အနောက်ယွန်းယွန်းဆီက တောင်တန်းတွေပေါ်မှာ မေးတင်နေတဲ့ နေဝန်းနီနီကို မြင်မိတဲ့အခိုက် ကျွန်တော့်ဘယ်ဘက်ရင်ခွင်ဆီမှာတော့ တဆစ်ဆစ်နာကျင်ကိုက်ခဲလာသယောင်....။ နာကျင်မှုတွေနဲ့အတူ ဒဏ်ရာတွေနိုးထလာတော့မှ ကျွန်တော်ဟာ လွမ်းမောတတ်သူတစ်ယောက်ဆိုတာ ကိုယ့်ကိုကိုယ် ပြန်လည်တွေ့ရှိမိလေသည်...။
ဝေးလံတဲ့ မြောက်အရပ်တွေဆီက တိုက်ခတ်လာလေ့ရှိတဲ့ အေးစိမ့်စိမ့်ညနေခင်းလေပြည်များကို ကျွန်တော် တယုတယရှိခဲ့သည်...။ မြောက်ပြန်လေတို့ဖြတ်သန်းတိုက်ခတ်ရာလာ အရပ်ဒေသများဆီမှ ပျော်ရွှင်မှုများ၊ ကြည်နူးစရာများ လေနှင့်အတူပါလာကောင်း ပါလာနိုင်ပါသည်...။ သို့သော် ကျွန်တော်တို့မြို့လေးကို ဖြတ်သန်းရောက်ရှိချိန်မှာတော့ အလွမ်းတွေသာပါလာသည်ဟု ခံစားရသည်မှာ ကျွန်တော်တစ်ယောက်တည်းဧ။် အထင်တွေလားဆိုတာ မရေရာခဲ့ပါ..။ သေချာတာတစ်ခုကတော့ ကျွန်တော့်အလွမ်းတွေအား သူမ ရှိနိုင်မည့် အရပ်ဒေသဆီသို့ လေပြည်တွေနှင့်အတူ သယ်ဆောင်ယူငင်သွားစေချင်လှတော့သည်...။
Credit @ ဆရာငြိမ်းအေးအိမ်
ညနေခင်းတွေရောက်ပြီဆို အိမ်ရှေ့မှာထိုင်လို့ အိပ်တန်းပြန်ငှက်ကလေးများကို ငေးမောကြည့်ရသည်မှာ ကျွန်တော့်အတွက် ဝတ္တရားတစ်ခုလိုပင်..။
ငှက်ကလေးများ ဘယ်အရပ်ကိုသွားလို့ ဘယ်ဆီကိုများပြန်ကြမလဲဆိုတာ တွေးကြည့်နေတတ်ခဲ့တာ အခါခါ....။ တူယှဉ်တွဲလို့ ပျံသန်းနေကြတဲ့ ငှက်ကလေးတွေကို တွေ့တဲ့အခါ သူမအားလွမ်းဆွတ်ရသလို... တစ်ကောင်တည်း အိပ်တန်းပြန်နေတဲ့ ငှက်ငယ်များကိုတွေ့ရတဲ့အခါမှာလည်း အသနားပိုမိတာ ကျွန်တော်ပါ...။ တောင်စွယ်နေကွယ်လို့ အလင်းရောင်တွေပျောက်သွားတဲ့အချိန်မှာတော့ ရင်မောကာ ကျန်နေမြဲ...။
အထက်စီးကမြင်နိုင်တဲ့ တောင်ကုန်းလေးပေါ်တက်လို့ မျှော်ကြည့်လိုက်တဲ့အခါ နေ့တစ်နေ့ရဲ့ နောက်ဆုံးအလင်းရောင်တွေအောက်မှာ မြို့ကလေးကတော့ တိတ်ဆိတ်စွာဝပ်စင်းလို့နေတယ်...။ တောင်အတက်လှေကားထစ်တွေမှာတော့ သူမရဲ့ အရိပ်ယောင်များ ပျောက်ဆုံးနေဆဲ..။ ယူကလစ်ပင်များ စီတန်းနေတဲ့ လမ်းကလေးတွေ ထင်ရူးအုပ်အုပ်နဲ့တောင်ကုန်းလေးတွေ... ပိရိဆိတ်ငြိမ်စွာ....။ ခြေလှမ်းတွေအောက်က ကတ္တရာလမ်းတွေသာ အလွမ်းရင့်ရင့်တွေအောက်မှာ ပိုလို့ပင်နက်မှောင်သွားသယောင်.....။
မရမ်းရောင်ရင့်ရင့်ကောင်းကင်ကို နောက်ခံပြုလို့ မြို့ကလေးဝန်းကျင် အရှေ့အနောက်တောင်တန်းတွေမှာတော့ ဒဏ္ဍာရီဆန်စွာ မြူတွေဆိုင်းလို့ရယ်.....။ လေပြည်ညင်းတို့ သယ်ဆောင်သွားမည့်အလွမ်းတွေ ခရီးလမ်းတစ်လျှောက် တောင်စဉ်အထပ်ထပ်တွေမှာ
ဝေ့ဝဲကျန်ရစ်မနေစေဖို့သာ တောင်ကုန်းထက်ကစေတီငယ်မှာ ခဝပ်ရိုးကျိုး ခပ်တိုးတိုးလေး ဆုတောင်းနေမိတော့တယ်........။
7 comments:
လွမ်းရတဲ့ညတွေကုန်ပါစေ...
အလွမ်းစာလေး...
ဒီစာလေးကို ညနေစောင်းမှာ အိမ်ရှေ့မှာထွက်ပြီး လိုင်းသုံးနေရင်းနဲ့ဖတ်တာရယ်...
တကယ်ပဲ အပြင်မှာ နွေရာသီရဲ့ လေတွေတိုက်နေတယ်ရယ်ဗျ...
ခင်မင်ခြင်းအားဖြင့်...
ဏီလင်းညို
၂၀၁၃ ရဲ့ ပထမဆုံး ပိုစ့်က အလွမ်းပိုစ့်ပါလား...း-)
ငြိမ့်ငြိမ့်ညောင်းညောင်း စာလေးတစ်ပုဒ် ....
:P
အလွမ်းနဲ့အတူ...
အေးမြလန်းဆန်းခြင်းတွေကိုပါ ခံစားလိုက်ရပါတယ်..
blog တွေဘက် ခြေဦးမလှည့်ဖြစ်တာကြာသွားပြီ။ ဒီကိုပထမဆုံး ပြန်လာတာပဲ .. အလွမ်းနံ့ရလို့ထင်တယ်
မနော်ဟရီ
Post a Comment