ခင်မင်ရတဲ့ Craton ကတက်ထားပါတယ်ဗျာ.. စိတ်ကူးယဉ်အိပ်မက်အကြောင်းတဲ့...။ အတက်ခံရကတည်းက တစ်ခြားမိတ်ဆွေ ဘလော့ဂါတွေရဲ့ စိတ်ကူးယဉ်အိပ်မက်အကြောင်းတွေကို လိုက်ကည့်တော့ ရိုးရိုးရှင်းရှင်းစိတ်ကူးလေးတွေ၊ ဆန်းဆန်းသစ်သစ်အတွေးလေးတွေနဲ့ လေးလေးနက်နက်အိပ်မက်တွေကို ဖွင့်ချရေးပြထားတာကို သေသေချာချာဖတ်ရပါတယ်..။ လူအမျိုးမျိုး စိတ်အထွေထွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက်တော့ ကွဲပြားတဲ့ ကိုယ်ပိုင်စိတ်ကူးယဉ်အိပ်မက်လေး တွေပိုင်ဆိုင်ကြပါတယ်။ အင်း ကျွန်တော့်မှာလား... အိပ်မက်တစ်ခုတော့ရှိတာပေါ့......။
ကျွန်တော်ငယ်ငယ်ကတည်းကစပြီး ဖြစ်လေ့ဖြစ်ထရှိတတ်တဲ့အဖြစ်အပျက်ကလေးတစ်ခုရှိပါတယ်...။ ဘာလဲဆိုတော့ ကျွန်တော်အလုပ်ကိစ္စတစ်ခုကိုပဲဖြစ်ဖြစ် ဆောင်ရွက်စရာရှိတာတစ်ခုကိုဘဲဖြစ်ဖြစ်လုပ်ကိုင်ရာမှာ ဘယ်တော့မှအဆင်ပြေပြေချောချောမွေ့မွေ့နဲ့ ပြီးသွားတယ်ဆိုတာမျိုးမရှိပါဘူး...။ အနည်းဆုံး စိတ်ညစ်စရာ၊စိတ်ပင်ပန်းဆင်းရဲစရာတစ်ခု တွေ့ကြုံပြီးမှ အဆင်ပြေစွာပြီးဆုံးတတ်ပါတယ်..။ ပြောကြမှာပေါ့ အလုပ်လုပ်ရင် အခက်အခဲတော့ တွေ့မှာပဲဆိုတာ...ဟုတ်ပါတယ်..အဆင်မပြေတာတွေ့ကြုံရနိုင်ပါတယ်..။ ဒါပေမဲ့ တစ်ကြိမ်တစ်ခါလောက် ချောချောမွေ့မွေ့နဲ့ အပြီးမသတ်နိုင်ဘူးလားဆိုတော့ ဖြေရမှာတော့ တစ်ခါမှာမရှိခဲ့ပါဘူး..။ ကျွန်တော်တင်မဟုတ်ဘူး... အမေပါအဲသလို ဖြစ်တတ်ပါတယ်.. သားအမိချင်း ကံအကျိုးပေးစပ်နေတယ်လို့ပဲပြောရမလား...။ အဲဒါကြောင့် ကိစ္စတစ်ခုလုပ်ရင် အမေကပြောတတ်ပါတယ်.. "သားရေ စိတ်ရှုပ်စရာတွေ့ရင် စိတ်ရှည်ရှည်နဲ့သာဖြေရှင်း သားကစိတ်ရှုပ်ခံပြီးမှု အဆင်ပြေတာ" လို့အမြဲပြောတတ်ပါတယ်...။ ဒါကြောင့်ကျွန်တော်ပြောပြချင်တာကတော့ စိတ်ချမ်းသာမှုနဲ့အမြဲပြည့်စုံဖို့ဆိုတာ စိတ်ကူးယဉ်အိပ်မက်အတွက် ပထမခြေလှမ်းပါ...။
ကျွန်တော့် စိတ်ကူးယဉ်အိပ်မက်ကိုတော့ ရိုးရိုးရှင်းရှင်းဘဲလို့ ကိုယ့်ကို ကိုယ်ထင်မိတယ်...။ အမေနဲ့အတူ အေးချမ်းဆိတ်ငြိမ်တဲ့ ထင်ရှူးပင်တွေဝိုင်းနေတဲ့ မြို့ကလေးမှာ အခြေချချင်တယ်..။ မီးခိုးခေါင်းတိုင်လေးနဲ့နှစ်ထပ်အိမ်ကလေး .. အင်းပြီးတော့.. အိမ်ဘေးမှာ အမေ့စိတ်ကြိုက် ပန်းခြံလေးနဲ့ ရေကန်ငယ်လေး....။ အိမ်အနားမှာက ဖော်ရွေခင်မင်ဖို့ကောင်းတဲ့အိမ်နီးချင်းတွေ... ။ မနက်လင်းတိုင်း အမေနဲအတူဘုရားရှိခိုး.. ပြီးတော့ ဈေးတူတူသွား... ဈေးအပြန်လမ်းမှာ မုန့်ဟင်းခါး၊ တိုဟူးနွေး ၊ ကောက်ညှင်းပေါင်းပဲဖြစ်ဖြစ် အတူစား...။ အင်းအလုပ်လား... မြို့လေးရဲ့ကျောင်းမှာ ဆရာတစ်ယောက်အနေနဲ့ဖြစ်ချင် ဖြစ်နေလိမ့်မယ်..။ ငွေအတွက်လား.. ကျွန်တော်မပူပါဘူး.. သားအမိနှစ်ယောက်စားလောက် ပေးကမ်း လှူဒါန်းနိုင်ရင် ကျေနပ်ပါတယ်..။ အားလပ်တဲ့အချိန်တွေဆိုရင် သီချင်းနားထောင်ရင် နားထောင်၊ ဒါမှမဟုတ် တူရိယာတစ်ခုတီးလို့ သီချင်းဆိုပေါ့...။ တစ်ခါတစ်လေလည်း canvas ပေါ်မှာ လျှောက်ခြစ်ချင်ခြစ်နေမှာ...။ အလုပ်အားရက်တွေမှာလည်း မိတ်ဆွေတွေနဲ့အတူ မုန့်လုပ်စား.. စားကြသောက်ကြပေါ့...။ ခဏခဏညောင်းညာတတ်တဲ့အမေ့ကိုတော့ ညတိုင်းလက်ဆုပ်လက်နယ်လုပ်ပေးဖို့တော့ မေ့မှာမဟုတ်ဘူး...။ မနက်ဆိုမြူတွေကို ရှူရှိုက်လို့ သစ်တောလမ်းကလေးတစ်လျှောက် ဖြည်းဖြည်းလျှောက်သွားလို့..... ညနေတွေဆို.. တိမ်ညိုညိုတွေကို လွတ်လွတ်လပ်လပ်ငေးမောမယ်..။ ညတွေဆို ကြယ်ရောင်တွေအောက် ငြိမ်ငြိမ်သက်သက်လေး မိန်းမောချင်တယ်..... ခုန်နေဆဲနှလုံးသားအတွက်တော့ ခုနက ပြောတာတွေရှိခဲ့မယ်ဆိုရင် ပြီးပြည့်စုံပါတယ်...။
ဒါဟာ အိပ်မက်တစ်ခုပါလို့ ကျွန်တော်ပြောရင် ယုံနိုင်မလား.........................
4 comments:
ယုံတာပေါ့ သူငယ်ချင်းရာ..။ အဲ့လိုအေးအေးဆေးဆေး ငါလည်းဘ၀ကို ဖြတ်သန်းချင်တာ။ မိသားစုသာရှိရင်ပြည့်စုံနေပြီ။ သေတဲ့အထိဒီလိုပဲ ရိုးသားအေးဆေးတဲ့ ဘ၀ကိုပိုင်ချင်တယ်။ စာသင်ပေးရတာလည်း ငါ့ဝါသနာတစ်ခုပဲ။ မင်းလိုပေါ့။
တကယ်လို့မင်းဆန္ဒတွေ ပြည့်ဝခဲ့ရင် တစ်ခေါက်လောက်တော့ လာလည်ပါဦးမယ်ကွာ။ ထင်းရှူးပင်အုပ် လမ်းတွေပေါ်မှာ စက်ဘီးလျှောက်စီးကြတာပေါ့။း)
အမေကိုချစ်တဲ့ သားလိမ္မာလေးပဲ..
စိတ်ကူးလေးက လှတယ်နော်.. မမ စိတ်ကူးတွေ နဲ့လည်း နဲနဲ တူတယ်
မမက အရမ်းဖော်ရွေခင်မင်စရာ ကောင်းတဲ့ အိမ်နီးချင်းလုပ်မယ်..
အဟဲ..
လုပ်ပေါ့ မခေါင်ခေါင်။ စက်ဘီးလျှောက်စီးဖို့ အဖော်တစ်ယောက်တိုးပီဟေးးးးးးးး။ ပျော်ဂျာဂျီး။း)
Post a Comment