Saturday, October 21, 2017

ကာရေဘီယံညများ


တဖိတ်ဖိတ်တောက် နဂါးငွေ့တန်းအောက်
အချစ်ပျောက်ရှာတော့
လှိုင်းရေတွေအောက်...
ကြယ်တွေလား အလင်းမှုန်တွေလား အတွေးစတွေလား မသဲကွဲ...

လေပြည်တွေလား ရေလှိုင်းတွေလား နူးညံ့တဲ့လက်တစ်စုံလား
အနားနား တိုးဝေ့လာမှုမှာ
နွေးထွေးစွာ မရေမရာ..

ကာရေဘီယံရဲ့ ညတွေဟာ...
ကိုယ့်အထင်တော့
တိတ်ဆိတ်ငြိမ်သက်စွာ တစိမ်းဆန်စွာ.
ခံစားမှုတွေကို  မွန်းကြပ်သိပ်သည်းစေတယ်...

ဝေးကွာလွန်းခဲ့တယ်...
ကာရေဘီယံရဲ့ ညတွေအလယ်...


Friday, September 5, 2014

ဧဒင်ဗရာရဲ့နွေ


အချိန်တန်လို့
လမ်းခွဲရမယ်ဆိုတော့လည်း...
ကိုယ့်စိတ်မှာ မဖြေသာတော့ပါ
အမှတ်တရများစွာ...

လမ်းကျဉ်းကျဉ်းလေးတွေကြား
မျက်နှာတွေကြား
စကားသံတွေကြား
တိုးဝေ့ရင်း...
နာရီလက်တံတွေကိုမော့ကြည့်လို့
ခြေလှမ်းတွေစိပ်ခဲ့ဖူးတယ်...

နေ့ရက်တွေ ကုန်ဆုံးတဲ့အလျောက်
ရာဇဝင်ရဲ့ စာမျက်နှာတွေကြားမှာ
လွမ်းဆွတ်တသမှုတွေ
ဝေဝါးလို့သာ
အရိပ်ထင်နေတော့တယ်...

အတိတ်ရဲ့ အတွေးစုတွေကို
သိမ်းပိုက်ထွေးပွေ့ရင်း
မနက်ဖြန်ညများမှာ
အိပ်မက်တွေ သိပ်သည်းကုန်ရော့မယ်...

စွဲလန်းမှုတွေကို
ခဏတာမျှ မေ့လျော့လိုက်ချင်လို့...
သူ..မသိ၊မကြားစေဖို့
နွေနှောင်းလေပြည်တွေနဲ့အတူ
ဒီညမှာ..
ခပ်တိုးတိုးလေး အိပ်မောကျခွင့်ပေးပါ
ဧဒင်ဗရာ....။

Saturday, April 19, 2014

ချစ်သော ပုဂံမြေ

      
       ဧပြီလဆန်းပိုင်းက ကိုယ်တိုင်အစီအစဉ်မရှိဘဲ ပုဂံမြေကိုအလည်တစ်ခေါက်ရောက်ခဲ့ပြန်ပါသေးတယ်...။ (၃)ညအိပ်(၄)ရက်ခရီးမှာ ပုဂံမှာ (၂)ညအိပ်ဖြစ်ခဲ့တယ်...။ အမျိုးအဆွေစုံစုံလင်လင်နဲ့မို့ ပျော်စရာကောင်းပြီး အမှတ်ရစရာလည်းကောင်းတဲ့ ခရီးပါ..။ ပုံတွေလည်းသိပ်မရိုက်ဖြစ်ပါဘူး... စကားတွေပြော ရီစရာတွေပြောနေတာနဲ့မို့ပါ..။ ကိုယ်ရိုက်ချင်တဲ့အမှတ်ရစရာနေရာလေးကိုဘဲရိုက်ဖြစ်ပါတယ်...။

       ရန်ကုန်ကနေ မနက်(၄)နာရီထွက်တော့ ပုဂံကိုနေ့လည်(၂)နာရီတိတိမှာရောက်ပါတယ်...။ နံနက်စာနဲ့နေ့လည်စာကိုတော့ (၁၁၅)မိုင်နဲ့ ကျောက်ပန်းတောင်းမှာစားခဲ့တယ်...။ (၂)ညအိပ်ဘဲမို့အချိန်သိပ်မရတာကြောင့် ဟိုတယ်မှာခဏနားပြီး...ဘုရားဖူးထွက်ခဲ့တယ်...။ ပထမဆုံး အာနန္ဒာဘုရား.. ဝင်ဖူးကြတယ်...။ ပြီးတော့ ရွှေဆံတော်ဘုရားသွားပြီး နေဝင်တာကိုကြည့်ကြပြီးမှာ ဗူးဘုရားကို သွားခဲ့ကြတယ်...။ ဗူးဘုရားကိုရောက်တော့ နေဝင်သွားပြီ... ဧရာဝတီမြစ်ပြင်ဟာ သောင်ပြင်ပြန့်ထူထူတွေနဲ့အတူ ငြိမ်သက်အေးချမ်းစွာ...။ ညနေစာစားပြီးမှ ရွှေစည်းခုံဘုရားဖူးပြီး..ဟိုတယ်ပြန်ခဲ့တယ်...။




 


   ဒုတိယနေ့မှာတော့ ဓမ္မရာဇကဘုရား၊လောကနန္ဒာဘုရား၊မနူဟာဘုရား၊မြစေတီ၊ကန်တော့ပလ္လင်၊သဗညု... စတဲ့ဘုရားတွေဖူးခဲ့တယ်...။ အာနန္ဒာဘုရားအနီးက စားနေက ရွှေမြန်မာ(၂) ထမင်းဆိုင်မှာလည်း မမေ့မလျော့ဝင်စားခဲ့သေးတယ်... လက်ရာကတော့ကောင်းမြဲ..။ ညနေဘက်ကျတော့ ပါလာတဲ့ ညီဝမ်းကွဲလေးနဲ့ တူမကလေး မြင်းလှည်းစီးဖူးတယ်ရှိအောင် မြင်းလှည်းနဲ့တစ်ခါထပ်ထွက်ပြန်တယ်..။ သရပါကိုနှုတ်ဆက်၊ ရွှေဂူကြီးကိုဝင်ဖူးလို့ နေဝင်ချိန်ကိုငေး၊ ဓမ္မံရံကြီးကိုတစ်ပတ်ပတ်ကာ အလိုတော်ပြည့်ဘုရားမှာ ဆုတွေတောင်းခဲ့တယ်...။




 



 ချစ်ခင်ရတဲ့သူတွေနဲ့သွားရတဲ့ခရီးမို့ တိုတောင်းပေမဲ့ အမှတ်တရရှိလှပါတယ်..။ 
 အရင်တစ်ခေါက်သွားခဲ့တာကို ဖတ်ချင်တယ်ဆိုရင်.. 

Monday, November 25, 2013

တောင်ကြီး


ဒီတစ်ခေါက် မြန်မာပြည်ပြန်တာ အချိန်သိပ်မရလို့ တောင်ကြီးမှာ (၃)ညပဲအိပ်ဖြစ်လိုက်တယ်..။ နောက်ဆုံးရက်တော့ အဘိုးအဘွားတွေကိုလိုက်ကန်တော့ဖြစ်တယ်...။ သီတင်းကျွတ်အချိန်ဆိုတော့ အိမ်တိုင်းအိမ်တိုင်းမှာ ညဘက်ဆိုမီးရောင်စုံတွေနဲ့....။ ညဘက်တော့ လေတအားတိုက်လို့ မီးပုံးတွေလုံးဝ ထွန်းလို့မရဘူး... မီးသီးတွေဘဲထွန်းရတယ်...။


မနက်စောစာထပြီး ဒေါ်နန်းပန်ဆိုင်မှာ ရှမ်းခေါက်ဆွဲသွားစားကြတယ်...။ ရန်ကုန်က ရှမ်းခေါက်ဆွဲတွေစားလို့မကောင်းဘူး... အမြဲစားဖြစ်တဲ့ဆိုင်ကတော့ ၄၇ လမ်းထိပ်က "နန်းထိုက်" မှာ..။ အရည်တစ်ပွဲ အသုပ်တစ်ပွဲစားခဲ့တယ်... ပဲသွေးမကြိုက်လို့ဖယ်စားတယ်... အဲဒီဆိုင်က တိုဖူးကြော် စားကောင်းတယ်.. အပြင်ကကြွပ်နေပြီး အထဲမှာ အရည်ပျော်ပျော်လေးနဲ့..။


နေခဲ့တဲ့ (၃)ရက်အတွင်း မိုးမရွာဘူး သိပ်လည်းမအေးဘဲ နေသာပြီးနေလို့ကောင်းတယ်...။ အိမ်ကောင်း၊ ကားကောင်း တွေများလာတယ်...။ အဘိုးအဘွား နဲ့ ဆွေမျိုးတွေအားလုံး ကျန်းကျန်မာမာနဲ့ဘဲ....။ သွားချင်တဲ့နေရာအချို့မရောက်ဖြစ်ပေမယ့်... တွေ့ချင်သူအားလုံးကိုတွေ့ခဲ့ရလို့ ကျေနပ်ပါတယ်...။



အမိုးနီနီနဲ့အိမ်ကလေးတွေ ၊ ချယ်ရီနဲ့ စိန်ပန်းပြာတွေ၊  တိမ်တိုက်တွေအောက်က တောင်တန်းပြာတွေ အားလုံးဟာ အခုတော့ လွမ်းစရာတွေပါ..။

Wednesday, November 13, 2013

ပင်းတယ ၊ တောင်ကြီး


     တောင်ကြီးရောက်တော့ နေတောင်ဝင်လုပြီ.... အအေးဓာတ်များလည်း တစ်စတစ်စပိုကဲလာကာ
ချမ်းစိမ့်လာသည်....။ အိမ်မှာညနေစာစားပြီး.... ကားနဲ့မြို့ထဲတစ်ပတ်ထွက်လည်ဖြစ်သည်....။ စတိုးဆိုင်များ၊ အကင်ဆိုင်များနှင့် တောင်ကြီးညနေခင်းသည်စည်ကားလို့နေသည်.......။

တောင်ကြီးအဆင်း
ဟဲဟိုးအတက်လမ်း
     နောက်တစ်နေ့မနက်တော့ စောစောထပြီး ပင်းတယသို့သွားဖို့ပြင်ဆင်ရသည်...။ ပင်းတယကိုမရောက်ဖြစ်သည်မှာ ၂၀၀၁ ခုနှစ် အောက်တိုဘာလကတည်းကဖြစ်သည်...အဲသည်တုန်းက ကုံလုံဆရာတော်ကြီးကိုလည်း အခွင့်ကြုံစွာဖူးခဲ့ရသေးသည်...။ ၁၂ နှစ်ကြာမှ ပင်းတယသို့နောက်တစ်ကြိမ် ရောက်ခဲ့ရပြန်သည်....။

     တောင်ကြီးအဆင်းလမ်းတစ်လျှောက်တွင် ပန်းဝါဝါလေးများနှင့် သာယာစိုပြည်နေသည်....။ တောင်အောက်ကိုလှမ်းကြည့်လိုက်လျှင်လည်း မြူတွေဆိုင်းနေသည့် အေးသာယာလွင်ပြင်ကိုမြင်နိုင်သေးသည်....။ ဟဲဟိုးအတက် ဘဝသံသရာတံတားနေရာနှင့် ဟဲဟိုးမှအောင်ပန်းအတက် ထင်ရူးပင်များစီတန်း နေသောတောင်အတက်လမ်းကလေးများကို သဘောအကျဆုံးဖြစ်သည်....။

အောင်ပန်းအတက်
အောင်ပန်းအတက်
ယူကလစ်ပင်တန်း
     အောင်ပန်းမဝင်မီ ယူကလစ်ပင်တန်းကိုမြင်တော့ ငယ်ငယ်ကအဲဒီနားမှာကားပျက်ခဲ့ဖူးတာ ကိုအမှတ်ရနေသေးသည်.... ၁၉၉၅ လောက်ကဖြစ်မည်..။ အောင်ပန်းရောက်တော့ ချယ်ရီမှာ ခဏနားမုန့်စားဖြစ်သေးသည်...။ ကုန်တင်ကုန်ချဖြင့် စည်ကားနေသော အောင်ပန်းကနေမှ ပင်းတယသို့မြောက်အရပ်အတိုင်းခရီးနှင်ခဲ့သည်...။ ပင်းတယဘက်လမ်းတစ်ကြောသည် တောင်ကုန်းများ နိမ့်ချည်မြင့်ချည်ဖြင့် သာယာလှသည်.....။ ပန်းမုန်လာ၊ အာလူး၊ ချင်း နှင့် ဂျုံစိုက်ခင်းများအကြား ရှမ်းကုန်းမြင့်ဧ။် မြေနီနီများကိုလည်း တွေ့ရသည်...။
ပန်းမုန်လာစိုက်ခင်းများ
စိုက်ခင်းများ
     ကျုံး နှင့် ပွေးလှ မြို့များကိုဖြတ်ကျော်ပြီးနောက် ၁၀နာရီခွဲလောက်ပင်းတယကိုရောက်ကြသည်....အရင်အတိုင်းမပြောင်းမလဲရှိနေဆဲဘဲ..။
ပထမဆုံး ရွှေဥမင်လိုဏ်ဂူကိုသွားခဲ့ကြသည်.. ကမ္ဘာလှည့်ခရီးသွားများလည်း အများအပြား...။ အကြိုက်ဆုံးနေရာကား ရွှေဥမင်သို့ ဓာတ်လှေကားနှင့်တက်ရန် ဖြတ်သွားရတော စောင်းတန်းနေရာလေးဖြစ်သည်...။ ထိုနေရာမှ ပုန်းတလုတ်ကန်နှင့်အတူ ပင်းတယတစ်မြို့လုံးကို စီးမိုးပြီးကြည့်နိုင်သည်....။ ဟိုးအဝေးမှ တိမ်စိုင်တိမ်လိပ်များနှင့် ကောင်းကင်ပြာပြာအောက်က တောင်ကုန်းတောင်တန်းများကလည်း လွမ်းမောစရာ....။ ရာသီဥတုကတော့ မပူမအေးနှင့် နေလို့အကောင်းဆုံးဖြစ်သည်...။


ပင်းတယအဝင်

ရွှေဥမင်စောင်းတန်းမှ
ရွှေဥမင်စောင်းတန်းမှ





အလယ်ဥမင်သို့အသွားလမ်း


အလယ်ဥမင်မှ အပြန်စောင်းတန်း

     ရွှေဥမင်ဂူအတွင်းမှ ဘုရားများဖူးပြီး အလယ်ဥမင်သို့ ဆက်သွားခဲ့သည်...။ အလယ်ဂူကိုတော့ လူသိပ်မသွားကြ..နိုင်ငံခြားသားအချို့သာတွေ့ခဲ့သည်..။ အလယ်ဂူသွားရာစောင်းတန်းတစ်လျှောက် တောင်စောင်းတွေမှာ ထင်ရူးပင်များနှင့်စိမ်းစိုလို့နေသည်....။ အပြန်တော့ ဈေးတန်းမှာ လက်ဖက်စို၊လက်ဖက်ခြောက်များ နှင့် လက်ဆောင်ပစည်းအချို့ဝယ်ခဲ့သည်..။ ပင်းတယမြို့ထဲမှာတော့ ဘယ်မှမလည်ဖြစ်ဘဲ... ဦးအစိတ်ဆိုင်မှာ နေ့လည်စာစားပြီး တောင်ကြီးပြန်ခဲ့တယ်....။






     ပင်းတယအပြန်လမ်းမှာ တိမ်တွေအုံ့ဆိုင်းကာ နေရောင်ခြည်တွေဟာ  တိမ်တွေကြားကနေလှပစွာဖြာကျနေခဲ့တယ်.....။  ဆုံတွေ့ချိန်တိုင်းမှာ ကြည်နူးရပေမယ့်...  ခွဲခွာချိန်မှာတော့ နာကျင်ရစမြဲပါဘဲ...။

Tuesday, October 29, 2013

မြန်မာပြည် အပြန်တစ်ခေါက်


မြန်မာပြည်ကို ခဏတာပြန်ရောက်ခဲ့တယ်....။
ရန်ကုန်၊ ညောင်ရွှေ၊ တောင်ကြီး နဲ့ ပင်းတယ စတဲ့နေရာတွေဆီ ရောက်ခဲ့တယ်.... အားလုံးဟာ နွေးထွေးစွာကြိုဆိုလျက်။
အချိန်သိပ်မရပေမယ့် တွေ့ချင်သူ ချစ်သူခင်သူအားလုံးကို တွေ့ရတဲ့အတွက် တကယ်ဝမ်းသာပါတယ်...။

 ရွှေတိဂုံ


 ဟဲဟိုး အဆင်း

ရန်ကုန်မှာ တစ်ရက်နေပြီး နောက်တစ်ရက် တောင်ကြီးကိုဆက်သွားခဲ့တယ်... ဟဲဟိုးလေယာဉ်ကွင်းကတော့ အရင်အတိုင်း မပြောင်းလဲ..။ လေယာဉ်အဆင်း တောင်တန်း တောင်ကုန်းတွေနဲ့ မြေနီနီစိုက်ခင်းတွေကို ပြန်တွေ့လိုက်ရချိန် စိတ်ခံစားမှုတွေဟာ ပြောမပြတတ်အောင်ပဲ....။


 
 ညောင်ရွှေအဝင်

 တောင်ကြီးမတက်မီ ဟဲဟိုးကနေ ညောင်ရွှေသို့ အရင်သွားခဲ့တယ်... မတွေ့တာနှစ်ပေါင်းများစွာကြာပြီဖြစ်တဲ့ အမျိုးအဆွေများကိုလည်း ဝမ်းပန်းတစ်သာပြန်တွေ့ရတယ်...။
ဖောင်တော်ဦးဘုရားပွဲအချိန်မို့ ညောင်ရွှေမြို့ဟာ အသက်ဝင်စည်ကားလို့နေတယ်...။ ကမ္ဘာလှည့်ခရီးသွားတွေလည်း အများအပြား...။ 

 ညောင်ရွှေမှအပြန်


တောင်ကြီးအတက်လမ်း

ညောင်ရွှေကအပြန်မှ တောင်ကြီးဆက်တက်ခဲ့တယ်.... နေဝင်ချိန်မို့ရှုခင်းတွေက လွမ်းစရာပါ...။ တောင်အတက်မှာ လေအေးအေးလေးတွေတိုက်နေခဲ့တယ်... တဖြည်းဖြည်းနဲ့ အေးစပြုလာပြီ။ အိမ်ကလူတွေလည်း မျှော်လှရောပေါ့...။
ကားလမ်းတွေအဆင်ပြေချောမွေ့ဖြောင့်ဖြူးပြီး ရာသီဥတုလည်း ကြည်လင်သာယာနေခဲ့တယ်...။

Monday, April 8, 2013

လွမ်းလေပြည်

       
အနောက်ယွန်းယွန်းဆီက တောင်တန်းတွေပေါ်မှာ မေးတင်နေတဲ့ နေဝန်းနီနီကို မြင်မိတဲ့အခိုက် ကျွန်တော့်ဘယ်ဘက်ရင်ခွင်ဆီမှာတော့ တဆစ်ဆစ်နာကျင်ကိုက်ခဲလာသယောင်....။ နာကျင်မှုတွေနဲ့အတူ ဒဏ်ရာတွေနိုးထလာတော့မှ ကျွန်တော်ဟာ လွမ်းမောတတ်သူတစ်ယောက်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်တွေ့ရှိမိလေသည်...။

ဝေးလံတဲ့ မြောက်အရပ်တွေဆီက တိုက်ခတ်လာလေ့ရှိတဲ့ အေးစိမ့်စိမ့်ညနေခင်းလေပြည်များကို ကျွန်တော် တယုတယရှိခဲ့သည်...။ မြောက်ပြန်လေတို့ဖြတ်သန်းတိုက်ခတ်ရာလာ အရပ်ဒေသများဆီမှ ပျော်ရွှင်မှုများ၊ ကြည်နူးစရာများ လေနှင့်အတူပါလာကောင်း ပါလာနိုင်ပါသည်...။ သို့သော် ကျွန်တော်တို့မြို့လေးကို ဖြတ်သန်းရောက်ရှိချိန်မှာတော့ အလွမ်းတွေသာပါလာသည်ဟု ခံစားရသည်မှာ ကျွန်တော်တစ်ယောက်တည်းဧ။် အထင်တွေလားဆိုတာ မရေရာခဲ့ပါ..။ သေချာတာတစ်ခုကတော့ ကျွန်တော့်အလွမ်းတွေအား သူမ ရှိနိုင်မည့် အရပ်ဒေသဆီသို့ လေပြည်တွေနှင့်အတူ သယ်ဆောင်ယူငင်သွားစေချင်လှတော့သည်...။


ညနေခင်းတွေရောက်ပြီဆို အိမ်ရှေ့မှာထိုင်လို့ အိပ်တန်းပြန်ငှက်ကလေးများကို ငေးမောကြည့်ရသည်မှာ ကျွန်တော့်အတွက် ဝတ္တရားတစ်ခုလိုပင်..။ ငှက်ကလေးများ ဘယ်အရပ်ကိုသွားလို့ ဘယ်ဆီကိုများပြန်ကြမလဲဆိုတာ တွေးကြည့်နေတတ်ခဲ့တာ အခါခါ....။ တူယှဉ်တွဲလို့ ပျံသန်းနေကြတဲ့ ငှက်ကလေးတွေကို တွေ့တဲ့အခါ သူမအားလွမ်းဆွတ်ရသလို... တစ်ကောင်တည်း အိပ်တန်းပြန်နေတဲ့ ငှက်ငယ်များကိုတွေ့ရတဲ့အခါမှာလည်း အသနားပိုမိတာ ကျွန်တော်ပါ...။ တောင်စွယ်နေကွယ်လို့ အလင်းရောင်တွေပျောက်သွားတဲ့အချိန်မှာတော့ ရင်မောကာ ကျန်နေမြဲ...။         
                    
အထက်စီးကမြင်နိုင်တဲ့ တောင်ကုန်းလေးပေါ်တက်လို့ မျှော်ကြည့်လိုက်တဲ့အခါ နေ့တစ်နေ့ရဲ့ နောက်ဆုံးအလင်းရောင်တွေအောက်မှာ မြို့ကလေးကတော့ တိတ်ဆိတ်စွာဝပ်စင်းလို့နေတယ်...။ တောင်အတက်လှေကားထစ်တွေမှာတော့ သူမရဲ့ အရိပ်ယောင်များ ပျောက်ဆုံးနေဆဲ..။ ယူကလစ်ပင်များ စီတန်းနေတဲ့ လမ်းကလေးတွေ ထင်ရူးအုပ်အုပ်နဲ့တောင်ကုန်းလေးတွေ... ပိရိဆိတ်ငြိမ်စွာ....။ ခြေလှမ်းတွေအောက်က ကတ္တရာလမ်းတွေသာ အလွမ်းရင့်ရင့်တွေအောက်မှာ ပိုလို့ပင်နက်မှောင်သွားသယောင်.....။

မရမ်းရောင်ရင့်ရင့်ကောင်းကင်ကို နောက်ခံပြုလို့ မြို့ကလေးဝန်းကျင် အရှေ့အနောက်တောင်တန်းတွေမှာတော့ ဒဏ္ဍာရီဆန်စွာ မြူတွေဆိုင်းလို့ရယ်.....။ လေပြည်ညင်းတို့ သယ်ဆောင်သွားမည့်အလွမ်းတွေ ခရီးလမ်းတစ်လျှောက် တောင်စဉ်အထပ်ထပ်တွေမှာ
ဝေ့ဝဲကျန်ရစ်မနေစေဖို့သာ တောင်ကုန်းထက်ကစေတီငယ်မှာ ခဝပ်ရိုးကျိုး ခပ်တိုးတိုးလေး ဆုတောင်းနေမိတော့တယ်........။

Sunday, September 2, 2012

ကျေးဇူးပြု၍


လွမ်းဆွတ်တတ်သူမို့
အဝေးသို့ စွန့်ခွာလို့သွားတော့မယ်ဆိုရင်လည်း
ကျေးဇူးပြုပြီး
သတိတရ နှုတ်ဆက်စကားတွေ
ချန်မထားခဲ့ပါနဲ့..
မင်းပြန်လာမယ့်အချိန်ကိုသာ
မျှော်လင့်ချက်ရှိရှိ စောင့်စားပါရစေ...
တမ်းတတတ်သူမို့
အမှတ်တရတွေ ချန်ထားခဲ့မယ်ဆိုရင်လည်း
ကြည်ကြည်နူးနူး အိပ်မက်တွေထက်
ဒီရင်ခွင်မှာ..
ဒဏ်ရာတွေ သက်သက်သာသာဖြစ်စေဖို့
ကျေးဇူးပြုပြီးတော့
ငဲ့ညှာပါလို့ တောင်းဆိုပါရစေ...
သတိရတတ်သူမို့
နွေညနေခင်းလို့ လှပပြီး
ဆောင်းနံနက်ခင်းလို အေးချမ်းတဲ့
မင်းရဲ့ မျက်ဝန်းတွေကို မြင်ယောင်နေချင်လို့
ကျေးဇူးပြုပြီး
မင်းရဲ့အပြုံးတွေ နောက်ဆုံးတစ်ခေါက်မြင်ပါရစေ...
ချစ်ခဲ့မိသူမို့
အရှုံးတွေသာ ထွေးပိုက်ရင်း
အဓိပ္ပာယ်မဲ့ မနက်ဖြန်တိုင်းမှာ
ကိုးကွယ်ရာရှိစေဖို့
ကျေးဇူးပြုပြီးတော့
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုတော့
သိမ်သိမ်မွေ့မွေ့ ကြားခဲ့ပါရစေ.....။

Thursday, March 29, 2012

မင်းရှိရာ

တိတ်ဆိတ်ငြိမ်သက်နေတဲ့
သစ်ပင်တန်းတစ်လျှောက်
ရွက်ကြွေတောမွမွမှာ
မင်းကို..သတိရရင်း
ကိုယ်..ခပ်ဖွဖွလေးလျှောက်နေမိတယ်...

တိမ်စိုင်တိမ်လိပ်တွေ
ကြယ်တာရာ သော်တာလ၀န်းတွေနဲ့
ပိုးစုန်းကြူးလေးတွေ အမြဲလိုလိုပါတတ်တဲ့
ပုံပြင်ဟောင်းလေးတွေကိုလည်း
မင်းကို..တမ်းတရင်း
တိုးတိတ်စွာ ပြန်လည်တူးဆွနေမိပြန်တယ်...

ဝေးကွာမှုတွေနဲ့
အိုမင်းကြာမြင့်စေတဲ့ အချိန်တွေကိုသာ
တဖက်သတ်
ခါးခါးသီးသီး မုန်းမိနေခဲ့ပေါ့....

အလွမ်းတွေထိန်းမရတဲ့အဆုံး
ပစ္စုပ္ပန်လှိုင်းလုံးတွေကြား
မင်းရှိရာ မျှော်တွေးမှန်းဆလို့သာ...
ခပ်ဆွေးဆွေး လှော်ခတ်နေမိတော့တယ်...။

Thursday, March 15, 2012

နှလုံးသား တစ်ခုရဲ့ ပန်းချီ

စာရွက်ပေါ်အကြမ်းရေးထားတာပဲ တင်လိုက်တော့မယ်.... စာပြန်မရိုက်တော့ဘူး...
Right-click > Open in new tab လုပ်ပြီး ကြည့်ကြပါ..

  

Friday, February 17, 2012

ခရေအတွေး

နေညိုချိန် ခင်တန်းမှာ
ခရေအကြွေတွေကို အတူတူကောက်..

နွမ်းကြေနေပေမယ့်
စိတ်အစဉ်ကို လန်းဆန်းစေသေးတဲ့
ပန်းခရေ...
မြတ်မြတ်နိုးနိုး သီကုံးလို့
အသာယာလေး မွှေးကြူပါရစေ...

လေပြည်ညှင်းမှာတော့
ရနံ့တွေထုံသင်းလို့
ခရေတွေကြောင့်လား ချစ်သူကြောင့်လား....


Saturday, December 31, 2011

လွင့်ပြယ်သွားသော အချိန်ကာလများ

    
         ခပ်ဆွေးဆွေးသီချင်းသံတို့က ရေဒီယိုစပီကာမှ ယိုစီးကျလာသည်.....။ မီးလင်းဖိုနဘေးမှာ အိပ်ပျော်နေသော ဘော်ဘီထံမှ ဟောက်သံတိုးတိုးလေးထွက်နေသည်.... ကြည့်မိတော့ မျက်နှာကိုတောင်မမြင်ရ ချစ်စရာအမွေးပွလုံးလေးအဖြစ်နဲ့သာတွေ့ရသည်...။ မီးဖိုထဲကထင်းချောင်းတွေကတော့ တဖျစ်တောက်တောက်နှင့်... ဒီလိုချစ်စရာအချိန်မှာ ဘာကိုများ မကျေမနပ်ဖြစ်နေကြသလဲ.....။ တချက်မှာ အေးစိမ့်သွားတော့အသိကြောင့် ပြတင်းပေါက်တံခါး မပိတ်ရသေးမှန်းသတိရမိသည်....လေတွေက စိမ်းကားစွာအေးစက်လှချည်လား...။ မှန်ချပ်တွေကတစ်ဆင့် ခပ်ဖြာဖြာကျရောက်နေသော လရောင်သည် ချမ်းစိမ့်ခြင်းကိုပိုပြီးထူခဲစေသယောင်... ။ ပြတင်းပေါက်အပြင်ဘက်တွင် အိမ်ခြေငယ်ငယ်လေးတွေ နှင်းတွေအောက်မှာ အိပ်မောကျလို့နေသည်..... မီးလုံးဝါ၀ါလေးတွေ လင်းနေတဲ့အိမ်တိုင်းရဲ့ ခေါင်းတိုင်တွေမှာတော့ မီးခိုးတွေတလူလူနှင့်...။

         အချိန်စောသေးတာပဲလေ....သူမလမ်းလျှောက်ထွက်ချင်သလား မေးကြည့်ဦးမှလေ....။ အပြင်ဘက်မှာနှင်းတွေတော့ကျမနေ.....ကောင်းကင်သည်အေးမြကြည်လင်လို့သာနေသည်....။ ဆောင်းညတွေကို ချစ်မြတ်နိုးသော သူမ ဘယ်လိုလုပ်ငြင်းလိမ့်မှာလဲ....။ နှစ်ယောက်သား အနွေးထည်ထူထူဝတ်၊ ဦးထုပ် ၊ လည်စီးပုဝါ နှင့် လက်အိတ်တွေပါမကျန်သေချာဝတ်အပြီးမှာ အပြင်ထွက်ခဲ့ကြသည်...။ လင်းဖြာနေတဲ့ လရောင်အောက်မှာ မြင်မြင်သမျှသည် ဆွတ်ဆွတ်ဖြူလို့ လှချင်တိုင်းလှနေသည်.... သူမနှုတ်ခမ်းဖျားမှာ အပြုံးလေးတစ်ပွင့် တွဲခိုနေတာကိုပင် သူသတိပြုမိသေးသည်...။

"ဆောင်းရာသီညတွေဟာ သိပ်လှတာပဲနော် ကို.."

"အင်း...."

"ကြယ်တွေရယ် ဟိုးအဝေးကတောင်တွေရယ်... အဲဒီအောက်ဘက်က တောအုပ်ကလေးရယ်...အားလုံးသိပ်ချစ်စရာကောင်းတာဘဲ..."

"အင်း..."

         ဆောင်းညရဲ့ဖမ်းစားမှုအောက်မှာ သူကိုယ်တိုင်လည်းစကားလုံးတွေဆွံ့အနေပြီလေ...။ မြို့ငယ်လေးရဲ့ မီးတိုင်တွေအောက်က လမ်းမတွေမှာတော့ လူသူကင်းရှင်းလို့...။ မြို့လယ်ခေါင်မှာ တစ်ပင်တည်းအထီးကျန်နေတဲ့ ခရစ်စမတ်သစ်ပင်ကြီးကို နောက်ဆုံးတစ်ခါ သွားနှုတ်ဆက်ကြတယ်...။ နာရီစင်ကိုမော့ကြည့်တော့ နာရီလက်တံနှစ်ခု နံပါတ် ၉ မှာတစ်ထပ်တည်းကျလို့.... သူတို့လက်တွေလည်း မြဲမြဲဆုပ်ကိုင်ထားကြတယ်...။ 

         နှစ်တစ်နှစ်မှာ နွေရယ် မိုးရယ် ဆောင်းရယ် ရာသီတွေအပြောင်းအလဲမြန်လွန်းလှသည်....။ ရေကန်စပ်လှေကလေးတွေ အနားက ပူနွေးနွေး နွေရာသီညနေခင်းတွေကို လွမ်းဆွတ်တမ်းတကြသလို.... နှစ်ယောက်သား ထီးကလေးဆောင်းကာ လျှောက်ခဲ့ကြတဲ့ မိုးရာသီလမ်းမတွေကိုလည်း သတိရရကြသည်..။ သတိမထားလိုက်မီကုန်လွန်သွားသော ပြက္ခဒိန်စာမျက်နှာများကို ရေတွက်ရင်း... အံသြတမ်းတမိသည်.....။ တစ်နှစ်စာ အမောတွေပြေစေဖို့အတွက်သာ ဆောင်းဟာ မြင်မြင်သမျှပတ်ဝန်းကျင်မှာ အစွမ်းကုန်လှပပေးနေတော့သည်လေ...။ နှစ်သစ်ဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ကြိုနေမှာလား... စိန်ခေါ်မှုတွေနဲ့ စောင့်နေမှာလားဆိုတာ မရေရာ.... သို့သော် နှစ်တစ်နှစ်နဲ့နောက်ဆုံးအချိန်မှာ လွမ်းမောစရာကောင်းနေတာတော့ အသေအချာ...။


"လာလေ ကို... ချောင်းကလေးပေါ်လမ်းလျှောက်ရအောင်.."

"အင်း... ဖြည်းဖြည်းသွား ချောမယ်.."

         ဒီဇင်ဘာရဲ့ အအေးဓာတ်ကြောင့် မြို့ကိုဖြတ်စီးသော ချောင်းကလေးပင်ရေတွေခဲနေသည်...။ ရေခဲပေါ်နင်းလိုက်တိုင်း ချောမှာစိုးသောကြောင့် သတိထားလျှောက်နေရသည်....။ ချောင်းကိုဖြတ်မိုးထားသော တံတားလေးသည်..နှင်းတွေအောက်မှာ ငြိမ်ကုပ်လို့... ချစ်စရာပင်ကောင်းနေတော့သည်...။ လမ်းလျှောက်နေစဉ်မှာပင် ...နှင်းပွင့်များ တစတစကြွေကျလာတော့သည်...။

      "သတိထား.." ဟု ပြောလို့မဆုံးမီ သူမခြေချော်သွားသည်...။ အချိန်မီစွာပင် သူမကိုယ်လေးကိုလှမ်းပွေ့လိုက်နိင်လို့ တော်သေးတယ်...။  သူမမျက်နှာပင် ထိတ်လန့်ခြင်းတစ်မှုန်မျှမရှိ ပြုံးလို့သာနေသည်...။

"ကိုက မြန်သားပဲ.."

"ဒါပေါ့..."

         သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်ရင်း ခပ်အုပ်အုပ်ရယ်ကြသည်...။ ရယ်သံတို့အဆုံး.....လရောင်ဖြာဆင်းနေတဲ့ ချောင်းမျက်နှာပြင်ပေါ် အရိပ်တို့ပူးကပ်သွားကြသည်....။ ချောင်းအနီးအိမ်တစ်အိမ်မှ ခပ်တိုးတိုးရေဒီယိုသီချင်းသံတစ်ခု နှင်းဖတ်တို့နဲ့အတူ ပျံ့လွင့်နေဆဲ...။


MusicPlaylist
Music Playlist at MixPod.com


(I do not own any rights for the music and picture used in the post)