင်းဆိုပေါ့...။ တစ်ခါတစ်လေလည်း canvas ပေါ်မှာ လျှောက်ခြစ်ချင်ခြစ်နေမှာ...။ အလုပ်အားရက်တွေမှာလည်း မိတ်ဆွေတွေနဲ့အတူ မုန့်လုပ်စား.. စားကြသောက်ကြပေါ့...။ ခဏခဏညောင်းညာတတ်တဲ့အမေ့ကိုတော့ ညတိုင်းလက်ဆုပ်လက်နယ်လုပ်ပေးဖို့တော့ မေ့မှာမဟုတ်ဘူး...။ မနက်ဆိုမြူတွေကို ရှူရှိုက်လို့ သစ်တောလမ်းကလေးတစ်လျှောက် ဖြည်းဖြည်းလျှောက်သွားလို့..... ညနေတွေဆို.. တိမ်ညိုညိုတွေကို လွတ်လွတ်လပ်လပ်ငေးမောမယ်..။ ညတွေဆို ကြယ်ရောင်တွေအောက် ငြိမ်ငြိမ်သက်သက်လေး မိန်းမောချင်တယ်..... ခုန်နေဆဲနှလုံးသားအတွက်တော့ ခုနက ပြောတာတွေရှိခဲ့မယ်ဆိုရင် ပြီးပြည့်စုံပါတယ်...။

ဒါဟာ အိပ်မက်တစ်ခုပါလို့ ကျွန်တော်ပြောရင် ယုံနိုင်မလား.........................

Saturday, October 18, 2008

အချစ်ဆိုတာ(Tag Post)


ဘလော့ကိုပစ်ထားတာလည်းကြာပြီ...တကယ်လည်းကျောင်းနဲ့ အလုပ်နဲ့ အလုပ်တွေများနေလို့ပါ...။ လာလည်ကြတဲ့သူတွေလည်း.ပို့စ်အသစ်မရှိတာကြောင့်...အားတုံ့အားနာဖြစ်ရပါတယ်ဗျာ..။ ဒါကြောင့်နောက်ပိုင်း
မှာ ကျွန်တော်ဘလော့အလည်ကျဲ ၊ ပို့စ်လည်းအဆင်ပြေသလိုတင်သွားမှာဖြစ်ကြောင်းကို မေတ္တာရပ်ခံပါတယ်ဗျာ..။
ခုချိန်မှာတော့ အချစ်ဆိုတဲ့အကြောင်းလေးကို ကျွန်တော့်ရဲ့ထင်မြင်ချက်များနဲ့ ပို့စ်တစ်ခုအဖြစ်ရေးသားလိုက်ရပါ
တယ်...။

ငယ်ငယ်တုန်းကတော့ အချစ်ဆိုတာဘာလဲလို့တော့မသိခဲ့ဘူးပေါ့..။ လူကြီးတွေက "အနိုင်း(အဘွား)ကိုချစ်လား၊
နန(အဒေါ်)ကိုချစ်လား...ဖေဖေ၊မေမေကိုချစ်လား ..ဘယ်လောက်ထိချစ်လဲ"..လို့မေးလာခဲ့ရင်တော့.."ကလေး
ပီပီစဉ်းစားစရာတောင်မလို..အမူအရာလေးနဲ့ "ဟောသည်လောက်ကြီးချစ်တယ်..." လို့မဆိုင်းမတွ ပြန်ဖြေခဲ့ဖူး သည်။ ကလေးပဲကိုး... အချစ်ရဲ့အဓိပ္ပာယ်ကိုလည်းမသိ.. စဉ်းတောင်မစဉ်းစားခဲ့ဖူးပါ...။ အချစ်ဆိုတာကို မေတ္တာနဲ့ယှဉ်တွဲလို့ ၅၂၈ ၊ ၁၅၀၀ အချစ်လို့လူတွေကပြောကြ ပါသည်..။ အချစ်ဟူသည် အမျိုးမျိုးသော အသွင်ဏ္ဌာန်နှင့် မိဘနှင့်သားသမီးအကြား၊ မိတ်ဆွေတစ်ဦးနှင့်တစ်ဦးအကြား..၊ ဆရာနှင့်တပည့်အကြား၊ အလုပ်ရှင်နှင့်အလုပ် သမားအကြား...၊ လူနှင့်တိရ စ္ဆာန်များအကြား ၅၂၈ တစ်သွယ်၊ ၁၅၀၀ တစ်မျိုးဖြင့်တည်ရှိ ဖြစ်ပေါ်နေပါတယ်...ကျွန်တော်တွေးမိသလောက်ပေါ့...။

၅၂၈ မေတ္တာကြိုးတွေကြားမှာတော့ အချစ်က ပေးဆပ်ခြင်းနဲ့ရယူခြင်းတွေမျှတနေတယ်လို့ထင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့သူရော ရယူသွားတဲ့လူပါ အကျိုးတွေခံစားရရှိနိုင်ပါတယ်...။ အချစ်ကိုပေးလိုက်တဲ့လူက လည်းပေးဆပ်ခြင်းရဲ့ပီတိကို ခံစားရသလို ....ရယူလိုက်တဲ့သူကပါ ကျေနပ်နှစ်သိမ့်မှုကိုခံစားရပါတယ်...။ ကိုယ်က တစ်ဦးတစ်ယောက်အပေါ် ချစ်ခင်မှုလေးများပြလိုက်ရင်ဖြင့် ထိုသူမှာလည်းကျေနပ်နှစ်သိမ့်ကာ ချစ်ခင်မှုများနဲ့ပြန်လည်တုန့်ပြန်မှာမလွဲမသွေပါဘဲ...။ သက်ရောက်မှုမှာ တန်ပြန်သက်ရောက်မှုရှိသလို အချစ်မှာလည်း အပေးရှိသလို ၊ ပြန်လည်လက်ခံရတာလည်းရှိပါတယ်လို့ ထင်ပါတယ်..။ ကျွန်တော်ဆိုရင် အမေ နဲ့အဖေက ဂရုတစိုက်နဲ့ချစ်ခင်မှုလေးတွေပြလိုက်တာနဲ့ အတိုင်းမသိပျော်ရွှင်ကျေနပ်တာပဲ...။ တစ်ခါတစ်လေ အမေ့ကို စိတ်ကောက်ပါတယ်....ဘယ်လိုချော့ချော့မရပေမဲ့..နောက်ဆုံးအမေက မွှေးမွှေးတစ်ချက်ပေးလိုက်ရင်တော့ တဟီးဟီးဖြစ်ပြီး စိတ်ကောက်တာကိုပျောက်ရော...(ခုထိမွှေးမွှေးပေးတုန်း... :P)။ ချစ်ခင်မှုမေတ္တာတွေ ရဲ့စွမ်းအား တွေလို့ ဆိုရမလားဘဲ.........။

၁၅၀၀ မေတ္တာနယ်ပယ်မှာတော့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းလို့ပဲ ခံယူထားပါတယ်...။ အရင်က အချစ်ဆိုတာမကြုံတွေ့ခဲ့ဖူးသလို တစ်ကယ်ကြုံတွေခဲ့တော့လည်းတစ်သက်တာမမေ့နိုင်ခဲ့ပေါ့...။ အချစ်ကိုကြုံတွေခဲ့ရတာတော့ (၈)တန်းလောက်မှာပါ..... အရွယ်မရောက်သေးဘူး ငယ်သေးတယ်လို့ပဲ တစ်ချို့ ကပြောကြမလား..........။ တစ်ကယ်တော့အမြဲဆိုသလို သူတစ်ယောက်ကိုတွေ့နေခဲ့တာဘဲ....တစ်ကယ်လည်း ချစ်နေပြီဆိုတာသိတော့ ရင်ထဲမှာသူက နက်နက်ရှိုင်းရှိုင်းနေရာယူခဲ့ပြီ...။တစ်လျှောက်လုံး ချစ်နေခဲ့တာတွေကို ဖွင့်မပြောဖြစ်ခဲ့ပါဘူး....အမြဲအကူအညီလိုရင် လိုလိုလားလားကူညီပေးခဲ့တာဘဲ...။ "မပိုင်ဆိုင်ရရင်နေပါစေ မြင် နေရုံလေးဘဲကျေနပ်တယ်..." ဆိုတဲ့ စကားလိုဘဲ မတွေ့ရရင်တော့ တစ်ခုခုလိုနေသလို၊ မနေနိုင်မထိုင်နိုင်သလို ဖြစ်ခဲ့တာချည်းဘဲ.... ဒါပေမဲ့လည်း ရယူခြင်းမဟုတ် ပေးဆပ်နေတာကိုက ကိုယ်ရဲ့အချစ်ကိုဖော်ပြနေခြင်းဘဲ...။ ဦးထီး သီချင်းထဲကလိုဘဲ..... ငယ်ချစ်ဦးမို့ ခုထိတိုင်မမေ့နိုင်သေးပါဘူး..............။ ဒါကြောင့်မို့ အချစ်ဆိုတာ ကျွန်တော်အတွက်တော့ပေးဆပ်ခြင်းပါလို့ ပြောရင်း.. Tag Game လေးရဲ့အချစ်ဆိုတဲ့မေးခွန်းလေးကို ဖြေကြား လိုက်ပါရစေဗျာ............။