Monday, April 4, 2011

Utah သို့အလည်တစ်ခေါက် - ၆ (ဇာတ်သိမ်း)

တကယ်တော့ ဒီခရီးစဉ်ကိုသွားဖြစ်တဲ့အချိန်က ၂၀၁၀ စက်တင်ဘာလကုန်ခါနီးအချိန်လောက်မှာပါ...။ ပို့တစ်ခုနဲ့နောက်တစ်ခု တော်တော်လေးခြားနေတာ..အချိန်မအားလို့မရေးဖြစ်တာရယ်..ဒီခရီးစဉ်ကိုအမြဲအမှတ်ရချင်နေတာကြောင့် လည်းပါပါတယ်.။ ကျွန်တော့်အကျင့်တစ်ခုက အခုလုပ်အခုမေ့တတ်တာမျိုးမဟုတ်ဘူး..အားတဲ့အချိန် တိုက်ဆိုင်တတ်တဲ့အချိန်ဆိုရင် အရင်တုန်းက ဒီအချိန်ဆို ဘယ်နေရာမှာ ဘယ်သူနဲ့ရှိနေတာ ဘာလုပ်နေတာ စသည်ဖြင့်ပြန်တွေးတတ်ပါတယ်...။

ကျွန်တော့်မှာငယ်ငယ်ကတည်းက ၀ါသနာတစ်ခုရှိတယ်..အဲဒါကတော့ အားနေတဲ့အချိန် မြေပုံကြည့်ပြီးမြို့တွေကိုလိုက်မှတ်နေတတ်တာဘဲ..။ ငယ်ငယ်တုန်းကတော့ မြန်မာပြည်မြေပုံပေါ့...ဘယ်မြို့မှာ ဘယ်အမျိုးအဆွေတွေနေတာဆိုတာတွေမှတ်ထားတတ်ပြီး မြို့တွေကို မြေပုံထောက်တန်းကစားရတာလည်း သဘောကျပါတယ်..။ တစ်မြို့နဲ့ နောက်တစ်မြို့ဘယ်လောက်ဝေးတာ ခရီးသွားရင်တောင် ကလောပြီးမှ အောင်ပန်း၊ဟဲဟိုး ပြီးမှ ရွှေညောင် တောင်ကြီးရောက်တာမျိုး အဲလိုအစဉ်လိုက်မှတ်ထားရတာလည်းဝါသနာပါတယ်..။ ကားနဲ့ခရီးသွားရင်တောင် လမ်းဘေးကမိုင်တိုင်တွေ မှတ်ထားတတ်တာမျိုး..ဥပမာ ၈ ဖာလုံပြည့်ရင် ၁မိုင်ပေါ့..။ အခုတော့ Google Earth, Google Maps နဲ့ Wikipedia တို့ရဲ့ကျေးဇူးကြောင့် သိချင်တဲ့မြို့ဘယ်မှာရှိတာအပြင် မြို့အကြောင်းတွေကိုပါ ပြည့်ပြည့်စုံစုံသိရပြီး ပုံတွေကိုပါကြည့်ရတော့ အားတိုင်းသာမြို့နာမည်တွေ ရှာရှာပြီးကြည့်နေတော့တာဘဲ..။ တော်တော်များများရှာဖြစ်တာကတော့ Unites Sates နဲ့ Canada တို့ကမြို့တွေပါဘဲ..။ ဥရောပဘက်က မြို့တွေရှာဖူးပေမယ့် တော်တော်များများကနာမည်မှတ်ရခက်တာကြောင့် နိုင်ငံတွေရဲ့ မြို့တော်တွေလောက်ဘဲမှတ်ထားဖြစ်တယ်..။ US ရဲ့ပြည်နယ်မြို့တော်တွေအကြောင်းရှာဖတ်တော့ ခဏခဏဖတ်ဖြစ်တာက Salt Lake City အကြောင်းပါဘဲ... ဖတ်ဖြစ်တယ်ဆိုတာထက် တစ်ခုခုကြောင့် SLC အကြောင်းမှာဂိတ်ဆုံးသွားတယ်တယ်.. (ရှင်းပြချင်ပေမယ့် မပြောပြတတ်ဘူး ..)။ တိုက်တိုက်ဆိုင်ဆိုင် အလုပ်ကလွှတ်တော့လည်း Salt Lake City တဲ့ စိတ်ထဲမှာတော့နည်းနည်းအံ့သြသွားတယ်..။ စိတ်ထဲမှာစွဲနေတာကတော့ တောင်တွေဝန်းရံပြီး မြို့ပေါ်မှာမိုးတွေရွာနေတဲ့ အောက်ကပုံပါ...။

(ပုံကို ကလစ်နှစ်ပြီး ထပ်ပြီးအကြီးချဲ့ကြည့်ပါ) Source : Wikipedia

   အလုပ်ကရုံးခွဲရှိတဲ့နေရာက Salt Lake City နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ Sandy ဆိုတဲ့မြို့မှာပါ..။ မြို့အရှေ့ဘက်မှာ တောင်အမြင့်ကြီးတွေနဲ့ အေးချမ်းတဲ့နေရာလေးပါ..။ ဟိုးအနောက်ဘက် ခပ်ဝေးဝေးမှာလည်း တောင်တန်းတွေနဲ့ပါဘဲ..။ နေခဲ့ရတာတော့ ၂ ပတ်ပါ အလုပ်နဲ့လေ့လာရေးသဘောပါ...။ ကျွန်တော်လုံးဝ မျှော်လင့်မထားတာတစ်ခုကတော့ ..အလုပ်က Machine Operator ၈၀% လောက်က အာရှကလူတွေပါ...ကျန်တာတွေက လူဖြူနဲ့မက်ဆီကန်တွေပါ......။ ထိုင်း၊ လာအို၊ ကမ္ဗောဒီးယား ၊ ဗီယက်နမ် နဲ့ ဖိလစ်ပိုင်နိုင်ငံတွေကပါ.... ကိုယ့်မြန်မာလူမျိုးလည်းရှိမယ်လို့တော့ထင်တယ်..မတွေ့ဖြစ်ခဲ့ပါဘူး..။ ဘယ်နိုင်ငံကလဲ မြန်မာနိုင်ငံကလို့ ဖြေတော့ သိတယ်သိတယ်ဆိုပြီး ဖော်ဖော်ရွှေရွှေလာနှုတ်ဆက်ပါတယ်...။ စက်တွေကိုလည်း နေတိုင်းလိုက်ကြည့်နေရတော့ သူတို့နဲ့လည်း မိတ်ဆက်ပြီး စကားစမြည်ပြောဖြစ်တာပေါ့....။ လုပ်နေတဲ့သူတွေအထဲမှာ အသက် ၂၀ ကျော်ကစလို့ အသက် ၆၀ ကျော်အထိ  ယောက်ျားမိန်းမ အကုန်ပါပါတယ်...။ သူတို့တော်တော်များများက ဒီကုမ္ပဏီမှာဘဲ လုပ်နေတာ အနှစ် ၂၀ ကျော် ၃၀တွေပါ... ၁၀နှစ်ဆိုတာနည်းတဲ့အထဲမှာပါတယ်... အမေရိကားရောက်ပြီး ကတည်းကဆိုပါတော့ ။ တော်တော်များများကတော့  နိုင်ငံအသီးသီးမှာရှိတဲ့ Refugee Camp တွေကလာကြတာပါ...... သူတို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရတယ်ဆိုတာတွေ ပြောပြကြတယ် ..အခုတော့ သားသမီးတွေလည်း အခြေကျလို့  သူတို့ဘ၀လည်းငြိမ်းချမ်းနေပါပြီတဲ့.. သက်ကြီးပိုင်းတွေထဲကပြောပြကြတာပါ..။ 

   အားလုံးထဲမှာမှ ကမ္ဗောဒီးယားက အန်တီကြီးတစ်ယောက်က ကျွန်တော့်ကို သားတစ်ယောက်လိုချစ်လို့တဲ့ နေ့တိုင်းလာစကားပြောပါတယ်... ။ နာမည်က Vanna Nhem တဲ့... ဘယ်လောက်ချစ်စရာကောင်းလိုက်သလဲ....။ ကျွန်တော့်ကို သားလို့ခေါ်ပြီး ...သူ့ကိုလည်း အမေလို့ဘဲခေါ်ခိုင်းပါတယ်...အမေ့အသက်က ၆၂ ရှိနေပြီ။ အမေ့အကြောင်းနားထောင်ရတာတော့ စိတ်မကောင်းစရာပါ.... သူ့သားကလေးမွေးပြီးမကြာခင်မှာဘဲ.... သူ့အမျိုးသားကစစ်တပ်က သေနတ်နဲ့ပစ်သတ်လိုက်လို့ ဆုံးသွားတာတဲ့..။ ကလေးငယ်ငယ်နဲ့ သူ့မှာလည်း ဒီမရောက်ခင်အထိ နိုင်ငံတော်တော်များများက Camp တွေမှာ လိုက်ခိုလှုံနေခဲ့ရတာတဲ့...။ အခုတော့လည်း သားကအခြေကျလို့ အခြားတစ်မြို့မှာနေ...အမေ့မှာတော့ Sandy မှာဘဲတစ်ယောက်တည်းနေတယ်တဲ့... နားထောင်ပြီးလို့ အမေ့ကိုကြည့်လိုက်တော့ အမေ့မျက်ဝန်းတွေမှာ မျက်ရည်တွေဝဲလို့.......။ အမေ့ဘ၀ ဘယ်လောက်အထီးကျန်လိုက်မလဲ......။ ကျွန်တော့်မှာတော့ တွေးရင်းနဲ့ အမေ့ကိုလည်းသနား...အမေအရင်းကိုလည်း သတိရနဲ့ ရင်ထဲမှာတောင်ငိုချင်လာတယ်...။

  ကျွန်တော်မပြန်ခင် တစ်ရက်တော့ အားလုံးကို လိုက်နှုတ်ဆက်ဖြစ်ပါတယ်.... ကျွန်တော့်ကို အားလုံးလိုလိုက သိနေကြတော့ Casey ကတောင် အံသြလို့...။ အမေကတော့ ရွှေတိဂုံဘုရားကို သိတယ်တဲ့....တစ်နေ့တော့ရောက်အောင်သွားဖူးဦးမယ်ဆိုတယ်...အလှူငွေလည်းထည့်ပေးလိုက်သေးတယ်...။
အကုန်လုံးက နောက်လည်းလာလည်ပေါ့... အားလုံးကူညီပေးမယ်တဲ့.....သြော်..နှစ်ပတ်ဆိုတဲ့အချိန်ခဏလေးမှာဘဲ..သံယောဇဉ်တွေတွယ်မိကြပြီလေ.....။
 
 
တိမ်တွေဖုံးနေစဉ် (photo by me)

  အဲဒီနေ့လည်ပိုင်းကျတော့ Casey ကနေ့လည်စာလိုက်ကျွေးတယ်....ပြီးတော့ ၀ယ်ချင်တာဝယ်ဖို့ မြို့တစ်ပတ်လိုက်ပို့ပေးတယ်.. .။ Sandy ကတော့ တောင်ကြီးနဲ့သိပ်ဆင်သလိုဘဲ... မြို့ကလည်းအေးချမ်းတယ်...တောင်ကြီးလိုဘဲ မြို့အရှေ့ဘက်မှာလည်းတောင်တွေဝန်းရံလို့... ကျွန်တော့်အကြိုက်ဘဲ..။  အရင်ရက်ပိုင်း တောင်ထိပ်တွေမှာ တိမ်တွေဖုံးနေပေမယ့်...အဲဒီနေ့ကတော့ သာယာနေတယ်... Casey ကဟိုမှာကြည့်ဆိုတော့ တောင်ထိပ်တွေမှာ နှင်းတွေစဖုံးနေပြီ...အရင်အပတ်ကသွားခဲ့တဲ့ တောင်ထိပ်မှာ အခုဆိုနှင်းတွေနဲ့ပေါ့...နည်းနည်းလေးလွဲသွားတယ်။ အပြန်နေ့ မနက်ကျတော့ တောင်ထိပ်တွေမှာ တိမ်တွေဖုံးနေပြန်ပြီ.... ကျွန်တော့်အထင်ပတ်ဝန်းကျင်ကတိတ်တဆိတ်နဲ့ .. မြို့ကလေးက အသံတိတ်နှုတ်ဆက်နေသလိုဘဲ....။ သြော်....ကျန်ခဲ့သူရယ်တင်မဟုတ်ပါဘူး...ခွဲခွာရသူမှာလည်း လွမ်းရတာပါပဲ..။


အပြန်လမ်းမှာ (photo by me)

ဝန်ခံချက်။    ။ဒီခရီးစဉ်အကြောင်းလေး အဆုံးသတ်ရမှာကို ၀မ်းနည်းနေသလိုဘဲ... ။ အကြောင်းအရာအားလုံးဟာ ရင်ထဲရှိတဲ့အတိုင်း အမှန်အတိုင်းရေးထားခြင်းဖြစ်ပါတယ်...။ Sandy က အမေ့ကိုတော့ ၃ ပတ် ၁ ခါလောက် ဖုန်းပုံမှန်ဆက်ဖြစ်ပါတယ်...။ ပြီးခဲ့တဲ့ အပိုင်းတွေဖတ်ချင်သေးရင် ဒီမှာဖတ်နိုင်ပါတယ်..။

6 comments:

Mon Petit Avatar said...

သွားချင်လိုက်တာ Salt Lake City, TV program တစ်ခုမှာတော့တွေ့ဖူးတယ်
Sandy မြို့လေးကကြည့်ရတာအေးချမ်းတယ်။

မောင်မျိုး said...

ဖြိုးလေး ရဲ့ ခရီစဉ်လေး က သွားချင်စရာ အစ်ကိုတော့ တောင်တွေ ပင်လယ်တွေနဲ့ ခရီးကို သိပ်သွားချင်ပေမယ့် မသွားရပါဘူး ညီရာ ။ နောက်လည်း ခရီးသွားဖြစ်ရင် တင်ပါအုံး ။

Anonymous said...

လာဖတ်သွားပါတယ်

စူးနွယ်လေး

ညီလင်းသစ် said...

အခုတော့လည်း အဆုံးသတ်တောင် ရောက်လာခဲ့ပြီကိုး၊ ဒီခရီးလေးကနေ အတွေ့အကြုံတွေ၊ သံယောဇဉ်တွေ အများကြီး ရလာခဲ့တယ်ဆိုတော့ ဝမ်းသာပါတယ်ဗျာ၊ ခရီးသွား ဆောင်းပါးလေးတွေ ရှိသေးရင်လည်း ဆက်ဖတ်ချင်ပါတယ်..။

...အလင်းစက်များ said...

အဘွား Vanna Nhem က အင်္ဂလိပ်လို ကောင်းကောင်း ပြောတတ်သွားပြီပေါ့နော်... အင်းလေ နှစ်ပေါင်း အတော်ကြာအောင် အမေရိကမှာ အခြေချခဲ့ပြီပဲ... ။ အာရှသားတွေ လာနှုတ်ဆက်ကြတယ် လို့  ဖတ်ရတာ အတော်လေး ၀မ်းမြောက်မိတယ်။ ရွှေတိဂုံကို လည်ချင်တယ်တဲ့ ဖြစ်နိုင်ရင် လိုက်တောင်ပို့ ပေးချင်သေး။

သူ့ ဆီကို ဖုန်းဆက်ပါဗျာ... ကုသိုလ်ရပါတယ်။

မှတ်ချက်။......။ ဒီပိုစ့် ပုံနဲတယ်။

Phyo Evergreen said...

MPA.. မြို့မှာလူလည်းသိပ်မရှုပ်ဘူး..နေလို့လည်းကောင်းမယ်ထင်တယ်...။ Utah ပြည်နယ်တစ်ခုလုံးမှ လူဦးရေကနှစ်သန်းကျော်ဘဲရှိတယ်တဲ့..။ ဆောင်းတွင်းဆိုရင်တော့ နှင်းလျှောစီးတဲ့နေရာတွေအများကြီးပဲတဲ့...။

ကိုမျိုး..
ခရီးသွားရတာ လမ်းမှာအဆင်ပြေရင် ပျော်ဖို့ကောင်းပေမယ့်.. ပြဿနာကြုံရင်တော့ တော်တော်စိတ်ညစ်ရတယ်...။ ကြုံရင်တော့ ကိုမျိုးဆီလာလည်မယ်နော..။

မစူနွယ်လေး..
လာဖတ်တာ ကျေးဇူးပါ...။

ကိုညီလင်း..
ခရီးသွားရတာတော့ ဗဟုသုတလည်းရတယ် မိတ်ဆွေသစ်တွေလည်း ရတယ်..။ လောလောဆယ်တော့ မြန်မာပြည်အလည်ပြန်ဖို့ဘဲ ရှိတော့တယ်..။

အလင်းစက်များ..
ကျွန်တော်လည်း ဓာတ်ပုံကောင်းကောင်းမရိုက်တတ်တော့ ပုံတွေသိပ်မရှိဘူး..။အချိန်ရရင် Sale Lake City ကို ဂူဂယ်မှာပုံတွေရှာကြည့်ပါ သိပ်လှတယ်..။