Monday, March 30, 2009

မမေ့နိုင်မိုး(၄)

စိုင်းတို့မြို့ကလေးသည် တောင်တွေဝိုင်းနေသော တောင်ပေါ်မြို့လေးတစ်မြို့ဖြစ်သည်။ အရှေ့ဘက်မှာ ညို့မှိုင်းမှိုင်းတောင်တန်းကြီးတွေကာဆီးထားသည် တောင်ခြေတွေမှာထင်ရူးတောအုပ်ကလေးများရှိသည်။ အနောက်ဘက်မှာက ချောက်ကမ်းပါးကြီး အဝေးကိုမျှော်ကြည့်လျှင် မှုန်ရီရီဖြစ်နေတဲ့ရှမ်းတောင်တန်းကြီးတွေကိုမြင်ရသည်။ မြို့မှာကတစ်ထပ်အိမ်ပုလေးတွေနှင့် နှစ်ထပ်အိမ်တွေသာများသည်.. လမ်းတော်တော်များများဖြောင့်ဖြူးပြီး အမှိုက်သရိုက်ကင်းသည်။ ခြုံပြောရရင် အဆင်ပြေနေချင်ဖွယ်ကောင်းသော တောင်ပေါ်မြို့လေးဖြစ်သည်။

“သားရေ .. ပန်းပင်တွေရေလောင်းပြီးပြီလား ထမင်းစားရအောင်”
“လာပြီ.. မေ”
“အိမ်ထဲမ၀င်ခင် ခြေတွေလက်တွေအရင်ဆေးဦး”
“အမလေး အေးလိုက်တဲ့ရေ.. မြန်မြန်လုပ်မှ”
စိုင်းမေမေပြင်ထားသော ထမင်းစားပွဲသည် စားချင်ဖွယ် မွှေးကြိုင်နေသည်။ စိုင်းကြိုက်သောဟင်းများမို့ များများစားလိုက်ဦးမည်ဟု အားခဲထားသည်။ မေ့ကိုဦးချပြီးတာနဲ့ အားရပါးရစားတော့သည်.. ဗိုက်လည်းအတော်ဆာနေသကိုး။
“သားဖြည်းဖြည်းစား နင်နေဦးမယ်”
“ဟုတ်ကဲ့”
“သားဖေဖေက နောက်နှစ်ရက်လောက်နေမှ ပြန်ရောက်မယ်တဲ့ .. နေ့လည်ကဖုန်းဆက်တယ်”
“ဖေဖေအလုပ်တွေများနေလားမေ..”
“သိပ်တော့မများဘူးတဲ့ ပစ္စည်းတွေမရောက်သေးလို့ စောင့်နေရတယ်ပြောတာဘဲ”
“ဟီးပြန်လာမှ မုန့်ဖိုးတောင်းရမယ်”
“ဟင်း ဒီကောင်လေး ဒါမျိုးကျတော့တတ်တယ်.. စားစား ၀အောင်စားနော် ပြီးမှ ဗိုက်ဆာတယ်ထပ်လုပ်မနေနဲ့”
ပါးစပ်ထဲမှာပြည့်နေတာမို့ မေ့ကိုခေါင်းသာငြိမ့်ပြနိုင်သည်..။


ဒီရက်ပိုင်းနည်းနည်းအေးသည်.. စောင်လေးခြုံပြီးကွေးနေရရင်ကောင်းမှာဘဲဟုတွေးကာ စိုင်းစောစောအိပ်ရာဝင်ဖြစ်သည်။ သို့သော် တော်တော်နှင့်အိပ်မပျော်.. ဟိုလှည့်ဒီလှည့်ဖြင့် မျက်စိကြောင်နေသည်။ အိပ်မပျော်တော့ စိတ်ကရောက်တတ်ရာရာတွေးတော့သည်။
“မနက်ဖြန်ကျောင်းရောက်ရင်တော့ ပြည့်ဖြိုးဆီက ငါချေးထားတဲ့ပိုက်ဆံ ၅၀၀ ပြန်တောင်းရအုံးမယ်.. ဒီကောင်မေ့ချင်ယောင်ဆောင်နေလားမသိဘူး”
“ဟိဟိ ဇော်မင်းကိုတော့ ခုံရှေ့ကဂွက်ထော်မလေးနဲ့ စအုံးမှ”
စိုင်းတစ်ယောက်တည်းအတွေးတွေပွားနေသည်။ တွေးရင်းတွေးရင်း အတွေးထဲမှာ ပြတင်းပေါက်လေးတစ်ခုပေါ်လာသည်..။ ပြတင်းပေါက်အောက်မှာ စာရေးစားပွဲတစ်ခု နေရောင်ဖြာကျနေသည်။ မိန်းကလေးတစ်ယောက်မေးလေးထောက်လို့ အသာအယာထိုင်နေသည်..။ ဒါမေနှင်းဖြစ်မည်.. .. အနားသွားလို့နာမည်ခေါ်လိုက်တော့ အဖြူရောင်အလင်းမှုန်လေးတွေ ပြန့်ကျဲသွားသည်..။ စိုင်းအိပ်ရာမှနိုးလာသည်..... အိပ်မက်မက်နေတာဘဲ။ နာရီကြည့်တော့ ၆နာရီခွဲ.. မျက်နှာသစ်သွားတိုက် ပြီးတော့ကျောင်းလွယ်အိတ်ကိုပြင်သည်။


ကျောင်းရောက်တော့ ဇော်မင်းနဲ့တစ်ခြားသူငယ်ချင်းတွေကျောင်းသန့်ရှင်းရေး.. တံမြက်စည်းလှည်း အမှိုက်ကောက်နေကြသည်။ ဒီနေ့အစိမ်းအသင်းအလှည့်ပေကိုး.. နက်ဖြန်တော့ စိုင်းတို့အနီအသင်းအလှည့်ဖြစ်သည်။ ပိတောက်ပင်ကြီးအောက်ကိုကြည့်လိုက်တော့ စိုင်းတို့အတန်းထဲက မာလာနှင့် နန်းသီတာတို့ စကားများနေကြသည်...။ သူတို့ဘေးမှာထိုင်နေတာက မေနှင်း .. ဟိုနှစ်ယောက်ပြောတာကိုစိတ်ဝင်တစားနားထောင်နေသည်။ သူတို့နားစိုင်းရောက်သွားတော့
“ဟဲ့တိုးတိုး ဟိုမှာလူလာနေပြီ” နန်းသီတာကပြောသည်။
“ဒီတစ်ယောက်ကလဲ ဒီမှာပြောလို့မပြီးသေးပါဘူးဆိုနေမှ”
စိုင်းက “နင်တို့တိုးတိုး တိုးတိုးနဲ့ဘာတွေပြောနေတာလဲ ငါဘယ်လောက်တော်ကြောင်းတွေလား”
“ဟုတ်မယ်အားကြီးကြီး နင့်မကောင်းကြောင်းတွေပြောနေတာ .. အယ် ဟုတ်ဘူး ဟုတ်ဘူး..ဟီးဟီး”
မာလာကအရပ်ပုပုနှင့်စကားများသည်.. အတန်းထဲမှာစကားအပြောဆုံးသူဆိုရင် မာလာကဗိုလ်ဆွဲလိမ့်မည်။ နန်းသီတာကအေးသည် အေးပင်အေးသော်ငြားလည်း မာလာပြောသမျှကိုတော့အမာခံ အားပေးအားမြှောက်ပြုသည်။ သူတို့နှစ်ယောက်ပေါင်းစက်သေနတ်ပစ်လျှင် ဆရာမတောင်မနည်းပြောယူရသည်။
စိုင်းက “မေနှင်း သူတို့ပြောတာတွေလျှောက်မယုံနဲ့နော်... အကောင်းတစ်ခုမှမပါဘူး သိလား”
မေနှင်းပြုံးသည်.. စိုင်းစိတ်ထဲမှာပျော်သွားသလို..။
“ဟုတ်ပါဘူး ငါတို့ကကျောင်းရဲ့ အစဉ်အလာလေးတွေပြောပြနေတာပါ.. သွားငစိုင်း နင်နဲ့မဆိုင်ဘူး”
“နေပါအုံး နင်ကမေနှင်းကို ဘယ်လိုလုပ်သိတာလဲ.. ကျောင်းတက်တာမှ တစ်ရက်ဘဲရှိသေးတယ်”
မာလာက “အေးလေ ငစိုင်းနှယ် သွက်ချက်ကကမ်းကုန်”
“ဟာ ဒီလိုပါ..”
“ဟိုလိုလိုဒီလိုလိုတွေလုပ်မနေနဲ့ မှန်မှန်ပြော.. မပြောလို့ကတော့နော်.. သိတယ်မလား”
“၀ါးဟားဟား....ဟား.....!!!”
“အံမလေး ဘုရားကြီးကယ်တော်မူပါ..” မာလာကအာပြဲနှင့်အော်ပြီးထွက်ပြေးသွားသည်..။
ပြည့်ဖြိုးတစ်ယောက် သစ်ပင်နောက်ကနေပုန်းနေပြီး ခြောက်လိုက်ခြင်းဖြစ်သည်..။ စိုင်းကတော့ရိုးနေပြီမို့ မလန့်တော့...။
နန်းသီတာက ကြောက်လို့မေနှင်းကိုဖက်ထားသည်..။ ခဏကြာတော့မာလာပြန်ရောက်လာသည်..။
“ပြည့်ဖြိုးစုတ်.. နင်လည်းသေမယ်.. နင့်အမေနဲ့ကိုတိုင်မှာ..”
ပြည့်ဖြိုးက တဟားဟားနှင့်ရယ်လို့မပြီးသေး .. မေနှင်းကတခိခိရယ်နေသည်... နန်းသီတာကမျက်နှာကြီးပုပ်လို့။ မာလာက “တော်တော့ မရီနဲ့တော့လို့ဆိုနေ..”လို့ပြောရုံရှိသေး ကျောင်းတက်ခေါင်းလောင်းထိုးသည်။ အတန်းထဲရောက်သည်အထိ မာလာနှင့်နန်းသီတာက ပြည့်ဖြိုးကိုမျက်စောင်းတခဲခဲနှင့်..။

“သီဟ”
“ရှိပါတယ်ခင်ဗျ”
“နန္ဒာအေး”
“ရှိပါတယ်ရှင့်”
“မေနှင်းမိုး”
“ရှိပါတယ်ရှင်”
ဆရာမနာမည်ခေါ်တော့မှ သူ့နာမည်အပြည့်အစုံက မေနှင်းမိုးတဲ့.. မိန်းကလေးဆန်သောနာမည်ကလေး။ “ရှိပါတယ်ရှင့်” အစား “ရှိပါတယ်ရှင်” လို့ထူးလိုက်ပုံလေးကတစ်မျိုးနားထောင်လို့ကောင်းနေသည်။ စိုင်းကြာကြာမတွေးနိုင် ဆရာမကစာစသင်ပြီ..။ ပထမတစ်ပုဒ်ကို ကျော်ကာ ကဗျာဒုတိယအပုဒ်ကိုစသင်သည်..။ ကဗျာနာမည်လေးက The Arrow and the Song တဲ့.. နာမည်ကြီးကဗျာဆရာကြီး Henry Wadsworth Longfellow ကရေးခဲ့သည်ဆိုဘဲ.. ။
“I breathed a song into the air,
It fell to earth, I knew not where;
..................
..............................”
ကဗျာလေးကရွတ်လို့ကောင်းသည်..။ ဆရာမက စကားပြေပြန်ပေးတော့ပိုလို့ အဓိပ္ပာယ်ပြည့်စုံသွားသည်ဟုထင်ရသည်။ ကဗျာအနှစ်ချုပ်ကလေးက ကဗျာဆရာကမြားတစ်စင်းကိုပစ်လွှတ်လိုက်တော့ လွှတ်ကနဲ့ထွက်သွားလိုက်တာများ ဘယ်နေရာကိုကျသွားလဲဆိုတာကို မမြင်မိဘူး။ ကဗျာဆရာကပဲ သီချင်းတစ်ပုဒ်ကိုဆိုညည်းမိပြန်သည်.. သီချင်းသံစဉ်လေးလွင့်ပျံ့သွားလိုက်တာများ ဘယ်ဆီရောက်လည်းတောင်မသိတော့ဘူး..။ အချိန်တွေကြာလာတဲ့တစ်နေ့မှာတော့ ကဗျာဆရာပစ်လိုက်တဲ့မြားကို ၀က်သစ်ချပင်အသားထဲမှာ မကျိုးမပဲ့ဘဲပြန်တွေ့သလို ဆိုညည်းခဲ့တဲ့သီချင်းကိုလည်း သူငယ်ချင်းတစ်ယောက်ရဲ့နှလုံးသားကနေ အစအဆုံးပြန်ကြားရလေတယ်တဲ့..။ ကဗျာအနှစ်ချုပ်လေးနားထောင်ပြီးတော့ စိုင်းရင်ထဲမှာစွဲသွားသည်.. ကဗျာလေးကိုကြိုက်သည်။ မေနှင်းကိုတိတ်တိတ်ခိုးကြည့်မိသေးသည်.. သူစာရေးနေသည်.. ကဗျာလေးကူးရေးနေသည်..။ ဘေးမှာ မာလာနှင့်နန်းသီတာ စကားတွတ်ထိုးနေသည်... တစ်ခုခုအဝေမတည့်ပုံရသည်..စိုင်းပြုံးမိသည်..။

ဒီမနက်စိုင်းကျောင်းကို လေးဆယ့်ငါးမိနစ်လောက်စောထွက်လာသည်.. ဒီနေ့အနီအသင်းနေ့။ ကျောင်းမှာ ဘုရားပန်းတင် သောက်တော်ရေလဲ၊ သန့်ရှင်းရေး အားလုံးလုပ်ရမည်..။ မနက်စောစောထပြီး မေ့ကိုခွင့်တောင်းကာ ဘုရားပန်းအတွက် နှင်းဆီပန်းအလှဆုံးသုံးပွင့်ခူးလာခဲ့သည်။ ကျောင်းပေါက်ဝရောက်တော့ လူရှင်းနေသည်.. ကျောင်းစောင့်ကြီးသာတွေ့ရသည်..။ အတန်းရှေ့ရောက်တော့ တစ်စုံတစ်ယောက်တံမြက်စည်းလှည်းနေတာကိုတွေ့သည်...။
“မေနှင်း တံမြက်စည်းလှည်းနေတာလား.. တစ်ယောက်တည်းလား”
စိုင်းခေါ်လိုက်တော့ သူတစ်ချက်တုန်သွားသည်။
“ဟင် စိုင်းခမ်း လန့်လိုက်တာ”
“အစောကြီးဘဲရှိသေးတယ် မေနှင်းမိုးရဲ့” စိုင်း သူ့နာမည်အပြည့်အစုံကိုခေါ်လိုက်သည်။
“မေနှင်းခုလေးတင်ဘဲရောက်တာ.. စိုင်းလည်းစောတာဘဲ”
စိုင်းသတိထားမိတော့ မေနှင်းမိုးနဖူးမှာချွေးလေးစို့နေသည်..။
“ဟယ်ပန်းတွေလှတယ်နော်.. ဘုရားတင်ဖို့လားဟင်”
“ဟုတ်တယ်.. စိုင်းခြံထဲကခူးလာတာလေ..”
“ဟုတ်လား ဒါဆိုစိုင်းတို့အိမ်မှာ ပန်းခြံရှိတယ်ပေါ့..”
“အင်း မေမေကပန်းစိုက်တာဝါသနာပါတယ်လေ.. စိုက်ထားတာတော့အစုံဘဲ နှင်းဆီတွေကတော့ တော်တော်များများစိုက်ထားတယ်”
“အရမ်းလှမှာဘဲနော်.... ပန်းခြံလေးနဲ့ဆိုတော့”
“မေနှင်းနောက် မာလာတို့ နန်းသီတာတို့နဲ့လာလည်ပေါ့.. ဇော်မင်း၊ ပြည့်ဖြိုးနဲ့ သူတို့ကလာလည်နေကျ”
“ကျေးဇူးဘဲ မှတ်ထားပါ့မယ်”
“မေနှင်းထားလေ စိုင်းလုပ်လိုက်မယ်.. တစ်တန်းပဲပြီးသေးတာမဟုတ်လား..ရော့ဘုရားပန်းလေးတွေ ရေဆေးပြီးပန်းအိုးထိုးလိုက်ပါလား..”
“ဒါဆိုသွားလိုက်အုံးမယ်..”


စိုင်းအမှိုက်ကျုံးတံမြက်စည်းလှည်းပြီးတော့ မေနှင်းလည်းဘုရားပန်းတင်လို့ပြီးပြီ။ အခန်းဝရောက်တော့
“စိုင်းရလား မေနှင်းအမှိုက်တွေသွားသွန်ပေးမယ်..”
“ရတယ် နေပါစေ”
“ပေးပါ.. သွန်ပေးမယ်”
ရုတ်တရက်အပြင်ဘက်လေပြင်းတိုက်လာသည်...။ လေအရှိန်ကြောင့် တုံးမခုထားသောအခန်းတံခါးကြီးအရှိန်နှင့်ပိတ်လာသည်..
“မေနှင်းမိုး သတိထား..!”
“ဟင်..”
တံခါးကမေနှင်းကိုသွားရိုက်သည်.. အရှိန်နဲ့မို့ ခန္ဓာကိုယ်လေး စိုင်းဘက်ယိုင်ကျလာသည်။ မထင်မှတ်ထားတာမို့ စိုင်းလဲဟန်ချက်ပျက်ကာ မေနှင်းကိုမထိန်းနိုင်ဘဲလဲသွားသည်။ စိုင်းရုတ်တရက်နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လေးခံစားရသည်.. နောက်မှသတိဝင်လာပြီး အမြန်ထပြီး မေနှင်းကိုပါဆွဲထူရသည်။ မေနှင်းမျက်နှာ ပန်းသွေးရောင်လေးသန်းနေသည်.. စိုင်းလည်းဘာပြောရမှန်းမသိ...။ ထိုနောက်ပိုင်းတစ်ယောက်နှင့်တစ်ယောက် စကားမပြောဖြစ်ကြတော့။ စိုင်းထင်သည်.. ထိုနေ့တစ်နေ့လုံး စိုင်းကိုယ်မှာ မွှေးရနံ့လေးတစ်ခုသင်းနေခဲ့သည်.......။

ဆက်ရန်..(ဟီး ဆက်ရန်လို့ရေးဖို့မေ့တော့မလို့)

6 comments:

Anonymous said...

သြော် စိုင်း...စိုင်း

ကိုဖြိုးရေ ကိုရီးယားကားကတော့ ဇာတ်ရှိန်မြင့်နေပြီဗျ

တောင်ပေါ်သား said...

စိုင်းရဲ့ တောင်ပေါ်သားအချစ်( ငါ့အချစ် ဟုတ်ဘူးနော့်) ကိုခံစားနေတယ်ဗျို့ အပိုင်း (၂) လုပ်ဦးနော့် အရေးအသားကောင်းတယ်ဗျ


လေးစားလျက်
တောင်ပေါ်သား

:P said...

သြော်.. တံခါး၊ တံခါး....
လူမမယ်လေးတွေကို မဟုတ်မဟတ်တွေ သိအောင် သင်ပေးနေတယ်... အဟိ

WWKM said...

သြော်... စိုင်း..စိုင်း..စိုင်း...း)
ဇာတ်ရှိန်မြင့်လာပြီ ဆက်ရေးးးးးးးးးးးးးး)

တီချမ်း said...

လူဇိုး............ဘာတုံး

စိုင်းရုတ်တရက်နူးညံ့သိမ်မွေ့တဲ့ ခံစားချက်လေးခံစားရသည်..

ရှင်း............................

Phyo Evergreen said...

ကိုရွာသား.. ဘာကားလဲကောင်းလား..အဟက်

ကိုတောင်ပေါ်သား.. ဘယ်ကအပိုင်၂ လဲ.. ဟင်းနော်

တီစင်.. တံခါးကဖြည်းဖြည်းလေးရွေ့တာပါ..တီစင်တိတ်တိတ်လေး နောက်ကနေ၀င်တွန်းလိုက်တာမလား..

တီဝါ..
ရေးပါ့မယ့် ခုရက်ပိုင်းကြောက်နေရတယ်

တီချမ်း..
ပြောပြေဘူး.. အသေသတ်