Friday, July 23, 2010

Hokkaido Ice-cream & Kimchi Noodle

နေ့လည်က အလုပ်ကိစ္စတစ်ခုနဲ့ Singapore Riverside ဘက်ရောက်ဖြစ်တယ်..။ ကိစ္စတွေပြီးလို့နာရီကြည့်တော့ (၁)နာရီခွဲခါနီးပြီ..နေ့လည်စာလည်းမစားရသေးတော့ နီးနီးနားနားမှာရှိတဲ့ Central Mall မှာဘဲစားဖြစ်ပါတယ်။ စားခါနီးမှ ဘလော့မှာ အစားအသောက်အကြောင်းမရေးဖြစ်တာကြာပြီိဆိုတာ သတိရတယ်..။ ကင်မလာလဲပါလာတော့ ( ၂ ကျပ်ခွဲတန်ကြီးတော့ဘယ်ဟုတ်မလဲ )လှလှပပလေးရိုက်ပြီးမှဘဲ စားမယ်လို့ကြံစည်ထားတယ်..။ ဆိုင်တွေရွေးရင်းနဲ့ ကြာတော့ခေါင်းတွေရှုပ်လာပြီး နောက်ဆုံး ကိုရီးယားဆိုင်မှာဘဲ ဂိတ်ဆုံးတော့တယ်..။ ဘာစားရင်ကောင်းမလဲလို့ကြည့်တော့ ထမင်းနဲ့စားရတာတွေက အမဲသားနဲ့ ငါးတွေချည်းဘဲ..၊ အမဲသားမစား ငါးဆိုလည်းမကြိုက်တော့ နောက်ဆုံးကင်ချီခေါက်ဆွဲဘဲစားဖြစ်တယ်..။

ကင်ချီဆိုလို့ ကိုရီးယားလူမျိုးတွေအသားအရည်လှတာ ကင်ချီစားတာကြောင့်လို့ဆိုတယ်..။ အဲဒါ အစ်မ၀မ်းကွဲတစ်ယောက်က အားကျလွန်ပြီး ကင်ချီတွေချည်းစွတ်စားတာ အသားအရည်တော့မသိဘူး..အစာအိမ်အချဉ်ပေါက်ပြီးဆေးခန်းပြလိုက်ရတာဘဲအဖတ်တင်တယ်..။ တကယ်တော့ အဲယားကွန်းအခန်းထဲမှာ ၂ နာရီလောက်နေပြီးတော့ လူကချမ်းလည်းချမ်း ဗိုက်ကလဲဆာဆိုတော့ ပူပူနွေးနွေးလေးစားမယ်ပေါ့..။ အဟမ်း အရသာကိုပြောရမယ်ဆိုရင်တော့ စားလို့ကောင်းပါတယ် လူကလည်းဆာနေတာဆိုတော့ စားသမျှကောင်းနေတာပဲ..။ အရောင်ကနီရဲနေပေမယ့် လုံးဝမစပ်ဘူး.. တုန်ရမ်းစပ်စပ်တောင်အပျော့ဘဲဆိုတော့ ဒီလောက်ကတော့ထည့်မပြောချင်ဘူးဗျာ.. ;D။
ဝက်သားရယ်၊ ကြက်ဥရယ် ၊ ကင်ချီရယ် ၊ ခေါက်ဆွဲရယ် ပြီးနောက်အရွက်စိမ်းစိမ်းတစ်မျိုးပါပါတယ်..။ ပုံမှာသာထည့်ရိုက်ထားတာ အရွက်ဆို ခပ်စိမ်းစိမ်း ၀ါးလိုက်လို့ ကျလိကျလိဖြစ်နေရင်လုံးဝမစားပါ..။

ဒီဂျူလိုင်ကစပြီး အလုပ်စလုပ်ပါပြီ..ဘ၀မှာပထမဆုံးအလုပ်ပေါ့။ အစပိုင်းတော့ နည်းနည်းစိတ်ဖိစီးသလိုဖြစ်ပေမယ့် နောက်ပိုင်းအဆင်ပြေသွားမယ်လို့ထင်ပါတယ်..။ အလုပ်မှာ မပင်ပန်းပေမယ့် ကိုယ့်ကိုကိုယ်သနားတဲ့အနေနဲ့ ရေခဲမုန့်လေးအဆစ်ကျွေးလိုက်သေးတယ်..။ စားဖြစ်တာက Hokkaido ရေခဲမုန့်ပါ..။ ပထမနေ့က Double Berry နဲ့ Sea Salt Caramel စားတယ်.. ငံငံအေးအေးလေးစားလို့ကောင်းတယ်...။ ဒီနေ့ Strawberry နဲ့ Green Tea စားတယ်.. Green Tea အပိုင်းတော့မကြိုက်ဘူး အနံ့တစ်မျိုးကြီးဘဲ ဒါနဲ့ အရင်ကုန်အောင်စားလိုက်တယ်..။

ရေခဲမုန့်ဆိုလို့ကတော့ တွေ့နဲ့နေရာစားတယ်၊ ဈေးကြီးပေးရလည်းစားတယ် ဈေးသက်တာတဲ့ဟာလည်းစားတယ်..။ ငယ်ငယ်တုန်းက ဖျားရင်လည်း ရေခဲမုန့်ကိုဘဲစားချင်နေတာ.. အာသီးရောင်တာလည်း ခဏခဏပေါ့..။ မှတ်မှတ်ရရ ၁၀ တန်းအောင်တုန်းက အမျိုးတွေကိုအိမ်မှာ ဖိတ်ကြွား အဲ..ဖိတ်ကျွေးတုန်းကလည် ဇာတ်လိုက်ကျော် ထူးရေခဲမုန့် ၂ ဂါလံလဲပါတာပေါ့။ အားလုံးစားပြီးတာတောင် ၁ ဂါလံကတစ်ဝက်လောက်ပဲလျော့တယ်.. ကျန်တာအီဖေကိုယ်အတွက်ပဲပေါ့..။ ငှင်းငှင်း ၁ ဂါလံခွဲကို ညမရောက်ခင်တစ်ကိုယ်တော် စားလိုက်လို့ အားလုံးကတော်ပါတော့ ပြောယူရတယ်... အဲသလို။ ကြီးတော်ကပြောသလိုပေါ့.. ကျန်တာဆိုရင်တော့အမျိုးတော်တယ် ရေခဲမုန့်နဲ့ပတ်သက်လာရင်တော့ အမျိုးမတော်ဘူးဆိုတာ သူမှအစစ်တဲ့..။ ကဲကဲ..ပြောတာများသွားပြီ အခုလိုပေါက်ကရတွေကိုလာဖတ်ပေးတာကိုဘဲ ကျေးဇူးအထူးပါ..။

3 comments:

ywartharlay-ytu said...

ကျနော်လည်း ရေခဲမုန့်ကြိုက်တယ်ဗျ

ဝယ်ကျွေးမယ် မဟုတ်ဆိုတာ သိပါတယ်၊ ကိုယ်ကြိုက်တာလေး ချရေးသွားတာပါဗျာ

Maung Myo said...

ကင်ချီ စားချင်တာ တကယ်ပြောတာ ဇတ်ကားတွေကြည့်တိုင်း သွားရည်ကျနေကျ ။ ကဲ...အလုပ်တွေ ၀င်နေပြီဆိုတော့ လူင်္ကြီးဖြစ်ပြီပေါ့ အင်းး သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့် အချိန်တွေက တဖြည်းဖြည်းနဲ့................................... :)

သုခုမလေဒီ said...

ကင်ချီလည်းကြိုက်၊ေ၇ခဲမုန့်လည်းကြိုက်တယ်..
ဒီပုံထဲကရေခဲမုန့်ကြီးက တစ်ညိုးပဲနော်း))