Sunday, September 2, 2012

ကျေးဇူးပြု၍


လွမ်းဆွတ်တတ်သူမို့
အဝေးသို့ စွန့်ခွာလို့သွားတော့မယ်ဆိုရင်လည်း
ကျေးဇူးပြုပြီး
သတိတရ နှုတ်ဆက်စကားတွေ
ချန်မထားခဲ့ပါနဲ့..
မင်းပြန်လာမယ့်အချိန်ကိုသာ
မျှော်လင့်ချက်ရှိရှိ စောင့်စားပါရစေ...
တမ်းတတတ်သူမို့
အမှတ်တရတွေ ချန်ထားခဲ့မယ်ဆိုရင်လည်း
ကြည်ကြည်နူးနူး အိပ်မက်တွေထက်
ဒီရင်ခွင်မှာ..
ဒဏ်ရာတွေ သက်သက်သာသာဖြစ်စေဖို့
ကျေးဇူးပြုပြီးတော့
ငဲ့ညှာပါလို့ တောင်းဆိုပါရစေ...
သတိရတတ်သူမို့
နွေညနေခင်းလို့ လှပပြီး
ဆောင်းနံနက်ခင်းလို အေးချမ်းတဲ့
မင်းရဲ့ မျက်ဝန်းတွေကို မြင်ယောင်နေချင်လို့
ကျေးဇူးပြုပြီး
မင်းရဲ့အပြုံးတွေ နောက်ဆုံးတစ်ခေါက်မြင်ပါရစေ...
ချစ်ခဲ့မိသူမို့
အရှုံးတွေသာ ထွေးပိုက်ရင်း
အဓိပ္ပာယ်မဲ့ မနက်ဖြန်တိုင်းမှာ
ကိုးကွယ်ရာရှိစေဖို့
ကျေးဇူးပြုပြီးတော့
ချစ်တယ်ဆိုတဲ့ စကားလေးတစ်ခွန်းကိုတော့
သိမ်သိမ်မွေ့မွေ့ ကြားခဲ့ပါရစေ.....။

4 comments:

Anonymous said...

ချစ်ပါတယ် :P

Anonymous said...

ရေးထားတာ
ရိုးရိုးလေးနဲ့ ကောင်းတယ် ..း))

ကျေးဇူးပြု၍ ...............း))

ခင်မင်လျှက်
ဆောင်းနှင်းရွက်

အိမ့်ချမ်းမြေ့ said...

ကဗျာလေးက သိမ်မွေ့စွာနဲ့လှတယ်..

မောင်မျိုး said...

ချစ်စကား လှလှလေးတွေ..။