Sunday, September 18, 2011

မြန်မာပြည်ခရီး - ၈ (တောင်ကြီး)


ထိုဖူးနွေးစားပြီးတော့ အမျိုးတွေအိမ်သွားလည်ဖြစ်တယ်... အားလုံးပျော်လို့ရွှင်လို့...မတွေ့ရတာဘဲ ၅ နှစ်ကြာနေပြီကိုး...။ တူ၊တူမ တစ်ဝမ်းကွဲလေးတွေတောင် ကျောင်းမှာအတန်းကြီးတွေဖြစ်တော့မယ်..... သူတို့အတွက်တော့ နည်းနည်းစိမ်းနေသေးတာပေါ့..။ ပြီးတော့ မြို့မဈေးအရှေ့ဘက်က ဈေးဟောင်းထဲခဏ၀င်တယ်.... နောက်ကျနေလို့ ဆိုင်တွေသိပ်မရှိတော့ဘူး.... မုန်ညင်းချဉ်တို့ တိုဖူးချဉ်တို့လက်ဆောင်ပေးဖို့ရယ် စားဖို့ရယ်ဝယ်ခဲ့တယ်...။ ဈေးထဲကအနံ့တွေက ငယ်ငယ်ကအမေနဲ့ဈေးလိုက်သွားခဲ့တဲ့အချိန်တွေကို ပြန်သတိရစေတယ်..။ ထမင်းစားချိန် အိမ်ပြန်ထမင်းစားတယ်လေ... အဖွားက ကျွန်တော်ကြိုက်တဲ့ ညောင်ရွှေဝက်သားဟင်းရယ်၊ ဂျူးမြစ်နဲ့ ပဲပုပ်စေ့ကြော် ချက်ပေးထားတယ်...။ မစားရတာကြာလို့ထင်တယ်...စားလို့သိပ်ကောင်းတယ်...။


 မစူးနွယ်ပြောတဲ့ Route 66 ဆိုင်
 
 နေ့လည်ပိုင်းလောက် ခဏမှေးပြီး ကျန်တဲ့အမျိုးတွေအိမ်သွားလည်ဖို့ ချီတက်ခဲ့တယ်..။ အဲဒီအချိန်တုန်းက တောင်ကြီးမှာမအေးဘူးနေလို့အတော်ဘဲ..ဇွန်လဆန်းလောက်ကပေါ့...။ မတက်ခဲ့ရတဲ့ အမှတ် (၄) ကျောင်းနားဖြတ်တော့ ဓာတ်ပုံရိုက်ဖြစ်သေးတယ်....ကျောင်းကိုသတိရနေသူတွေအတွက်ပါ..။ အဲဒီကျောင်းအောက်ဘက်နားက အေးမြရတနာဆိုတဲ့ စာရေးကိရိယာဆိုင်ရှိသေးလားမကြည့်ဖြစ်တော့ဘူး... ငယ်ငယ်ကအစ်ကိုအစ်မကျောင်းကြိုလိုက်သွားရင် အဲဒီဆိုင်ဝင်ကိုဝင်ရမှ ...ဘောပင်၊ခဲတံ၊ ခဲဖျက်အစုံရှိတယ်လေ....။ အမှတ်(၄) ဘက်ကနေဆက်တက်သွားပြီး အဘွားတစ်ယောက်ကိုသွားကန်တော့တယ်..အဖေ့ရဲ့ အဒေါ်ပေါ့. အသက်(၉၂) နှစ်ရှိပြီ..အရင်က အမှတ်(၃)ကျောင်းအုပ် ပြီးတော့ ပြည်နယ်ပညာရေးမှူးအထိပါ လုပ်ခဲ့ဖူးတယ်..။ မှတ်ဥာဏ်၊ အမြင်၊အကြား ဘာတစ်ခုမှမချို့ယွင်းဘူး....နေကောင်းကျန်းမာစွာတွေ့ရလို့ တကယ်ဝမ်းသာတယ်..။ အစ်မအပြုံးပန်းရဲ့ စိန်ပန်းပင်ကိုသတိရမိသေးတယ်...စိန်ပန်းတွေတော့မရှိတော့ဘူး...အဘွားအိမ်ကအဲနားလေးတင်...။ နောက်တော့ ဘုရားဖြူဘက်က ကြီးတော်တစ်ယောက်အိမ်သွားလည်တယ်... ကျွန်တော်နဲ့အနီးစပ်ဆုံးပေါ့....သူကယောင်တတ်တယ်..ငယ်ငယ်ကဆိုသူ့ကိုသွားသွားတို့လိုက် သူကယောင်လိုက်နဲ့ပေါ့...၊ ရီစရာတွေလည်းပြောတတ်တယ်....သူအိမ်လာလည်လို့ကတော့ တစ်အိမ်လုံး တအုန်းအုန်းနဲ့ ပွဲကျလို့..။ သူ့အိမ်မှာ ကုန်ဆုံဆိုင်လေးဖွင့်ထားတယ်...သိပ်ရောင်းရတယ်.....သွားလည်တာ သူတို့တစ်အိမ်လုံးမနားရဘူး...၀ယ်သူမှမပြတ်ဘဲကိုး....ဆိုင်က အေးစေတီအကျော် မီးရထားလမ်း နားလေးမှာဘဲ.. ရောက်ဖြစ်ရင်သွားအားပေးလိုက်အုံး...ဆိုင်နာမည်ပါမှတ်ခဲ့ဗျာ မှန်ရင် မုန့်ဝယ်ကျွေးမယ်..။




ညနေကျတော့ အိမ်မှာအသားကင်လုပ်စားမယ်ဆိုတော့ အသားကင်နဲ့လိုက်တဲ့ စိန်လေးထမင်းကြော်ဝင်ဝယ်ကြတယ်...။ စားဖူးသမျှထမင်းကြော်တွေထဲမှာ အဲဒီဆိုင်ကထမင်းကြော်သာအကောင်းဆုံးလို့ ထင်မိတယ်...။ ဆိုင်က ဘောလုံးကွင်းမြောက်ဘက်မှာ အမှတ်(၃) ကျောင်းနဲ့မျက်နှာချင်းဆိုင်...တရုတ်အသားကင်တို့ ဘာတို့လည်းရောင်းတယ်..။ ထင်းမီးပေါ်မှာ ဒယ်အိုးအကြီးကြီးနဲ့ ဇွန်းနှစ်ချောင်းနဲ့ ကြော်တာကို သဘောကျလို့ ဗီဒီယိုတောင်ရိုက်ခဲ့သေးတယ်...။ (Hygiene Conscious ဖြစ်သူများမကြည့်ရ)  တစ်ပွဲဆိုလည်း အများကြီးလေ...နှစ်ယောက်တောင်စားလို့လောက်တယ်ဗျ..။ ညဘက်တော့ အရင်ကအကြောင်းတွေပြန်ပြော သူ့အကြောင်းကိုယ့်အကြောင်းပြောကြနဲ့ အိပ်ယာဝင်ခဲ့ကြတယ်...။ နောက်နေ့ အတွက်အားအင်တွေသစ်စေဖို့အတွက်ပေါ့...။

(တလတောင် စာမရေးဖြစ်ဘဲကြာနေတာ နေသိပ်မကောင်းလို့ပါဗျာ...အချိန်မရတာလည်းပါတယ်...)