Wednesday, December 31, 2008

ကြည့်မိတဲ့ရုပ်ရှင်

ခုရက်ပိုင်း အလုပ်တွေလည်းများနဲ့ စာတစ်ဖက်နဲ့ ဘလော့ရေးတဲ့ဘက်တောင် မလှည့်နိုင်ဘူး..(ဘလော့ပဲလည်နိုင်တယ်.. ဟာဟ)။ ရုပ်ရှင်နဲ့အခွေကြည့်ဖို့ဆိုရင် ဝေလာဝေးပေါ့ဗျာ... အိမ်ပြန်ရောက်တာနဲ့ ရေချိုးပြီး ဘလော့တွေခဏလည်ပြီး တန်းအိပ်တော့တာဘဲ..။ သီချင်းတောင် သွားရင်းလာရင်းနဲ့ လမ်းမှာအပျင်းပြေ နားကြပ်ထိုးမှဘဲ နားထောင်ဖြစ်တယ်..။ ဒီတစ်ရက် နှစ်ရက် နည်းနည်း အားနေတာနဲ့ ရုပ်ရှင်လေးတွေကြည့်ဖြစ်ပါတယ်...။ ကြည့်တယ်ဆိုကာကည်း cinema မှာကြည့်တာမဟုတ်ပါဘူး.. online ကနေဘဲကြည့်တာပါ..။ ရုံတွေမှာ တင်တာမကြာသေးတဲ့ ကားတွေဆိုသိပ်မကြည်တတ်ပေမဲ့.. အရင် ၁ နှစ် ၂ နှစ် လောက်ကကားတွေဆိုရင်တော့ quality တော်တော်ကောင်းပါတယ်...။

ပထမကြည့်မိတဲရုပ်ရှင်က Nanny McPhee ဆိုတဲ့ဟာသကားလေးပါ...။


ကလေး (၇)ယောက်ရှိတဲ့ Singleဖခင်က အလုပ်တစ်ဖက်နဲ့မို့ မျောက်ရှုံးအောင် အပိုးမသတ်နိုင် ဆော့ကြတဲ့ ကလေးတွေကိုမထိန်းနိုင် ... ။ နာနီ တစ်ယောက်ပြီးတစ်ယောက်ပြောင်းပြေးလောက်အောင် သောင်းကျန်းတဲ့ ကလေးတွေ Nanny McPhee နဲ့တွေ့တဲ့အခါမှာ..........
ဆက်ပြီးတော့မပြောတော့ဘူး Movie လေးပဲကိုယ်တိုင်ကြည့်လိုက်ပါတော့...
လင့်တွေကဒီမှာပါ.. ပထမပိုင်းဒုတိယပိုင်း

နောက် ကြည့်မိတဲ့ကားလေးက တော့ The Polar Express ပါ။


ဒီကားလေးကို တော်တော်ကြိုက်ပါတယ်..။ Animation ဖန်တီးထားတာတွေရော အသံဖန်တီးမှုတွေပါ တော်တော် ကောင်းပါတယ်...။ ဒီလို ဒီဇင်ဘာအချိန်ဆို အမြဲကြည့်ဖြစ်တဲ့ ရုပ်ရှင်ဆိုလည်း မမှားပါဘူး..။ ခရစ္စမတ်အကြိုညမှာ ကလေးတစ်ယောက် အိပ်နေတုန်း အိမ်ရှေ့ကို The Polar Express ဆိုတဲ့ရထားကြီးဆိုက်လာ.... ၊ ခရစ္စမတ်အမီ မြောက်ဝင်ရိုးစွန်းသွားတဲ့ ခရီးမှာ ဘယ်လိုစွန်းစားစရာတွေကြုံမယ်ဆိုတာတော့ ... ......... ကျွန်တော်မပြောတော့ပါဘူး...။
ရုပ်ရှင်ကြည့်ဖို့လင့်လေးပါ... The Polar Express

ဒါလေးကတော့ Polar Express မှာပါတဲ့ When Christmas Comes to Town ဆိုတဲ့သီချင်းလေးပါ..။ သဘောကျလို့ ခဏခဏနားထောင်ဖြစ်ပါတယ်..။ အားလုံးပဲ ရုပ်ရှင်ကြည့်နိုင်... အဲ အပန်းပြေနိုင်ကြပါစေရဲ့..။

Friday, December 26, 2008

အမှတ်တရဆောင်း

ခုရက်ပိုင်း စိတ်ထဲမှာဘာတွေဖြစ်နေလည်း ဆိုတာကျွန်တော်ကိုယ်တိုင်တော့ မသိတော့ဘူး...။ တစ်ခါခါ အိမ်ပြန်ချင်သလို.. တစ်ခါခါလည်း အရမ်းလွမ်းသလို ဆွေးသလိုခံစားရယ်.. ဘာကိုလွမ်းတာလည်းကိုယ် ကိုယ်တိုင် မသိဘူး..။ စာတွေရေးချင်ပေမယ့် စာရေးဖို့ကြံလိုက်တိုင်း အတွေးတွေနဲ့ မျောနေလိုက်တာ အချိန်သာကုန်ရော တစ်ကြောင်း နှစ်ကြောင်းလောက်သာရေးဖြစ်တယ်..။ တွေးတယ်ဆိုတာကလည်း နက်နက်နဲနဲမဟုတ်ရပါ.. ဟိုတွေး ဒီတွေးနဲ့ပါ... .. တခါတလေ ကျောင်းတက်ခဲ့တဲ့ အထက်တန်းကျောင်းသားဘ၀ ၊ ကျူရှင်တက်ပြီး ဆရာတွေသူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့ဘ၀ ပြီးတော့ ငယ်ငယ်ကကျောင်းတက်ခဲ့တဲ့အချိန်တွေကို ပြန်သတိရနေမိတယ်...။ ဘာဖြစ်လို့လဲတော့မသိဘူး... ခုနှစ်ပိုင်းအတွင်းမှာ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေက ခေါင်းထဲမှာ တဖြည်းဖြည်းနဲ့ ကွက်ကွက်ကွင်းကွင်းပေါ်လို့လာတယ်..။

(၁၉၉၄)ခုနှစ်ဆိုတော့ ကျွန်တော် မူကြိုစတက်တဲ့အရွယ်ပေါ့.. တက်တာက တောင်ကြီးက ဒေါ်ကြီးဒေါ်ငယ်လို့ခေါ် တဲ့မူကြိုမှပါ...။ မူကြိုစတက်တော့ သူငယ်ချင်းတွေစရ ပျော်စရာလည်းကောင်း မူကြိုကဆရာမတွေကိုလည်း ကြောက်ရနဲ့ ပြန်တွေးရင် ရင်ခုန်စရာတော့အကောင်းသား..။ ကကြီး ကခွေး အေဘီစီဒီ ရေး ၊ ကဗျာတွေလိုက်ဆိုနဲ့ ပျော်စရာကောင်းပါတယ်..။ မှတ်မှတ်ရရကတော့ မူကြိုမှာ သဘောကောင်းတဲ့ဆရာမငယ်ငယ်ချောချော (ဆံပင်တိုနဲ့) ၊ ပြီးတော့ ဆရာမ၀၀(ဆံပင်ကောက်နဲ့) ရယ် ကဗျာတွေဆိုတဲ့ခါ Accordion ကြီးတီးပြီးကဗျာတွေလိုက်ဆိုပေးတဲ့ အသက်ကြီးကြီး ဆရာမကြီးတစ်ယောက် ကိုတော့ ကောင်းကောင်းမှတ်မိနေပါတယ်..။ Christmas ဆိုရင်လည်း ကျောင်းမှာ ပူဖောင်းတွေ ၊ christmas tree တွေနဲ့ သီချင်းတွေဆိုကြနဲ့ပျော်စရာလည်းကောင်း ကျွန်တော့်ပူဖောင်းပေါက်သွားလို့ ငိုမဲ့မဲ့ဖြစ်ရသေးတယ်.. (ကျွန်တော် ခရစ်ယာန်ဘာသာဝင်မဟုတ်ပါ)။ ကျောင်းဆင်းချိန်ရောက်ပြီဆိုရင်လည်း အိမ်ကလာကြိုမှာကို အပေါက်ဝလေးမှာတန်းစီပြီး မျှော်ကြနဲ့ တကယ့်ကို အမှတ်ရစရာအချိန်တွေပါ...။

သူငယ်တန်းစတက်တော့ ကျောင်းစိမ်းလေးနဲ့ ရေဗူးလေးနဲ့ ထမင်းဗူးလေးနဲ့ (တကယ်တော့ ကျောင်းမတက်ချင်ပါဘူး) ကျောင်းကိုရောက်သွားတော့ ရွယ်တူကောင်လေး ကောင်မလေးတွေတော်တော်များများတော့ရောက်နေကြပြီ....။ ဆရာမချပေးတဲ့နေရာမှာ ၀င်ထိုင်ပြီး အပြင်ကို မျက်လုံးလေး ကလည်ကလည်နဲ့ကြည့်တော့ အမေကလက်ပြနေတယ်..။ သူများတွေကိုလည်း ကြည့်ရသေးတယ်.. ဘယ်သူကဘာရေဘူးလည်း ဘာကျောပိုးအိတ်နဲ့လည်းပေါ့...။ ကျောင်းလည်းတက်လို့ အမေလည်းပြန်သွားရော အစကတည်းက ငိုမဲ့မဲ့ဖြစ်နေတဲ့ကျွန်တော် ဗြဲပါလေရာ.. အဲဒီနောက်ကျန်တဲ့လူတွေပါ လိုက်ငိုကြလို့ ဆရာမခမျာ ကပျာကယာ အမေတွေကိုလိုက်ခေါ်ရတာကို မှတ်မိသေးတယ်..။ နောက်ရက်ပိုင်းကျတော့လည်း သူ့ဟာနဲ့သူ အဆင်ကိုပြေလို့ .. သူငယ်ချင်းတွေနဲ့(ကောင်းလေးတွေရော ကောင်မလေးတွေရော ) ဆော့ပြီး ကောင်မလေးတစ်ယောက်ကို လိုက်ဖမ်းရင်းနဲ့ သွားဆွဲလိုက်တာ ဟိုကငိုပါလေရော...။ ဘာရမလဲ ဆရာမကလည်း ငါးချောင်းပူးသစ်သားပေတံနဲ့ ဆော်တာပေါ့... အဲဒီနေ့ကိုလည်းမမေ့ဘူး...။

(၁)တန်း (၂)တန်း လည်းရောက်တော့ အတန်းထဲကလူတွေအားလုံးနဲ့လည်း ခင်နေပြီ... တစ်တန်းလုံးကလည်း အဖြူဆိုအဖြူ အမည်းဆိုအမည်းညီနေကြပြီ....။ မိုးတွေရွာ စာမသင်တဲ့နေ့တွေဆိုလည်း အားလုံးစာရေးခုံအောက်ကိုဝင် ငြိမ်ကုပ်နေကြပြီး မိုးချိမ်းလိုက်တာနဲ့ အသံပေါင်းဆုံနဲ့အော်ကြတာ ဆရာမတောင် ထိန်းမနိုင်လို့ လွှတ်ပေးထားတယ်။ လျှောစီးရင်လည်း အရှိန်နဲ့ ပြီး ပြန်တက်ရင်လည်း လှေကားကတက်တာမဟုတ် လျှောကို စောက်ထိုးပြန်တက်တာ.....။ တစ်တန်းလုံး အုပ်စု နှစ်စုခွဲပြီး စိန်ပြေးလိုက်တိုင်းကစားတာလည်း တော်တော်ပျော်စရာကောင်းတယ်... သစ်ပင်အောက်မှာ သုံးယောက်လောက်က စခန်းကိုစောင့် ၊ မိတဲ့လူကို စခန်းမှာချုပ်ထား ၊ ပြေးတဲ့လူတွေက အုပ်စုလိုက်လာကယ်၊ အချို့လာကယ်ရင်းနဲ့ အဖမ်းခံရ တကယ်ကို ပွဲမသိမ်း နိုင်ဘူး...။ ရှိသေးတယ် တစ်ခါတစ်လေ သူ့ဟာသူ စကားတွေပြော ၊ ကွန်ပါဘူးကို ကိုရာစနိုးတွေလိမ်းပေးလိုလိမ်းနဲ့ သူငယ်ချင်းမတစ်ယောက် ၊ လက်ရေးလှလှ ဆံပင်ကောက်ကောက် လေးတွေနဲ့ ချစ်ရာကောင်းတဲ့သူငယ်ချင်းလေးတစ်ယောက် ၊ ပုဆိုးဝတ်ပြီး လူကြီးစတိုင်နဲ့ စာတော်တဲ့ သူငယ်ချင်းတစ်ယောက် ၊ အနားမှာထိုင်ပြီး စာရေးနှေးတဲ့ အမြဲအနစ်နာခံတဲ့ လုံးလုံးလေးနဲ့ သူငယ်ချင်းတစ်ယောက် ... ၊ ပြီးတော့ ပြောသမျှကိုယုံ အဟုတ်ထင်ပြီး ဟုတ်လားဟုတ်လားနဲ့ အမြဲမေးတဲ့ သူငယ်ချင်းတစ်ယောက် ၊ ပန်ပန် ပန်ပန့် ပန် ဆိုပြီး ထက်ထက်မိုးကြိုး(သူခေါ်တာပါ) ရဲ့ ရွှေစင်ကြော်ငြာကို ပီပီပြင်ပြင်လုပ်ပြတတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက် .......ပြောရရင်သူငယ်ချင်းအားလုံးပါဘဲ... အမြဲသတိရနေတာ..........။

ရေးရင်းနဲ့တော့ တော်တော်ရှည်သွားပါပြီ...။ နောက်လည်း အဆင်ပြေရင် ငယ်ငယ်တုန်းကအမှတ်တရလေးတွေကို ရေးချင်ပါသေးတယ်... ။လွမ်းစရာဆောင်းမှာ ဘာကိုလွမ်းနေမှန်းမသိလို့ ငယ်ငယ်က သူငယ်ချင်းတွေကို ဘဲလွမ်းလိုက်ပါတယ်...။ ဆောင်းမပီပြင်တဲ့ဆောင်း ကိုကြုံနေရပေမဲ့ ... တကယ့်ကို ချမ်းအေးပြီးနှင်းတွေကျတဲ့ ဆောင်းကိုလည်းတစ်နေ့တော့ကြုံချင်ပါသေးတယ်...။ မနေ့က Christmas လည်းဘာမှမလုပ်ဖြစ်ပါဘူး... ပို့မတင်ဖြစ်လို့ ဒီနေ့မှဘဲ အားလုံး Merry Christmas ပါ.. ( sorry for be lated wish).


တစ်ကယ်ကြုံချင်တာတော့ မအိမ့် ပြောတဲ့ ဒီလိုဆောင်းပေါ့...။

Monday, December 22, 2008

CHRISTMAS CARD


ဘာရယ်တော့ မဟုတ်ပါဘူး... ဒီနှစ်ရတဲ့ CHRISTMAS CARD လေးတွေပါ...။ ကျွန်တော်ကတော့ မွေးနေ့မှာဘဲ ဖြစ်ဖြစ် အထိမ်းအမှတ်၊ ဒါမှမဟုတ် နှုတ်ခွန်းဆက်တဲ့အနေနဲ့ဘဲ ဖြစ်ဖြစ် Greeting ကဒ်တွေရရင်တော်တော်ပျော်ပါ တယ်..။ ဆွေမျိုးအပေါင်းအသင်း သူငယ်ချင်းတွေရဲ့ သတိတရ ပို့ပေးကြတဲ့ ကဒ်ကလေးတွေရလိုက်တာကဘဲ သူတို့ ရဲ့ ချစ်ခင်ရင်းနှီးမှုကိုရလိုက်သလိုပါဘဲ...။ ကိုယ်တိုင်လည်း သူငယ်ချင်းမွေးနေ့ဘဲဖြစ်ဖြစ် အမှတ်တရအနေနဲ့ဘဲဖြစ်ဖြစ် Greeting card တွေကို မမေ့မလျော့ သတိတရ ပို့ပေးတတ်ပါတယ်.. ...။ ကဒ်ကလေးမှာ ဆုတောင်းလေးရေး၊ လက်မှတ်လေးထိုး၊ လိပ်စာရေး တံဆိပ်ကောင်းလေးကပ်ပြီး စာပို့လိုက်တာဟာ ကျွန်တော့်အတွက်တော့ စိတ်ချမ်းသာခြင်း တစ်မျိုးပါဘဲ...။ တကယ်လို့များ စိတ်ညစ်နေမယ်..၊ အထီးကျန်ခံစားနေရမယ်ဆိုရင် .. ကိုယ်ချစ်တဲ့ သူတွေဆီ သာကြောင်းမာကြောင်းမေးလို့ ကိုယ့်ရဲ့ ဂရုစိုက်ကြင်နာမှုတွေကို ကဒ်လေးတွေကတစ်ဆင့်ပေးပို့လိုက်ပါ။ ကိုယ်ရင်ဖွင့်ချင်တဲ့အကြောင်းလေးတွေလည်း တစ်ခါတစ်ရံတော့ပါမှာပေါ့...။ ကဒ်လေးပို့ပြီးတဲ့နောက် စိတ်လွတ်လပ်ပေါ့ပါးမှုတွေကို ခံစားရမှာဖြစ်သလို ကိုယ်ကကဒ်ကလေးတွေ ပြန်ရတဲ့အခါမှာလည်း ရရှိမယ့် ပျော်ရွှင်မှုကြည်နူးမှုဟာလည်း အတိုင်းမသိဖြစ်မှာပါ......။

Sunday, December 21, 2008

ကျေးဇူးပါမေမေ..

ဒီကဗျာလေးကို အရင်တုန်းကလုပ်ထားတဲ့ ဘလော့မှာတင်ဖူးပါတယ်..။ ဘလော့ပျက်သွားလို့ ကဗျာလေးလည်းပျောက်သွားပါတယ်...။ တော်သေးတယ်.. Saved လုပ်ထားလို့ပေါ့....။ ခုတလော အမေ့ကို သတိရနေလို့ ဒီကဗျာလေးကဘဲ အမေ့အလွမ်းပြေပေါ့...။


ကျေးဇူးပါမေမေ

မွေးဖွားပြီးချိန်မှစပြီး နို့ချိုတိုက်ကျွေး
အသက်ဆက်ပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

ငယ်ငယ်က ချော့တစ်ခါခြောက်တစ်လှည့် စိတ်ရှည်ရှည်နဲ့
သင်ကြားပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

မူလတန်းမှစ အထက်တန်းဆုံးသည်ထိ
အမြဲကျောင်းကြိုပို့ပေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ
လာမကြိုနိုင်တဲ့နေ့တွေမှာ..အမေဟာနေမကောင်းဖြစ်နေခဲ့တာပါ....

ဟင်းဂျီးများတဲ့ကျွန်တော့်အတွက်..တစ်နေ့တစ်မျိုး
မရိုးရအောင်ချက်ကျွေးခဲ့တဲ့အတွက်....ကျေးဇူးပါမေမေ

ဖျားနာတဲ့အခါတိုင်းလည်း..ဂရုတစိုက်
ပြုစုစောင့်ရှောက်ပေးတဲ့အတွက်.....ကျေးဇူးပါမေမေ
ကျွန်တော်နေမကောင်းဖြစ်တဲ့ညတွေဟာ..အမေ့ရဲ့အိပ်မပျော်တဲ့ညများပါ....

ဘ၀မှာထူးချွန်ဖို့ရာအတွက်..ပညာအမွေပေး
သင်ကြားပျိုးထောင်ပေးတဲ့အတွက်..ကျေးဇူးပါမေမေ

အမေ့ကြောင့်သာ..ကျွန်တော့်ဘ၀ဖြစ်တည်လာတာပါ...

ဘာတွေဘယ်လိုဘဲပြောပြော..
ဒီလောကကြီးမှာ..ကျွန်တော့်ဘ၀အတွက်
အားကိုးအားထားရာ၊ချစ်မြတ်နိုးရာ
အနှိုင်းမဲ့..မိခင်ဖြစ်ပေးတဲ့အတွက်
ကျေးဇူးပါမေမေ......။

Friday, December 19, 2008

သက်ဆုံးတိုင်

မခေါင်ရဲ့ဘလော့မှာ နေချင်တာမင်းအနားဆိုတဲ့ပို့စ်လေးဖတ်ပြီး.. တကယ်ကိုလွမ်းလွမ်းဆွေးဆွေးဖြစ်သွားတယ်..။ ကျွန်တော့် သက်ဆုံးတိုင် နေနေချင်တာကလည်း ချစ်တဲ့တောင်ပိုင်းရှမ်းပြည်ပါ...။ (Photo source : Google, တောင်ကြီးချယ်ရီမြေ)


Thursday, December 18, 2008

ပြန်ဆုံခွင့်



ခန္ဓာဝိဥာဉ်တို့ လွင့်ပြယ်ရင်တောင်
ဒီအချစ်တို့ ဆက်လက်တည်မြဲမယ်...။

အမြဲလန်းဆန်းတဲ့ပန်းတွေ ညှိုးနွမ်းခဲ့ရင်တောင်မှ
နက်ရှိုင်းတဲ့ခံစားချက်တွေကတော့
ထာဝရဖြစ်ခြင်းမှာ တည်နေလိမ့်မယ်...။

ဝေးလွန်းလှတဲ့ ခရီးလမ်းမှာတော့
နူးညံ့တဲ့ လေပြေညှင်းနဲ့အတူ
ဦးတည်ရာမဲ့ လျှောက်သွားမိပါရဲ့...။

တသည်းသည်းရွာနေတဲ့ မိုးကတော့
ညှိုးရော်လို့နေတဲ့ ပန်းတွေရဲ့အလွမ်းတွေကို
စွတ်စိုမှုတွေနဲ့ နှစ်သိမ့်ပေးနေလေရဲ့...။

ဘ၀အဆက်ဆက်က မျက်ရည်တွေကတော့
ခမ်းခြောက်လို့နေတဲ့ ကိုယ့်နှလုံးသားကို
စိုနစ်စေခဲ့ပြီ....
အကြိမ်ကြိမ် ကိုယ်ဖြစ်တည်ခဲ့ရင်တောင်မှ
ဘယ်ဘ၀မှများ မင်းနဲ့ဆုံနိုင်ဦးမလဲ....။

အခါခါတောင်းခဲ့တဲ့ ဆုတွေကတော့
ကြယ်တာရာညကောင်းကင်မှာ ပျံ့လွင့်လို့နေခဲ့ပြီ...
တောင်းဆုတွေမပြည့်ခဲ့ရင်တောင်
ကိုယ်ကျေနပ်ပါတယ်...
တကယ်လို့များ မင်းနဲ့ပြန်ဆုံနိုင်ရင်ပေါ့...။

နှစ်ရာထောင်ချီနေတဲ့ အလွမ်းတွေ
လောကရဲ့တေးသွားတွေမှာ
ပျံ့ဝင်နေလိမ့်မယ်....
ပြန်လည်ဖြစ်တည်တဲ့တစ်နေ့
ဖူးစာမှန်လို့သာ
မင်းနဲ့ပြန်ဆုံနိုင်ပါရစေ....။

(ဓာတ်ပုံကို google မှရှာယူပါသည်)

Sunday, December 14, 2008

စားမယ်သောက်မယ်

ဒီနေ့ ညနေဘက်စားဖြစ်တာလေးပါ...။ တစ်ခါတစ်လေ ခပ်ပေါ့ပေါ့ဘဲ စားချင်လာရင် ဒီလိုအပြုတ်မျိုးလေးဘဲသွားစားဖြစ်ပါတယ်..။ ဒီမှာတော့Yong Tau Fu လို့ခေါ်ပါတယ်..။ ဟင်းသီးဟင်းရွက်တွေနဲ့ အသားလုံး၊ငါးဆုပ်လုံး စတာတွေကို ပြုတ်ပြီး ထမင်း၊ကြာဆံ ဒါမှမဟုတ်ရင် ခေါက်ဆွဲနဲ့ ပဲဖြစ်ဖြစ် စားကြတာပါ...။ အရည်နဲ့ရော ဆီချက်ခေါက်ဆွဲလိုပါလုပ်စားကြပါတယ်..။ ရောက်ခါစကတော့ ဘယ်လိုစားစား အရသာကို မရှိပါဘူး.. ဘာမှလည်းမပါဘဲ ဒီအတိုင်းချည်းဘဲပြုတ်ထားတာကိုး (စွပ်ပြုတ်ရည်ကတော့ ဘာနှင့်လုပ်မှန်းမသိပါ)။ နောက်ပိုင်း တဖြည်းဖြည်းနဲ့မှ ကြိုက်လာတာပါ...။ ဆိုင်တိုင်းရဲ့ရှေ့မှာ ဗန်းလေးတွေနဲ့ ထည့်စားမဲ့ အသီးအရွက်နဲ့ အသားလုံးစတာတွေကို စီစီရီရီထားပါတယ်။ ပန်းကန်လေးတစ်ချပ်နဲ့ ကိုယ်ကြိုက်ရာကို ရွေးပြီးတဲ့နောက် ဆိုင်ကလူကိုပေးလိုက်ရုံဘဲ .. ထမင်းနဲ့လား ကြာဆံ၊ခေါက်ဆွဲ နဲ့လားဆိုတာကို ပြောလိုက်ရုံပါဘဲ...။ ပြီးတော့ ဆိုင်ကပေးတဲ့ အချဉ်ရည် သို့မဟုတ် ပဲငံပြာရည်နဲ့ တို့စားလို့ရပါတယ်..။


ကျွန်တော်ကတော့ အရွက်မကြိုက်လို့ မထည့်ဖြစ်ဘူး...။ ထမင်းနဲ့စားရတာ နည်းနည်းပေါ့လို့ ကြာဆံနဲ့စားဖြစ်ပါတယ်..။ ဒီပုံကတော့ ကိုယ်တိုင် ရိုက်လာတာပါ... ။ ဒုတိယဓာတ်ပုံကတော့ GOOGLE ကနေရှာထားတာပါ...။ ကြောက်လို့ ကြောက်လို့ ကြိုပြောထားရတာ :D

Friday, December 12, 2008

Along Orchard Road


ဟိုတစ်နေ့ က သူငယ်ချင်းတွေနဲ့အတူ Orchard လမ်းမတစ်လျှောက် လျှောက်လည်ဖြစ်ခဲ့ကြပါတယ်။ မရောက်တာ လည်းကြာ ပြီးတော့ Christmas အကြို deco တွေလည်း ကြည့်ချင်တာနဲ့ပဲ ညနေ(၆)နာရီ
လောက် city hall မှာလူစုပြီး Orchard ဘက်ချီတက်ခဲ့ကြပါတယ်...။ လမ်းတစ်လျှောက်ကြည့်စရာတွေကတော့ အများသား အလှဆင်ထားတဲ့အဆောက်အအုံတွေရော ၊ မီးလုံးတွေမီးဆိုင်တွေနဲ့ အလှဆင်ထားတာတွေရော..၊ ကောင်မလေးတွေရော..အဲလေ.. အားလုံးကို လင်းလက်တောက်ပနေတော့တာဘဲ...။ ကျွန်တော့်အမြင် အရတော့ဒီတစ်နှစ် Orchard လမ်းမက အရင်နှစ်ကလောက် အပြင်အဆင်တွေကသိပ်မပေါ်လွင်သလို ၊ သိပ်ပြီးအသက်မ၀င် လှသလိုဘဲ...(ထင်တာပြောတာပါ)။ ဓာတ်ပုံနည်းနည်းတော့ ရိုက်လာခဲ့တယ်..။ လူတွေများနေတာကြောင့် သေသေချာချာတော့မရိုက်ဖြစ်ခဲ့ဘူး။


ဟာ...ဓာတ်ပုံရိုက်နေပါတယ်ဆိုမှ ၀င်တိုက်ခံလိုက်ရတယ်..။ လက်တောင်လှုပ်သွားပြီး.. ပုံမကောင်းတော့ဘူး။



Plaza Singapura အနားမှရိုက်ထားတာ...။



Angel လေးများ........


Paragon ရှေ့မှာ......


Tangs ရှေ့က အိမ်ကလေးတွေ ....



အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ...။

အတွေး


~
ဟန်ဆောင်ပြုံးပြရတဲ့ ဘ၀ တကယ်ပင်ပန်းတယ်...။

~ ရှေ့ဆက်ဖို့လား အင်းပေါ့..... ဒါပေမယ့် ဘယ်တော့မှ ရှေ့မဆက်တော့ဘူး ကြောက်လှပြီ....။

~ ဘာမှမဖြေရှင်းချင်ဘူး ... ဖြစ်ချင်တဲ့အတိုင်းသာ ဖြစ်စေတော့........။

~ ဘာမှမတွေးချင်ဘူး အဝေးဆုံးတစ်နေရာကိုသာ ထွက်သွားချင်တယ်...။

~ ပြန်မရောက်နိုင်တော့တဲ့ အတိတ်ကနေရာ မရောက်ရောက်အောင်ပြန်သွားမယ်..။

~ ဘ၀ဆိုတာလား တော်တော်ခါးသီးနေခဲ့ပြီ....။

~ အားလုံးပျော်ရွှင်နေချိန်မှာ ကိုယ်သာစိတ်ညစ်နေရမယ်ဆိုရင်တော့ ဒီဘ၀ ဒီတင်ဘဲ အဆုံးသတ်လိုက်မယ်...။

~ အမေ့ကို အသက်ထက်ပိုချစ်တယ်...။

~ ကျွန်တော် ရူးနေပြီ ထင်တယ်..။

Sunday, December 7, 2008

နှစ်သက်မိသောကဗျာများ...

ခုတစ်လော ပို့စ်အသစ်တွေမရေးဖြစ်တာလည်း တော်တော်ကိုကြာနေပါပြီ...။ ဘာတွေရေးရမှန်းလဲမသိဘူးဗျာ..။
အတွေးကိုမထွက်တာ....။ အဲဒါနဲ့ဘဲ.... ဆားချက်မလို့ကြံ ..အဲလေ.. ပို့စ်အသစ်တစ်ပုဒ်တင်ဖို့ ကြံမိပါတယ်.......။
ဘလော့တွေ အမြဲလည်ဖြစ်တော့(ပို့စ်သာမရေးတာ) တော်တော်များများ ခုလောလောဆယ် နှစ်သက်မိတဲ့ ကဗျာ အကြောင်းလေးတွေ ရေးတာ တွေ့တော့ ဒီပို့စ်ကို တင်ဖြစ်တော့တာဘဲ...။ ဆားချက်တယ်လို့တော့ ပြောပါနဲ့ဗျာ....။


~~~~~~~~~~~~~~~~
အိမ်

ညမှာ
ဘာမှမရှိတဲ့ကောင်းကင်ထဲ
ကြယ်ကလေးတစ်လုံဖြစ်ချင်တယ်။

အဲဒီလိုဖြစ်ခဲ့ရင်
အိပ်ပျော်နေတဲ့ ငါ့မြို့လေးကို
အိပ်ပျော်နေတဲ့ ငါ့အိမ်လေးကို
ဖွေရှာရင်..
အလွမ်းတွေထိန်းမရတဲ့အခါ
တိတ်တဆိတ် ကြွေဆင်းလာချင်တယ်..။

မိုးခင်ခင်(မဟာဝိဇ္ဇာ)

ဒီကဗျာလေးကိုတော့ အမြဲလိုလိုစိတ်ထဲ သတိရနေတယ်... အိမ်ကိုလွမ်းတဲ့အခါတိုင်းပေါ့။ တစ်ခါတစ်လေ Gtalk custom message မှာတောင်တင်ထားပါတတ်ပါတယ်..။ ခံစားမှုတွေထပ်တူကျ တဲ့ကဗျာလေးပါ...။

~~~~~~~~~~

သတ္တိခွန်အား ရှိစေချင်သည်
မြတ်စွာဘုရားသခင်
ဘေးအန္တရာယ်အပေါင်း၏
လွတ်ကင်းရာမှ ကျွန်ုပ်ခိုလှုံပါရစေကြောင်း
ဆုမတောင်းမိပါစေနှင့်၊

ထို အန္တရာယ်ရင်ဆိုင်ရသည့်အခါ
အကြောက်အရွံ့ မဲ့သူဖြစ်ဖို့ ဆိုတောင်းမိပါရစေ။

ကျွန်ုပ်
ဆင်းရဲဝေဒနာကို လျော့ချဖယ်ရှားဖို့
ကျွန်ုပ်မတောင်းဆို မိပါစေနှင့်၊
ထိုဝေဒနာကို
ခံနိုင်သည့် အောင်နိုင်သည့် နှလုံးသား သာရှိပါရစေ။

ကျွန်ုပ်
ရင်ဆိုင်နေရသော ဘ၀တိုက်ပွဲများတွင်
စစ်ကူမဟာမိတ်များကို
မတမ်းတ၊ မရှာဖွေမိပါစေနှင့်
ကျွန်ုပ်
ကိုယ်တိုင် ကိုယ့်ကိုကိုယ်သာ အားကိုးမိပါရစေ။

ကျွန်ုပ်
အကြပ်အတည်းမှ ကယ်ဆယ်ပေးပါရန်
မမြည်တမ်းပါရစေနှင့်၊
ကျွန်ုပ်
ကိုယ်တိုင် လွတ်မြောက်မှုကို
စိတ်ရှည်စွာ အောင်နိုင်သူဖြစ်ဘို့
မျှော်လင့်ပါရစေ။

ကျွန်ုပ်အောင်မြင်ချိန်တွင်လည်း
သင်၏ဂရုဏာတော်ကို ခံစားသည့်
သူရဲဘောနည်းသူ မဖြစ်ဖို့၊
ကျွန်ုပ်
ကျရှုံးလျှင်လည်း သင်လက်၏ ဆုပ်ကိုင်မှုကို
ရှာဖွေတွေ့သူဖြစ်ဖို့
ကျွန်ုပ်အား ခွန်အားကိုသာ ပေးသနားပါ။

စာရေးဆရာမ ဂျူး ဘာသာပြန်ထားသော တဂိုး၏ကဗျာ
(မနိုင်းနိုင်း စနေဘလော့မှ ကူးယူဖော်ပြသည်)

ဒီကဗျာကတော့ စိတ်ဓာတ်တွေကျနေချိန်မှာ အမြဲဖတ်ဖြစ်တဲ့ ကဗျာတစ်ပုဒ်ပါ...။ ဒီကဗျာဖတ်တိုင်း မယိုင်မလဲ ကြံ့ကြံ့ခံ ကိုယ့်အား ကိုယ်ကိုး လိုစိတ်တွေ ဖြစ်ပေါ်လာစမြဲပါ....။ စာဖတ်သူတွေကို လဲ မျှဝေချင်လို့ပါ...။

~~~~~~~~~~~~

နောက်ဆုံးတစ်ပုဒ်က (၁၀)တန်းတုန်းက အင်္ဂလိပ်စာမှာသင်ရတဲ့ကဗျာလေးပါ...။ အေးချမ်းတဲ့ဘ၀လေးအကြောင်း စပ်ထားတာပါ...။ အဲဒီကဗျာထဲကအတိုင်း ဘ၀မှာနေနိုင်ရင် ဘယ်လောက် ကောင်းလိုက်မလဲဗျာ...။


The Quiet Life

Happy the man whose wish and care
A few paternal acres bound,
Content to breathe his native air
In his own ground.

Whose herds with milk, whose fields with bread,
Whose flocks supply him with attire;
Whose trees in summer yield him shade,
In winter fire.

Blest who can unconcern'dly find
Hours, days, and years slide soft away
In health of body, peace of mind,
Quiet by day,

Sound sleep by night; study and ease
Together mixt, sweet recreation,
And innocence, which most does please
With meditation.

Thus let me live, unseen, unknown;
Thus unlamented let me die;
Steal from the world, and not a stone
Tell where I lie.

Alexander Pope

Monday, December 1, 2008

Sweet December


ပျော်ရွှင်စရာကောင်းသော ဒီဇင်ဘာနေ့ရက်တွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ဗျာ....။ ဒီဇင်ဘာ တစ်လလုံးတော့ အမှတ်တရတွေနဲ့ ပြည့်နေမယ်ထင်ပါရဲ့....။
"CHRISTMAS" နှင့်အတ"HAPPY NEW YEAR" လည်း ရှိသေးရဲ့....။ အားလုံးပျော်ရွှင်ချမ်းမြေ့ကြပါစေ....။