ကျွန်တော်နေတာ တိုင်းပြည်ငယ်လေးတစ်ခုမှာပေါ့..။ ကမ္ဘာမှာသိတဲ့သူလည်းတော်တော်နည်းလိမ့်မယ်.. ကောင်းကောင်းသိသူများလည်းရှိသလို နည်းနည်းသာကြားဖူးတဲ့သူတွေလည်းရှိမယ်။ တိုင်းပြည်မှာ ဆင်းရဲသူတွေ ချမ်းသာသူတွေ ရိုးသားသူတွေ လှည့်စားတတ်သူတွေ အချိုးကျနေထိုင်တယ်။ ကုန်းတွင်းပိတ်နိုင်ငံလေးတစ်ခုဖြစ်ပေမယ့် တိုင်းပြည်ထဲမှာ မြစ်ချောင်းတွေစီးဆင်းတယ်.. မြင့်မားတဲ့တောင်တန်းတွေ အရှေ့အနောက်ပြေးတယ်.. မှိုင်းညို့ညို့တောအုပ်ကြီးတွေကတော့ ညင်သာစွာလဲလျောင်းလို့လေ..။ တိုင်းပြည်ကို အုပ်မိုးထားတဲ့ကောင်းကင်ကြီးကတော့ အမြဲလိုလို အုံ့ဆိုင်းလို့ ..နေခြည်တွေကလည်း တိမ်တွေအောက်ခိုအောင်းလို့။ အေးစိမ့်တဲ့ ရာသီဥတုရှိတဲ့ဒီနိုင်ငံမှာ ပြာလွင်တဲ့ကောင်းကင်နဲ့ နေခြည်နွေးနွေးကို အတန်းအစားမရွေးမက်မောတောင့်တကြတယ်.. ဒါဆန်းသလား ..အဲဒီထဲမှာ ကျွန်တော်တစ်ယောက်လည်းအပါအ၀င်ပဲလေ..။
အဲ့ဒီနေ့ကို ကျွန်တော်ကောင်းကောင်းမှတ်မိတယ်.. ဘယ်တော့မှမမေ့ဘူးလို့လည်းပြောလို့ရတယ်။ ညကကောင်းကောင်း အင်းအိပ်ပျော်တယ်ဘဲဆိုပါတော့ မနက်ကျတော့ စောစောနိုးလာတယ်..။ မနက်(၇)နာရီကိုစောတယ်လို့ ပြောလို့ရလား.. ကျွန်တော့်အဖို့တော့ စောပါတယ်။ ကိုယ်လက်သန့်စင်ပြီး ပြတင်းတံခါးကိုဖွင့်လို့ ကောင်းကင်ကိုကြည့်လိုက်တော့ အရင်ရက်တွေအတိုင်းမပြောင်းလဲစွာ မှိုင်းမှောင်လို့... လေတစ်ချက်အတိုက်မှာတော့ ပြတင်းပေါက်ကိုအမြန်ပိတ်လိုက်ရတဲ့ အထိဘဲ။ လုပ်နေကျ လေ့ကျင့်ခန်းလေးတွေလုပ်ပြီး နာရီကြည့်တော့ (၈)နာရီကို (၅)မိနစ်စွန်းနေပြီ..။ ပိတ်ရက်တိုင်း အပြင်မှာစားဖြစ်တဲ့ကျွန်တော် မနက်စာစားဖို့ အင်္ကျီထူထူထပ်ဝတ်ပြီး အပြင်ထွက်ခဲ့တယ်..။
လမ်းပေါ်ရောက်တော့ လူတွေရှင်းနေသလိုထင်ရပေမယ့် လမ်းသွားလမ်းလာတွေက ဟိုဟိုဒီဒီသွားလာလျက်.. စိတ်ထင်တာပဲဖြစ်မှာပါ။ လမ်းထိပ်ကသတင်းစာဆိုင်လေးမှာ မနက်စောစောမို့လူတွေအုံနေပြီ.. ဆိုင်ရှင် အဖိုးကြီးတော့ လူတွေဆီကပိုက်ဆံသိမ်းရတာနဲ့ တစ်ယောက်တည်းအလုပ်ရှုပ်နေပြီပေါ့။ ဗိုက်တော့နည်းနည်းဆာနေပြီ အပြန်ကျမှဘဲဝင်တော့မယ်လေ.. သတင်းစာတော့ချန်ထားပေးမှာပါ.. ။ ကျွန်တော်နေ့တိုင်းသတင်းစာအလကားဖတ်ရတယ်လေ.. ဘယ်သူရှိမလဲ ဆိုင်ရှင်အဖိုးကြီး အလကားပေးတာပေါ့..။ အမြဲကြုံတိုင်း သတိတရမုန့်တွေဝယ်သွားပေးသူနဲ့ နေ့စဉ်သတင်းစာတွေပြန်ပေးသူနဲ့ မေတ္တာတွေဖလှယ်ခဲ့တာ နှစ်ကြာပြီလေ။ ပြောရင်းဆိုရင်း သူကအတင်းလာပေးနေလို့ တစ်ခါတည်းယူလိုက်ရတယ်။ ဒီလိုနဲ့ နှစ်လမ်းကျော်က ကော်ဖီဆိုင်လေးဆီဆက်လျှောက်လာဖြစ်တယ်...။
အဲဒီဆိုင်လေးက အပြင်အဆင်သပ်သပ်ရပ်ရပ်နဲ့ လမ်းမဘေးမှာရှိတာကြောင့် အမြဲထိုင်ဖြစ်တယ်လေ။ လမ်းသွားလမ်းလာတွေကိုလည်း ငေးမောရင်း ကော်ဖီသောက်လို့ရတယ်..။ အဖျော်ကောင်းတဲ့ကော်ဖီကြောင့် ထိုင်ဖြစ်တာဆိုတာကိုတော့ ပြောပြဖို့မလိုတော့ပါဘူးလေ။ အိုး....ဆိုင်ရှေ့ရောက်တော့ လူတွေအများကြီးပါဘဲလား.. လမ်းမပေါ်မှာ မတွေ့တဲ့သူတွေဒီရောက်နေသလားပဲ..။ အင်းလေ အေးစိမ့်စိမ့် နံနက်ခင်းမှာ ပူနွေးနွေးကော်ဖီတစ်ခွက်တော့ လူတော်တော်များများတောင့်တကြမှာဘဲ..။ ကံကောင်းစွာ ဆိုင်အပြင်ဘက်လမ်းထောင့်မှာ နှစ်ယောက်ထိုင်စားပွဲတစ်ခုလွတ်နေသေးတယ်..။ ခပ်မြန်မြန်ဘဲ ကော်ဖီတစ်ခွက်နဲ့ ပေါင်မုန့်မီးကင်နှစ်ချပ် မှာလိုက်တယ်။
အစားစားနေရင်းနဲ့ သတင်းစာကို ကောက်လှန်မိတယ်.. အစားစားရင်း စာဖတ်တတ်တာလည်းအကျင့်တစ်ခုဘဲ။
ဒီရက်ပိုင်း မတော်တဆဖြစ်မှုတွေနဲ့ သတင်းထူးတွေကလည်းအများသား..။ ဘယ်လောက်အာရုံစိုက်မိနေလဲတော့မသိ.. အနားက စကားပြောသံကြားမှဘဲ သတိဝင်လာမိတယ်။ စကားသံဝဲ၀ဲနဲ့ ဦးလေးအရွယ်လူကြီးတစ်ယောက်ပါ..။
“ခွင့်ပြုပါ.. ကျွန်တော်ဒီမှာထိုင်လို့ရမလား”
ကျွန်တော့်စားပွဲမှာ ထိုင်ခုံတစ်လုံးလွတ်နေသေးသည်။
“အိုး သိပ်ရတာပေါ့ ထိုင်ပါ”
“အတွင်းဘက်ရော အပြင်မှာပါထိုင်ခုံတွေကပြည့်နေတော့လေ.. ကံကောင်းလို့ ဒီမှာတစ်ခုံလွတ်နေတာကို တွေ့တယ်”
ကျွန်တော် အသာပြုံးပြလိုက်သည်...။ ထိုလူ၏အပြုံးကို မြင်လိုက်ရတော့ အနှစ်နှစ်အလလ ပျောက်ဆုံးနေသော အရာတစ်ခုကို ပြန်တွေ့လိုက်ရသလို ခံစားမိသည်။
ကြာကြာမတွေးဖြစ် ဖတ်လက်စ သတင်းစာကို ကောက်ကိုင်ပြီး သတင်းတွေဖတ်မိသည်..။ တစ်မိနစ်လောက်ဘဲ ကြာမည်.. ကျွန်တော့်ကိုစကားဆိုလာသည်..။
“သား သတင်းစာကိုနောက်မှဖတ်လေ ကော်ဖီနဲ့ မုန့်စားလိုက်အုံး အေးကုန်တော့မယ်”
သား ဟုခေါ်လိုက်ပုံက ရင်းနှီးလွန်းလှပြီး ကျွန်တော့်ရင်ထဲနွေးထွေးလွန်းလှသလို။ ဒီလိုမျိုး အခေါ်ခံရတာ တစ်သက်လုံး မကြားဖူးသေးတာကြောင့်လည်းဖြစ်ပါမည်။
“ဟုတ်ကဲ့ပါ.. ကျွန်တော်စားလိုက်ပါ့မယ်”
ရိုသေလေးစားသမှုနှင့် ကျွန်တော့်မနက်စာကို အပြီးစားလိုက်သည်။
စားရင်းနှင့်ပင် ထိုလူကြီးနှင့် စကားလက်ဆုံကျမိသည်။ သူလည်းကျွန်တော့်လိုပင် ဒီကော်ဖီဆိုင်လေးမှာ မနက်တိုင်းလိုလို ထိုင်ဖြစ်ကြောင်းပြောသည်.. ပြီးတော့ အလုပ်အကိုင်တွေအကြောင်းပေါ့..။ သူပြောမှ မျက်နှာကို စေ့စေ့ကြည့်တော့ မြင်ဖူးနေသလို..။ သူ့မျက်နှာမှာတော့ ကြေကွဲဝမ်းနည်းရိပ်တွေထင်နေသည်..။ ကျွန်တော်စကားစမိသည်..
“ခုတစ်လော စိတ်ဖိစီးမှုတွေများနေတယ်ထင်ရဲ့ အဆင်မပြေဘူးလား”
“အင်း ဆိုပါတော့”
“ကျွန်တော်များ မျှဝေခံစားပေးနိုင်ရင် ကောင်းမလားမသိဘူး.. ရင်ဖွင့်ချင် ဖွင့်ပြောလိုက်ပေါ့ဗျာ... အနည်းအကျဉ်းတော့ သက်သာသွားမှာပါ”
ကျွန်တော်ပြောလိုက်တော့မှ ထိုသူကစကားဆက်ပြောသည်..။
“အမှန်က ကျွန်တော်လေ သားနဲ့ဇနီးကို သိပ်သတိရတယ်... နေ့စဉ်ရက်ဆက်ဘဲ..”
“မိသားစုနဲ့ ကွဲနေခဲ့တာနှစ်ပေါင်း နှစ်ဆယ့်ခြောက်နှစ်ရှိပြီ.. သိပ်ကိုသတိရတယ်” ဟုရီဝေစွာပြောလေသည်။။
“သားမွေးပြီး သိပ်မကြာဘူးလေ အိမ်ထောင်ဘက်နဲ့ ကွဲသွားခဲ့တယ်... သားကိုလည်း အမေနဲ့သာထည့်လိုက်ရတာပေါ့” ..လို့ ကြေကွဲစွာပြောတယ်..။
“ကျွန်တော် စိတ်မကောင်းပါဘူး ခင်ဗျာ”....
......
...
စကားပြောကြရင်းမှ သိလာတာက အိမ်ထောင်ကွဲပြိုရခြင်းအကြောင်းရင်းဟာလည်း သူ့အမှားတွေသာဖြစ်ကြောင်း၊ နောက်ပိုင်းပြန်ပေါင်းစည်းဖို့လည်း ကြိုးစားခဲ့ကြောင်းတွေပြောပြသည်။
“တစ်နှစ်လောက် အကြာဇနီးသည်ဆီဆက်သွယ်ကြည့်တော့ အတွေ့မခံဘူး.. သားအကြောင်းမေးတော့ သားလေး ဆုံးပြီ ဦးနှောက်အမြှေးရောင်ရောဂါနဲ့တဲ့လေ..”
“ခုရှိမယ်ဆိုရင်တော့ ဒီကလူလေးအရွယ်နဲ့ မတိမ်းမယိမ်းပေါ့”
“ကျွန်တော်တကယ်စိတ်မကောင်းပါဘူးဗျာ”
“တကယ်မယုံနိုင်ဘူးဗျာ သားအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး..နောက်ဆုံး သားနာမည်လေးနဲ့ အမှတ်တရကျောက်တိုင်လေးတစ်ခုကလွဲလို့ပေါ့”
အင်း ဒီအကြောင်းလေးတော့ အိမ်ရောက်မှအမေ့ကိုပြန်ပြောရမယ်.. အမေ့တော့ကြားပြီး စိတ်မကောင်းဖြစ်မှာသေချာတယ်..။ ခုမှစတင်ခင်မင်မိသူနဲ့ ကျွန်တော့်တို့ စကားတွေအများကြီးဆက်ပြီးပြောခဲ့ကြတယ်...။ ကျွန်တော်အကြောင်းမေးတော့ သိပ်များများစားစား ပြန်မပြောပြဖြစ်ခဲ့ဘူး..။ အဖေဆုံးသွားတာရယ်... အမေနဲ့ အတူနေနေတာတွေမပြောဖြစ်ပဲ ကျွန်တော်တက်နေတဲ့ကျောင်းကအကြောင်းတွေရယ်... ကျွန်တော်ဖြစ်ချင်တာတွေကိုပဲ များများပြောဖြစ်ခဲ့တယ်။
“စကားပြောတာလည်း တော်တော်ကြာပြီ.. ကျွန်တော်အလုပ်နည်းနည်းရှိလို့ ခွင့်ပြုပါ..” လို့ ကျွန်တော်နှုတ်ဆက်လိုက်တော့......
“နောက်လည်း ဆုံကြတာပေါ့”
“နှစ်သက်ဖွယ်ကောင်းတဲ့နေ့ရက်တွေ ပိုင်ဆိုင်ပါစေ.” အပြန်အလှန်ဆုတောင်းပေးကြသည်..။
အချိန်တော့နည်းနည်းနောက်ကျနေပြီ.. လမ်းအမြန်လျှောက်ပြီး သတင်းစာဆိုင်နားရောက်မှ သတိရသည်...။ စကားတွေသာပြောဖြစ်ကြသည် .. နာမည်မေးဖို့ကျတော့ နှစ်ယောက်စလုံးမေ့နေခဲ့သည်..။ အင်းထားပါတော့လေ.. နောက်လည်းတွေ့ချင်မှတွေ့မှာပါ... ....။ ထိုနေ့က ကောင်းကင်သည်... ထူးဆန်းစွာအမှန်ပင်ကြည်လင်သာယာခဲ့သည်.......။
လတွေကြာသွားသည်....... မေလထဲကတစ်ရက် အဖေဆုံးတာနှစ်ပတ်လည်မို့ အဖေ့အုတ်ဂူလေးရှိရာ သင်္ချိုင်း ဆီတစ်ယောက်တည်းရောက်သွားသည်... အမေတော့မပါခဲ့ ..ဘယ်တော့မှလည်းမပါခဲ့ပါ..။ အဖေ့အုတ်ဂူလေးကို သန့်ရှင်းပေးပြီး ပန်းစည်းလေးတင်ပေးလိုက်တော့ လိပ်ပြာဖြူလေးတစ်ကောင် ကိုယ်ပေါ်တစ်ချက်လာဝဲပြီး အနောက်ဘက်ကိုပျံသွားသည်.. ။ ပျံသွားရာလှည့်ကြည့်မိတော့ လိပ်ပြာကိုမမြင်တော့ လူတစ်ယောက်ကိုမြင်သည်..ကော်ဖီဆိုင်ကလူပင်။ သူ့သားဆီလာတာဖြစ်မည်.. အဖြူရောင်ပန်းစည်းတစ်စည်းကိုင်ကာ ၀မ်းနည်းနေပုံရသည်..။ ကျွန်တော်လက်ပြမိတော့ မြင်သွားပုံရသည် လက်ပြန်ပြသည်..။ သူ့ဆီလျှောက်သွားမိတော့ ပန်းစည်းလေးအသာချကာ ကျွန်တော့်ဘက်လျှောက်လာပြီး..
“အဖေ့ဆီလာတာထင်တယ်..”
“ဟုတ်ပါတယ်..” ကျွန်တော် လက်အသာလွှဲပြလိုက်သည်...။ အရိုအသေပေးဖို့ဖြစ်ဟန်တူသည်.. အဖေ့အုတ်ဂူဆီ သူလျှောက်သွားသည်..။ အပြန်အလှန်ဆိုသလို ကျွန်တော်လည်း သူ့သားကျောက်တိုင်လေးရှိရာသွားပြီး အရိုအသေပေးမိသည်..။ ကဗျည်းထိုးထားတာကို ဖတ်မိတော့ အတွေးတွေဆူဝေသွားသည်...ရန်ခုန်နှုန်းလည်းမြန်လာသည်..။ ကျွန်တော့်နာမည်သည် ကျောက်တိုင်လေးပေါ်မှာ ရှင်းရှင်းလေးနှင့် ထင်းနေသည်..။ အံ့သြမှုတွေ သိလိုစိတ်တွေ ရင်မှာဗလောင်ဆူနေပြီ.........။ ကော်ဖီဆိုင်ကလူကိုလည်းကြည့်မိတော့ ကျွန်တော့်ကို ငေးမောကြည့်နေသည်...။ ထို့နောက်..
ထို့နောက်..
....ထို့နောက်..
ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် တင်းတင်းဖက်မိသည်.... ၂ မိနစ် ၄ မိနစ် ၅ မိနစ် အချိန်တွေကြာသွားသည်.. ခံစားမှုတို့ကကြီးစိုးလာတော့ မျက်ရည်တို့သည် စီးကျလေပြီ..အချိန်အပိုင်းအခြားတို့ လွင့်စင်ပျောက်ကွယ်ခဲ့ပြီ........။ ထိုရက်က တိမ်အမှောင်တွေဖုံးနေခဲ့သော ကောင်းကင်သည်.... အမှန်တကယ်ပင်ကြည်လင်ပြာစင်ခဲ့သည်.............................။
အိုနာသခေရီးအစသို့ ကိုးရကျတာ..
2 months ago
11 comments:
အစောကတည်းက နာမည်မေးလိုက်ကြရင် အကောင်းသား။ ဘာဖြစ်လို့များ ဘာဖြစ်လို့များ ဖုံးကွယ်ထားခဲ့တာလဲ အမေရယ်။
ကိုယ်တိုင်ရေးလေးက ကောင်းလှချည်လား...
နောက်ဆုံးခန်းလေး ကြိုက်တယ်...
အတွေးလေးက တကယ့်ကို စဉ်းစားစရာပဲ...
ဖြိုးက ဒီလို ဆိုတော့ လည်း မဆိုးဘူး..
တော်တယ်..အချစ်ကြောင်းရော ဘ၀အကြောင်းရော ရေးတာ ရသစုံတယ် ..ခံစားရွေးချယ်မှု ကောင်းတယ်...။
အချစ်အကြောင်းရော ဘ၀အကြောင်းရော ရေးတာ ခံစားရွေးချယ်မှု တကယ့်ကိုကောင်းတယ်...။ကိုယ် ကြိုက်တယ်..
ကိုရွာသား >> အမေကစိတ်နာလို့ပါသားရယ်.. :D
မနွေး >> ကျေးဇူး
ကိုလူထွေး >> 8-)
မမေရီ ၊ ကိုsteve >> ကျေးဇူးပါ..။ ဆက်လက်ကြိုးစားပါဦးမည်..။
လာဖတ်ပါတယ်--ဖြိုး--
သင်္ကြန်ရေလို အေးမြပါစေ--
မြန်မာပြည်သူများ--
သာယာဝပြောပါစေ---
ငြိမ်းချမ်းကြပါစေ--
ရေလောင်းဖို့လာတာ..အမ ငိုင်တောင်သွားတယ်...
ပိုစ်လေးက ဆွဲဆောင်မှုရှိတယ် မောင်လေး..
အမ ဘ၀နဲ့ နီးစပ်လို့နဲ့တူပါတယ်ကွယ်..
အားပေးနေပါတယ်..
အမေက သိပ်ဆိုးပါလားကွယ်။စိတ်နာပေမယ့် လိမ်စရာမဟုတ်ဘူးလေ။
mm
ဖတ်လို့ ကောင်းလိုက်တာ... တကယ့်အဖြစ်အပျက်လိုပါပဲ... စိတ်နာပေမယ့်လည်း ဒီလိုမျိုး ဖုံးကွယ်ထားတာတော့ ကာယကံရှင်မှပဲ နားလည်နိုင်မှာလေ
I like your story.It's so touching.
Post a Comment