Saturday, May 7, 2011

အတိတ်ကမြို့

မေ့လောက်ပြီဆိုသည့်အချိန်ရောက်ကာမှ ခပ်ရေးရေးအရိပ်ထင်လာသည့်အတိတ်တွေသည် ကျွန်တော့်အားတိတ်တဆိတ် ပြုစားလို့နေသည်..။ မခံစားနိုင်တော့သည့်အဆုံး...အလွမ်းတွေထွေးပိုက်ထားသည့်ကျွန်တော့်အသည်းနှလုံး ခပ်တိုးတိုးလေးစတင်ငိုကြွေးပါတော့သည်...။

ညနေခင်းတိမ်ရောင်တောက်တောက်တွေအောက်က ကျွန်တော့်မြို့ကလေးသည်နွေဦးပန်းပွင့်လေးတွေနှင့်အတူ ချစ်စဖွယ်ဖြစ်နေတတ်သည်..။ ကုန်းတက်ကုန်းဆင်းလမ်းတွေမှာ အခုလိုအချိန်မှာတော့ စိန်ပန်းပြာတို့ ဒဏ္ဍာရီဆန်ဆန် ကြွေကျနေဦးမှာပါ..။ တောင်တွေကာရံထားတဲ့မြို့လို့ ထပ်ပြီးမတင်စားချင်တော့ပါ.... မြူတွေဆိုင်းနေတဲ့တောင်တန်းတွေ မြင်တိုင်း သတိရမှုတွေပြိုကျတာ ခဏခဏရယ်ပါ..။

အချိန်တွေဟာလှည့်စားတတ်သာလား ကျွန်တော်မပြောတတ်ပါ... ဒါပေမယ့် တစ်နှစ်ဆိုတဲ့အချိန်မှာ နေ့ရက်တွေဟာသိပ်ရှည်ကြာလွန်းတာပါ...။ မြို့အတက် တောင်ခါးပန်းမှာတော့ စွယ်တော်ဖြူဖြူတွေက နူးညံ့စွာပြုံးပြလို့နေဆဲ....  စွယ်တော်တွေလောက်တော့ ကျွန်တော့်ဘ၀ မဖြူစင်နိုင်တာတော့ ကိုယ်တိုင်သာအသိဆုံးဖြစ်မယ်...။ မြို့အစွန် တောင်ကမ်းပါးယံကနေ လှမ်းမျှော်ကြည့်လိုက်ရင် တောင်အောက်ကလွင်ပြင်ကျယ်ကြီးကိုသာမက ဟိုးအဝေးကတောင်တွေကိုပါ မှုန်ပျပျမြင်ရတာပါ...။ သူငယ်ချင်းတစ်စု  အဝေးကမြင်ရတဲ့တောင်တွေရဲ့အရောင်တွေကို ငြင်းခုံခဲ့ဖူးပေမယ့် ...... အခုချိန်မှာ ငါတို့နှလုံးသားမှာအရောင်တွေစုံနေပြီဆိုတာကို ငြင်းခုံဖို့ခွန်အားရှိပါ့ဦးမလား...။

မိုးတွေသည်းသည်းမည်းမည်းရွာသွန်းပြီဆိုရင်တော့...တောင်ခိုးတွေနဲ့အတူ တစ်မြို့လုံးသိပ်သည်းအေးခဲသွားမြဲပါ...။ မိုးစက်တွေထဲပြေးလွှားဆော့ကစားချင်ခဲ့ပေမယ့်လဲ...အေးလွန်းလှတဲ့မိုးရေတွေကြောင့်...အိမ်ရဲ့တံစက်မြိတ်အောက်ကငေးမောရတာကိုဘဲ ကျွန်တော်ကျင့်သားရလို့နေပါပြီ..။ မိုးအေးအေးမှာ မီးဖိုနံဘေးခပ်တိုးတိုးဝင်ထိုင်လို့ မိသားစုဝိုင်းဖွဲ့စကားပြောခဲ့ကြတာတွေလည်း မမေ့နိုင်တဲ့အတိတ်တွေပါ...။

မြို့ကလေးရဲ့ နွေရာသီတွေကိုအစဉ်တစိုက်ချစ်တတ်ခဲ့ပေမယ့်...တစ်ခုသောနွေမှာ ကျွန်တော့်ကိုငိုကြွေးစေမယ့်လို့တော့ ဘယ်အခါကမှမထင်ထားမိခဲ့တာ အမှန်ပါ..။ အရင်အချိန်တွေကနွေးထွေးခဲ့ပေမယ့်...ဒီနှစ်မှာနွေဟာ ဆေးရုံရဲ့ဆေးနံ့တွေအောက်မှာ အေးခဲနေခဲ့ပြီ...။ အကောင်းဆုံးတွေကို မျှော်လင့်ထားပေမယ့် အဆိုးဆုံးတွေကို ရင်ဆိုင်နိုင်ဖို့တော့ကျွန်တော့်မှာ ခံနိုင်ရည်မလောက်ငခဲ့ဘူး....။ ဒီလိုနဲ့ နွေရာသီဟာတိတ်ဆိတ်ငြိမ်သက်စွာ ကုန်ဆုံးသွားခဲ့တယ်...။

ကျွန်တော့်ရဲ့ ပျော်ရွှင်မှု၊၀မ်းနည်းမှု၊၀မ်းသာမှု၊လွမ်းဆွတ်မှုတို့သည်...မြို့ကလေးရဲ့ရင်ခွင်မှာပင် ကိန်းအောင်းပျော်ဝင်ကျန်ရစ်ခဲ့ကြသည်..။ မြို့ကလေးကိုပြန်ရောက်တိုင်းလည်း ၀မ်းနည်းမှု၊ စာနာမှု၊ ကရုဏာသက်မှုတွေ ကျွန်တော့်မှာ အိတ်နှင့်အပြည့်.. မြို့ကလေးကတော့ စွဲလန်းနှစ်သက်ဖွယ်ကောင်းဆဲ...။ ဆောင်းအေးအေးမှာ ချယ်ရီပန်းတွေဝေသလို...နွေမှာတော့ စိန်ပန်းပြာတို့ကြွေနေဆဲ..။

ငါးနှစ်ဆိုသောအချိန်တွေသည် ကျွန်တော့်အားအတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်ရှိစေလိမ့်မည်ဟုယုံကြည်မိပါသည်...။
အခုတော့ မြို့ကလေးသို့ပြန်ရောက်ဖို့သာ ကျွန်တော်စိတ်စောလို့နေမိပါတော့သည်...။

(၅ ရက်နေ့ကအဖေဆုံးတာ ၈နှစ်ပြည့်ပါပြီ.. အဖေ့ဇာတိတောင်ကြီးမြို့နဲ့ အဖေ့ကိုသတိရတမ်းတလွမ်းဆွတ်စွာနဲ့ဒီစာလေးကိုရေးပါတယ်..)

3 comments:

...အလင်းစက်များ said...

ဆုံးသွားတဲ့ အဖေကို သတိရတာ ဟုတ်ပါပြီ... ယူအက်စ်က မွေးစားအမေကို ဖုန်းခေါ်ဖြစ်သေးရဲ့လားဗျို့...

ညီလင်းသစ် said...

အဖေ့အမှတ်တရ စာလေးဖတ်ရတာ စိတ်မကောင်း ဖြစ်စရာပဲ..၊ မိုးရွာချိန် တွေ့ရတတ်တဲ့ မြို့ကလေးကို ဖွဲ့ထားတာ ဖတ်သူတောင် နဲနဲချမ်းလာသလိုပဲ..။

စူးနွယ်လေး said...

စိတ်မကောင်းပါဘူး

အိမ်ပြန်လည်တော့မယ်လား..