Saturday, October 11, 2008

ညနေခင်း....


လေပြည်တို့ ညှင်းသွဲ့သွဲ့တိုက်ခတ်နေသည်......။ ကျယ်ပြောလှသော ပန်းခင်းအနှံ့ ရောင်စုံပန်းမာလာတွေက ညနေခင်းလေပြည်နှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည်...။ တစ်ချက်တစ်ချက် လေအတိုက်တွင် မွှေးပျံ့သောပန်းရနံ့လေးတွေက စိတ်ကိုကြည်လင်ပေါ့ပါးစေတာတော့အမှန်ပင်...။ မြို့အ၀င်ပန်းခြံအတွင်း ဓာတ်မီးတိုင်အောက် ခုံတန်းတစ်နေရာတွင် ကျွန်တော်ထိုင်နေမိသည်..။ အနောက်ဘက်ကို မျှော်ငေးကြည့်လိုက်တော့ တစ်နေ့လုံးအလင်းပေးခဲ့သောသူရိန်နေမင်းသည် တောင်တန်းတွေပေါ်တွင် အားအင်ကုန်ခမ်းနေသည့်ပမာ မေးတင်လျက်ရှိနေပေပြီ.....။ ရှမ်းရိုးမတောင်ခြေကို လှမ်းကြည့်လိုက်တော့လည်း မြူတွေအုံ့ဆိုင်းနေသည် အဝေးတစ်နေရာတွင်တော့ ချောင်းကလေးကရစ်ခွေစီးဆင်းလျက်....။ အိုလွမ်းမောစရာကောင်းတဲ့ သဘာဝပန်းချီတစ်ချပ်ပါတကား...။ ထိုင်ခုံမှထကာ ရှေ့သို့လမ်းအနည်းငယ် ဆက်လျှောက်ဖြစ်သည်....။ ညနေခင်းသဘာဝ အလှကိုပိုမိုပြီပြင်အောင် ခံစားရန်သာဖြစ်သည်...။ မြက်ခင်းစိမ်းစိမ်းပေါ်တွင် ဦးတည်ရာမဲ့လျှောက်နေမိသည်...အနားမှာ ပုစဉ်းလေးတွေလည်း လေအဟုန်ကိုအံတုလို့ ဟိုဟိုဒီဒီပျံသန်းနေကြသည်..ကြည့်နေရင်းပင် လွတ်လပ်မှုတစ်စုံတစ်ရာကိုခံစားလိုက်ရသည်...။ ကောင်းကင်သို့မော့အကြည့်တွင် တိမ်စိုင်တိမ်လိပ်တို့က ပြာခဲ့တစ်ခါ၊ ညို့ခဲ့တစ်လီ ၊ မှိုင်းခဲ့တစ်ဖုံဖြင့် မှုန်ပြာရီဆိုင်းလျက် အစွမ်းကုန်တိမ်ရောင်ခြယ်သလှပလို့နေပါသည်....။ညနေခင်းနေရောင်နှင့်အတွေ့အထိတွင်တော့ ရွှေရောင်အနားသတ်များဖြင့် တောက်ပလျက်...။ ချယ်ရီနှင့် စိန်ပန်းပြာတို့ ကလည်း သူ့ထက်ငါအပြိုင် မြို့ကလေးရဲ့ညနေခင်းကို အလှဆင်နေသည်...။ လမ်းနည်းနည်းဆက်လျှောက်ဖြစ်တော့ တောင်ကမ်းပါးယံသို့ရောက်လုပြီ....အောက်ဘက်လှမ်းမျှော်ငေးတော့ မြူခိုးတွေအကြား တောင်ကုန်းလေးတွေက ဟိုတစ်ခုဒီတစ်ခု၊ အိမ်ခြေတွေကလည်း ဟိုတစ်စုဒီတစ်စု...လျှပ်စစ်မီးအလင်းရောင်တွေကလည်း ဟိုတစ်ကွက်ဒီတစ်ကွက်...ညနေခင်းတွင်အေးချမ်းလှပလို့
နေသည်....။ တဖြည်းဖြည်းနဲ့ဘဲအလင်းရောင်ပျောက်တော့မည်...အိပ်တန်းတက်ငှက်ကလေးတွေရဲ့ စီစီညံညံအသံကိုတောင်မကြားရတော့ ...လေအတိုက်မှာ ထင်ရှူးပင်နှင့်ဝါးရုံတောတို့မှ သစ်ကိုင်းချင်းထိခိုက်သံတို့သာ ကြီးစိုးလို့နေသည်...။ အရှေ့ဘက်တွင် ငွေသော်တာလမင်းသည် ထွက်စပြုဖို့ တိတ်တိတ်ချောင်းလျက်......။ အေးမြသောလေပြည်အတိုက်တွင် သစ်ပင်မှကြွေလွင့်သွားသော
ရော်ရွက်ဝါများနှင့်အတူ ကျွန်တော့်စိတ်တွေလည်း တစ်ယောက်သောသူဆီ......................။ သာယာလှပတဲ့ ဆွတ်ပျံ့လွမ်းမောဖွယ်ကောင်းတဲ့ အထီးကျန်ညနေခင်းလေးတစ်ခုပေပဲ.....။
ပတ်ဝန်းကျင်တွင်အအေးဓာတ်တို့ကကြီးစိုးစပြုလာသည်...နောက်ဆုံး တော့လဲ အနွေးထည်ဂျာကင်ကိုတင်းတင်းစေ့၊ ဘောင်းဘီအိတ်ကပ်ထဲလက်ထည့်လို့ အိမ်အပြန်လမ်း တစ်လျှောက် နီယွန်မီးတိုင်တွေအောက် ကျွန်တော်တစ်ယောက်သာ..........................။

4 comments:

မသက်ဇင် said...

ရှမ်းရိုးမတောင်ခြေကိုလှမ်းကြည့်လိုက်တော့လည်း မြူတွေအုံ့ဆိုင်းနေသည်အဝေးတစ်နေရာတွင်တော့ ချောင်းကလေးကရစ်ခွေစီးဆင်းလျက်....။အိုလွမ်းမောစရာကောင်းတဲ့ သဘာဝပန်းချီတစ်ချပ်ပါတကား...။

လွမ်းစရာပန်းချီကားချပ်လေးတခုကို ဖြစ်အောင်
သဘာဝကို ဖွဲ့နွဲ့တတ်တယ်----အားပေးလျက်ပါ-

ခေါင်ခေါင် said...

လွမ်းမောစွာကျန်ရစ်အောင် ရေးတတ်တယ်။

အမလည်း လျှောက်ချင်လိုက်တာ..

အဲဒိလိုလမ်းလေးမှာ

တောင်ပေါ်သား said...

အင်း လွမ်းအောင်ကို လုပ်နေပြန်ပြီး တောင်ကြီးက ပန်းခြံလေးကိုလဲ လွမ်းတယ် အချိန်တစ်ခုမှ ရပ်နေတဲ့ နာရီစင်လေးကိုလဲ လွမ်းတယ်ဗျာ...... တနေ့နေ့ပေါ့

Anonymous said...

တောင်ကြီးကို လွမ်းမိသွားပြီ