ခပ်ဆွေးဆွေးသီချင်းသံတို့က ရေဒီယိုစပီကာမှ ယိုစီးကျလာသည်.....။ မီးလင်းဖိုနဘေးမှာ အိပ်ပျော်နေသော ဘော်ဘီထံမှ ဟောက်သံတိုးတိုးလေးထွက်နေသည်.... ကြည့်မိတော့ မျက်နှာကိုတောင်မမြင်ရ ချစ်စရာအမွေးပွလုံးလေးအဖြစ်နဲ့သာတွေ့ရသည်...။ မီးဖိုထဲကထင်းချောင်းတွေကတော့ တဖျစ်တောက်တောက်နှင့်... ဒီလိုချစ်စရာအချိန်မှာ ဘာကိုများ မကျေမနပ်ဖြစ်နေကြသလဲ.....။ တချက်မှာ အေးစိမ့်သွားတော့အသိကြောင့် ပြတင်းပေါက်တံခါး မပိတ်ရသေးမှန်းသတိရမိသည်....လေတွေက စိမ်းကားစွာအေးစက်လှချည်လား...။ မှန်ချပ်တွေကတစ်ဆင့် ခပ်ဖြာဖြာကျရောက်နေသော လရောင်သည် ချမ်းစိမ့်ခြင်းကိုပိုပြီးထူခဲစေသယောင်... ။ ပြတင်းပေါက်အပြင်ဘက်တွင် အိမ်ခြေငယ်ငယ်လေးတွေ နှင်းတွေအောက်မှာ အိပ်မောကျလို့နေသည်..... မီးလုံးဝါ၀ါလေးတွေ လင်းနေတဲ့အိမ်တိုင်းရဲ့ ခေါင်းတိုင်တွေမှာတော့ မီးခိုးတွေတလူလူနှင့်...။
အချိန်စောသေးတာပဲလေ....သူမလမ်းလျှောက်ထွက်ချင်သလား မေးကြည့်ဦးမှလေ....။ အပြင်ဘက်မှာနှင်းတွေတော့ကျမနေ.....ကောင်းကင်သည်အေးမြကြည်လင်လို့သာနေသည်....။ ဆောင်းညတွေကို ချစ်မြတ်နိုးသော သူမ ဘယ်လိုလုပ်ငြင်းလိမ့်မှာလဲ....။ နှစ်ယောက်သား အနွေးထည်ထူထူဝတ်၊ ဦးထုပ် ၊ လည်စီးပုဝါ နှင့် လက်အိတ်တွေပါမကျန်သေချာဝတ်အပြီးမှာ အပြင်ထွက်ခဲ့ကြသည်...။ လင်းဖြာနေတဲ့ လရောင်အောက်မှာ မြင်မြင်သမျှသည် ဆွတ်ဆွတ်ဖြူလို့ လှချင်တိုင်းလှနေသည်.... သူမနှုတ်ခမ်းဖျားမှာ အပြုံးလေးတစ်ပွင့် တွဲခိုနေတာကိုပင် သူသတိပြုမိသေးသည်...။
"ဆောင်းရာသီညတွေဟာ သိပ်လှတာပဲနော် ကို.."
"အင်း...."
"ကြယ်တွေရယ် ဟိုးအဝေးကတောင်တွေရယ်... အဲဒီအောက်ဘက်က တောအုပ်ကလေးရယ်...အားလုံးသိပ်ချစ်စရာကောင်းတာဘဲ..."
"အင်း..."
ဆောင်းညရဲ့ဖမ်းစားမှုအောက်မှာ သူကိုယ်တိုင်လည်းစကားလုံးတွေဆွံ့အနေပြီလေ...။ မြို့ငယ်လေးရဲ့ မီးတိုင်တွေအောက်က လမ်းမတွေမှာတော့ လူသူကင်းရှင်းလို့...။ မြို့လယ်ခေါင်မှာ တစ်ပင်တည်းအထီးကျန်နေတဲ့ ခရစ်စမတ်သစ်ပင်ကြီးကို နောက်ဆုံးတစ်ခါ သွားနှုတ်ဆက်ကြတယ်...။ နာရီစင်ကိုမော့ကြည့်တော့ နာရီလက်တံနှစ်ခု နံပါတ် ၉ မှာတစ်ထပ်တည်းကျလို့.... သူတို့လက်တွေလည်း မြဲမြဲဆုပ်ကိုင်ထားကြတယ်...။
နှစ်တစ်နှစ်မှာ နွေရယ် မိုးရယ် ဆောင်းရယ် ရာသီတွေအပြောင်းအလဲမြန်လွန်းလှသည်....။ ရေကန်စပ်လှေကလေးတွေ အနားက ပူနွေးနွေး နွေရာသီညနေခင်းတွေကို လွမ်းဆွတ်တမ်းတကြသလို.... နှစ်ယောက်သား ထီးကလေးဆောင်းကာ လျှောက်ခဲ့ကြတဲ့ မိုးရာသီလမ်းမတွေကိုလည်း သတိရရကြသည်..။ သတိမထားလိုက်မီကုန်လွန်သွားသော ပြက္ခဒိန်စာမျက်နှာများကို ရေတွက်ရင်း... အံသြတမ်းတမိသည်.....။ တစ်နှစ်စာ အမောတွေပြေစေဖို့အတွက်သာ ဆောင်းဟာ မြင်မြင်သမျှပတ်ဝန်းကျင်မှာ အစွမ်းကုန်လှပပေးနေတော့သည်လေ...။ နှစ်သစ်ဟာ စိတ်လှုပ်ရှားမှုတွေနဲ့ ကြိုနေမှာလား... စိန်ခေါ်မှုတွေနဲ့ စောင့်နေမှာလားဆိုတာ မရေရာ.... သို့သော် နှစ်တစ်နှစ်နဲ့နောက်ဆုံးအချိန်မှာ လွမ်းမောစရာကောင်းနေတာတော့ အသေအချာ...။
"လာလေ ကို... ချောင်းကလေးပေါ်လမ်းလျှောက်ရအောင်.."
"အင်း... ဖြည်းဖြည်းသွား ချောမယ်.."
ဒီဇင်ဘာရဲ့ အအေးဓာတ်ကြောင့် မြို့ကိုဖြတ်စီးသော ချောင်းကလေးပင်ရေတွေခဲနေသည်...။ ရေခဲပေါ်နင်းလိုက်တိုင်း ချောမှာစိုးသောကြောင့် သတိထားလျှောက်နေရသည်....။ ချောင်းကိုဖြတ်မိုးထားသော တံတားလေးသည်..နှင်းတွေအောက်မှာ ငြိမ်ကုပ်လို့... ချစ်စရာပင်ကောင်းနေတော့သည်...။ လမ်းလျှောက်နေစဉ်မှာပင် ...နှင်းပွင့်များ တစတစကြွေကျလာတော့သည်...။
"သတိထား.." ဟု ပြောလို့မဆုံးမီ သူမခြေချော်သွားသည်...။ အချိန်မီစွာပင် သူမကိုယ်လေးကိုလှမ်းပွေ့လိုက်နိင်လို့ တော်သေးတယ်...။ သူမမျက်နှာပင် ထိတ်လန့်ခြင်းတစ်မှုန်မျှမရှိ ပြုံးလို့သာနေသည်...။
"ကိုက မြန်သားပဲ.."
"ဒါပေါ့..."
သူတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ပြုံးကြည့်ရင်း ခပ်အုပ်အုပ်ရယ်ကြသည်...။ ရယ်သံတို့အဆုံး.....လရောင်ဖြာဆင်းနေတဲ့ ချောင်းမျက်နှာပြင်ပေါ် အရိပ်တို့ပူးကပ်သွားကြသည်....။ ချောင်းအနီးအိမ်တစ်အိမ်မှ ခပ်တိုးတိုးရေဒီယိုသီချင်းသံတစ်ခု နှင်းဖတ်တို့နဲ့အတူ ပျံ့လွင့်နေဆဲ...။
6 comments:
ဒီစာစုလေးက စာဖတ်သူရဲ့ နှုတ်ခမ်းမှာ အပြုံးလေးတစ်ခု ဖြစ်စေတယ်...
ကျနော်ဖတ်သွားပါတယ် ။ ( တကယ့်အတွေ့အကြုံလေးလို့ထင်မိတယ် ) စကားမစပ် အဲသည့်သီချင်းကို ကျနော်လည်း ကြိုက်တယ် ။ တနင်းဂနွေနေ့မှာ မင်္ဂလာဆောင်မယ် သီချင်းကို ကိုဇော်ဝင်းထွဋ် ဆိုတာလည်းကြိုက်တယ် ။ မူရင်းသီချင်းရဲ့ ဂစ်တာသံကိုလည်း ကြိုက်တယ် ။ ကျနော်သူငယ်ချင်းတယောက်ဆို အဲသည့်သီချင်းက ဘေ့စ် အသွားကို တီးတတ်တယ် ၊ အခုနားထောင်ရင်း သူ့ကိုတောင် သတိရမိသွားတယ် ။
ပျော်ရွင်ဖွယ်နှစ်သစ်ဖြစ်ပါစေ ။
မလေး လိုပဲ အစ်ကိုလည်း ပြုံးလိုက်မိတယ် ညီဖြိုးး)
အမှတ်တရစာစုလေးက သိပ်လှတယ်၊
ဆောင်းတွင်းလေးလှ သလိုပေါ့။
မလေး..ဘာလို့ပြုံးတာလည်း...။
ကိုicn2.. ကျွန်တော်လည်း မြန်မာလိုရော အင်္ဂလိပ်လိုပါ ဆိုထားတာကြိုက်တယ်..။
ကိုမျိုး.. မောင်နှမနှစ်ယောက်စလုံးပြုံးမိတယ်ဆိုပဲ...ဘာတွေများကြံစည်နေကြသလဲဗျ..။
အစ်မအပြုံးပန်း.. ကျေးဇူး..။ အစ်မရဲ့ စတီးလ်ရတုလည်း ချိုမြိန်လှပပါစေဗျာ..။
တိမ်ပြာပြာနေ့တစ်နေ့..
ဆန်းဒေးမှာ..ကွယ်..
အသစ်လာရှာပါတယ်..
ခဏခဏပါပဲကွယ်..
း))
Post a Comment