Saturday, February 28, 2009

အချစ်ညမှာ အိပ်မက်မက်ခြင်း




အချစ်ညမှာ အချစ်ရည်ချိုချိုတွေသောက်မိလို့ ရီဝေမူးမိုက် အိပ်ပျော်ခဲ့ပြီ..။ အချစ်ညမှာအိပ်စက်မိတော့ အချစ်အကြောင်းအိပ်မက်တွေလည်း တရစပ်မက်လို့ပေါ့...။ ၅၂၈ နဲ့ ၁၅၀၀ ၊ အချစ်နဲ့မေတ္တာ ဝေခွဲမရမှုတွေကြားအိပ်မက်ရဲ့တေးသွားကို လိုက်ပါနစ်မျော ခံစားနားဆင်မိတယ်......။ တေးသွားအောက်မှာအချစ်ရဲ့အဓိပ္ပာယ်တွေက နက်ရှိုင်းလို့...။

ဈေးမှာ သားပျောက်လို့လူတွေကြား အမည်တကြော်ကြော်ခေါ်လို့ တိုးဝှေ့လိုက်ရှာနေတဲ့ အမျိုးသမီးတစ်ယောက်အတွက် ၊ ရပ်ဝေးရောက်သားသမီးအတွက် အဆက်အသွယ်မရလို့ သောကရောက်နေတဲ့ မိဘတွေအတွက် ၊ ကိုယ့်ချစ်သူစွန့်ခွာသွားမလားဆိုတဲ့ အတွေးမမြဲစိုးမိုးနေတဲ့ အကျည်းတန်မိန်းကလေးတစ်ယောက်အတွက် အချစ်ဆိုတာ စိုးရိမ်ပူပန်မှုတွေများလား......................................

သားပေါက်လေးတွေကို တယုတယပိုက်ထွေးနို့ချိုတိုက်ကျွေးနေတဲ့ ကြောင်မကြီးတစ်ကောင်အတွက် ၊ ပန်းပင်ပျိုကို အမြတ်တနိုးပြုစုပျိုးထောင်တဲ့ ဥယျာဉ်မှူးတစ်ယောက်အတွက် ၊ ချစ်သူနားက တစ်ဖ၀ါးမှမခွာတတ်တဲ့ အလိုလိုက်တတ်တဲ့ ကောင်လေးတစ်ယောက်အတွက် အချစ်ဆိုတာလေ ကြင်နာယုယ မှူတွေပဲလား...........................

သူငယ်ချင်းတွေကို အမြဲမပြတ်သတိရနေသူတစ်ယောက်အတွက် ၊ အိမ်အပြန်လက်ဆောင် အမြဲဝယ်လာတတ်တဲ့သူတစ်ယောက်အတွက်၊ ချစ်နှစ်ပတ်လည်နေ့တွေ အမြဲကျင်းပတတ်တဲ့ ဇနီးမောင်နှံအတွက် အချစ်ဆိုတာ မမေ့မလျှော့ရှိမှု အဖြစ်နဲ့လား..............................

အရုပ်မရရင် မပြန်ဘူးဆိုပြီး ဂျီကျနေတဲ့ ကလေးတစ်ယောက်အတွက် ၊ မွေးနေ့ရောက်တိုင်း လက်ဆောင်တွေတပုံကြီး ရဖို့မျှော်နေတတ်တဲ့သူအတွက် ၊ ချစ်ဘ၀သက်တမ်းတိုတိုနဲ့ လက်ထပ်ဖို့စိုင်းပြင်းနေသူအတွက် အချစ်ဆိုတာ ရယူခြင်းများလား...........

မိတ်ဆွေတွေအပေါ် အမြဲအနစ်နာခံတတ်တဲ့ သူတစ်ယောက်အတွက် ၊ သားသမီးကို ချစ်တဲ့မိဘများအတွက် ၊
ကိုယ့်ကိုပြန်မချစ်ရင်တောင် ကိုယ်ကအမြဲချစ်နေမယ်ဆိုသူ လူတစ်ယောက်အတွက် အချစ်ဆိုတာဟာ ထာဝစဉ်ပေးဆပ်ခြင်းလား........

ခုအိပ်ပျော်နေတဲ့ အိပ်မက်မက်သူ ကျွန်တော့်အတွက်တော့ အချစ်ဆိုတာ လျှို့ဝှက်မှုတွေ အဖြစ်နဲ့လား.....

ိအိပ်မက်ကနိုးတော့ အခန်းထဲမှာ ချစ်ရနံ့တွေ ပျံ့လွင့်လို့.........ချစ်နတ်သမီးတစ်ပါးကများ
ဖန်ဆင်းထားသွားတားများလား..........................

(ကိုတောင်ပေါ်သားရေ Tag ကြွေးဆပ်ပြီးကြောင်း...)
ပြန် Tag ချင်သူရှိပေမယ့် နောက်တစ်ခါ Tag ခံရမှာကိုကြောက်လို့ မတက်ဂ်တော့ ပါဘူး......။

3 comments:

Anonymous said...

ညီက အချစ်ကို ဥပမာတွေအများကြီးနဲ့ ပြသွားတာပါ သဘောကျတယ် ။ ဘယ်အချစ်က အေးမြပြီး ဘယ်အချစ်က ပူလောင်လည်းတော့ မခွဲခြားတော့ပါဘူးလေ ၂ မျိုးစလုံးက ပုံစံမတူပေမယ့် ပူတော့ပူတယ် လွမ်းပူက ပိုဆိုးး)

တောင်ပေါ်သား said...

အကိုရေ လာရောက်ခံစားသွားပါတယ် အချစ်ကို ရှင်းလင်းချက်လေးတွေ အရမ်း သဘောကျမိပါတယ် ကျေးဇူး

လေးစားလျက်
တောင်ပေါ်သား

Anonymous said...

ဟိတ်ကောင်.. မှန်မှန်ပြော.. အိပ်ခန်းထဲမှာ ဘယ်ကချစ်ရနံ့တွေရောက်နေတာတုန်း..