Thursday, December 18, 2008

ပြန်ဆုံခွင့်



ခန္ဓာဝိဥာဉ်တို့ လွင့်ပြယ်ရင်တောင်
ဒီအချစ်တို့ ဆက်လက်တည်မြဲမယ်...။

အမြဲလန်းဆန်းတဲ့ပန်းတွေ ညှိုးနွမ်းခဲ့ရင်တောင်မှ
နက်ရှိုင်းတဲ့ခံစားချက်တွေကတော့
ထာဝရဖြစ်ခြင်းမှာ တည်နေလိမ့်မယ်...။

ဝေးလွန်းလှတဲ့ ခရီးလမ်းမှာတော့
နူးညံ့တဲ့ လေပြေညှင်းနဲ့အတူ
ဦးတည်ရာမဲ့ လျှောက်သွားမိပါရဲ့...။

တသည်းသည်းရွာနေတဲ့ မိုးကတော့
ညှိုးရော်လို့နေတဲ့ ပန်းတွေရဲ့အလွမ်းတွေကို
စွတ်စိုမှုတွေနဲ့ နှစ်သိမ့်ပေးနေလေရဲ့...။

ဘ၀အဆက်ဆက်က မျက်ရည်တွေကတော့
ခမ်းခြောက်လို့နေတဲ့ ကိုယ့်နှလုံးသားကို
စိုနစ်စေခဲ့ပြီ....
အကြိမ်ကြိမ် ကိုယ်ဖြစ်တည်ခဲ့ရင်တောင်မှ
ဘယ်ဘ၀မှများ မင်းနဲ့ဆုံနိုင်ဦးမလဲ....။

အခါခါတောင်းခဲ့တဲ့ ဆုတွေကတော့
ကြယ်တာရာညကောင်းကင်မှာ ပျံ့လွင့်လို့နေခဲ့ပြီ...
တောင်းဆုတွေမပြည့်ခဲ့ရင်တောင်
ကိုယ်ကျေနပ်ပါတယ်...
တကယ်လို့များ မင်းနဲ့ပြန်ဆုံနိုင်ရင်ပေါ့...။

နှစ်ရာထောင်ချီနေတဲ့ အလွမ်းတွေ
လောကရဲ့တေးသွားတွေမှာ
ပျံ့ဝင်နေလိမ့်မယ်....
ပြန်လည်ဖြစ်တည်တဲ့တစ်နေ့
ဖူးစာမှန်လို့သာ
မင်းနဲ့ပြန်ဆုံနိုင်ပါရစေ....။

(ဓာတ်ပုံကို google မှရှာယူပါသည်)

2 comments:

Anonymous said...

ဟိုက်..ရှားလပါး... ဖူးစာမမှန်ရင် ဘယ်နှယ့်လုပ်မတုန်းဟးP (နောက်တာ)

Anonymous said...

ဘယ်လိုပဲဖြစ်ဖြစ် ပြန်ဆုံကြပါစေ...း))