Tuesday, May 10, 2011

အမှတ်တရမွေးနေ့

အခုတလောခဏခဏပြောဖြစ်တဲ့စကားက "အချိန်တွေကုန်တာသိပ်မြန်တယ်" ဆိုတဲ့စကားပဲ..။ ဟုတ်တယ်..အချိန်တွေကုန်တာသိပ်မြန်တယ်..။ အချိန်ကုန်တာနဲ့အမျှအသက်လည်းကြီးလာတယ်.. ထိပ်စီးတစ်ခုကိုကျော်ပြီးလို့ ဒီနေ့မှာ နောက်တစ်နှစ်ပြည့်ပြန်ပြီ..။ ဒီကနေ့ဟာ ကျွန်တော့်မွေးနေ့ပေါ့..။

အရင်နှစ်တွေတုန်းကမွေးနေ့ရောက်တိုင်းထူးထူးခြားခြားမခံစားမိပေမယ့်..အသက်ကြီးလာတာနဲ့အမျှတော့ မိဘကျေးဇူးဘယ်လောက်ကြီးမားတယ်ဆိုတာခံစားမိလာတာပဲ..။ မွေးနေ့ရယ်မဟုတ်ပါဘူး... အမေနဲ့အဖေ့အကြောင်းတွေတွေးလိုက်မိတိုင်း..ကျေးဇူးတရားတွေဆပ်လို့မကုန်နိုင်ဘူးဆိုတာ ရင်ထဲလှိုက်လှိုက်လှဲလှဲခံစားမိတာပါဘဲ..။ အခုနေ ချစ်ခြင်းမေတ္တာတွေကိုပြန်အောက်မေ့တော့..ကျွန်တော့်ရင်ထဲမှာနွေးထွေးလို့ မျက်ရည်တောင်ဝဲမိတယ်..။

မှတ်မိသလောက်ပြောပြရင်... (၆)နှစ်ပြည့်မွေးနေ့မှာအမျိုးတွေကိုဖိတ်ပြီး အမေကဟမ်ဘာဂါလုပ်ကျွေးတယ်..။ ပေါင်မုန့်ကြားထဲ ခရမ်းချဉ်သီးဆော့စ်ပဲထည့်ပြီးစားဖူးတာမှတ်မိနေသလိုဘဲ..။ အဲဒီအရွယ်တုန်းက အစားအသောက်ဂျီးများတာတော့သေချာတယ်.. အသားလည်းမစားအရွက်လည်းမစား..။ (သတိ ရွံတတ်သူများစာတစ်ကြောင်းကျော်ဖတ်ရန်) နောက်တနှစ်ကျ ရှမ်းခေါက်ဆွဲလုပ်ကျွေးတော့ အ၀အပြဲစားပြီးညဘက်အိပ်ယာထဲမှာ အကုန်ပြန်အန်ထွက်တာကိုလည်း ရှမ်းခေါက်ဆွဲစားတိုင်းသတိရမိတယ်..။ ကိတ်မုန့်ကိုလည်း ဖယောင်းတိုင်းအခါခါမှုတ်လို့ ခရင်မ်တွေချည်းပဲလည်း ကလော်စားဖူးတယ်..။ ပြီးတော့ တစ်ခုသောမွေးနေ့တုန်းက...ဘယ်ကရလာမှန်းမသိတဲ့... ခမောက်ဆောင်းထားတဲ့ပုတ်သင်ညိုအင်္ကျီကို(အဲဒီပုတ်သင်ညို ခမောက်ဆောင်းလားတော့မသေချာဘူး..ဆောင်းတယ်လို့ထင်တာဘဲ) လက်ဆောင်လာပေးတဲ့ ကြီးတော်တစ်ယောက်ကိုလည်း စိတ်ဆိုးဘူးတယ်...။ အမှတ်အရဆုံးကတော့ ဆယ်တန်းဖြေပြီးတဲ့နှစ် ကန်တော်လေးဘိုးဘွားရိပ်သာမှာ သွားလှူဖြစ်တာကိုဘဲ..။ တစ်ဆောင်ပြီး နောက်တစ်ဆောင်လိုက်ကြည့်တော့ အဘိုးအဘွားတွေက ဆုတောင်းပေးကြတယ်....သူတို့ရဲ့ဆုတောင်းသံတွေကြားမှာတင် လူကကြက်သီးတွေထပြီး မျက်ရည်တွေဝဲလို့..။ အဘိုးအဘွားတွေကိုသိပ်သနားတတ်ပါတယ်... အဲဒီလိုပေးလှူရတာကိုဘဲ ပြီးပြည့်စုံတယ်လို့ခံစားမိတော့တယ်..။

နောက်မွေးနေ့တွေလည်း ကြုံချင်လည်းကြုံရမယ်..ဘယ်အရာမှမသေချာဘူး..။ မွေးနေ့တွေကို မှတ်တမ်းတစ်ခုအဖြစ်နဲ့သာ အမှတ်တရကျန်ရစ်စေချင်တယ်...။ ဒီနှစ်မွေးနေ့မှာတော့ မပြည့်လဲတောင်းချင်တဲ့ဆုတောင်းတော့ရှိတယ်..။ ဘ၀မှာပျော်ရွှင်အေးချမ်းဖို့...။ အခုချိန်မှာတော့ ဒါဟာအရေးအကြီးဆုံးလို့သာထင်မိတော့တယ်...။

7 comments:

မောင်မျိုး said...

အမြဲတမ်း အေးချမ်းတည်ငြိမ် နေတဲ့ ညီဖြိုးလေး ဘ၀မှာပျော်ရွှင်အေးချမ်းပါ စေလို့ ဆုတောင်းလျှက် ။

ံပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ညီ ။

Nyi Linn Thit said...

အသက်ကြီးလာတဲ့အခါ မွေးနေ့တွေကို ကျေးဇူးတရားနဲ့ ယှဉ်ပြီး မြင်လာတတ် သလို ငြိမ့်ငြိမ့်လေးနဲ့ ညင်ညင်သာသာပဲ စီးနေချင်တော့ တဲ့ စိတ်မျိုးလေးတွေလည်း ဝင်လာတယ်၊ ညီက ဒီလောက်ကြီး အသက်မရသေးပေမယ့် ဆုတောင်းချင်တဲ့အတိုင်း ပျော်ရွှင်အေးချမ်းသော မွေးနေ့လေး ဖြစ်ပါစေဗျာ..၊

ပြည်ကောင်းအောင် said...

ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေဗျာ။ တကယ်တော့ မိဘကောင်းကောင်း ရတယ်ဆိုတာဟာ ကုသိုလ်ထူးတခုပဲဗျ။ ဥပမာ၊ ကျနော့်အဖေဆိုရင် သူ့ခမျာ ပညာတတ်တယောက် မဟုတ်လေတော့ ကျနော့်မွေးနေ့ကို (ရိုးရိုးသားသားပဲ) မသိရှာပါဘူး။ အမေကတော့ ကျနော်ဟာ တနင်္လာသားဖြစ်တယ် ဆိုတာရယ်၊ ကျနော်မွေးတဲ့နှစ်က ဝါထပ်တယ်ဆိုတာရယ်၊ကျနော့်ကို လပြည့်ခါနီး ( လဆန်း ၁၃ ရက်လို့ထင် ) မှာ မွေးတယ်ဆိုတာရယ် လောက်ပဲ မှတ်မိပြီး ဘယ် မြန်မာခုနှစ်လဲလို့ သေချာမမှတ်မိဘူး။ အဲဒါနဲ့ ကျနော် ၅ တန်းလောက် ရောက်တော့မှ နှစ်တရာပြက္ခဒိန်တွေ ဘာတွေလှန်၊ တနှစ်တည်းဖွား ဆိုသူတွေရဲ့ မွေးသက္ကရာဇ်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး ( သမိုင်းပညာရှင်ဆန်ဆန် သုတေသနလုပ်ပြီးး)မှ ဖြစ်နိုင်ဖွယ်အရှိဆုံး နေ့တနေ့ကို အမှန်ပဲလို့ ယူလိုက်ရတယ်။

ကျနော့်မိဘများ အဲသလောက်ရိုး(အ) ကြလို့ သူတို့ ကျနော့်အတွက် (သားသမီးများ အားလုံးအတွက်) မွေးနေ့ပွဲတခါမှ ကျင်းပပေးလေ့ မရှိခဲ့ကြဖူးပါဘူး။ ကျနော် ကိုယ်တိုင်လည်း မွေးနေ့တခါမှ မကျင်းပဖူးတာကြောင့် ဒီ အသက်အရွယ်အထိ ကျနော် ဘယ်သူ့ဆီကမှ မွေးနေ့လက်ဆောင်ရယ်လို့၊ (ယုတ်စွအဆုံး) မွေးနေ့ဆုတောင်းကလေးတောင် တခါမျှ၊ တခုမျှ မရဖူးပါဘူး။ မွေးနေ့နဲ့ ပတ်သက်ပြီး ပြောရရင် လောကကြီးမှာ အဲဒါမျိုးတွေလည်း ရှိသေးတယ် ဆိုတာ(ဝမ်းနည်းပက်လက်နဲ့ မဟုတ်ဘဲ ဟာသ အနေနဲ့) ဝင်ပြီး လေကန်သွားပါကြောင်း။း))

ဩော်.. ကျနော်လည်း (ဘုရားစူး) ဘလော့ဂါ ပါပဲ။ အားတဲ့အခါ လာလည်ဦးပေါ့ဗျာ..။

အပြုံးပန်း said...

မွေးနေ့လေးမှာ ချယ်ရီပန်းခြောက် အမှီ မပေးလိုက်ရဘူး။

Phyo Evergreen said...

ကိုမျိုး...ကျေးဇူး..အနားမှာရှိရင်မုန့်လိုက်ကျွေးချင်တယ်..။

ကိုညီလင်းသစ်...ပေးတဲ့ဆုနဲ့ပြည့်ရပါစေ..။

ကိုပြည်ကောင်းအောင်... မွေးနေ့ဆိုတာ ခံယူတတ်တဲ့သူအပေါ်မူတည်ပြီး အရေးပါတယ်အရေးမပါဘူးဆိုတာ ခံစားမှုကွဲပြားသွားနိုင်တယ်လို့ကျွန်တော်ထင်တာဘဲ..။ အခုချိန်မှာတော့ ကျွန်တော်လည်းမွေးနေ့ဆိုတာကို မှတ်တမ်းအပိုင်းအခြားတစ်ခုဆိုတာထက် ပိုပြီးမခံစားဖြစ်ဘူး..။

အစ်မအပြုံးပန်း...ကျွန်တော်ကဘယ်ရယ်မဟုတ်ပြောမိတာပါ..။ ကျေးဇူးတင်ပါတယ်..။

Anonymous said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေဖြိုးရေ..။

မမွန်

အိမ့်ချမ်းမြေ့ said...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ ဖြိုး...

မလေး