ခုရက်ပိုင်း စိတ်ထဲမှာဘာတွေဖြစ်နေလည်း ဆိုတာကျွန်တော်ကိုယ်တိုင်တော့ မသိတော့ဘူး...။ တစ်ခါခါ အိမ်ပြန်ချင်သလို.. တစ်ခါခါလည်း အရမ်းလွမ်းသလို ဆွေးသလိုခံစားရယ်.. ဘာကိုလွမ်းတာလည်းကိုယ် ကိုယ်တိုင် မသိဘူး..။ စာတွေရေးချင်ပေမယ့် စာရေးဖို့ကြံလိုက်တိုင်း အတွေးတွေနဲ့ မျောနေလိုက်တာ အချိန်သာကုန်ရော တစ်ကြောင်း နှစ်ကြောင်းလောက်သာရေးဖြစ်တယ်..။ တွေးတယ်ဆိုတာကလည်း နက်နက်နဲနဲမဟုတ်ရပါ.. ဟိုတွေး ဒီတွေးနဲ့ပါ... .. တခါတလေ ကျောင်းတက်ခဲ့တဲ့ အထက်တန်းကျောင်းသားဘ၀ ၊ ကျူရှင်တက်ပြီး ဆရာတွေသူငယ်ချင်းတွေနဲ့ပျော်ခဲ့ရတဲ့ဘ၀ ပြီးတော့ ငယ်ငယ်ကကျောင်းတက်ခဲ့တဲ့အချိန်တွေကို ပြန်သတိရနေမိတယ်...။ ဘာဖြစ်လို့လဲတော့မသိဘူး... ခုနှစ်ပိုင်းအတွင်းမှာ ငယ်ငယ်တုန်းက အဖြစ်အပျက်တွေက ခေါင်းထဲမှာ တဖြည်းဖြည်းနဲ့ ကွက်ကွက်ကွင်းကွင်းပေါ်လို့လာတယ်..။
(၁၉၉၄)ခုနှစ်ဆိုတော့ ကျွန်တော် မူကြိုစတက်တဲ့အရွယ်ပေါ့.. တက်တာက တောင်ကြီးက ဒေါ်ကြီးဒေါ်ငယ်လို့ခေါ် တဲ့မူကြိုမှပါ...။ မူကြိုစတက်တော့ သူငယ်ချင်းတွေစရ ပျော်စရာလည်းကောင်း မူကြိုကဆရာမတွေကိုလည်း ကြောက်ရနဲ့ ပြန်တွေးရင် ရင်ခုန်စရာတော့အကောင်းသား..။ ကကြီး ကခွေး အေဘီစီဒီ ရေး ၊ ကဗျာတွေလိုက်ဆိုနဲ့ ပျော်စရာကောင်းပါတယ်..။ မှတ်မှတ်ရရကတော့ မူကြိုမှာ သဘောကောင်းတဲ့ဆရာမငယ်ငယ်ချောချော (ဆံပင်တိုနဲ့) ၊ ပြီးတော့ ဆရာမ၀၀(ဆံပင်ကောက်နဲ့) ရယ် ကဗျာတွေဆိုတဲ့ခါ Accordion ကြီးတီးပြီးကဗျာတွေလိုက်ဆိုပေးတဲ့ အသက်ကြီးကြီး ဆရာမကြီးတစ်ယောက် ကိုတော့ ကောင်းကောင်းမှတ်မိနေပါတယ်..။ Christmas ဆိုရင်လည်း ကျောင်းမှာ ပူဖောင်းတွေ ၊ christmas tree တွေနဲ့ သီချင်းတွေဆိုကြနဲ့ပျော်စရာလည်းကောင်း ကျွန်တော့်ပူဖောင်းပေါက်သွားလို့ ငိုမဲ့မဲ့ဖြစ်ရသေးတယ်.. (ကျွန်တော် ခရစ်ယာန်ဘာသာဝင်မဟုတ်ပါ)။ ကျောင်းဆင်းချိန်ရောက်ပြီဆိုရင်လည်း အိမ်ကလာကြိုမှာကို အပေါက်ဝလေးမှာတန်းစီပြီး မျှော်ကြနဲ့ တကယ့်ကို အမှတ်ရစရာအချိန်တွေပါ...။
သူငယ်တန်းစတက်တော့ ကျောင်းစိမ်းလေးနဲ့ ရေဗူးလေးနဲ့ ထမင်းဗူးလေးနဲ့ (တကယ်တော့ ကျောင်းမတက်ချင်ပါဘူး) ကျောင်းကိုရောက်သွားတော့ ရွယ်တူကောင်လေး ကောင်မလေးတွေတော်တော်များများတော့ရောက်နေကြပြီ....။ ဆရာမချပေးတဲ့နေရာမှာ ၀င်ထိုင်ပြီး အပြင်ကို မျက်လုံးလေး ကလည်ကလည်နဲ့ကြည့်တော့ အမေကလက်ပြနေတယ်..။ သူများတွေကိုလည်း ကြည့်ရသေးတယ်.. ဘယ်သူကဘာရေဘူးလည်း ဘာကျောပိုးအိတ်နဲ့လည်းပေါ့...။ ကျောင်းလည်းတက်လို့ အမေလည်းပြန်သွားရော အစကတည်းက ငိုမဲ့မဲ့ဖြစ်နေတဲ့ကျွန်တော် ဗြဲပါလေရာ.. အဲဒီနောက်ကျန်တဲ့လူတွေပါ လိုက်ငိုကြလို့ ဆရာမခမျာ ကပျာကယာ အမေတွေကိုလိုက်ခေါ်ရတာကို မှတ်မိသေးတယ်..။ နောက်ရက်ပိုင်းကျတော့လည်း သူ့ဟာနဲ့သူ အဆင်ကိုပြေလို့ .. သူငယ်ချင်းတွေနဲ့(ကောင်းလေးတွေရော ကောင်မလေးတွေရော ) ဆော့ပြီး ကောင်မလေးတစ်ယောက်ကို လိုက်ဖမ်းရင်းနဲ့ သွားဆွဲလိုက်တာ ဟိုကငိုပါလေရော...။ ဘာရမလဲ ဆရာမကလည်း ငါးချောင်းပူးသစ်သားပေတံနဲ့ ဆော်တာပေါ့... အဲဒီနေ့ကိုလည်းမမေ့ဘူး...။
(၁)တန်း (၂)တန်း လည်းရောက်တော့ အတန်းထဲကလူတွေအားလုံးနဲ့လည်း ခင်နေပြီ... တစ်တန်းလုံးကလည်း အဖြူဆိုအဖြူ အမည်းဆိုအမည်းညီနေကြပြီ....။ မိုးတွေရွာ စာမသင်တဲ့နေ့တွေဆိုလည်း အားလုံးစာရေးခုံအောက်ကိုဝင် ငြိမ်ကုပ်နေကြပြီး မိုးချိမ်းလိုက်တာနဲ့ အသံပေါင်းဆုံနဲ့အော်ကြတာ ဆရာမတောင် ထိန်းမနိုင်လို့ လွှတ်ပေးထားတယ်။ လျှောစီးရင်လည်း အရှိန်နဲ့ ပြီး ပြန်တက်ရင်လည်း လှေကားကတက်တာမဟုတ် လျှောကို စောက်ထိုးပြန်တက်တာ.....။ တစ်တန်းလုံး အုပ်စု နှစ်စုခွဲပြီး စိန်ပြေးလိုက်တိုင်းကစားတာလည်း တော်တော်ပျော်စရာကောင်းတယ်... သစ်ပင်အောက်မှာ သုံးယောက်လောက်က စခန်းကိုစောင့် ၊ မိတဲ့လူကို စခန်းမှာချုပ်ထား ၊ ပြေးတဲ့လူတွေက အုပ်စုလိုက်လာကယ်၊ အချို့လာကယ်ရင်းနဲ့ အဖမ်းခံရ တကယ်ကို ပွဲမသိမ်း နိုင်ဘူး...။ ရှိသေးတယ် တစ်ခါတစ်လေ သူ့ဟာသူ စကားတွေပြော ၊ ကွန်ပါဘူးကို ကိုရာစနိုးတွေလိမ်းပေးလိုလိမ်းနဲ့ သူငယ်ချင်းမတစ်ယောက် ၊ လက်ရေးလှလှ ဆံပင်ကောက်ကောက် လေးတွေနဲ့ ချစ်ရာကောင်းတဲ့သူငယ်ချင်းလေးတစ်ယောက် ၊ ပုဆိုးဝတ်ပြီး လူကြီးစတိုင်နဲ့ စာတော်တဲ့ သူငယ်ချင်းတစ်ယောက် ၊ အနားမှာထိုင်ပြီး စာရေးနှေးတဲ့ အမြဲအနစ်နာခံတဲ့ လုံးလုံးလေးနဲ့ သူငယ်ချင်းတစ်ယောက် ... ၊ ပြီးတော့ ပြောသမျှကိုယုံ အဟုတ်ထင်ပြီး ဟုတ်လားဟုတ်လားနဲ့ အမြဲမေးတဲ့ သူငယ်ချင်းတစ်ယောက် ၊ ပန်ပန် ပန်ပန့် ပန် ဆိုပြီး ထက်ထက်မိုးကြိုး(သူခေါ်တာပါ) ရဲ့ ရွှေစင်ကြော်ငြာကို ပီပီပြင်ပြင်လုပ်ပြတတ်တဲ့ သူငယ်ချင်းမလေးတစ်ယောက် .......ပြောရရင်သူငယ်ချင်းအားလုံးပါဘဲ... အမြဲသတိရနေတာ..........။
ရေးရင်းနဲ့တော့ တော်တော်ရှည်သွားပါပြီ...။ နောက်လည်း အဆင်ပြေရင် ငယ်ငယ်တုန်းကအမှတ်တရလေးတွေကို ရေးချင်ပါသေးတယ်... ။လွမ်းစရာဆောင်းမှာ ဘာကိုလွမ်းနေမှန်းမသိလို့ ငယ်ငယ်က သူငယ်ချင်းတွေကို ဘဲလွမ်းလိုက်ပါတယ်...။ ဆောင်းမပီပြင်တဲ့ဆောင်း ကိုကြုံနေရပေမဲ့ ... တကယ့်ကို ချမ်းအေးပြီးနှင်းတွေကျတဲ့ ဆောင်းကိုလည်းတစ်နေ့တော့ကြုံချင်ပါသေးတယ်...။ မနေ့က Christmas လည်းဘာမှမလုပ်ဖြစ်ပါဘူး... ပို့မတင်ဖြစ်လို့ ဒီနေ့မှဘဲ အားလုံး Merry Christmas ပါ.. ( sorry for be lated wish).
တစ်ကယ်ကြုံချင်တာတော့ မအိမ့် ပြောတဲ့ ဒီလိုဆောင်းပေါ့...။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
3 comments:
ဟုတ်ပါ့။ ငါတောင်ကလေးဘ၀ကျောင်းမှာ ကမြင်းကြောထတာတွေ တန်းစီပြီး မျက်လုံးထဲမြင်လာမိတယ်။
မင်းဟာက ငါးချောင်းပူးတောင်အချခံရတာလားဟ။ အီစလံဝေသွားမှာဘဲ။း(
ငယ်ငယ်က ကဲတာတွေ လာဖတ်ရင်း Merry X'mas လို့ နောက်ကျဆုတောင်းသွားတယ်။
ငယ်ငယ်ကအကြောင်းလေး လာဖတ်သွားတယ်။
Post a Comment