Sunday, November 21, 2010

Utah သို့အလည်တစ်ခေါက် - ၂

လေယာဉ်စီးတာတင် စုစုပေါင်းနာရီ၂၀လောက်ကြာပြီး.. Transit အချိန်တွေပါထည့်ပေါင်းလိုက်ရင် ၂၄နာရီတစ်ရက်ပေါ့...။ SLC (Salt Lake City)လေဆိပ်ကိုရောက်တော့ အားလုံးလည်းပင်ပန်းနေကြပြီ..။ အဖွဲ့ထဲမှာ အားလုံးကကျွန်တော်ထက်ကြီးတဲ့သူတွေချည်းဘဲ..အသက်သုံးဆယ်ကျော်တွေပေါ့.. ဒါပေမယ့်အားလုံးက ပျော်တတ်တော့တစ်ယောက်ကိုတစ်ယောက် စလိုက်နောက်လိုက် ဘော့စ်အကြောင်းပြောလိုက်နဲ့ လေယာဉ်ပေါ်မှာလည်း သိပ်မပျင်းရပါဘူး...။ လေဆိပ်မှာ US ရုံးခွဲကတာဝန်ရှိသူကလာကြိုပါတယ် နာမည်က Casey ပါ။ သူပဲဟိုတယ်လိုက်ပို့ဖို့ ကားတွေအကုန်စီစဉ်ပေးပြီးမှ See You Tomorrow ဆိုပြီးပြန်သွားပါတယ်..။

လေဆိပ်ကနေအပြင်ထွက်ထွက်ခြင်းသိလိုက်ရတာကတော့.. Salt Lake Valley ဆိုတာအတော်ခြောက်သွေ့တာပဲလို့..။ ပတ်ဝန်းကျင်ကိုကြည့်လိုက်ရင် သစ်ပင်အရိပ်ကောင်းကောင်းတွေသိပ်မတွေ့ရဘဲ တောင်တွေသာတွေ့ရတာများတယ်..။ သြော်အခုတော့လည်း ...အမေရိကားရောက်နေပါလားလို့ ပြုံးမိသေးတယ်....။ အရှေ့တစ်ပတ်ကကြိုရောက်နေတဲ့ အသုတ်က Lip Balm, Eye Drops, Moisturizer တွေကြိုယူလာခိုင်းတယ်.. အသားခြောက်မယ်တဲ့...။ သူတို့အဖွဲ့ထဲမှာ တစ်ကျောင်းထဲဆင်း Samuel ဆိုတဲ့သူငယ်ချင်းပါတယ်.. အင်ဒိုနီးရှားက..။ ဟုတ်လည်းဟုတ်တယ်.. နဂိုအဆီပြန်တဲ့ အသားရည်တောင် နောက်ရက်တွေကျတော့ ခြောက်ကုန်တယ်.. Humidity နည်းတယ်ဆိုရမယ်..။ တကယ်တော့ ရုံးခွဲရှိတဲ့မြို့က SLC နဲ့ဆယ်မိုင်လောက်ဝေးတဲ့ Sandy ဆိုတဲ့မြို့လေးပါ..။ ရန်ကုန်နဲ့ မင်္ဂလာဒုံလောက်ပေါ့...။ တည်းမယ့်ဟိုတယ်ကလည်း အဲဒီမှာဘဲ... Hyatt Summerfield တဲ့.... မိနစ် ၂၀ အစိတ်လောက်တော့သွားရတယ်..။

သင်တန်းက အားလုံးပေါင်း ၃ပတ်တောင်ကြာမယ်..။ Utah မှာတစ်ပတ်..အလယ်အပတ်မှာ Canada သွားရမယ်.. အဲဒီသောကြာနေ့မှာဘဲ Utah ပြန်လာရမယ်....။ ပထမအပတ်မှာတော့ ဘယ်မှမသွားဖြစ်ဘူး..သင်တန်းက မနက် ၈ နာရီကနေ ညနေ ၄ နာရီထိဆိုတော့...။ အစားအသောက်စားရတာတော့ အဆင်ပြေတယ်.. တော်တော်များများတော့ ကျွန်တော့်ပါးစပ်အတွက် အရသာနည်းနည်းပြင်းနေသလိုဘဲ...။ စင်္ကာပူထက်စာရင်တော့ ဈေးပိုများပေမယ့် အရသာရှိတယ်.. Portion လည်းများတယ်... စင်္ကာပူက Food Court တွေကလိုနည်းနည်းလေးထည့်ပေးပြီး အရသာလည်းသိပ်မရှိတာမျိုးမဟုတ်ဘူး...။ ညနေအားတဲ့အချိန်လေး အနီးအနားလျှောက်ကြည့် South Towne Mall သွားလည် မုန့်စားတာလောက်ဘဲလုပ်ဖြစ်တယ်..။ Sandy မှာတော့ မနက်နဲ့ညနေဆိုရင် သိသိသာသာအေးတယ်.. တောင်ကြီးလိုနေရာမျိုးမှာ ကြီးလာခဲ့တဲ့ ကျွန်တော့်အတွက်တော့ အနွေးထည်ခပ်ပါးပါးတစ်ထည်လောက် ထပ်ဝတ်ထားလိုက်ရင်တော့လုံလောက်ပါတယ်..။ ကျန်တဲ့သူတွေသာ အနွေးထည်အထူကြီးဝတ်ပြီး တဂတ်ဂတ်ဖြစ်နေလို့ ကြည့်ပြီးရယ်ရသေးတယ်...။ ၂၃ ရက်နေ့ (ကြာသပတေးနေ့) ညနေဘက်တော့ Casey's အိမ်မှာ BBQ & Grill လုပ်စားဖြစ်တယ်.. လုပ်ပေးတဲ့သူကစေတနာပါလို့လားတော့မသိဘူး.. စားလို့တော်တော်ကောင်းတာတော့ သေချာတယ်..။ Casey's အိမ်က Chess Set လေးသဘောကျလို့ဓာတ်ပုံရိုက်လာသေးတယ်...အဖွဲ့ထဲကလူတွေကိုကစားမလားမေးတော့ တစ်ယောက်မှမကစားတတ်ဘူးတဲ့... ဘယ့်နှယ့်..။

 
အမှန်ပြောရရင် Sandy မြို့လေးကိုသိပ်သဘောကျပါတယ်... အရှေ့ဘက်မှာလည်း တောင်တန်းအမြင့်ကြီးတွေနဲ့ အနောက်ဘက်မှာလည်းတောင်တန်းတွေနဲ့... တောင်တန်းတွေကိုချစ်တဲ့ကျွန်တော့အတွက်တော့ အံကိုက်ပါဘဲ..။ ဒီလိုနဲ့စနေနေ့ရောက်လာတော့ Caseyကပဲမြို့အရှေ့ဘက်က တောင်တွေပေါ်လိုက်ပို့ပေးမယ်လို့ဆိုလာတာကြောင့် မနက် ၁၀ နာရီခွဲလောက်မှာ ဟော်တယ်ကနေထွက်လာခဲ့တယ်..။ ဒီတောင်ပေါ်သွားတဲ့နေ့ဟာ.. ဒီခရီးစဉ်အတွက်အမှတ်တရအဖြစ်ဆုံး အစိတ်အပိုင်းတစ်ခုလို့ ဆိုရမှာပါ..။

မြို့ထဲကထွက်လာပြီး တောင်ကြားထဲ (Little Cottonwood Canyon)၀င်လိုက်တာနဲ့ လေကတဖြည်းဖြည်းအေးလာပါတယ်..။ မြင်ကွင်းထဲမှာလည်း အ၀ါ၊အနီ၊အစိမ်းစတဲ့ အရောင်ပြောင်းနေတဲ့သစ်ပင်တွေနဲ့ ပတ်ဝန်းကျင်ဟာ လှပလို့...။ Snowbird Ski & Summer Resort ကိုရောက်ဖို့တော့ မိနစ် ၂၀ လောက်သွားရတယ်..။ တောင်ခြေကိုရောက်တော့ တောင်တက်ဖို့လာတဲ့သူတွေရယ် ဈေးပွဲလည်းရှိတာရယ်နဲ့ စည်ကားလို့နေပါတယ်...။
 
တောင်ပေါ်တက်ဖို့တော့ Tram စီးချင်ရင်လည်းရတယ်..ဒါမှမဟုတ် ထိုင်ခုံလေးတွေပဲရွေ့နေတဲ့ Lifted Chair စီးရင်စီး.. ခြေလျှင်တက်ချင်ရင်တက်ပေါ့..။  ကျွန်တော်တို့တော့ အတက်ကို Tram နဲ့ဘဲတက်ဖြစ်တယ်....။ အတက်မှာတော့ သစ်ပင်ထိပ်ဖျားတွေရယ်.. ကျောက်တောင်အစွန်းတွေရယ်.. ပြတင်းပေါက်က၀င်လာတဲ့ လတ်ဆတ်နဲ့လေထုအေးအေးတွေရယ်ကြောင့် ..ရင်ထဲမှာဖော်မပြနိုင်အောင်ပါဘဲ...။ အို.......... ဒီကမ္ဘာမြေကြီးဟာ သိပ်လှပနေပါလား...................။
 

ကျွန်တော်တို့သွားမယ့်တောင်ထိပ်က Hidden Peak ပါအမြင့်ပေ တစ်သောင်းကျော်မြင့်ပါတယ်..။ အခုသွားတော့ Samuel လည်းပါလာတယ်.. သူကမနေ့က ကနေဒါကပြန်ရောက်လာတာ..။ ဓာတ်ပုံကတော့ သူတစ်လှည့်ကိုယ်တစ်လှည့်ရိုက်ပေးလိုက်နဲ့ပေါ့...။ တစ်ခါတစ်ခါ ကင်မလာတောင် လဲယူထားလိုက်သေးတယ်.. သူ့ကို သူ့ကင်မလာနဲ့ရိုက်ပေး.. ကိုယ့်ကင်မလာ သူ့ကိုပေးထားလိုက်တယ်.. အေးရော...။ တောင်ပေါ်ကကြည့်လိုက်ရင် အဝေးမှာ Salt Lake Valley ကိုမှုန်ပျပျ ..ပတ်ပတ်လည်မှာ တောင်ထိပ်တွေနဲ့ အရောင်စုံတဲ့ ကျောက်တောင်တွေရယ် သစ်ပင်တွေရယ် သိပ်လှတာဘဲ...။ အဲလိုအချိန်မျိုးမှာ ကိုယ်ချစ်တဲ့သူတွေကို သိပ်သတိရတယ်.. လွမ်းသလို ဆွေးသလို ၀မ်းနည်းဝမ်းသာသလို သတိရသလို ....။  အဲဒီအချိန်မှာ အဖြစ်ချင်ဆုံးကတော့ စွန်တစ်ကောင်ဘဲ.... တောင်ပေါ်ကနေ၀ဲပျံပြီးလို့သာ ရှိရှိသမျှကို အပေါ်စီးကနေ မက်မက်မောမောကြည့်လိုက်ချင်တော့တယ်.................။

အပိုင်း - ၃ ဆက်ရန်

7 comments:

...အလင်းစက်များ said...

ဒုတိယမ္ပိ အားကျမိပြန်ပါ၏.... စွန်ကလေးဖြစ်ချင်သူရေ.....

ကိုယ်ချစ်တဲ့သူတွေ အကြောင်းလဲ ရေးစေချင်ပါကြောင်းဗျို့

ZT said...

ယူတားဆိုတာနဲ့ စိတ်ထဲမှာ IMFlash ပဲ ပြေးမြင်တော့တာပဲ။ တခြားကုမ္ပဏီလည်း ယူတားမှာ ရှိမှာပါလေ။ :D

Phyo Evergreen said...

ဲJustice > အခွင့်ကြုံရင်လည်းရေးပါ့မယ်..။

ကိုZT > IMFlash မဟုတ်ပါဘူး..။ ကျွန်တော်တို့က Medical ကုမ္ပဏီပါ..။

Maung Myo said...

စွန်လေးဖြစ်ချင်တဲ့အကြောင်းလာဖတ်တယ် ညီ သိပ်ကံကောင်းတာပေါ့ သဘာဝအလှတွေ ခံစားရဖို့ဆိုတာသိပ်လွယ်တာမဟုတ် အစ်ကိုဆို ပင်လယ်ကိုမြင်ဖူးချင်နေပေမယ့် မရောက်တာတော်တော်ကိုကြာပြီး ။

Anonymous said...

အဲဒီမြို့မှာ မြန်မာတွေအများကြီးဘဲ သွားလည်ခဲ့သေးလား
ခရီးသွားဆောင်းပါးလေး ဖတ်ရတာ အဲဒီသဘာဝအလှတွေ ကိုယ်တိုင်သွားခဲ့ရသလို ခံစားရတယ်...

khin oo may said...

ဖတ်နေ၏။

အိမ့်ချမ်းမြေ့ said...

ကနေဒါဘယ်တော့ရောက်မလည်းး))

ဆက်ရန်ကိုမျှော်လျှက်..