Showing posts with label ခရီးသွားမှတ်တမ်း. Show all posts
Showing posts with label ခရီးသွားမှတ်တမ်း. Show all posts

Saturday, April 19, 2014

ချစ်သော ပုဂံမြေ

      
       ဧပြီလဆန်းပိုင်းက ကိုယ်တိုင်အစီအစဉ်မရှိဘဲ ပုဂံမြေကိုအလည်တစ်ခေါက်ရောက်ခဲ့ပြန်ပါသေးတယ်...။ (၃)ညအိပ်(၄)ရက်ခရီးမှာ ပုဂံမှာ (၂)ညအိပ်ဖြစ်ခဲ့တယ်...။ အမျိုးအဆွေစုံစုံလင်လင်နဲ့မို့ ပျော်စရာကောင်းပြီး အမှတ်ရစရာလည်းကောင်းတဲ့ ခရီးပါ..။ ပုံတွေလည်းသိပ်မရိုက်ဖြစ်ပါဘူး... စကားတွေပြော ရီစရာတွေပြောနေတာနဲ့မို့ပါ..။ ကိုယ်ရိုက်ချင်တဲ့အမှတ်ရစရာနေရာလေးကိုဘဲရိုက်ဖြစ်ပါတယ်...။

       ရန်ကုန်ကနေ မနက်(၄)နာရီထွက်တော့ ပုဂံကိုနေ့လည်(၂)နာရီတိတိမှာရောက်ပါတယ်...။ နံနက်စာနဲ့နေ့လည်စာကိုတော့ (၁၁၅)မိုင်နဲ့ ကျောက်ပန်းတောင်းမှာစားခဲ့တယ်...။ (၂)ညအိပ်ဘဲမို့အချိန်သိပ်မရတာကြောင့် ဟိုတယ်မှာခဏနားပြီး...ဘုရားဖူးထွက်ခဲ့တယ်...။ ပထမဆုံး အာနန္ဒာဘုရား.. ဝင်ဖူးကြတယ်...။ ပြီးတော့ ရွှေဆံတော်ဘုရားသွားပြီး နေဝင်တာကိုကြည့်ကြပြီးမှာ ဗူးဘုရားကို သွားခဲ့ကြတယ်...။ ဗူးဘုရားကိုရောက်တော့ နေဝင်သွားပြီ... ဧရာဝတီမြစ်ပြင်ဟာ သောင်ပြင်ပြန့်ထူထူတွေနဲ့အတူ ငြိမ်သက်အေးချမ်းစွာ...။ ညနေစာစားပြီးမှ ရွှေစည်းခုံဘုရားဖူးပြီး..ဟိုတယ်ပြန်ခဲ့တယ်...။




 


   ဒုတိယနေ့မှာတော့ ဓမ္မရာဇကဘုရား၊လောကနန္ဒာဘုရား၊မနူဟာဘုရား၊မြစေတီ၊ကန်တော့ပလ္လင်၊သဗညု... စတဲ့ဘုရားတွေဖူးခဲ့တယ်...။ အာနန္ဒာဘုရားအနီးက စားနေက ရွှေမြန်မာ(၂) ထမင်းဆိုင်မှာလည်း မမေ့မလျော့ဝင်စားခဲ့သေးတယ်... လက်ရာကတော့ကောင်းမြဲ..။ ညနေဘက်ကျတော့ ပါလာတဲ့ ညီဝမ်းကွဲလေးနဲ့ တူမကလေး မြင်းလှည်းစီးဖူးတယ်ရှိအောင် မြင်းလှည်းနဲ့တစ်ခါထပ်ထွက်ပြန်တယ်..။ သရပါကိုနှုတ်ဆက်၊ ရွှေဂူကြီးကိုဝင်ဖူးလို့ နေဝင်ချိန်ကိုငေး၊ ဓမ္မံရံကြီးကိုတစ်ပတ်ပတ်ကာ အလိုတော်ပြည့်ဘုရားမှာ ဆုတွေတောင်းခဲ့တယ်...။




 



 ချစ်ခင်ရတဲ့သူတွေနဲ့သွားရတဲ့ခရီးမို့ တိုတောင်းပေမဲ့ အမှတ်တရရှိလှပါတယ်..။ 
 အရင်တစ်ခေါက်သွားခဲ့တာကို ဖတ်ချင်တယ်ဆိုရင်.. 

Monday, November 25, 2013

တောင်ကြီး


ဒီတစ်ခေါက် မြန်မာပြည်ပြန်တာ အချိန်သိပ်မရလို့ တောင်ကြီးမှာ (၃)ညပဲအိပ်ဖြစ်လိုက်တယ်..။ နောက်ဆုံးရက်တော့ အဘိုးအဘွားတွေကိုလိုက်ကန်တော့ဖြစ်တယ်...။ သီတင်းကျွတ်အချိန်ဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ ညဘက်ဆိုမီးရောင်စုံတွေနဲ့....။ ညဘက်တော့ လေတအားတိုက်လို့ မီးပုံးတွေလုံးဝ ထွန်းလို့မရဘူး... မီးသီးတွေဘဲထွန်းရတယ်...။


မနက်စောစာထပြီး ဒေါ်နန်းပန်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြတယ်...။ ရန်ကုန်က ရှမ်းခေါက်ဆွဲတွေစားလို့မကောင်းဘူး... အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ၄၇ လမ်းထိပ်က "နန်းထိုက်" မှာ..။ အရည်တစ်ပွဲ အသုပ်တစ်ပွဲစားခဲ့တယ်... ပဲသွေးမကြိုက်လို့ဖယ်စားတယ်... အဲဒီဆိုင်က တိုဖူးကြော် စားကောင်းတယ်.. အပြင်ကကြွပ်နေပြီး အထဲမှာ အရည်ပျော်ပျော်လေးနဲ့..။


နေခဲ့တဲ့ (၃)ရက်အတွင်း မိုးမရွာဘူး သိပ်လည်းမအေးဘဲ နေသာပြီးနေလို့ကောင်းတယ်...။ အိမ်ကောင်း၊ ကားကောင်း တွေများလာတယ်...။ အဘိုးအဘွား နဲ့ ဆွေမျိုးတွေအားလုံး ကျန်းကျန်မာမာနဲ့ဘဲ....။ သွားချင်တဲ့နေရာအချို့မရောက်ဖြစ်ပေမယ့်... တွေ့ချင်သူအားလုံးကိုတွေ့ခဲ့ရလို့ ကျေနပ်ပါတယ်...။



အမိုးနီနီနဲ့အိမ်ကလေးတွေ ၊ ချယ်ရီနဲ့ စိန်ပန်းပြာတွေ၊  တိမ်တိုက်တွေအောက်က တောင်တန်းပြာတွေ အားလုံးဟာ အခုတော့ လွမ်းစရာတွေပါ..။

Wednesday, November 13, 2013

ပင်းတယ ၊ တောင်ကြီး


     တောင်ကြီးရောက်တော့ နေတောင်ဝင်လုပြီ.... အအေးဓာတ်များလည်း တစ်စတစ်စပိုကဲလာကာ
ချမ်းစိမ့်လာသည်....။ အိမ်မှာညနေစာစားပြီး.... ကားနဲ့မြို့ထဲတစ်ပတ်ထွက်လည်ဖြစ်သည်....။ စတိုးဆိုင်များ၊ အကင်ဆိုင်များနှင့် တောင်ကြီးညနေခင်းသည်စည်ကားလို့နေသည်.......။

တောင်ကြီးအဆင်း
ဟဲဟိုးအတက်လမ်း
     နောက်တစ်နေ့မနက်တော့ စောစောထပြီး ပင်းတယသို့သွားဖို့ပြင်ဆင်ရသည်...။ ပင်းတယကိုမရောက်ဖြစ်သည်မှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလကတည်းကဖြစ်သည်...အဲသည်တုန်းက ကုံလုံဆရာတော်ကြီးကိုလည်း အခွင့်ကြုံစွာဖူးခဲ့ရသေးသည်...။ ၁၂ နှစ်ကြာမှ ပင်းတယသို့နောက်တစ်ကြိမ် ရောက်ခဲ့ရပြန်သည်....။

     တောင်ကြီးအဆင်းလမ်းတစ်လျှောက်တွင် ပန်းဝါဝါလေးများနှင့် သာယာစိုပြည်နေသည်....။ တောင်အောက်ကိုလှမ်းကြည့်လိုက်လျှင်လည်း မြူတွေဆိုင်းနေသည့် အေးသာယာလွင်ပြင်ကိုမြင်နိုင်သေးသည်....။ ဟဲဟိုးအတက် ဘဝသံသရာတံတားနေရာနှင့် ဟဲဟိုးမှအောင်ပန်းအတက် ထင်ရူးပင်များစီတန်း နေသောတောင်အတက်လမ်းကလေးများကို သဘောအကျဆုံးဖြစ်သည်....။

အောင်ပန်းအတက်
အောင်ပန်းအတက်
ယူကလစ်ပင်တန်း
     အောင်ပန်းမဝင်မီ ယူကလစ်ပင်တန်းကိုမြင်တော့ ငယ်ငယ်ကအဲဒီနားမှာကားပျက်ခဲ့ဖူးတာ ကိုအမှတ်ရနေသေးသည်.... ၁၉၉၅ လောက်ကဖြစ်မည်..။ အောင်ပန်းရောက်တော့ ချယ်ရီမှာ ခဏနားမုန့်စားဖြစ်သေးသည်...။ ကုန်တင်ကုန်ချဖြင့် စည်ကားနေသော အောင်ပန်းကနေမှ ပင်းတယသို့မြောက်အရပ်အတိုင်းခရီးနှင်ခဲ့သည်...။ ပင်းတယဘက်လမ်းတစ်ကြောသည် တောင်ကုန်းများ နိမ့်ချည်မြင့်ချည်ဖြင့် သာယာလှသည်.....။ ပန်းမုန်လာ၊ အာလူး၊ ချင်း နှင့် ဂျုံစိုက်ခင်းများအကြား ရှမ်းကုန်းမြင့်ဧ။် မြေနီနီများကိုလည်း တွေ့ရသည်...။
ပန်းမုန်လာစိုက်ခင်းများ
စိုက်ခင်းများ
     ကျုံး နှင့် ပွေးလှ မြို့များကိုဖြတ်ကျော်ပြီးနောက် ၁၀နာရီခွဲလောက်ပင်းတယကိုရောက်ကြသည်....အရင်အတိုင်းမပြောင်းမလဲရှိနေဆဲဘဲ..။
ပထမဆုံး ရွှေဥမင်လိုဏ်ဂူကိုသွားခဲ့ကြသည်.. ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြား...။ အကြိုက်ဆုံးနေရာကား ရွှေဥမင်သို့ ဓာတ်လှေကားနှင့်တက်ရန် ဖြတ်သွားရတော စောင်းတန်းနေရာလေးဖြစ်သည်...။ ထိုနေရာမှ ပုန်းတလုတ်ကန်နှင့်အတူ ပင်းတယတစ်မြို့လုံးကို စီးမိုးပြီးကြည့်နိုင်သည်....။ ဟိုးအဝေးမှ တိမ်စိုင်တိမ်လိပ်များနှင့် ကောင်းကင်ပြာပြာအောက်က တောင်ကုန်းတောင်တန်းများကလည်း လွမ်းမောစရာ....။ ရာသီဥတုကတော့ မပူမအေးနှင့် နေလို့အကောင်းဆုံးဖြစ်သည်...။


ပင်းတယအဝင်

ရွှေဥမင်စောင်းတန်းမှ
ရွှေဥမင်စောင်းတန်းမှ





အလယ်ဥမင်သို့အသွားလမ်း


အလယ်ဥမင်မှ အပြန်စောင်းတန်း

     ရွှေဥမင်ဂူအတွင်းမှ ဘုရားများဖူးပြီး အလယ်ဥမင်သို့ ဆက်သွားခဲ့သည်...။ အလယ်ဂူကိုတော့ လူသိပ်မသွားကြ..နိုင်ငံခြားသားအချို့သာတွေ့ခဲ့သည်..။ အလယ်ဂူသွားရာစောင်းတန်းတစ်လျှောက် တောင်စောင်းတွေမှာ ထင်ရူးပင်များနှင့်စိမ်းစိုလို့နေသည်....။ အပြန်တော့ ဈေးတန်းမှာ လက်ဖက်စို၊လက်ဖက်ခြောက်များ နှင့် လက်ဆောင်ပစည်းအချို့ဝယ်ခဲ့သည်..။ ပင်းတယမြို့ထဲမှာတော့ ဘယ်မှမလည်ဖြစ်ဘဲ... ဦးအစိတ်ဆိုင်မှာ နေ့လည်စာစားပြီး တောင်ကြီးပြန်ခဲ့တယ်....။






     ပင်းတယအပြန်လမ်းမှာ တိမ်တွေအုံ့ဆိုင်းကာ နေရောင်ခြည်တွေဟာ  တိမ်တွေကြားကနေလှပစွာဖြာကျနေခဲ့တယ်.....။  ဆုံတွေ့ချိန်တိုင်းမှာ ကြည်နူးရပေမယ့်...  ခွဲခွာချိန်မှာတော့ နာကျင်ရစမြဲပါဘဲ...။

Tuesday, October 29, 2013

မြန်မာပြည် အပြန်တစ်ခေါက်


မြန်မာပြည်ကို ခဏတာပြန်ရောက်ခဲ့တယ်....။
ရန်ကုန်၊ ညောင်ရွှေ၊ တောင်ကြီး နဲ့ ပင်းတယ စတဲ့နေရာတွေဆီ ရောက်ခဲ့တယ်.... အားလုံးဟာ နွေးထွေးစွာကြိုဆိုလျက်။
အချိန်သိပ်မရပေမယ့် တွေ့ချင်သူ ချစ်သူခင်သူအားလုံးကို တွေ့ရတဲ့အတွက် တကယ်ဝမ်းသာပါတယ်...။

 ရွှေတိဂုံ


 ဟဲဟိုး အဆင်း

ရန်ကုန်မှာ တစ်ရက်နေပြီး နောက်တစ်ရက် တောင်ကြီးကိုဆက်သွားခဲ့တယ်... ဟဲဟိုးလေယာဉ်ကွင်းကတော့ အရင်အတိုင်း မပြောင်းလဲ..။ လေယာဉ်အဆင်း တောင်တန်း တောင်ကုန်းတွေနဲ့ မြေနီနီစိုက်ခင်းတွေကို ပြန်တွေ့လိုက်ရချိန် စိတ်ခံစားမှုတွေဟာ ပြောမပြတတ်အောင်ပဲ....။


 
 ညောင်ရွှေအဝင်

 တောင်ကြီးမတက်မီ ဟဲဟိုးကနေ ညောင်ရွှေသို့ အရင်သွားခဲ့တယ်... မတွေ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အမျိုးအဆွေများကိုလည်း ဝမ်းပန်းတစ်သာပြန်တွေ့ရတယ်...။
ဖောင်တော်ဦးဘုရားပွဲအချိန်မို့ ညောင်ရွှေမြို့ဟာ အသက်ဝင်စည်ကားလို့နေတယ်...။ ကမ္ဘာလှည့်ခရီးသွားတွေလည်း အများအပြား...။ 

 ညောင်ရွှေမှအပြန်


တောင်ကြီးအတက်လမ်း

ညောင်ရွှေကအပြန်မှ တောင်ကြီးဆက်တက်ခဲ့တယ်.... နေဝင်ချိန်မို့ရှုခင်းတွေက လွမ်းစရာပါ...။ တောင်အတက်မှာ လေအေးအေးလေးတွေတိုက်နေခဲ့တယ်... တဖြည်းဖြည်းနဲ့ အေးစပြုလာပြီ။ အိမ်ကလူတွေလည်း မျှော်လှရောပေါ့...။
ကားလမ်းတွေအဆင်ပြေချောမွေ့ဖြောင့်ဖြူးပြီး ရာသီဥတုလည်း ကြည်လင်သာယာနေခဲ့တယ်...။

Saturday, November 19, 2011

မြန်မာပြည်ခရီး - ၁၀ (ဟိုပုံး ထမ်ဆမ့်ဂူ)

အခု ခရီးစဉ်အမှတ်(၁၀)ရေးမလို့လုပ်တုန်း ဘယ်မှာဆုံးထားသလဲလို့ အမှတ်(၉)ကိုပြန်ကြည့်တော့ ဟိုးစက်တင်ဘာလကတည်းကပါလား...။ ခဏလေးလို့ထင်ထားပေမယ့် ၂လတောင်ရှိသွားပြီး..အချိန်တွေများမြန်ချက်ဗျာ..တစ်လဆိုခဏလေးဘဲ..။ ယူတားခရီးတုန်းကလို ဘကျောက်နမိတ်ဖတ်ခဲ့သလိုများဖြစ်နေသလားမသိဘူး...လဆက်ကိုဖြစ်နေတော့တယ်..။ သွားခဲ့တာတွေပြန်စဉ်းစားကြည့်ပြီး အခုချိန်တောင်ကောက်ကာငင်ကာ ပြန်သွားလိုက်ချင်တယ်..ဒီအချိန်ခရီးသွားလို့ကောင်းတဲ့အချိန်လေ..။


အင်းလေးကနေအပြန်ကျတော့မောပြီး ညဘက်အိပ်လို့အတော်ကောင်းသွားတယ်..။ နောက်တစ်နေ့မနက်ပိုင်း အိမ်မှာ သံဃာငါးပါးဆွမ်းကပ်ပြီးတော့ နေ့လည်ပိုင်းအချိန်ရနေတာနဲ့ ထမ်ဆမ့်ဂူဘက်သွားဖို့ပြင်ကြတယ်... ကြုံတုန်းတော့တစ်ခါလောက်ရောက်ဖူးအောင်သွားချင်တယ်လေ..။ နေ့လည်တစ်နာရီခွဲလောက်အိမ်ကထွက်ဖြစ်တယ်... အဲဒီအချိန်တော့ ကောင်းကင်ကမိုးသားနည်းနည်းရှိတာကလွဲလို့ ကြည်လင်နေတယ်..။ မင်းလမ်းတစ်လျှောက်ဖြတ်လာပြီးမှ ဂေါက်ကွင်းနားကနေဟိုပုံးဘက်ဆက်ထွက်ခဲ့ကြတယ်..။ တောင်ကြီးနဲ့ဟိုပုံးက ၁၀ မိုင်လောက်တော့ ဝေးမယ်ထင်တယ်...ငယ်ငယ်လေးကတည်းက အခုချိန်ထိဟိုပုံးမှမရောက်ဖူးသေးဘူး...ဂေါက်ကွင်းကျော်လို့တစ်ခါမှမသွားဖူးသေးဘူး...။





 

ဟိုပုံးဘက်အသွား တောင်အဆင်းလမ်းကသာယာတယ်...ဟိုးအောက်မှာတောင်ကုန်းလေးတွေ အိမ်ခြေတွေနဲ့ ...အဝေးမှာတော့ ထုနဲ့ထည်နဲ့တောင်တန်းကြီးတွေ... ခပ်ရိပ်ရိပ်မိုးသားအောင်မှာ လွမ်းစရာမှိုင်းညို့လို့နေတယ်...။ ဟိုပုံးမြို့အသေးလေးတစ်ခုဘဲ....အဲဒီကနေထမ်ဆမ့်ဂူကို ၁၀ မိုင်ကျော်ကျော်ဆက်သွားရသေးတယ်...။ လမ်းတစ်လျှောက် စိမ်းစိုနေတဲ့ သစ်ပင်တွေနဲ့ မြေနီနီစိုက်ခင်းလေးတွေက စိတ်ကိုအေးချမ်းစေတယ်..။ လမ်းကြမ်းတယ်လို့ လူတွေပြောကပေမယ့်...ကျွန်တော်တို့သွားတုန်းကတော့ လမ်းကောင်းပါတယ်... ကိုက်၅၀၀ လောက်လမ်းနည်းနည်းကြမ်းပေမယ့် ကျန်တာကဖြောင့်ဖြောင့်ဖြူးဖြူးပါဘဲ...။

သွားရင်းနဲ့ ဟိုပုံးကိုရင်လေးကျောင်းဘက်သွားတဲ့လမ်းခွဲလေးတွေ့တယ်...ခပ်လှမ်းလှမ်းမှာကိုရင်လေးကျောင်းရှိတဲ့တောင်ကုန်းကိုမြင်နေရတယ်...။ အတွင်းလည်းတော်တော်ဝင်ရအုန်းမှာရယ်..အချိန်မရတာရယ်ကြောင့် အ၀င်ဖြစ်တော့ဘူး..။ ဖတ်ချင်ရင်တော့ မစူးနွယ်လေး ဘလော့မှာသွားဖတ်လို့ရတယ်..ပုံတွေလည်းလှတယ်..။ အဲဒီကနေဆက်သွားပြီးတော့မှ တောင်အတက်ပြန်စပြန်ရော...သိပ်တော့မသွားရတော့ဘူး...ခဏလောက်မောင်းပြီးမှာ ထမ်ဆမ့်ဂူကိုရောက်ပါတယ်...။ တောင်အတက်လမ်းတွေကမတ်တယ်...ကုန်တင်ကားကြီးတွေတော့ဖြည်းဖြည်းမောင်းသွားနေကြတာပါ...။ ပါလာတဲ့တောင်ကြီးကကြီးတော်ကတော့ပြောတယ်...အဲဒီကစလို့တောင်အတက်တောင်အဆင်းတွေချည်းဘဲတဲ့...သူကတောင်ကြီးနဲ့ လင်းခေးအသွားအပြန်လုပ်နေကျလေ...။ အမေဖက်ကအဘွားတို့က လင်းခေးဇာတိတွေလေ..အဖေဘက်ကညောင်ရွှေ တောင်ကြီးပေါ့..။


 
 


ဂူပေါက်ဆီသွားဖို့အတွက် လမ်းမကနေကုန်းလျှောလမ်းအတိုင်းဆင်းသွားရတယ်..ကားလည်းဆင်းလို့ရအောင်ကားလမ်းလုပ်ပေးထားပါတယ်..။ ဂူကအဆင်းလမ်းအဆုံးမှာပါ...အ၀င်ကမှာ သိပ်လှတဲ့ကျောက်ဆက်ပန်းဆွဲတွေတွေ့ရတယ်...။ ဒါမျိုးအရင်က တီဗီထဲမှာဘဲတွေ့ဖူးတာ....ပင်းတယနဲ့လည်းမတူးဘူး...။ ဂူအတွင်းမှာတော့ ကျောက်ဆက်ပန်းဆွဲတွေလက်ညှိုးထိုးမလွဲအောင် တွေ့ရတယ်.....ဂူကဘေးတိုက်လည်းကျယ်တယ်..မျက်နှာကျက်လည်းမြင့်တယ်...။ အပေါ်ဘက်မှာရေတံခွန်တို့ မရှိလို့ထင်တယ်..ကျောက်ဆက်တွေကနေ ရေသိပ်မကျဘူး...။ ဂူအတွင်းမှာတော့ တစ်ချို့နေရာတွေ ရေစီးနေတယ်... တစ်ခြားရောက်ဖူးတဲ့ဂူတွေမှာလိုပဲ အေးစိမ့်မှုတော့အသေအချာခံစားရတယ်...။ 


  

 
 
ပင်းတယလိုမျိုးဘုရားဆင်းတု ရုပ်ပွားတော်တွေသိပ်များသေးဘူး...တစ်ချို့တွေထုဆစ်လို့ပြီးသေးတာတွေလည်း ရှိတယ်..။ လက်နက်ကိုင်တပ်သား တစ်ယောက်စနှစ်ယောက်စတော့ ဟိုတစ်ထောင့်ဒီတစ်ထောင့်မှာတွေ့ရတယ်...။ ဂူအတွင်းပိုင်းကတော်တော်လေးကျယ်တယ်....။ အလယ်ပိုင်းမှာတော့ မြတ်စွာဘုရား ဓမ္မံစကြာတရားဦးဟောနေပုံ ဆင်းတုတွေရှိတယ်..။ တစ်ချို့နေရာမှာ ကျောက်ဆက်ပန်းဆွဲတွေကျနေတာ...ဂူကြမ်းပြင်ကိုတောင်ထိနေတယ်....။ လမ်းအဆုံးမှာ ရေထွက်နဲ့ရေတံခွန်အနိမ့်စားလေး ရှိတယ်...ရေစီးတော့တော်တော်လေးကြမ်းတယ်...ဆက်သွားလို့မရတော့လို့သာ လမ်းဆုံးတယ်ပြောရတာ...ရေထွက်နေတဲ့အနောက်ဘက်မှာတော့ ဂူကမဆုံးသေးဘူး...။ တကယ်တော့ အခုလိုလူတွေသွားလို့ရနေတဲ့နေရာတွေက ဂူရဲ့သုံးပုံတစ်ပုံဘဲရှိသေးတယ်လို့သိရတယ်...ဟုတ်တယ် တစ်ချို့နေရာလို့ လမ်းလုပ်လို့မပြီးသေးတာတွေတွေ့ခဲ့တယ်...။

 

 
 လမ်းအဆုံး

ဂူအပြင်ဘက်မှာ ဂူအတွင်းကရေတွေနဲ့စီးနေတဲ့ချောင်းကလေးရှိတယ်...အထွက်မှာ မိုးဖွဲလေးတွေကျလာလို့ သိပ်ပြီးအချိန်မရဘူး...ထမင်းကျွေးတဲ့ဘက်လည်းမသွားဖြစ်ဘူး..စားခဲ့ပြီးပြီမို့...။ ဟိုပုံးရေထွက်ရောက်တော့ အဲဒီကကြက်ကြော်ကောင်းတယ်ဆိုလာနဲ့ အိမ်ကလူတွေစားရအောင် ၀ယ်ပြန်ခဲ့တယ်....။  ဟိုပုံးမြို့ထဲက မွေတော်ဘုရားလည်း ၀င်ဖူးခဲ့ပါတယ်...။ 

 ဟိုပုံးမြို့



အပြန်မှာတော့ မိုးတွေသည်းသည်းမည်းမည်းရွာချလာပြီ...အချိန်လည်းမစောတော့ဘူး..။ မိုးသည်းသည်းမှာ တောင်ခိုးတွေနဲ့မြူတွေဆိုင်းနေတဲ့ တောင်တန်းတွေကတော့ ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ဘူး...။ တောင်ကြီးအ၀င် လမ်းပေါ်မှာတော့မြူတွေသိပ်သိပ်သည်းသည်းကျလာပြီ...။ ကျွန်တော်ချစ်တဲ့.......တောင်ပေါ်မြေရဲ့ညနေခင်းကတော့ .......လွမ်းမောဖွယ်ရာအေးချမ်းလို့နေခဲ့တယ်..။