Sunday, March 22, 2009

ဝါသနာများ

ခင်မင်ရတဲ့ ကိုမျိုး တတက်ထားပါတယ်.. ၀ါသနာများအကြောင်းတဲ့..။ ဒီတက်အကြောင်းလေးက စိတ်ဝင်စားစရာကောင်းပါတယ်။ ကိုယ့်ရဲ့ဝါသနာကို သူငယ်ချင်းမိတ်ဆွေတွေလည်း သိရသလို သူတို့ရဲ့ဝါသနာတွေအကြောင်းကိုလည်း တစေ့တထောင်းသိရတာပေါ့..။ လူတစ်ကိုယ် ၀ါသနာတစ်မျိုးရှိကြတဲ့အထဲ မှာ ကျွန်တော့်ဝါသနာတွေကတော့ ..

(၁) စာဖတ်ဝါသနာ
စာဖတ်ဝါသနာတော့ လူတိုင်မှာအနည်းနဲ့အများတော့ရှိကြပါလိမ့်မယ်..။ ကျွန်တော်လည်းငယ်ငယ်ကတည်းကစာဖတ်ဝါသနာပါပါတယ်..။ ကာတွန်းစာအုပ်တွေကအစ ဘုရားစာအုပ်တွေ သမိုင်းစာအုပ်တွေအဆုံးဖတ်ပါတယ်..။ အိမ်ရှင်းလို့ ဟိုကြားဒီကြားက စာအုပ်တွေထွက်လာရင်းလည်း ထိုင်ပြီးဖတ်လိုက်တာဘဲ..။ သတင်းစာတွေလဲဖတ်ပါတယ်.. နောက်ဆုံးစာမျက်နှာကနေ စဖတ်တာက လွဲလို့ပေါ့လေ..။ အိမ်မှာ စာအုပ်တစ်အုပ်နဲ့ဆိုရင် ထမင်းမေ့ဟင်းမေ့ ဖြစ်တတ်လို့ အမေကတောင်သတိပေးရပါတယ်..။ ဖတ်ရင် လည်း တစ်ထိုင်ထဲအပြီးဖတ်ပါတယ်.. ဒါမှ များများထပ်ဖတ်နိုင်မှာလေ..။ ကျောင်းမှာတုန်းကဆို စာစီစာကုံးစာအုပ်တွေလည်းထိုင်ဖတ်နေတာဘဲ.. ။
ခုတော့ စာအုပ်တစ်အုပ်နဲ့ မုန့်တစ်ထုပ်လောက်ရှိရင် နေ့တစ်ဝက်လောက်ကတော့ အိုကေဘဲ..။

(၂) အပင်စိုက်ဝါသနာ
ဒီဝါသနာကတော့ ဘယ်ကနေစလို့အမြစ်တွယ်လာသလဲတော့မသိဘူး....။ (၄)တန်းလောက်ကစပြီး အပင်တွေရေလောင်းတယ်... နောက်(၆)တန်းလောက်ရောက်တော့ အပင်တွေစိုက်ပါတယ်.။ နွေရာသီကျောင်းပိတ်လို့ တောင်ကြီးသွားပြီဆိုရင် ခြံထဲမှာ အပင်တွေစိုက်ပါတယ်.။ အများဆုံးစိုက်ဖြစ်တာက ဖရဲသီးဘဲ.. ခဏခဏစားဖြစ်တာကိုး..။ အဖွားဖရဲသီးဝယ်လာပြီးရင် အိမ်ကအုတ်ကန်ထဲမှာ စိမ်ပေးထားပါတယ်.. တောင်ကြီးကအေးတော့အုတ်ကန်ရေကလည်းအေးစိမ့်နေတာဘဲ.. ဖရဲသီးလည်းအေးသွားတာပေါ့..။ ပြီးမှဇွန်းကောက်နဲ့ အပေါက်ဖောက်စား.. အစေ့တွေကိုစိုက်ပါတယ်..။ ပြီးတော့ အိမ်မှာ အခါးရည်(ရေနွေးကြမ်း)သောက်ရင် ဆားလေးနည်းနည်းခတ် ပြီးတော့ ဂျုံစေ့နည်းနည်ပါထည့်ပြီးသောက်ပါတယ်..။ ဂျုံစေ့ထည့်ရင်ပိုမွှေးလို့ပါ.. အစေ့ကိုလှော်ပြီးထည့်ပါတယ်။ မလှော်ရသေးတဲ့အစေ့တွေဆိုရင် မြေကြီးလေးဆွပြီး ကြဲထားလိုက်တာပဲ.. နောက်တော့အပင်တွေအတန်းလိုက်ပေါက်လာပါတယ်..။ ပြောင်းဖူးလည်းနှစ်တိုင်းစိုက်ပါတယ်.. မိုးတွင်းလောက်ရောက်ရင် စားလို့ရပြီး ပြောင်ဖူးပေါက်ပေါက်လည်းလုပ်စားတယ်..။

(၃) အစားအသောက်ဝါသနာ
အဟဲ အဟီး ဒီဝါသနာကတော့ မွေးကတည်းကပါလာတယ်ထင်တာပဲ..။ လူတိုင်းလည်းဝါသနာပါမယ်ထင်တယ်.. ဘလော့မှာ အစားအသောက်ပို့စ်တင်လိုက်ရင် လာလည်တဲ့သူကခါတိုင်းနဲ့မတူဘူး.. ပိုများတယ်..။ ရန်ကုန်မှာတော့ သိပ်မလုပ်စားဖြစ်ပါဘူး..။ တောင်ကြီးပြန်ရင် အစားအသောက်ကတော့ တပတ်နှစ်မျိုးလောက်ဘဲ..။ ကူလည်းဝိုင်းကူပေး ပြီးတော့လည်းစားပေး.. :D စားတာကများများပါ..။ အိမ်မှာလူများတော့လုပ်စားတာက ပိုပျော်ဖို့ကောင်းပါတယ်..။ ရှမ်းခေါက်ဆွဲ၊ မြီးရှည်၊ အာလူးပူရီ၊ ကင်ပေါင်းကြော် (ကြက်သွန်မြိတ်နဲ့ အသားကို မုန့ှ်နှစ်နဲ့ရောပြီးကြော်တာပါ) ၊ ဒံပေါက် အစုံဘဲ..။ အကင်လဲလုပ်စားသေးတယ်.. ခြံထဲမှာ အုတ်တုံးတွေချ အလယ်မှာပြာတွေခင်း မီးသွေးလေးထည့်ပြီး ကင်ပါတယ်..။ ဒါကတော့မောင်နှမတွေပေါင်းပြီးလုပ်တာဘဲ.. လွယ်တယ်လေ ပြုတ်ပြီးသားအသားနဲ့ အာလူး၊ ပြောင်းဖူး၊ ငုံးဥတွေကို ဆီလေးသုတ်ပြီး လှည့်ပေးနေရုံဘဲ..။ လုပ်ရင်လည်း အိမ်ကလူကြီးတွေက ကြာလိုက်တာလို့အမြဲပြောတယ်... အဟဲ ကိုယ်က တစ်ချောင်းကင်လိုက် တစ်ချောင်းစားလိုက်လုပ်နေတာ..။ အာလူးကိုထက်ခြမ်းခြမ်း ထောပတ်လေးသုတ်ပြီး Aluminum Foil နဲ့ထုပ်ပြီး မီးခဲတွေကြားထဲပစ်ထည့်လိုက်ခဏနေမှ ထုတ်ပြီးစား မွှေးနေတာဘဲ..။ ရေခဲမုန့်လုပ်တာတော့ မအောင်မြင်သေးဘူး.. ကိတ်မုန့်တော့အောင်မြင်တယ်.. ပြီးရင် ခရင်မ်တွေချည်းထိုင်စားနေတာ..။ စတော်ဘယ်ရီပေါ်ချိန်ဆိုရင် ဖျော်ရည်လုပ်သောက်တယ်... ကောင်းမှကောင်း .. တစ်တောင်းလုံးမှ ၅၀၀ လောက်ပေးရတာ..(စတော်ဘယ်ရီ သရဲပါ..ဤကားစကားချပ်) ။

ရေးကောင်းကောင်းနဲ့ရေးတာတော်တော်လေးရှည်သွားပြီး.. (အစားအကြောင်းချည်းဘဲ.. :D)။ ဒီလောက်ဆိုကိုမျိုးလည်းကျေနပ်မယ်ထင်ပါတယ်..။ ဆက်ပြီး တက်ချင်သူတွေကတော့ တီဝါCraton နဲ့ သီဟသစ်မနွေးနေခြည် တို့ဖြစ်ပါတယ်..။

8 comments:

နွေးနေခြည် said...

ရေးတာမြန်လိုက်တာ...သူများက စဉ်းစားနေတုန်းရှိသေးတယ်..
နံပါတ်၃ ၀ါသနာက တော်တော်ရှည်သွားပါလား... တော်တော် ၀ါသနာကြီးပုံရတယ်
အပင်စိုက်တဲ့ ၀ါသနာလေးကိုတော့ သဘောကျတယ်
ကိုယ်တိုင်တော့ ၀ါသနာမပါဘူး

ရေးပြီးရင် ကိုသစ်ကို တဂ့်မလို့ဟာ ... သူကဦးသွားတယ်

Anonymous said...

အချက် ၃ တူတယ်ဝေ့ အစားက လူနဲ့တည့်တယ်တဲ့း) အစားမတော်တော့ တလုတ်မဖြစ်ရင်တော်ပြီပေါ့နော့် ။ စာဖတ်ဝါသနာနဲ့ အပင်စိုက်ဝါသနာပါတာ သိရလို့ လေးစားသွားတယ် အစ်ကိုကတော့ ဘာမှဖြစ်ဖြစ်မြောက်မြောက် မစိုက်တတ်လို့ စာဖတ်ဝါသနာကတော့ ပါတော့ပါတယ် အရမ်းကြီးလည်းမဟုတ် ညအိပ်ကာနီးဆို စာအုပ်သာ ကောက်ကိုင်လိုက် ၅ ရွက်လောက်ဖတ်ပြီးရင် အိပ်ငိုက်လာကော :P

ရေးပေးတာ ကျေးဇူး ညီလေး ။

khin oo may said...

တို့ကတော့ဆိုင်းဘုတ်တောင် အလွတ်မပေးဘူး ဖတ်တယ်။ phyo လောက်ကတော့အချဉ်ဘဲ။

WWKM said...

ဒါလေးများ လွယ်လွယ်လေးပါ မောင်ဖြိုးရယ်....
ရေးမယ်နော်.. တစ်ပတ်စောင့်..း)

သီဟသစ် said...

ရေးပါ့မယ် phyo ရယ်
ခဏစောင့်..

Anonymous said...

ကင်ပေါင်းကြော်စားချင်တယ်......

Sein Lyan Tun said...

ဖရဲသီးလဲကြိုက်တယ်..ဝါသနာတွေတူသားနော်

Anonymous said...

နောက်တော့ အတိုးနဲ့ရေးပေးမယ်ကွာ.. အခုတော့ ငါ့ကိုနားလည်ပေးဦး.. အဆင်ပြေတဲ့နေ့ရေးပေးမယ်.. နော် ဖြိုးလေး။