Thursday, August 4, 2011

မြန်မာပြည်ခရီး - ၆ (စစ်ကိုင်း မင်းကွန်း)

ဒီနေ့မနက်လည်း မနက်စာစောစောဆင်းစားကြတယ်..ကျွန်တော်ကတော့မုန့်ဟင်းခါးဘဲထပ်စားတယ်...။ ၇ နာရီခွဲလောက်ကျတော့ကားလာခေါ်တယ်..ဒီနေ့ စစ်ကိုင်းနဲ့ မင်းကွန်းဘက်သွားကြမယ်လေ..။ တကယ်တော့ဒီခရီးစဉ်သွားဖို့ဖြစ်လာစေတဲ့အကြောင်းအရင်းက ကျွန်တော်လည်းအဲဒီဘက်တွေမရောက်ဖူးသေးဘူး..ပြန်ရောက်တာနဲ့ကြုံတာရယ်... ပြီးတော့ ကြီးတော်ကလောလောလတ်လတ်လုပ်သက်ပြည့်ပင်စင်ယူထားတာ..သူရတဲ့ပင်စင်ငွေတွေအကုန်လုံးကို မြန်မာပြည်အနှံ့ကသူလှူချင်တဲ့နေရာတွေမှာ လှူဖို့ဆိုပြီးခရီးသွားဖြစ်တာ...။ ကြီးတော်ကမသွားခင်ကတည်းက ရေစက်ချထားပြီးသွားပြီ..။


စစ်ကိုင်းဘက်ဆိုတော့လည်း မနေ့ကလမ်းအတိုင်းဘဲပေါ့...စစ်ကိုင်းဘက်မကူးခင်ပထမဆုံးဧရာဝတီမြစ်ကမ်းဘေးက ရွှေကြက်ယက်ဘုရားဖူးကြတယ်...။ ဘုရားကိုကမ်းနဖူးမှာတည်ထားတာဆိုတော့ မြစ်ထဲမှာမျောနေတဲ့ဖောင်တွေရော စစ်ကိုင်းတောင်ရိုးတစ်ကြောလုံးကိုပါ..သေသေချာချာမြင်နေရတယ်..။ ပြီးတော့မှာ စစ်ကိုင်းဘက်ကိုကူးပြီး ဥမင်သုံးဆယ်ဘုရားဖူးဖို့ ကားနဲ့အပေါ်တက်ကြတယ်..။ စစ်ကိုင်းချောင်ဆိုတာ ရောက်ဖူးမှဘဲကြားဖူးသမျှကိုယုံရတော့တာကိုး...ချောင်ဆိုတဲ့အတိုင်းဘဲ အတွင်းထဲမှာ ဟိုတစ်ကွေ့ဒီတစ်ကွေ့နဲ့ မျက်စိလည်လှမ်းမှားလောက်အောင်ပဲ..။ ဥမင်သုံးဆယ်ဘုရားပေါ်ရောက်တော့ နေစပူလာပြီ...အဲဒီကနေကြည့်ရင်လည်း ရှုခင်းတွေတအားလှတယ်...။ ကားအပေါ်နားထိတက်လို့ရတယ်ဆိုတာမသိလိုက်တော့ စောင်းတန်းအတိုင်းလိုက်တက်လိုက်တာ..လျှာထွက်သွားတယ်...။ ခရေပန်းလိုက်ရောင်းတဲ့ကောင်မလေးကတည်း အပေါ်ထိအောင်မရမကလိုက်ရောင်းတယ်....တကယ်တော့ကြီးတော်ကလည်းဝယ်ပြီးနေပြီ.....။ အပေါ်ရောက်တော့သူလည်းမောနေပြီ...သနားပေမယ့်မ၀ယ်ခဲ့ဘူး...ဘယ်လိုပြောရမလဲ..မသိတော့ဘူး..။


 


  


 

 

 
 
ပြီးတော့ ဆွမ်းဦးပုညရှင်ဘုရားသွားဖူးကြတယ်...ဘုရားသမိုင်းကြောင်းကငယ်ငယ်ကတည်းကကြီးတော်ဆီကနေကြားဖူးနေတာဆိုတော့ ဖူးချင်နေတာ...နှစ်တွေကြာမှာဘဲတစ်ခေါက်ပြန်ရောက်တော့တယ်..ငယ်ငယ်တုန်းကရောက်ပေမယ့် ဘယ်မှတ်မိတော့မလဲ..။ ဘုရားပေါ်ကနေကြည့်ရင်...ရစ်ခွေစီးဆင်းနေတဲ့ ဧရာဝတီမြစ်ကြီးကို မျက်စိတစ်ဆုံးတိုင်မြင်ရမယ်..၊ အနီရောင်စိန်ပန်းတွေနဲ့ သာယာနေတဲ့ စစ်ကိုင်းတောင်ရိုးတစ်ခုလုံးကိုလည်း အပေါ်စီးကနေတွေ့ရမယ်..။ အဲဒီကနေမှတစ်ဆင့် မင်းကွန်းကိုဆက်သွားခဲ့တယ်...။ မင်းကွန်းဘက်သွားတဲ့လမ်းက ဧရာဝတီမြစ်ကမ်းဘေးတစ်လျှောက်ကားနဲ့သွားရတာ..ဘေးမှာဘာအကာအရံမှမရှိဘူး......။ မင်းကွန်းရောက်ဖို့တော့ တော်တော်လေးမောင်းလိုက်ရသေးတယ်...လမ်းကသိပ်မကောင်းဘူး...သိပ်ခုန်တယ်..။ ဓမ္မနာဒကျောင်းရောက်တော့ ၁၁ နာရီလောက်ရှိပြီထင်တယ်...။ ဆရာတော်ကြီးဦးဝိစိတ္တသီတင်းသုံးတဲ့ကျောင်းကို ၀င်ကြည့်ပြီး လှူစရာရှိတာတွေ လှူကြတယ်..။ လှူလည်းလှူပြီးရော....ဆွမ်းစားချိန်ရောက်ပြီ ကိုရင်တွေအများကြီးဘဲ...အဲဒီကဆရာတော်တစ်ပါးက နေ့လည်စာထမင်းစားပြီးမှပြန်ဆိုတော့ ဘုန်းကြီးတွေဆွမ်းစားပြီးတဲ့ထိစောင့်ပြီးမှ ထမင်းစားခဲ့တယ်..။ အလှူရှင်တွေက မိုးကောင်းဘက်ကနေညအိပ်ညနေလာပြီး ကိုယ်တိုင်ဆွမ်းချက်ပြီးလှူကြတာ...နောက်လည်း ဆထက်တိုးပြီးလှူနိုင်ပါစေ....။






နောက်တော့ မင်းကွန်းခေါင်းလောင်းကြီးသွားကြည့်တယ်... ထိန်းသိမ်းမှုအားနည်းတာရယ် စည်းကမ်းမရှိတာတွေရယ်ကြောင့်..ပတ်ဝန်းကျင်ကသန့်ရှင်းမှုမရှိဘဲ ခေါင်းလောင်းအတွင်းဘက်မှာလဲစာတွေရေးထားတာက သိပ်ကိုအရုပ်ဆိုးတယ်..။ နိုင်ငံခြားသားတွေလာကြည့်ရင်တောင် သိပ်ရှက်ဖို့ကောင်းတယ်...။ အဲဒီအရှေ့မှာရှိတဲ့ ဒေါ်ဦးဇွန်းဘိုဘွားရိပ်သာမှလည်း သွားလှူခဲ့တယ်...အမေရဲ့ အဖိုးက အဲဒီခေတ်က ကျားသေဌေးတို့နဲ့အတူတူစစ်ပြေးတုန်းက အဲဒီမှာနေခဲ့ပြီးဆုံးသွားတာ...။ မင်းကွန်းပုထိုးတော်ကြီးဘက်ဆက်သွားကြတယ်.... အဲဒီအချိန်သိပ်ပူနေပြီ...အပေါ်ထိတော့မတက်ခဲ့တော့ဘူး.....။ ပြီးမှ မြသိန်းတန်ဘုရားသွားဖူးတယ်...ထုံးဖြူဖြူတွေနဲ့ သိပ်လှတယ်...။ အပေါ်ထိတက်ပြီးတော့မှ ပတ်ဝန်းကျင်ကိုကြည့်ရတာသိပ်ကောင်းတယ်... အဲဒီကနေပုထိုးတော်ကြီးကိုလှမ်းမြင်နေရတယ်....။ ကြီးတော်နဲ့အမေက အဲဒီမှာ ကြံရည်ဝယ်သောက်တယ်....ချိုပြီး စိမ်းနံ့ရှိတဲ့ကြံရည်ကိုမကြိုက်ဘူး...။

  

 

 



  



 
နောက်တော့ အမရပူရဘက်ဆက်သွားတယ်...အဲဒီအချိန်မှာ မိုးတွေတအားအုံ့လာပြီ...။ မဟာဂန္ဒာရုံကျောင်းရောက်တော့ စာသင်သားတွေစာကျက်နေတဲ့အသံကိုကြားနေရတယ်....။ အလှူငွေလှူတော့ ဖိုးသူတော်လေးကကြားကယူပေးတယ်..ဘုန်းဘုန်းတွေက ၀တ္ထုငွေမကိုင်ဘူး...။ အဲဒီကနေဆက်ပြီးတောင်သမန်အင်းဘက်ဆက်သွားတယ်...။ တကယ့်တော့ ညနေတစ်ခုလုံးဦးပိန်တံတားပေါ်မှာ လမ်းလျှောက်ပြီး နေ၀င်တဲ့အချိန်ထိနေမယ်လို့စိတ်ကူးထားတာ...ရောက်လည်းရောက်ရော မိုးကသည်းသည်းမည်းမည်းရွာကျလာပြီ...။ တံတားအစပ်လေးဘဲရောက်လိုက်တယ်.... နောက်တစ်ခေါက်ပေါ့လို့ဘဲ စိတ်ထဲကတေးထားလိုက်တယ်...။ မန္တလေးကိုစောစောပြန်ရောက်နေတော့ မန္တလေးတောင်ဘက်ဆက်တက်ကြတယ်... ကုသိုလ်တော်ဘုရားဝင်ဖူးတယ်...။ ဟိုးငယ်ငယ်တုန်းကရောက်ဖူးပေမယ့် လုံးဝမမှတ်မိတော့ဘူး....။ တောင်ပေါ်ကနေကြည့်တော့ မန္တလေးတစ်မြို့လုံးလည်း တိုက်တာတွေနဲ့ ဖြူဖွေးလို့....။ ဟိုးအရှေ့ဘက်မှတော့ အုံ့မှိုင်းနေတဲ့ ရှမ်းတောင်တန်းတွေ...သိပ်ကိုလှတယ်...။ ရင်ထဲမှာတော့ ပြန်မရနိုင်တော့တဲ့ အတိတ်ကအချိန်တစ်စုံတစ်ရာကို လွမ်းမိသလို.....။

  
 အစားအသောက်ပုံမပါရင် အားကြီး စိတ်ဆိုးကြမဲ့သူများအတွက်

ညကျတော့ အသိတွေကရွှေဘဲမှာ ထမင်းလိုက်ကျွေးကြတယ်....။ ဗိုက်ဆာတာနဲ့စားလိုက်ကြတာ အားလုံးပြောင်ရော....။ ပုံကြည့်ချင်သူတွေအတွက် ပုံတွေ အမုန်းတင်ထားတယ်နော..။

8 comments:

ညီလင်းသစ် said...

ဒီတော့လည်း ပုံတွေကို အမုန်းကြည့်သွားတယ်..၊း) မင်းကွန်းကို အကြိမ်ပေါင်းများစွာ ရောက်ဖူးပေမယ့် ကားနဲ့တော့ တခါမှ မသွားဖူးဘူး၊ လမ်းကြမ်းပေမယ့် တခါလောက်တော့ သွားကြည့်ချင်တယ်..၊ စစ်ကိုင်း တောင်ရိုးကနေ ဝန်းကျင်ကို မြင်ရတဲ့ ရှုခင်းက ဘယ်နှခါ ကြည့်ကြည့် ဘယ်တော့မှ မရိုးဘူး၊ အမြဲပဲ လွမ်းစရာ ကောင်းနေတာပဲ၊

စူးနွယ်လေး said...
This comment has been removed by the author.
Mon Petit Avatar said...

သွားချင်လိုက်တာနော်။ တခါမှမရောက်ဖူးတဲ့ ကိုယ့်ကိုကိုယ်သနားလာပြီ ဟီး။ ရှုခင်းပုံလေးတွေအတွက် ကျေးဇူးတင်ပါတယ်။

Maung Myo said...

ညီရေ့...ဒါကလောက် ခရီးတူတူသွားဖူးချင်သေးတယ်ဗျး)

ညယံ said...

ပုံလေးတွေ ကြည့်ပြီး အညာမြေကို သတိရမိဒယ်။ ပုထိုးတော်ကြီးတောင် အနီရောင် နည်းသွားသလိုပဲ။
မြသိန်းတန် ဘုရားကြီး နဲ့ နောက်ခံ တိမ်တွေက နတ်ပြည်မှာ တည်ထားသလိုပဲ ။ :)

Iora said...

မမုန်းသေးဘူး။ တင်ချင်သလောက်တင်။ ဆက်ကြည့်ဘို့ ကျမတာဝန်ထား။
ကျေးဇူးပါ။
"ဟိုးအရှေ့ဘက်မှတော့ အုံ့မှိုင်းနေတဲ့ ရှမ်းတောင်တန်းတွေ...သိပ်ကိုလှတယ်...။ ရင်ထဲမှာတော့ ပြန်မရနိုင်တော့တဲ့ အတိတ်ကအချိန်တစ်စုံတစ်ရာကို လွမ်းမိသလို.....။"
ကိုယ်တိုင်သွားရင်လည်း အဲလိုခံစားခဲ့ရတတ်တယ်။
အိုင်အိုရာ

စူးနွယ်လေး said...

ကျမလည်း ကားနဲ့ တခါလောက်သွားကြည့်ချင်လို့ ပြီးခဲ့တဲ့အခေါက်က သွားလိုက်တာ ကိုညီလင်း...။


အင်းထဲမှာ ငှက်လေးတွေ စီနေတဲ့ပုံ နေသာချိန်ဆို ပုံပိုကောင်းမှာနော်။
စစ်အချိန်ကတော့ မင်းကွန်း၊ စစ်ကိုင်းချာင်မှာ နေရာအနှံ့က လာခိုတဲ့သူ တော်တော်များမယ်ထင်တယ်။ စိန်ပန်းနီနီတွေ လှလိုက်တာ။
ကြံရည် မကြိုက်တာ တူတယ်။

Phyo Evergreen said...

ကိုညီလင်းသစ်
ဟုတ်တယ်..ရှုခင်းတွေသိပ်လှတယ်...။ လွမ်းတတ်လားဗျ..?း)

MPA
တစ်နေ့တော့ရောက်မှာပေါ့..။ သွားဖြစ်ရင်လည်းပုံတွေရိုက်ခဲ့ဗျာ..။

ကိုမျိုး
သဘောတူတယ်..ကားအကြီးကြီးပေါ်မှာ ဘလော့ ညီအစ်ကိုမောင်နှမတွေစုပြီး ခရီးသွားရရင် သိပ်ပျော်ဖို့ကောင်းမယ်....။

ညယံ ပြောတာဟုတ်တယ်..နတ်ပြည်မှာတည်ထားသလိုပဲနော်..

မအိုင်အိုရာ
ကျွန်တော်ကတော့ တောင်တန်းတွေကိုချစ်တယ်..။ အမလည်း အလွမ်းဓာတ်ခံရှိတယ်ထင်ပါ့..။

မစူး
ဟုတ်တယ်..အဲဒီအချိန်နေမသာလို့ စိတ်ညစ်သွားတယ်..။ ဆုံဖြစ်ရင် ကြံရည်အ၀လိုက်တိုင်မယ်နော... ;P