Saturday, March 12, 2011

Utah သို့အလည်တစ်ခေါက် - ၅

Utah ကိုပြန်ရမယ်ဆိုတော့ စနေနေ့မနက်စောစောထရပါတယ်... လေယာဉ်အချိန်က ၈ နာရီခွဲဆိုတော့ ၇ နာရီလောက်တော့လေဆိပ်ကိုရောက်မှဖြစ်မှာကိုး...။ မနက်ပိုင်းတော့ တော်တော်အေးတယ်....ပါးစပ်ကနေအငွေ့တွေထွက်နေတော့ ငယ်ငယ်တုန်းကအေးတဲ့အချိန်တွေကိုပြန်သတိရသွားတယ်..။ တောင်ကြီးဆောင်းတွင်း မနက်ခင်းဆိုရင် အိမ်ထဲမှာမနေနိုင်ဘူးဗျ.... နေထွက်တာနဲ့အိမ်ပြင်ထွက်နေပူစာလှုံရတယ်... ပါးစပ်ကလည်းအငွေ့တွေက ထွက်ဆိုတော့ ကလေးပီပီပျော်တာပေါ့..။ လေဆိပ်သွားလမ်းတစ်လျှောက်တော့ မှောင်လို့ကောင်းနေတုန်းဘဲ.....လေဆိပ်ရောက်လို့ မှတ်မိသလောက် ထောင့်ဆုံးပေါက်ကနေ၀င်ဖြစ်တာဘဲ...။ စောရောက်တာတောင်လူတွေအများကြီးဘဲ Immigration မှာလည်းတန်းစီစောင့်ရတာတော်တော်ကြာတယ်...။ အဲဒီနဲ့ လေယာဉ်ပေါ်တက်တဲ့ကြားဖြစ်တာတွေမမှတ်မိတော့ဘူး...။ စီးရတဲ့လေယာဉ်ကလည်းသေးတယ်...ပြတင်းပေါက်နားက ထိပ်ဆုံးခုံရလို့ နည်းနည်းကျေနပ်သွားတယ်... ခြေထောက်လည်းဆန့်လို့ရ အပြင်လည်းငေးလို့ရတယ်လေ...။

  
(သွားတုန်းကလည်း အဲလိုအချိန်နဲ့အဲလိုပုံဘဲ)
  ပုံက Google ယူထားတာ

လေယာဉ် ၂ နာရီကျော်လောက်စီးပြီးတော့ Minneapolis ကိုရောက်ပြီ..ဒီတစ်ခါလည်းအချိန်မရှိဘူး..နောက်လေယာဉ်အချိန်မှီအောင်ပြေးရပြန်တယ်...။ လေယာဉ် ၂နာ၇ီလောက်ထပ်စီးတော့ Utah ကိုပြန်ရောက်ပါပြီ...။ လေယာဉ်မဆင်းခင်တွေ့ရတဲ့ Salt Lake Valley ပတ်ဝန်းကျင်ကတောင်တွေကို အပေါ်စီးကနေကြည့်ရတာ သိပ်သဘောကျတယ်...တောင်တွေကြားက ကားလမ်းကွေ့ကွေ့ကောက်ကောက်လေးတွေ...။ လေယာဉ်ဆင်းမယ်ဆိုတော့ အဆင်းအတွက်ပြေးလမ်းကမရှင်းသေးဘူးဆိုတော့ လေယာဉ်ကဆင်းခါနီးမှ အပေါ်ပြန်တက်သွားတယ်...။ လူကဗိုက်လည်းဆာနေပြီ လေယာဉ်ဆင်းတာနဲ့လေဆိပ်မှာ ၀င်စားမယ်ကြံစည်နေတုန်း...ပြတင်းပေါက်နေကြည့်လိုက်တော့ အားလုံးကိုမေ့သွားတယ်....အောက်ဘက်မှာက အင်မတန်လှတဲ့ Salt Lake ကြီး..။ လေယာဉ်က ၁၀ မိနစ်လောက်ဝဲနေတာဆိုတော့ တ၀ကြီးကြည့်ခွင့်ရတယ်...။ လေယာဉ်ဆိုက်တော့ နေ့လည်၁နာရီလောက်တော့ရှိပြီထင်တာဘဲ...။

 တောင်တွေကြားလမ်းကလေးနဲ့


 လေထီးခုန်ဆင်းကြည့်ချင်တယ်

အောက်ကရေကန်ကြီး
 
လေဆိပ်ကနေဟိုတယ်ရောက်ရောက်ချင်းဘဲ Samuel က Mall သွားမယ်တဲ့လိုက်မလားဆိုတော့ ရေမြန်မြန်ချိုးပြီးလိုက်သွားတာ နားချိန်တောင်မရလိုက်ဘူး...။ Mall ရောက်မှဘဲတရုတ်စားသောက်ဆိုင်တစ်ခုမှာ ဗိုက်ပြည့်အောင်စားလိုက်တယ်...။ ကြည့်စရာလည်းသိပ်မရှိပါဘူး..အ၀တ်အစားဆိုင်ရယ် ဖိနပ်ဆိုင်တွေလောက်ဘဲဝင်ကြည့်ဖြစ်တယ်...။ Levis Jeans နည်းနည်းတော့ဝယ်ဖြစ်တယ်..စင်္ကာပူထက်သက်တာ တာကိုး...။  နည်းနည်းပါးပါးကြည့်ပြီးတော့ Salt Lake City မရောက်သေးတော့သွားကြမယ်ဆိုပြီး အဖော်စပ်လိုက်တာ နောက်ဆုံးတော့ Sam နဲ့ ကျွန်တော်နှစ်ယောက်ဘဲကျန်တယ်...။ ကောင်းတာတစ်ခုက ကျွန်တော်တို့တည်းတဲ့ဟိုတယ်က ဟိုတယ်နဲ့ ၅မိုင်ပတ်လည်အတွင်းသွားချင်တဲ့နေရာလိုက်ပို့ပေးတာဘဲ...။ SLC နဲ့ဟိုတယ်နဲ့က ၁၀ မိုင်လောက်ဝေးတာဆိုတော့ ကားခေါ်ပြီး အနားက Train Station ကိုလိုက်ပို့ခိုင်းလိုက်တယ်..ရထားနဲ့သွားမယ်ပေါ့...။

ရထားလက်မှတ်

 တောင်တွေလှတယ်

ဘူတာရုံရောက်တော့ အသွားအတွက်လက်မှတ်ဝယ်တယ်..၁ ကျပ်နဲ့ဘယ်နှစ်ပြားလည်းမမှတ်မိတော့ဘူး...၂ နာရီအတွင်းစီးရမှာပါ။ ရထားပေါ်မှာတော့ စီးတဲ့လူသိပ်မရှိဘူး...လက်မှတ်စစ်လည်းမတွေ့ခဲ့ဘူး...။ တကယ်တော့ Sandy နဲ့ SLC ကိုရထားလမ်းက တစ်ဖြောင့်တည်းဘဲ...အရှေ့ဘက်ကတောင်တွေရယ် ဘေးဘီရှုခင်းတွေရယ်ကိုငေးပြီးလိုက်လာတာ နာရီဝက်လောက်ကြာတော့ မြို့ထဲကိုရောက်ပါပြီ...ရထားကမြို့ထဲကိုပတ်ပြီး နည်းနည်းဆက်သွားရင်ဂိတ်ဆုံးပြီထင်တာဘဲ..မြို့ထဲမှာတော့ အလကားစီးလို့ရတယ်..။ SLC ကပြည်နယ်မြို့တော်ဆိုပေမယ့် တိုက်တာမြင့်မြင့်မားမားကြီးတွေသိပ်မရှိပါဘူး..မြို့ထဲလည်းလူသိပ်မရှုပ်ဘူး..လမ်းတွေကလည်းသန့်ရှင်းတယ်..ကျွန်တော်ကတော့သဘောကျတယ်..။ The Gateway ဆိုတဲ့နေရာကိုအရင်ရောက်ဖြစ်တယ်...အဲဒီမှာတော့ လူတော်တော်စည်တယ်...စားသောက်ဆိုင်တွေ လူသုံးကုန်ဆိုင်တွေ ပြီးတော့ ရုပ်ရှင်ရုံလည်းရှိတာကိုး..။ လိုချင်တာလည်းမရှိတော့ ဘာမှလည်းမ၀ယ်ဖြစ်ဘူး....ဓာတ်ပုံအချို့ဘဲရိုက်ဖြစ်ခဲ့တယ်..။ ခပ်လှမ်းလှမ်းတောင်ကုန်းပေါ်မှာတော့ Capitol အဆောက်အဦးကိုလှမ်းမြင်နေရတယ်...။

 မြို့လယ်တစ်နေရာ


 

 ဘုရားကျောင်း

  

ဒါနဲ့ Capitol အဆောက်အဦးသွားဓာတ်ပုံရိုက်မလား..ဆိုတော့နည်းနည်းဝေးတယ် ပြီးတော့နောက်လည်းကျမှာစိုးတာနဲ့ အနီးအနားက Salt Lake Temple ကိုဘဲသွားဖြစ်ခဲ့တယ်..။ Salt Lake Temple အကြောင်းတော့မရှင်းပြတော့ဘူး...ဒီမှာပြည့်ပြည့်စုံစုံဖတ်နိုင်ပါတယ်..။ အထဲမှာတော့တော်တော်လှတယ်...လူတွေလည်းအများသား..တော်တော်များများကဓာတ်ပုံတွေရိုက်နေကြတယ်..။ ...နိုင်ငံပေါင်းစုံက အမျိုးသမီး Mormon Missionaries တွေလည်းတွေ့ခဲ့တယ်..ထိုင်း၊အင်ဒို၊မလေး ...မြန်မာနိုင်ငံကတော့မပါဘူးပေါ့..။ နေကလည်းဝင်တော့မယ်ဆိုတော့ ဓာတ်ပုံရိုက်ရတာတော့ သိပ်မကောင်းဘူး...အလင်းရောင်မပျောက်ခင်မြန်မြန်ရိုက်ရတယ်...။

  
ရုပ်ဖျက်ထားမှ
 နှုတ်ဆက်ပါတယ်

အပြန်ကျတော့ အဆင်ပြေတယ်...ရထားဘူတာကအရှေ့တည့်တည့်မှာဘဲ..သူကကားလမ်းမအလယ်မှာလေ..။ ဒါနဲ့ရထားစီးပြီး Sandy ကိုပြန်လာခဲ့တယ်... အပြင်ဘက်မှာတော့မှောင်နေပြီ..အပြန်ရထားပေါ်မှာတော့ လက်မှတ်စစ်နဲ့ကြုံသေးတယ်..။ ဆင်းရမဲ့ဘူတာ မရောက်ခင်ဟိုတယ်ကိုကြိုဆက်ထားတော့ ...အဆင်းမှာဘဲကားကစောင့်နေပြီ...အဲဒီမှာကားမရှိလျှင်တော့ သွားလို့လာလို့အဆင်မပြေဘူး..။ ညဘက်အပြင်မှာတော့ တော်တော်အေးတယ်...ဘူတာရုံလေးကတော့ ညအမှောင်မှာတိတ်တဆိတ်နဲ့ကျန်ခဲ့လေတယ်...။

ဇာတ်သိမ်းပိုင်း ဆက်ရန်

4 comments:

မောင်မျိုး said...

ဇတ်သိမ်းပိုင်းကျရင်ကော ဒီဘလော့က ပိုင်ရှင်ကောင်ကလေးကို ကျနော်တို့ မြင်ဖူးခွင့်ရှိလားခင်ဗျး)

ယူထားကျောက် said...

တခုနဲ့ တခု တလလောက်အနဲဆုံးခြားပြီး တင်လို့များ..ဘကြီးဘုန်းကြီးက မှာထားလို့လား..၁ နဲ့ ၅ နဲ့က ဘယ်နှလတောင်ခြားသလဲ..
Salt Lake City က နွေပဲနေကောင်းတာ..ဆောင်းတွင်းဆို သေလုအောင်အေးတာ..အဲဒီမှာမနေနိုင်ဘူး

ညီလင်းသစ် said...

ဇတ်သိမ်းပိုင်းကို ဆက်စောင့်နေမယ်...၊

ဒါနဲ့ စကားမစပ် အခုတလော ဖိုတိုရှော့ပ်မှာ ရုပ် ဖျက်ထားတဲ့ မျက်နှာတွေကို မူရင်းအတိုင်းဖြစ်အောင် ပြန်လုပ်တဲ့နည်းတွေ လေ့လာနေတယ်၊ ဆိုတော့ လေ့ကျင့်ခန်းဆင်းဖို့ ဒုတိယနောက်ဆုံး ပုံလေးက အတော်ပဲ-လို့..၊ (အလကား နောက်တာပါဗျာ.. ဟားဟား)။ :D

Phyo Evergreen said...

ကိုမျိုး. .ဒါတော့ကျနော်တို့ရုပ်မမြင်သံမကြားဌာနအနေဲ့အတည်မပြုရသေးကြောင်းပါခင်ဗျာ..။

ဦးကြီးကျောက်. .ကျတော်လည်းရေးချင်တာဘဲ..ရေးအားမရှိတော့တပုဒ်တင်ဖို့ကိုတောင်အနိုင်နိုင်ရယ်..။ အခုတောင် နေ့လည် ၂နာ၇ီကရေးတာ ည၉ နာ၇ီမှပြီးတယ်..။ ယူတားတော့ သွားလည်ချင်သေးတယ်ဗျ...။ ဦးကျောက်လိုမျိုး တစ်မြို့နဲတစ်မြို့သွားတာမျိုးလည်းလုပ်ချင်တယ်..။ ဦးကျောက်ဘလော့လည်းအမြဲဖတ်..နေကောင်းကျန်းမာရွှင်လန်းပါစေလို့အမြဲဆိုတောင်းပေးတယ်..။

အစ်ကိုညီလင်းသစ်. ... နောက်ဆုံးက ဟားဟားကြီးကကြောက်ဖို့ကောင်းတယ်ဗျ....။