Friday, June 24, 2011

မြန်မာပြည်ခရီး - ၂ (ပုဂံ ညောင်ဦး)

 
ဒုတိယနေ့ကျတော့ ကားသေးတစ်စီးငှားပြီးတော့ ဘုရားဖူးထွက်ကြတယ်.။ ဘကြီး၊အန်တီနဲ့ညီမ၀မ်းကွဲမိသားစုသုံးယောက် ကြီးတော်ရယ် အမေနဲ့ကျွန်တော် အားလုံးပေါင်း ၆ ယောက်ပေါ့..။ မနေ့ညနေက မိုးတော်တော်ရွာထားတာအတော်ပဲဖြစ်သွားတယ်... ဒီနေ့ကျတော့သိပ်မပူတော့ဘဲ လမ်းမှာဖုန်တွေလည်းသိပ်နေတယ်...။ နေ့တစ်ဝက်တည်းနဲ့တင် ဘုရားတွေအများကြီးဖူးလိုက်ရတယ်....။ အိမ်ကသူတွေအကျင့်က မြန်မြန်ဆန်ဆန်လုပ်တတ်တဲ့အကျင့်ရှိတယ်...။ ဘုရားဖူးရင်လည်း တစ်ဆူဝင် ကြာကြာတောင်မနေဘူး နောက်ဘုရားတစ်ဆူထပ်သွားလိုက်နဲ့.....။ လူကြီးတွေနဲ့ဆိုတော့လည်း လွန်ဆန်ဖို့ခက်တယ်...ဒါတောင် ဓာတ်ပုံလေးဘာလေးရိုက်ရအောင် မနည်းအချိန်ဆွဲထားရတယ်ဗျာ..။
 
ထွက်လာတဲ့အချိန် မိုးသားလေးတွေနည်းနည်းရှိတော့ နေသိပ်မပူဘူး...။ ၂၀၀၈တုန်းကတစ်ခါရောက်သေးပေမယ်.. အခုအချိန်မှာလည်း ပုဂံဟာကျွန်တော့်အတွက်မရိုးနိုင်အောင်ပါပဲ...။ စွယ်တော်လေးဆူကိုတော့ အရင်တစ်ခါတည်းကဖူးပြီးသားမို့ ဒီတစ်ခါတော့ မသွားတော့ဘူး..အချိန်နေ့တစ်ဝက်လောက်ပေးရတယ်မဟုတ်လား...ပုပ္ပါးဘက်ပါဆက်သွားရင် တစ်နေကုန်ရော...။ မနက်ပိုင်းမှာ စူဠာမုဏိ၊ ဓမ္မရံကြီး၊ လောကနန္ဒာ၊ ဓမ္မရာဇက၊ မနူဟာ၊ ဂူပြောက်ကြီး၊ မြစေတီ၊ ကန်တော့ပလ္လင်၊ ဗူးဘုရား၊ သဗညု (အောက်ဘက်မှာ ဗ ကိုထည့်မရဘူးဖြစ်နေတယ်)နဲ့ နောက်ဆုံး ပုဂံပိသုကာမှာ အနုအစိတ်ဆုံးဖြစ်တဲ့ အာနန္ဒာဘုရားစတာတွေကို အစဉ်လိုက်အတိုင်းဖူးဖြစ်တယ်.. ။ (ဗိသုကာလား ပိသုကာလား မဝေကွဲပါ ..သိရင်ပြောပေးသွားစေလိုပါတယ်..)။

 စူဠာမုဏိ

ဓမ္မရံကြီး

သိပ်လှတဲ့ပန်းတွေ

လောကနန္ဒာစေတီ
လှမ်းမြင်နေရတဲ့ ပုဂံမြို့ဟောင်း

ဧရာဝတီမြစ်နဲ့ ဟိုးအဝေးမှာ တန့်ကြည်တောင်

လောကနန္ဒာ ဘုရားဘက်ရောက်တော့ မိုးတွေအုံ့နေတယ်... ရာသီဥတုကသိပ်မကြည်လင်တော့ ဓာတ်ပုံရိုက်လို့သိပ်မကောင်းဘူး....။ အရင်တစ်ခါတုန်းကဆိုသိပ်လှတယ်..... သောင်ထွန်းနေတဲ့အပေါ်မှာ ကြက်သွန်ခင်းစိမ်းစိမ်းလေးတွေနဲ့...။ ခဏလောက်တော့ ထိုင်ပြီး ဧရာဝတီမြစ်ကြီးကို ငေးမောခဲ့တယ်.....။ ပြီးတော့မှ ဘုရားပေါ်ကဆင်းပြီး ဓမ္မရာဇကဘုရားဘက်ဆက်ထွက်ခဲ့တယ်...။ လောကနန္ဒာဘုရားခြေရင်းမှာ အမေနဲ့အဒေါ်တွေ ပုဇွန်ကြော်ငါးကြော်တွေဝယ်စားတယ်...ကောင်းတယ်ပြောတာပဲ ....သိပ်မကြိုက်လို့မစားခဲ့ဘူး...။ ဓမ္မရာဇကဘုရားရောက်တော့ မိုးတွေတော်တော်မှောင်လာပြီ ရွာမလိုလိုနဲ့ တစ်စက်နှစ်စက်လောက်သာကျပြီး တိတ်သွားတာ ကံကောင်းတယ်...။ စေတီမှာတော့ ရွှေသင်္ကန်းတွေ ကွာကျနေပြီ...မြင်ပြီးစိတ်ထဲတော့မကောင်းဘူး...... ...။ ဒီဘုရားက ပုဂံဘက်နဲ့တော့ တော်တော်လေးလှမ်းတယ်....။ နောက်မှ မနူဟာဘုရား၊ မြစေတီ၊ ဂူပြောက်ကြီးဘုရား တွေဘက် ဆက်ထွက်ခဲ့တယ်...။ မနူဟာဘုရားမှာ သရက်သီးတွေဝယ်ခဲ့တာ ...နောက်ဆုံးမန္တလေးရောက်မှပဲ အဲဒီသရက်သီးတွေစားဖြစ်တော့တယ်...။

ဓမ္မရာဇကစေတီ

 မနူဟာဘုရား
 
 မြစေတီ

 ဂူပြောက်ကြီး

ကန်တော့ပလ္လင်

 ဗူးဘုရားလှေဆိပ်

 သဗညုဘုရား

အာနန္ဒာဘုရား
ကန်တော့ပလ္လင်ဘုရားစောင်းတန်းမှာတော့ နိုင်ငံခြားအလှကုန်တွေ၊ ရေမွှေးတွေ၊ နေကာမျက်မှန်တွေရောင်းနေတုန်းဘဲ... အစစ်တွေလားအတုတွေလား မသိဘူး...။ ဗူးဘုရားရောက်တော့ နေတော်တော်လေးပြန်ထွက်လာပြီ..ပူလည်းပူလာပြီ....။ နောက်ဆုံး အာနန္ဒာဘုရားဖူးပြီးတော့မှာ အနားက ရွှေမြန်မာ (၂) မှထမင်းသွားစားတယ်..ဗိုက်ကလည်း အတော်ဆာနေပြီကိုး...။ အဲဒီနေ့ချပေးတဲ့ဟင်းတွေက မန်ကျည်းရွက်နုသုတ်၊ ဂွေးသီးထောင်း၊ မျှစ်ကြော်၊ ရှောက်ချဉ်သုတ်၊ ပုန်းရည်ကြီး ၊  ခရမ်းချဉ်သီးချက်၊ အာလူးဟင်း၊ ငံပြာရည်ချက်၊ ကြက်သား ၀က်သား ဆိတ်သားဟင်းတွေနဲ့ ဗူးသီးနဲ့ ပဲပင်ပေါက်ဟင်းခါး...ပြီးတော့ တို့စရာစုံ။ မန်ကျည်းရွက်က မြေပဲဆံနိုင်ချင်းနဲ့သုတ်ထားတာ အရမ်းကောင်း...ရှောက်ချဉ်သုတ်ကလည်း တမျိုးလေးကောင်း...။ ဆိတ်သား၊ မျှစ်နဲ့ ဂွေးသီးထောင်းကလွဲလို့ ဟင်းတွေစုံအောင် တစ်မျိုးချင်းနည်းနည်းစီစားခဲ့တယ်... စားလို့တအားကောင်း...အခုတောင် ဂလုဂလုဖြစ်နေတယ်..။


  

 ဒီပုံမှာ ဂွေးသီးထောင်းကျန်ခဲ့တယ်

 ကိုညီလင်းသစ်ပြောတဲ့ ငါးကြော် (တင်ဖို့ကျန်ခဲ့လို့..)

 
 မန်ကျည်းရွက်သုပ်

 
 ရှောက်ချဉ်သုပ်

ထမင်းစားပြီးတော့ ဗိုက်တွေလေးပြီးမျက်စိတွေပါ စင်းလာတော့ ကားဆရာကိုဟိုတယ်ပြန်ပို့ခိုင်းတယ်...။ ဟိုတယ်ရောက်တာနဲ့ကွက်တိဘဲ မိုးကလည်းစပြီးတော့ရွာပါလေရော...။ ဒါနဲ့ကားဆရာကို ညနေ လေးနာရီလောက်မှပြန်လာကြိုခိုင်းလိုက်တော့တယ်....။

 ညောင်ဦးမြို့ထဲမှာ

 ငှက်ပစ်တောင်ကနေရိုက်ထားတာ ...အပေါ်မှာ ငှက်ကလေးပျံနေတာတွေ့လား

 အလိုတော်ပြည့်ဘုရား (ရုပ်ပွားတော် အစစ်က ပြတိုက်မှာ)

ထီးလိုမင်းလို ဘုရား

 ညနေဘက်ကျတော့ ငှက်ပစ်တောင်ဘက်အရင်သွားတယ်.... မိုးကတော့ ဖွဲဖွဲလေးဘဲကျနေတော့တယ်....။ အဲဒီမှာလည်း ပိုက်ဆံတောင်းတဲ့ကလေးတွေ ရှိတာပဲ.... ဘာတဲ့ငှက်ပြီးက မိန်းမပျိုလေးတွေဆို အသားမည်းရင်၊ မှည့်ပါရင်၊ တင်ကြီးရင်၊ ဆံပင်ကောက်ရင် မစားဘူးဆိုလို့ ပြုံးရသေးတယ်.. ဟုတ်သည်ရှိမဟုတ်သည်ရှိ...။ ပြီးတော့မှ အလိုတော်ပြည့်ဘုရား နဲ့ ထီးလိုမင်းလို ဘုရားတွေဖူးပြီး ညနေစာစားဖို့ စားသောက်ဆိုင် လိုက်ပို့ခိုင်းတယ်...။ စားနေကျဆိုင်ကတော့ Holiday ဆိုတဲ့ဆိုင်.... အသားနှစ်မျိုး အရွက်ကြော် တစ်မျိုး ဟင်းချိုတစ်မျိုးနဲ့ ၆ ယောက်စားတာ တစ်သောင်းကျော်ကျော်ဘဲကျတယ်...။ ဟင်းတွေကတော့ အများသိပြီးသား တရုတ်ဟင်းတွေပါဘဲ......။ စားပြီးသောက်ပြီးမှာ အေးအေးဆေးဆေးလမ်းလျှောက်ပြီး ဟိုတယ်ပြန်လာတယ်....။

10 comments:

ညီလင်းသစ် said...

ဘုရားဖူး ခရီးစဉ်ကတော့ ဘုရားတွေ များနိုင်သလောက် များအောင် ဖူးဖို့ရည်ရွယ်ကြလို့ ဘုရားတစ်ဆူရောက်ရင် ဦးချပြီးတာနဲ့ ဆက်သွားဖို့ လုပ်ကြတာပါပဲ၊ လေ့လာရေးခရီးလိုမျိုး အကြာကြီးနေပြီး အသေးစိတ် မလေ့လာကြဘူး၊ ရွှေမြန်မာ-၂ မှာ ရင်ပေါင်စာ ငါးလေးကြော် မစားခဲ့ဘူး လား? ပုံမှန်ဆိုရင်တော့ အမြဲလိုလို ရတတ်တယ်၊ အရမ်းကောင်းတယ်၊ ပုံတွေကြည့်ပြီး ပုဂံကို လွမ်းသွား ရပြန်ပြီဗျာ...။

Phyo Evergreen said...

ငါးကြော် ပုံကဖုန်းထဲမှာ မေ့သွားလို့ပါ...။ အခုပဲ တင်လိုက်ပါပြီ...သည်းခံကြပါ.. ;D

Anonymous said...

အဲလိုအညာဟင်းမျိုးဆို သိပ်ကြိုက်တာ။ မန်ကျည်းရွက်ကို ဗမာဗယာကြော်(မတ်ပဲကြော်)နဲ့အိမ်မှာ သုပ်စားတတ်တာ သတိရလာပြီ။ သည်တခေါက်သွားတာ လောကနန္ဒာဖက်တောင်မရောက်ခဲ့ဘူး။

စူးနွယ်လေး

Anonymous said...

အဲဒီစက္ကူပန်း အသည်းကွဲရောင်က ပုဂံနဲ့ သိပ်လိုက်တာ၊
ပထမဦးဆုံးအကြိမ် ရောက်ဖူးတုန်းက အာနန္ဒာမှာ ဘုရားရင်ပြင်ထဲမှာ အဲဒီပန်းရုံကြီးပွင့်နေတာပေါ့၊
ဓါတ်ပုံလေး အခုထိရှိသေးတယ်၊
ဘုရားကို ရိုက်ထားတဲ့ မြင်ကွင်းလေး ကောင်းတယ်၊
ကိုယ်လည်း ရိုက်ဖူးတယ် အဲဒီလို၊

စားစရာတွေကိုမြင်တော့ စားချင်လိုက်တာ၊ နေ့လည်စာ စားရမယ့် အချိန်လေး ဖြစ်နေလို့လေ၊
ရင်ပေါင်စာ သိပ်ကောင်းတယ်၊
စားရတာ တန်တယ်နော်၊ တစ်သောင်းကျော်ပဲကျတာဆိုတော့၊

ငှက်ပစ်တောင်ရောက်တိုင်း အဲဒီလိုမျိုးပြောတာ နှစ်နဲ့ချီတောင် ကြာနေပြီပဲ၊

ရွှေဆည်းခုံမှာ ကလေးတွေက မုန့်ဖိုးတောင်းတော့ ဘာတဲ့ လပ်ဆပ်ကားကြီးစီးနိုင်ပါစေ တဲ့၊ အဲဒီတုန်းကပေါ့လေ၊ ၂၀၀၅ ခုနှစ်က နောက်ဆုံးရောက်ဖူးတာပဲ၊

Phyo Evergreen said...

အစ်မစူး..ပြောသလိုတော့မစားဖုးသေးဘူး...စားကောင်းမှာသေချာတယ်..။

အစ်မအပြုံးပန်း.. ဟုတ်တယ်စက္ကူပန်းတွေက ဒီအရောင်တွေနဲ့ပုဂံကအလိုက်ဖက်ဆုံးပဲ...။ ရွှေစည်းခုံက ကလေးတွေကပြောသေးတယ်... ဘာကားကြီးစီးနိုင်ပါစေပေါ့..ဒါမှမဟုတ် သူဇာလေးနဲ့လည်းလာနိုင်ပါစေတဲ့...တတ်လည်းတတ်နိုင်ပါပေတယ်..။

မောင်မျိုး said...

ထမင်း ၀ိုင်းလေးက စားချင်စရား)

အစ်ကိုတော့ ပုဂံကိုမရောက်ဖူးသေးဘူး ညီရေ့ တကယ်ကို ရောက်ဖူးချင်သေးတယ် ။

Anonymous said...

ကိုဖြိုး

တုတ်ထမ်းပြီးစောင့်နေတယ် :P

MeerKat said...

ခုတလော မအားလို့  ခုမှလာပြီး စာတွေ စုဖတ်သွားပါတယ်

Phyo Evergreen said...

ကိုမျိုး..
ကျွန်တော့်တို့ ဘလော့ရေးတဲ့ညီအစ်ကိုမောင်နှမတွေ ပုဂံဘုရားတွေ တူတူဖူးပြီး ထမင်းတူတူစားရရင် ဘယ်လောက်ကောင်းမလဲ..။

အမည်မသိက မလေးဖြစ်ဖို့များတယ်..။ မသေချာဘူး..။ တုတ်ထမ်းပြီးစောင့်နေမယ်တဲ့.. =(

MK ..ကျေးဇူးပဲ..။

Anonymous said...

မလေး မဟုတ်ပါဘူး