Friday, March 20, 2009

မမေ့နိုင်မိုး (၁)



ဒေါက်..ဒေါက်..ဒေါက် နှင့်တိုးတိတ်ညင်သာသော ခေါက်သံတို့ကပြတင်းပေါက်ဆီမှလာခဲ့လေသည်။ အသံကြားတော့ သူတစ်ယောက်အပြေးသွားကြည့်မိသည်..။ အပြင်မှာ ဘယ်သူမှမရှိ... သြော် မိုးတွေရွာနေတာကိုး။ တစ်ပေါက်ပေါက်ကျနေသော မိုးစက်တို့ကသာ အရှိန်ပြင်းပြင်းဖြင့် ပြတင်းမှန်ကို လာရောက်ရိုက်ခတ်နေသည်..။ ထိုရိုက်ခတ်ရာမှ ဒေါက် .. ဒေါက်ဟူသော အသံတို့က စည်းချက်မဲ့စွာ ထွက်ပေါ်နေ သည်။ ပြတင်းမှန်ကို ကျော်ကြည့်တော့ ကောင်းကင်သည် ခဲနှစ်ရောင်တို့ဖြင့် ညို့မှိုင်းကာနေသည်..။ မိုးက သည်းသည်းရွာလျက် သစ်ပင်ပန်းမန်တို့ကတော့ မိုးရေနှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်..။ မြေခနေကြသော ရွက်ကြွေတို့သည် ဦးတည်ရာမဲ့လျက်ပင် ရေစီးဧ။်ခေါ်ရာနောက်သို့သာ မျောပါနေကြသည်.....။ ပြတင်းကိုဖွင့်လိုက်သောအခါ မိုးရနံ့တို့က အနားသို့ကွေ့ဝိုက် ပျံ့လွင့်လာသည်...။ မ်ုးပြာရောင်ခန်းဆီးစသည် တချက်တချက်တွင်တော့ သူ့အား အိပ်မက်ဆန်စွာ ရိုက်ခတ်လာသည်...........။

ပျော်ရွှင်မှု ကြေကွဲမှု၊ ၀မ်းနည်းမှု ကြည်နူးမှု ပုံရိပ်တွေသည် မှေးမှိန်ခဲ့ရာမှ တစတစအရာထင်လာကြသည်....။ မေ့ပျောက်လို့နေပြီဖြစ်တဲ့ အဖြစ်တွေသည် သူ့အာရုံကို ကြီးစိုးလာကြသည်....။ လေအဝေ့၀ယ် ထိန်းသိမ်းထားသော စိတ်တွေသည် ... သော့ခတ်သိမ်းဆည်းထားသော ဆွတ်ပျံ့ဖွယ်အတိတ်ဆီသို့သာ.....။ ရီဝေနေသော မျက်ဝန်းတစ်စုံမှ စီးဆင်းလာသော မိုးတစ်စက်သည်.. သူ့လက်ပေါ်သို့ ညင်သာစွာကျဆင်းသွားသည်။ တစ်စက္ကန့် . နှစ်စက္ကန့် .. သုံးစက္ကန့် ... စက္ကန့်ရာပေါင်းများစွာ.......................။ မိုးလည်းတဖြေးဖြေးစဲလာသည်.... သူ့မျက်နှာသည် ခံစားမှုတွေနှင့်ေ၀၀ါးလျက်...........။ တိမ်ညိုတို့ အဝေးကမှိုင်းမှုန်မှုန် တောင်ပြာတန်းတွင် နားခိုလို့နေဆဲ.... ထင်ရူးတို့သည်လည်း မိုးပုလဲသီးကလေးများနှင့် လှပနေသည်..။ ခန်းဆီးစသည် ပျော့ပျော့ပျောင်းပျောင်းတိုက်ခတ်လို့နေဆဲ..... ထိုအချိန်အခန်းတွင်းမှာတော့ ဆွတ်ပျံ့အလွမ်းတို့သည်... ပျံ့နှံ့လွင့်ပြယ်လျက်............။ အာရုံတွင် အတိတ်၏ပုံရိပ်များက တဖြည်းဖြည်းအရာထင်လာသည်။




ဒီကနေ့ နံနက် စိုင်းတစ်ယောက် လန်းလန်းဆန်းဆန်းနှင့် အစောကြီးနိုးလာသည်.. ညကနှစ်ခြိုက်စွာအိပ်ပျော်ခဲ့သည်ထင်..။နာရီကြည့်တော့ ၆:၀၀.. စောစောနိုးသော်လည်း အိပ်ယာထဲကမထွက်ချင်.. အပြင်ဘက်ကချမ်းအေးတဲ့ရာသီဥတုကြောင့် ဂွမ်းကပ်နွေးနွေးထဲမှာ ကွေးနေရသည့်အရသာက ဘာနှင့်မှမလဲချင်..။ ခဏတော့ ထပြီး ပြတင်းပေါက်ခန်းဆီးကိုတော့ဖွင့်ကြည့်လိုက်သည်။ စိုင်းတို့ခြံထဲမှာ နေရောင်မလင်းတလင်းတွင် မြူတွေပိတ်နေအောင်ကျနေသည်.. ဒီလိုနံနက်ခင်းဆိုရင်တော့ စိုင်းသဘောကျပါသည်.. မေမေနဲ့အတူခြံထဲလမ်းထွက်လျှောက်လေ့ရှိသောကြောင့်ပင်..။ ထပ်မကွေးနိုင်အားတော့ ကိုယ်လက်သန့်စင်ပြီး အနွေးထည်ပါးပါးတစ်ထည်ထပ်ဝတ်လို့ အောက်ထပ်သို့အပြေးဆင်းသွားသည်..။

အိမ်တံခါးဖွင့်လို့ အပြင်ထွက်လိုက်တော့ အေးမြလတ်ဆတ်တဲ့တောင်ပေါ်လေက စိုင်းကိုဆီးကြိုသည်..။ မေမေ့ကိုလိုက်ရှာတော့ မြူတွေကြားကနှင်းဆီခင်းလေးထဲမှာ မေမေတစ်ယောက်ကတ်ကြေးတစ်လက်နှင့် အလုပ်များနေသည်...။ စိုင်းကမေမေ့ကို “မေ”လို့သာ တစ်လုံးတည်းခေါ်သည်။ အနားတိုးတိုးကပ်လို့ သွားပြီး အနောက်ကနေဖက်လိုက်တော့ မေလန့်သွားသည်...။
“ဟဲ့.. သားလား......ထင်သားပဲ”
“မေဘာလုပ်နေတာလဲ..”
“နှင်းဆီပန်းတွေပွင့်လို့ ဘုရားတင်ဖို့ခူးနေတာ ..သား.”.. “လှလိုက်တာမှ အပွင့်ကြီးကြီး အရောင်စုံဘဲ”
စိုင်းက မေ့မေ့ကိုတင်းတင်းဖက်ထားဆဲ........ မေ့မေ့ကိုကြည့်ရတာရွှင်လန်းနေသည်.. ခေါင်းပေါ်မှာလည်း နှင်းစက်တွေနဲ့......။
“ဟဲ့ကောင်လေး လွှတ်အုံး.. ကူလုပ်ပေးမယ်တော့မရှိဘူး..”
“ဘာလုပ်ပေးရမှာတုံး ..”
“ရော့ ဒီခူးပြီးသားပန်းရဲ့ ရိုးတံတွေရေနဲ့သေချာသွားဆေး.. ပြီးရင် ပန်းအိုးတွေပါဆေးထား.. ပြီးမှ ဘုရားတူတူရှိခိုးကြမယ်.. ”
“တွေ့တာနဲ့ ခိုင်းပြီ..”
ပန်းတွေကိုင်ပြီးထွက်သွားသောစိုင်းက မေမေကပြုံး၍ကြည့်နေသည်.......။
စိုင်းပန်းတွေကို တစ်ခက်ချင်းရေသေချာဆေးသည်...။ နှင်းဆီပန်းတွေဘာကြောင့်များ ဒီလောက်အရောင်အသွေးစိုတောက် လှပနေရတာလည်းလို့ တစ်ဆက်တည်းတွေးမိလေသည်.. ။ မြေဆီအာဟာရကောင်းလို့လား... မေမေ့ရဲ့ပြုစုပျိုးထောင်မှုကောင်းလို့လား.. စိုင်းစဉ်းစားမိသည်..။ ထပ်စဉ်းစားလို့မရ မေမေခေါ်နေပြီ......။ ပန်းတွေရေဆေးပြီးတော့ အ၀တ်စသန့်သန့်ပေါ်မှာ အသာတင်ထားပြီး အပြင်ပြန်ထွက်ခဲ့သည်...။

နေရောက်ခြည်တန်းတို့က မြို့အရှေ့ဘက်တောင်တွေမှ ဖြာကျနေသည်... ငှက်တို့ရဲ့ တွန်ကျုးသံတွေနားဆင်လို့ မြို့ရဲ့ နံနက်ခင်းလေး တဖြည်းဖြည်းနိုးထလာလေသည်..။
“ဟိုက်.. ဆန်ကွဲထုပ်ကျန်ခဲ့ပြီ.. ပြန်ယူအုံးမှ. .. ”
စိုင်းနဲ့ မေမေတို့နံနက်ခင်းလမ်းလျှောက်တိုင်း ခြံထဲလာနားနေကြသော ငှက်များကို အစာကျွေးလေ့ရှိသည်..။ စိုင်းကတော့အမြဲမဟုတ်.. မေမေကနေ့တိုင်းထွက်လမ်းလျှောက်နေကျမို့ ငှက်များက မေမေ့ကိုတွေ့တာနဲ့ အနားကိုပျံဆင်းလာကြသည်..။
“မေမေကျွေးနေကျမို့ထင်တယ်.. ငှက်တွေကပိုပိုများလာတယ်သားရယ်..”
“ဟုတ်တယ်နော်..”
“တချို့ငှက်တွေများ အကွက်ကလေးတွေနဲ့ ချစ်စရာလေး သား..”
“ဒါနဲ့ ဒီနေ့ကျောင်းစတက်ရမှာနော်.. စာအုပ်တွေရောထည့်ပြီးပြီလား....”
“သား ညကတည်းကထည့်ပြီးသား.. သွားခါနီးမှာ ရေချိုးအ၀တ်လဲပြီး ထသွားလိုက်ရုံဘဲ..”
“ဒါဆိုလည်း ပြီးတာပဲ.. ခဏနေမှ မေထမင်းကြော်ပေးမယ်..။ ထမင်းကြော်နဲ့ ပဲပုတ်မီးကင်လေးနဲ့စားသွားလိုက်..”
စိုင်းအမေသည် နံနက်တိုင်း စိုင်းကြိုက်တတ်တဲ့ အစားအစားလေးတွေလုပ်ပေးလေ့ရှိသည်..။ မေမေလုပ်ပေးသမျှကိုလည်း စိုင်းတစ်ယောက်နှစ်ခြိုက်စွာစားလေ့ရှိသည်....။ နံနက်စာစားပြီးသောအခါ အ၀တ်အစားလဲပြီး ကျောင်းသွားဖို့ပြင်သည်..။
“မေ့... သားသွားတော့မယ်..”
“ကောင်းကောင်းသွားနော်... ကားကြည့်သွားဦး..”
“သွားပြီမေ...”
စိုင်းတို့လမ်းကလေးကနေ ကျောင်းကိုသွားရင် ဆယ်မိနစ်လောက်ဘဲလမ်းလျှောက်ရသည်..။ လမ်းကလေးကလည်း တစ်ထပ်အိမ်၊နှစ်ထပ်အိမ်ကလေးများနှင့် လှလှပပသွယ်တန်းနေသည်..။ စိုင်းသည်လမ်းလျှောက်ရင်း ကျောင်းသို့ရောက်ဖို့သာ စိတ်စောနေသည်...။ ဒီနေ့ကျောင်းစဖွင့်သည့်နေ့ ၁၀ တန်းကျောင်းသားကြီးလည်းဖြစ်ပြီ.. သူငယ်ချင်းများနှင့်လည်းပြန်တွေ့ရဦးမည်ဖြစ်သည်...။

ဆက်ရန်........

7 comments:

Anonymous said...

သနားတော့သနားစရာ။ သူရဲ့အတိတ်ဆိုတာ ဘာမှန်းလဲမသိရ။း(

Phyo Evergreen said...

အိမ့်ချမ်းမြေ့: မမေ့နိုင်မိုးက ကောင်းလိုက်တာ၊ ဒါပေမယ့် တိုတယ်၊း)

သီဟသစ် said...

ဆက်ရေးပါကွယ်
ကိုဖြိုးရယ်
:D

WWKM said...

ဆက်ရေးပါဗျို့...း)
အမြန်ဖတ်သွားတယ်..အိပ်ချင်နေလို့..
ပြီးလဲမပြီးဘူး..

:P said...

၁၀ တန်းမှာ အပိုင်း (၁)...။
လုပ်လိုက်ဟ.. စောင့်ရတော့မှာပေါ့လေ....

Phyo Evergreen said...

စောင့်ပါ....

မသက်ဇင် said...

သနားနေတယ်---
ဆက်ရန်---မျှော်ရင်း---