Friday, September 23, 2011

မြန်မာပြည်ခရီး - ၉ (အင်းလေး)

      
                 နောက်တစ်နေ့မနက်ရောက်တော့ ညောင်ရွှေဆင်းပြီးအင်းလေး ဖောင်တော်ဦးဘုရားသွားဖို့အစီအစဉ်ဆွဲတယ်..။ မသွားခင်ရှမ်းခေါက်ဆွဲစားချင်တာနဲ့ ဒေါ်နန်းပန်ဆိုင်မှာသွားစားကြတယ်....ဒေါ်ထွမ်းဆိုင်ကရှိနေရာပြောင်းသွားလား...မဖွင့်တော့ဘူးလားမသိဘူး...အရင်နေရာမှာတော့မရှိတော့ဘူး..။ ရှမ်းခေါက်ဆွဲမစားရတာကြာလို့ သိပ်စားကောင်းတယ်..အရည်နဲ့စားတယ်..ဘဲသွေးမကြိုက်လို့မထည့်ဘူး..။ ရန်ကုန်ကရှမ်းခေါက်ဆွဲနဲ့ လားလားမှမဆိုင်...၄၆ လမ်းထိပ်က နန်းထိုက်ကလွဲလို့ တစ်ခြားဆိုင်မစားဖြစ်ဘူး...။ တိုဖူးကြော်လည်း ကောင်းမှကောင်းဘဲ...အပြင်ကကြွပ်ပြီး အထဲကတိုဖူးရည်လိုမျိုးပျော်နေတာ...။ ရှမ်းခေါက်ဆွဲနောက်တစ်ပွဲစားချင်ပေမယ့် ဗိုက်မဆံ့တော့ဘူး... အမေမကုန်လို့ကျန်တာပဲကုန်အောင်စားပေးလိုက်တယ်..။







  
ပြီးတော့ နောက်တစ်နေ့အိမ်မှာ သံဃာတော် ၅ ငါးဆွမ်းကပ်မှာကြောင့် အမေနဲ့ဈေးဝယ်လိုက်ကူပေးတယ်..။ ဟင်းသီးဟင်းရွက်တွေ သိပ်လတ်ဆတ်တယ်....မုန်လာဥ၊ ရွှေပဲသီး၊ ကြက်သွန်မြိတ်၊ နံနံပင်၊ ရှမ်းနံနံ စုံလို့ဘဲ...တစ်ခြားအရွက်တွေ နာမည်တော့မသိဘူး ။ ပြီးတော့ စ၀်စံထွန်းဈေးနားက ဓမ္မသုခကျောင်းမှာ အလှူအတွက်သွားလျှောက်တယ်...အဲဒီအချိန်ထိနေသာနေတုန်း...မြောက်ဘက်မှာတိမ်တွေလည်းသိပ်လှတယ်...။ ပြီးတော့မှ အိမ်တစ်ခေါက်ပြန် ပစ္စည်းတွေထားပြီး ညောင်ရွှေဆင်းခဲ့တယ်..။ အဆင်းကျတော့ မိုးသားတွေတက်လာတယ်...မတတ်နိုင်ဘူးရောက်အောင်သွားရမှာဘဲလေ...ဖောင်တော်ဦးဘုရားမဖူးဖြစ်တာ ၂၀၀၁ ကတည်းကဆိုတော့ တော်တော်လေးကြာသွားပြီး...နောက်ဘယ်တော့မှ ပြန်ရောက်ဖြစ်မလဲဆိုတာလည်း မသေချာဘူးလေဗျာ..။ ညောင်ရွှေကို အေးသာယာစက်မှုဇုန်ဘက်ကမသွားဘဲ...ရွှေညောင်ကနေတစ်ဆင့် လမ်းဟောင်းအတိုင်းသွားတယ်...။ ငယ်ငယ်ကညောင်ရွှေလိုက်သွားရင်သိပ်ပျင်းတယ်... လမ်းမှာကိုပျင်စရာကောင်းနေတာ.. ။ တကယ်တော့ ရွှေညောင်ကနေ ညောင်ရွှေကို ဘယ်လောက်မှမကြာဘူး မိနစ် ၂၀ လောက်ဘဲမောင်းရတာ..လမ်းကတော့ တစ်ခြမ်းကောင်း ကျန်တစ်ခြမ်းမကောင်းပေါ့..။ အခုတစ်ခါတော့ လမ်းတစ်လျှောက်ရှုခင်းတွေ သိပ်လှနေတယ်လို့ထင်တယ်....မရောက်တာ တော်တော်လေးကြာလို့လည်းဖြစ်မယ်ထင်ပါတယ်...။ စိမ်းညို့ညို့တောင်တန်းတွေကို ချစ်လို့ ပုံတွေအများကြီးရိုက်ဖြစ်တယ်...။
 
 ရွှေညောင်ဈေးနေ့









 ညောင်ရွှေမြို့အ၀င်

ညောင်ရွှေရောက်တော့ အမျိုးတွေသွားနှုတ်ဆက် ပြီးတော့ သူတို့ပဲစက်လှေလိုက်ငှားပေးပါတယ်.. သူတို့တွေကစကားအပြောအဆို ရိုးတယ်... ယောင်လည်းယောင်တတ်တယ်..ရီလည်းရီရတယ်..။ စင်ယော် ဇင်ယော် စင်ရော် ဇင်ရော် (ဘယ်တစ်ခုအမှန်လဲမသိဘူး နောက်ဆုံးတစ်ခုမဟုတ်တာတော့ သေချာတယ်) အစာအတင်းလိုက်ရောင်းလို့ဝယ်လိုက်တယ်..ပြီးတော့မှ ငါတော်တော်အတာပဲလို့ ဒီအချိန်ဘယ်က ဇင်ယော်ရှိမှာလဲ ...ဆောင်းတွင်းမှရှိမှာပေါ့..။ တကယ်တော့ အဲဒါ ကရားစူးကြော်ပါ ပဲနဲ့လုပ်တယ်ထင်တယ် ... ငယ်ငယ်ကတော့ အစားပစ်ကျွေးရင် ဇင်ယော်တစ်ခု ကိုယ်တစ်ခုပဲ ....။ စက်လှေစီးတော့ မိုးတွေအုံ့နေပြီ ရွာတော့မရွာဘူး.... လေအေးအေးတွေ မျက်နှာကိုလာတိုးနေတာတော့ သဘောကျတယ်...။ တောင်တွေဆီမှာလည်းမိုးတွေညို့လို...လွမ်းစရာကောင်းနေတယ်...။ အင်းလေးမှာရွာတဲ့မိုးဆိုတဲ့ သီချင်းလေးခပ်တိုးတိုးညည်းဖြစ်တယ်.... ။ အင်းထဲကရေတွေ နောက်နေတယ်.. ..တစ်ချို့နေရာတွေတော့ကြည်တယ်..။။ အဓိကကတော့ ဘုရာဖူးဖို့ဘဲ.. တစ်ခြားဘယ်မှာ ဆက်သွားဖို့အစီအစဉ်မရှိဘူး....။ ဘုရားရောက်တော့ လူရှင်းနေတယ်...ခါတိုင်းလို့ လူမများဘူး ...အဲဒါပဲကောင်းတယ်...။ ဆုတွေတစ်သီကြီးမတောင်းတော့ဘူး... "ဘ၀မှာ ဖြောင့်မတ်မှန်ကန်တဲ့လမ်းကိုဘဲ လျှောက်လှမ်းရပါလိုဧ။်" လို့ဘဲဆုတောင်းဖြစ်တယ်...အဲဒီဆုတောင်းကို သိပ်သဘောကျနေတယ်..။ ပြီးတော့ ဘုရားအောက်ဘက်ကဈေးဆိုင်နည်းနည်းပါးပါးဝင်ကြည့်ဖြစ်တယ်...လက်ဆောင်ပေးဖို့..။ ဒီကသူငယ်ချင်းတစ်ယောက်က မင်းတို့မြန်မာပြည်က ထအမှတ်တရပစ္စည်းတစ်ခုခုဝယ်ခဲ့ပေးဆိုလို့...လှေနဲ့တံငါသည်ပုံသစ်သားနဲ့ လုပ်ထားတာလေးဝယ်ဖြစ်တယ်..။







  



 
 တစ်ခြားဘယ်မှမသွားတော့ဘူး...အချိန်လည်းသိပ်မရဘူးဆိုတော့ ညောင်ရွှေကိုဘဲတန်းပြန်တယ်...။ နေ့လည်စာဆိုတော့ ဟူပင်မှာစားတယ်...ထမင်းကြော်၊ထမင်းပေါင်း နဲ့ ခေါက်ဆွဲပြုတ်ကြော် ..။ ဟူပင်ဟော်တယ်မှာ မင်္ဂလာဆောင်တစ်ခုလုပ်နေတယ်...။ နောက်တော့ ပြင်သာကျောင်းက ဘကြီးဘုန်းကြီးကို...သွားကန်တော့တယ်...ကုန်စုံဆိုင်ဖွင့်ထားတဲ့ ကြီးတော်ရဲ့မောင်ပေါ့.. ။ အဲဒီမှာ ကျောက်ဖြူပြီးရုပ်ပွားတော်ရှိတယ်...နေပူခံဘုရားလို့လည်းခေါ်ကြတယ်...ကျောင်းဆောင်ဆောက် အမိုးမိုးလို့မရဘူးတဲ့... မဟုတ်ရင်မိုးကြိုးပစ်တယ်ဆိုဘဲ.. နဂါးကမိုးထားပြီးသားမို့ အမိုးမိုးဖို့မလိုဘူးလို့ပြောကြတယ်..။ ဘုရားသမိုင်းကြောင်းတော့ သေချာမသိဘူး... စာဖတ်သူတွေထဲကသိသူရှိရင်လည်း အများဗဟုသုတရဖို့ ပြောပြသွားလို့ရတယ်..။ အဲဒီကနေ အရှေ့ဘက်ကိုကြည့်ရင် တောင်တန်းတွေသိပ်လှတယ်... စပါးခင်းတွေကလည်းစိမ်းစိုပြီး ရေတွေကလည်း ကြည်လို့ အောက်ခြေကိုတောင်မြင်နေရတယ်..။ အချိန်မရလို့ ညောင်ရွှေကအမျိုးတွေအိမ်အကုန် မလည်လိုက်ရဘူး.... နောက်ဘယ်မှပြန်ရောက်ဖြစ်မလဲမသိဘူး...။







 

အပြန်တောင်ကြီးအတက်မှာ အများပြောပြောနေတဲ့ အေးသာယာဝိုင်ခြံဝင်ကြည့်ဖြစ်တယ်... ၀ိုင်အကြောင်းလည်းနားမလည် သောက်လည်းမသောက်တတ်တော့ ရှုခင်းတွေဘဲကြည့်ခဲ့တယ်...။ လုပ်ထားတဲ့သူရဲ့ အတွေးနဲ့ နေရာရွေးတာလေးသဘောကျတယ်...။ တောင်ကုန်းတစ်လျှောက် စီတန်းနေတဲ့ စပျစ်ပင်တွေနဲ့ နောက်ခံတောင်တန်းတွေ တကယ်လိုက်ဖက်တယ်..။ တစ်ချိန်ချိန်ကျ အဲလို ခြံလေးနဲ့ ပျော်ပျော်ရွှင်ရွှင်အေးအေးချမ်းချမ်း နေချင်တယ်...။

5 comments:

Anonymous said...

ဒေါ်နန်းပန်းဆိုင်ကိုရောက်ခဲ့တယ်၊ဆိုင်နာမည်ကို မေ့နေတာ အခုမှသိတယ်။
ရှမ်းခေါက်ဆွဲကောင်းတာမို့ သူငယ်ချင်းက ခေါ်ကျွေးတာ ကိုယ်က
တိုဖူးနွေးသွားစားတာ၊ တိုဖူးနွေးက သိပ်မကောင်းဘူး၊
တိုဖူးကြော်တော့ ကောင်းတယ်၊

အင်းလေးခရီးစဉ် ဖတ်လို့ကောင်းလိုက်တာ၊
အင်းလေးမှာ ရွာတဲ့မိုးသီချင်းကို ကိုယ်လည်း ညည်းမိခဲ့တာပဲ၊ စိတ်ထဲကပေါ့၊
ညောင်ရွှေအင်းလေး လွမ်းစရာလေးတွေနော်။

စံပယ်ချို said...

တစ်ကယ်ကိုလွမ်းစရာဖြစ်ခဲ့ရပါတယ်
ညောင်ရွှေမြို့တစ်ဝက်လောက်ကဆွေမျိုးတွေမို့ပါ...
ရွှေညောင်ကနေညောင်ရွှေ ၇ မိုင်ခရီးဆိုတော့
ငယ်ငယ်ကစက်ဘီးစီးပြီးသွားဖူးခဲ့တယ်
ဘောရိသတို့ရွှေရန်ပြေတို့မှာ ခဏနားရတာပေါ့
ပြီးရင်ဆက်စီးကျတာပဲ....
အရင်တုန်းကခုချိန်ဆိုရင်လမ်းမှာရေကျော်နေပြီ...
သျှမ်းခေါက်ဆွဲတော့ပုံတွေကြည့်ပြီးသွားရေကြမိပါတယ်။
အလွမ်းပြေလေးမို့ကျေးဇူးတင်ပါတယ်ရှင်။ ။
ခင်မင်စွာဖြင့် jasmine

စူးနွယ်လေး said...

ဟုတ်တယ် အပြုံးပန်းလိုပဲ... အဲဒီဆိုင်မှာစားခဲ့တယ် နာမည်သတိမထားမိခဲ့ဘူး...ခုမှဒေါ်နန်းပန် ဆိုတာသိတယ်။ ရေစိမ်စားတာ စားလို့လည်း မကောင်းဘူး။ ကိုယ်က သည့်ထက်ကောင်းအောင် မျှော်လင့်နေမိတာလဲ ဖြစ် မှာပေါ့လေ။ရေစိမ်စားရင် အရည်ထဲကို တိုဖူးချဉ်ထည့်ပြီး ဖျော်စားရတာ ကြိုက်တယ်။ အဲဒီဆိုင်မှာ မတွေ့ခဲ့ဘူး။ ရှိရင်လည်းရှိမှာပေါ့ ဒါပေမယ့် ကိုယ်စားတဲ့စားပွဲပေါ်မှာ မတွေ့ခဲ့ဘူး။ မေးလည်း မမေးကြည့်မိတော့ဘူးလေ။ တိုဖူးကြော်တော့ ကောင်းတယ်။ မုန်ညင်းရေချဉ်လည်းကောင်းတယ်။

ဝိုင်ပုလင်းတွေတော့ ၀ယ်ပြီး လက်ဆောင်ပေးလိုက်တယ်။ မမြည်းကြည့်မိပါဘူး :P

Aunty Oo said...

ရှမ်းခေါက်ဆွဲလဲစားဘုရားလဲဖူးသွားပါတယ်။ရှုခင်းလေးတွေကလဲစိမ်းစိုနေတာဘဲနော်။တို.ဟူးချဉ်ဆိုတာကိုလွန်ခဲ့တဲ့
နှစ်ပေါင်း၄၀ ကျော်ကစားဘူးခဲ့ပေမဲ့ဒီနေ.အထိမမေ့တော့
ဘူး။ငါးတန်းကျောင်းပိတ်ရက်တောင်ကြီးခရီးထွက်တုံးကပါ။

icn2 said...

ကျနော်လည်း ဖောင်တော်ဦး ဘုရားမှာ ဓါတ်ပုံတွေရိုက်ထားသေးတယ် ။ နောက်ကျရင်တင်မယ် ။