Saturday, July 16, 2011

မြန်မာပြည်ခရီး - ၅ (မုံရွာ စစ်ကိုင်း)

  မနက်ကျတော့ ၅ နာရီခွဲလောက်ထပြီး ရေမိုးချိုးမနက်စာဆင်းစားကြတယ်..။ ဟိုတယ်ကမနက်စာဘူဖေးဆိုပေမယ့် သိပ်များများစားစားမဟုတ်ပါဘူး..ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ မုန့်ဟင်းခါး၊ အကြော်စုံ၊ သစ်သီးအနည်းငယ်နဲ့ ဖျော်ရည်လက်ဖက်ရည်ကော်ဖီ..။ မြန်မာပြည်ပြန်ရောက်ကတည်းက မစားရသေးတဲ့မုန့်ဟင်းခါးကို မန္တလေးပဲကြော်နဲ့အ၀စားလိုက်တယ်..စားလို့သိပ်ကောင်းတယ်..။ မုံရွာဘက်ကနည်းနည်းဝေးတာမို့ ကားကိုစောစောလာဖို့ခေါ်ထားတယ်..။

 အကြော်စုံ

 မုန့်ဟင်းခါး

ပထမဆုံးမန္တလေးကန်တော်ကြီးကိုပတ်ပြီး စစ်ကိုင်းတံတားဘက်သွားတယ်...။ တံတားမရောက်ခင် ဧရာဝတီမြစ်ကမ်းတစ်လျှောက်ကရှုခင်းတွေသိပ်လှတယ်... တစ်ဖက်ကမ်းမှာ စိမ်းစိုစိုစစ်ကိုင်းတောင်ရိုးပေါ်က စေတီပုထိုးတွေကလည်း နံနက်ခင်းနေရောင်အောက်မှာ ကြည်ညိုဖွယ်အတိဖြစ်နေတယ်..။ အဲဒီကနေမှ ဆင်ခေါင်းတောင်ကိုသွားဖို့ မြောင် ဆိုတဲ့မြို့ကိုဆက်သွားရတယ်...။ မှတ်မိသလောက် မြောင် ကတော့မုံရွာသွားတဲ့လမ်းကနေခွဲထွက်သွားရတယ်....ပြီးမှ မုံရွာသွားတဲ့ကားလမ်းမပေါ်ပြန်တက်ပြီးမှ ဆက်သွားရတယ်..။ ဆင်ခေါင်းတောင်ကတော့ သာသနာပြုနယ်မြေလို့ပြောတာပဲ..ကြီးတော်ကအရင်တစ်ခေါက်ကရောက်ဖူးထားလို့ သွားဖြစ်တာ..။ အဲဒီမှာတော့ အဘဘိုးမင်းခေါင်သာသနာပြုနယ်မြေတဲ့... သူ့ယုံကြည်ရာနဲ့သူပေါ့။ ထူးဆန်းတာက ကျောက်ဖြစ်နေတဲ့အင်ကြင်းပင်(အင်ကြင်းကျောက်)ကနေ နဂါးပုံစံဖြစ်နေတာဘဲ..။ အဲဒီမှာနေတဲ့လူကပြောတယ်... ညဆိုမြေပြိုသံတွေကြားတယ်ပေါ့...သွားကြည့်တော့လဲဘာမှမရှိဘူး..နောက်မှမြေကြီးကိုတူးကြည့်တော့ ကျောက်အလုံးလေးတွေရယ် နဂါးပုံစံဖြစ်နေတဲ့ အင်ကြင်းကျောက်ကိုတွေ့တာဘဲ...။ ပြောပြတာတွေနားထောင်ခဲ့ရတာတော့အစုံဘဲ...သိပ်မမှတ်မိတော့ဘူး... ဖိုးဖိုးကြီးရဲ့သမီးတော် အငယ်လေးကလည်းလာသွားတယ်ဆိုလာဘဲ... ကြားကြားချင်းကိုညဘက်ကားတွေနဲ့လာတာတဲ့.. သြော်..တတ်လည်းတတ်နိုင်တယ်..။ (ကျောက်နဂါးပုံကြည့်ချင်ရင်တော့ ပြောခဲ့ပါ..ပြန်ထည့်ပေးပါမယ်)

စစ်ကိုင်းတောင်ရိုး


 

 

  မြောင်ကနေမှ မုံရွာသွားတဲ့လမ်းပေါ်ကိုပြန်တက်ခရီးဆက်ခဲ့ကြပြန်တယ်...။ မန္တလေး-မုံရွာက မိုင် ၁၀၀လောက်ရှိမယ်ထင်တယ်..၃ နာရီလောက်တော့မောင်းလိုက်ရတယ်...ကားဆရာကလည်း မောင်းတာမြန်တယ်...။ မုံရွာမရောက်ခင် မိုးညင်းသမ္ဗုဒ္ဓေဘုရားဝင်ဖူးကြတယ်... အရင်ကတီဗီမှာဘဲဖူးရတာ အခုတော့ကိုယ်တိုင်ရောက်ခဲ့ပြီ...။ အတွင်းဘက်မှာ ဘုရားသေးသေးလေးတွေအများကြီးဘဲ...ဘုရားဆင်းတုတော်ကြီးတွေကလည်း သိပ်သပ္ပာယ်တယ်..။ မျှော်စင်ပေါ်တော့ မတက်တော့ဘူး...အပြင်မှာသိပ်ပူတယ်...ဘုရားဖူးပြီးတာနဲ့ ကားထဲမြန်မြန်ဝင်ရတယ်..။ အချိန်ကိုကြည့်တော့ ၁၁နာရီခွဲတော့မယ် ဗိုက်ကလည်းဆာကြပြီဆိုတော့ ဗောဓိတစ်ထောင်ဘုရားအ၀င်လမ်းထိပ်က ထမင်းဆိုင်မှာဝင်စားကြတယ်..အ၀စား ၂၅၀၀ကျပ်..။ အသားဟင်းကတော့ ကြက်သားနဲ့ဆိတ်သား...ပြီးမှ ပဲသုပ်၊ ကြက်ဟင်းခါးသီးချက်၊ မျှစ်နဲ့ချဉ်ပေါင်၊ ခရမ်းသီးမီးဖုတ်သုပ်(ပြုတ်သုပ်ထားတယ်ထင်တာဘဲ)....ဂွေးတောက်နဲ့ပင်စိမ်းဟင်းချို နောက်ဆုံးမှငရုတ်သီးထောင်းနဲ့ ငံပြာရည်ချက်...။ ကြက်သားဟင်း၊ ပဲသုပ်၊ ငရုတ်သီးထောင်း၊ ပင်းစိမ်းဟင်းချိုတို့နဲ့ထမင်းစားခဲ့တယ်..။ ငရုတ်သီးထောင်းက သိပ်မစပ်ဘဲ ငရုတ်သီးနဲ့နံနံပင် အနံ့လေးမွှေးလို့..သိပ်ကောင်းတယ်အစပ်ဆိုကြိုက်တယ်..ဆီတွေများတာတစ်ခုဘဲ..။ ပင်းစိမ်းဟင်းချိုလေးကလည်းမွှေးပြီးသောက်လို့ကောင်းတယ်..အခုမှပုံပြန်ကြည့်မိတော့ ဟင်းချိုထဲမှာကြက်ခေါင်းကြီးအမွှေးတွေနဲ့...မတတ်နိုင်ဘူး သောက်တုန်းကသောက်ပြီးသွားပြီ..။ ဂွေးတောက်ဟင်းချိုတော့မကြိုက်လို့မသောက်ခဲ့ဘူး..။



 ဂွေးတောက်ဟင်းချို

 ပင်စိမ်းဟင်းချို

ငရုတ်သီးထောင်း

  ဗောဓိတစ်ထောင်ရုပ်ပွားတော်ကြီးကို ဖူးရတာသိပ်ကောင်းတာဘဲ..။ ဥာဏ်တော်ပေ ၄၂၄ ပေမြင့်တဲ့ရပ်တော်မူရုပ်ပွားတော်ကြီးနဲ့ လျောင်းတော်မူရုပ်ပွားတော် အားလုံးပေါင်းနှစ်ဆူရှိတယ်..။ အချိန်ကတော့နေမွန်းတည့်ချိန်ဆိုတော့ ရင်ပြင်တော်ပေါ်ကကျောက်ပြားတွေကတအားပူတယ်..မြန်မြန်လျှောက်ရတယ်..။ မနက်စောစော ဒါမှမဟုတ် ညနေဘက်သွားရင်ကောင်းမယ်...ဒါပေမယ့်လည်း မုံရွာမှာညအိပ်မှဖြစ်မှာကိုး..။ အပေါ်ဆုံးထိတက်လို့ရလောက်အောင်တော့မပြီးသေးဘူး.... လေးထပ်လောက်ဘဲတက်ခဲ့တယ်..။ အပေါ်ကနေစီးမြင်နေရတဲ့ ရှုခင်းတွေကသိပ်လှတယ်... ဗောဓိတစ်ထောင်ရေလှောင်တမံရယ်..တောင်ကုန်းတွေရယ်...ဟိုးဝေးဝေးမှာချင်းတွင်းမြစ်ကိုပါ လှမ်းမြင်နေရတယ်..။ ပြီးတော့မှ မုံရွာကိုဖြတ်လမ်းကနေဆက်သွားတယ်...လမ်းကတော့မြေလမ်းဘဲ နည်းနည်းကြမ်းတယ်...။ မုံရွာမြို့ထဲတော့ သိပ်မမှတ်မိတော့ဘူး...အမေနဲ့ကြီးတော်တို့ဆိုင်တစ်ဆိုင်ဝင်ပြီး လုံချည်တို့ဘာတို့ဝင်ဝယ်ကြတယ်.. အိန္ဒိယကလာတဲ့ပစ္စည်းတွေများတယ်...။ ရွှေကူနီဘုရား နဲ့ ကံတလူဘုရားလည်းဝင်ဖူးခဲ့သေးတယ်...။






  ဟိုးအဝေးမှာ ချင်းတွင်းမြစ်







  မုံရွာကနေပြန်ထွက်လာတော့ နေ့ခင်း ၂နာရီကျော်လို့ ၃နာရီထိုးတော့မယ်ထင်တယ်...။ လမ်းတစ်လျှောက် ဘယ်ညာမှာတမာပင်တွေစိမ်းလို့ သိပ်သာယာတယ်..။ ညနေဘက်ကားစီးရင်း လမ်းတစ်လျှောက်ရှုခင်းတွေကိုငေးရတာ အရသာတစ်မျိုးဘဲ...တစ်ခုခုကိုလွမ်းမိသလို...။ နောက်ဆုံး စစ်ကိုင်းကောင်းမှုတော်ဘုရားကိုဝင်ဖူးကြတယ်...။ အခုတော့ ရွှေရောင်တွေဝင်းလို့.....အရင်တုန်းကလိုထုံးသင်္ကန်းနဲ့မဟုတ်တော့ဘူး...။ အဖြူရောင်နဲ့ဆိုရင်တော့ တစ်ခြားစေတီတွေနဲ့မတူ ပိုပြီးပေါ်လွင်တယ်မဟုတ်လား..။ ရင်ပြင်ပေါ်ကဈေးဆိုင်တွေလျှောက်ကြည့်ဖြစ်သေးတယ်...ဘာမှတော့မ၀ယ်ဖြစ်ဘူး..။ လွှတ်ဖို့ဇီးကွက်သေးသေးလေးတွေ လှောင်အိမ်ထဲမှာထည့်ထားတာတွေ့တယ်....ချစ်စရာလေးတွေ မျက်လုံးတစ်ဖက်ပဲဖွင့်ပြီးလူကိုလိုက်ကြည့်နေတယ်..။ ဇီးကွက်ဆိုတာညငှက်ဆိုတော့ နေ့ဘက်လွှတ်လိုက်တော့လည်း ပြန်ဖမ်းမိမှာပဲ...အထင်ပြောတာပါ..။ ကောင်းမှုတော်ဘုရားဖူးပြီးတော့ မန်းလေးကိုဘဲတန်းပြန်ခဲ့တယ်...။ ရာသီဥတုကလည်းပူ..ကားလည်းခုန်ဆိုတော့ အားလုံးလည်းပင်ပန်းနေကြပြီ...နောက်တစ်နေ့ဆက်လည်စရာတွေလည်းရှိသေးတာမို့ နားဖို့ဟိုတယ်ကိုဘဲပြန်ခဲ့တော့တယ်..။

12 comments:

ညိမ်းနိုင် said...

ဇီးကွက်လေးတွေကြည့်ရတာသနားစရာ....။

စူးနွယ်လေး said...

သမ္ဗုဒ္ဓေဘုရားက အရောင်တွေကတောက်ပပြီး ဓါတ်ပုံရိုက်လို့သိပ်လှတာပဲ။ ဖိုးဝန်းတောင်မရောက်ဘူးပေါ့။ မသွားတာပဲကောင်းပါတယ် ကားလမ်းဆိုးတယ်။

အဲလိုဟင်းလေးတွေ သိပ်ကြိုက်တယ်။ ဆီများတာတခုပဲ။ ခွေးတောက်ရွက်မစားရတာကြာပြီ။ ဒီမှာမရဘူး။ သိပ်ကြိုက်တာ ကြော်စားစား ဟင်းချိုလုပ်လုပ်။ ငရုတ်သီးထောင်းဆီဆမ်းလည်း မိုက်တယ်။ သိပ်မစပ်ပဲ မွှေးတဲ့ငရုတ်သီးထောင်းဆိုလို့ ပိုစားချင်သွားပြီ။

တို့သွားတုန်းက ကောင်းမှုတော်က ထုံးတ၀က်ရွှေတ၀က်လေ။ ဇီးကွက်လေး သနားစရာ...

Anonymous said...

ကျောင်းတက်တုန်းက
အဲဒီဖက်ကို အလည်ရောက်ဖြစ်တယ်၊
အခု ဓါတ်ပုံတွေ ပြန်ကြည့်တော့
တခုခု လွမ်းရသလိုပဲ၊
ငယ်တုန်းကတော့ ဘ၀ဆိုတာ သိပ်မသိခဲ့ဘူးလေ၊
ပျော်မယ်ပါးမယ်၊ လျှောက်လည်မယ်နဲ့၊
အခုတော့ တစုံတခု ခံစားမူနဲ့ လွမ်းစရာပေါ့၊ ဒါမှ မဟုတ်ရင်လည်း ကျေနပ်စရာပေါ့၊
ဟင်းလေးတွေက လတ်ဆတ်တယ်နော်၊
ငရုတ်သီးထောင်းက ထမင်းမြိန်စေမယ်ထင်တယ်၊
ဟင်းရည်ကလည်း ပူပူဆိုရင် နေပူပူနဲ့ သိပ်လိုက်မှာပဲ။

Anonymous said...

အမှတ်မမှားဘူးဆိုရင်
မိုင်ခြောက်ဆယ်ကျော် (၆၂မိုင်ထင်တယ်) ဝေးတယ်

မောင်မျိုး said...

အစ်ကိုလည်း ဒီတစ်ခေါက် ပြန်ဖြစ်ရင်တော့ ပုဂံ ဘုရားဖူးသွားမလားလို့ မန်းနီးစုနေတယ် ညီရေ့ ရန်ကုန်ကနေတဆင့်သွားရင် ဈေးကြီးသလား ညီတို့က ဘယ်လိုသွားတာလဲ ။


တကယ်ကိုရောက်ဖူးချင်သေးတယ် ရောက်ဖူးတဲ့သူတွေကလည်း အားပေးတယ် ရောက်အောင်သွားပါတဲ့ ။

ညီ့ကိုတော့ အားကျတယ်ဗျာာ။

ညီလင်းသစ် said...

မုံရွာက ပုံတွေကို ကြည့်ပြီး လွမ်းစရာ ကောင်းလိုက်တာ၊ ကောင်းမှုတော်က တကယ့်ကိုပဲ ရွှေသင်္ကန်းနဲ့ ဖြစ်သွားပြီကိုး...၊ ဗောဓိတစ်ထောင် ရပ်တော်မူ ရုပ်ပွားတော်ကြီး ပြီးသလောက် ရှိနေတာကို တော့ ဝမ်းသာတယ်၊ ကျနော် အခေါက်ခေါက် ရောက်ခဲ့ ပေမယ့် အဲဒီတုန်းက ခြေကျင်းဝတ် အထက်ကနေ မတက်လို့ မဆောက်နိုင်တော့ဘူး ထင်ခဲ့တာ..၊ ကျောက်ကာရွာက ယွန်းလုပ်တာလည်း စိတ်ဝင်စားဖို့ ကောင်းတယ်ဗျ..။

စော(အဝါရောင်မြေ) said...

မုန့် ဟင်းခါးကလေး စားခြင်လိုက်တာ . . . ဂလု။
ကောင်းမှူတော်က သနပ်ခါးနဲ့  ကျောက်ပြင်ကလည်း နံမည်ကြီး။

သဗုဓ်ဒေ ဘုရားပြုပြင်တုံး ကျတော် ကလေးဘဝက မုန့် ဖိုးလေးနဲ့  ဘုရားသေးသေးလေး ၂-ဆူ ပူဇော်ဘူးတယ်။

MeerKat said...

စစ်ကိုင်းတောင်ရိုးကြီးကို အားရပါးရ ကြည့်သွားပါတယ်.

ဟန်ကြည် said...

မုံရွာကို ကျောင်းသားဘ၀တုန်းက မကြာမကြာ ရောက်ဖြစ်တယ်...အဲဒီတုန်းက ဗောဓိတစ်ထောင် ရပ်တော်မူကြီးတည်နေတာ မပြီးသေးဘူး...ပန္နက်ချကာစပဲ ရှိသေးတာ...သမ္ဗုဒ္ဓေစေတီတော်ကြီးကိုပြန်မြင်ရတော့ ငယ်ငယ်က ဘ၀တွေကို ပြန်သတိရမိတယ်...မုံရွာတစ်ခွင်က အကြောင်းလေးတွေလည်း ရေးစမ်းပါဦးလေ...ကိုယ်မရောက်အားလဲ အလွမ်းပြေကြည့်ရတာပေါ့...

kokoseinygn said...

ဘုရားဖူးချင်တဲ့ အဝေးရာက်နေသူတွေ
အတွက်အခုလိုဘုရားပုံတွေတင်ပေးတာ
တကယ့် ကုသိုလ်ပါဘဲဗျာ...
နှစ်တိုင်းဘုရားစုံဖူးခွင့်ရပါစေ....

Iora said...

အလွမ်းကိုပြေသွားတာဘဲ ပြောရမလား ပိုလွမ်းသွားတယ်ပြောရမလားဘဲ။
ဂွေးတောက်ရွက်မစားရတာကြာလှပြီ။
ငရုပ်ဆုံလေးလိုချင်လိုက်တာ။
လူတွေရဲ့ အကောင်လွှတ်တဲ့ အလေ့ကြောင့် ဒီလိုသနားစရာဇီးကွက်လေးတွေ ဖမ်းခံရ။ အဲဒီလိုဖမ်းလှောင်ထားတာတွေတွေ့ လို့ လူတွေက၀ယ်ပြီး
ပြန်လွှတ်ပေးနဲ့ ။ ဒီစနစ်ဘယ်လို ပျောက်အောင်လုပ်ရပါ့။

ညယံ said...

အညာစာဟင်းလေးတွေ ကြည့်ပြီး သတိရလိုက်တာနော်။
မြောင်ဘက်မှာ ကျန်စစ်မင်းကြီးနဲ့ သက်ဆိုင်တဲ့ အထောက်အထားတွေလည်း အများကြီးရှိတယ်လေ။ :D